Home ဆောင်းပါး ဆင်းရဲဒုက္ခတွေကြုံနေရတဲ့ ကယားကစစ်ဘေးရှောင်တွေ

ဆင်းရဲဒုက္ခတွေကြုံနေရတဲ့ ကယားကစစ်ဘေးရှောင်တွေ

Honest Information (HI)

ကိုယ်ဝန်ရှစ်လရှိနေပြီဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် မအေးတစ်ယောက် ငါးနှစ်အရွယ် သားဖြစ်သူအတွက် အဝတ်နှစ်စုံ၊ ဗိုက်ထဲက ကလေးငယ်အတွက် အနှီးတစ်စုံနဲ့ သူနဲ့သူ့အမျိုးသားအတွက် ဝတ်စုံတစ်စုံစီကို အိတ်တစ်အိတ်ထဲမှာ စုထည့်ပြီး အမျိုးသားကတော့ ဆန်၊ဆီ၊ဆား၊ စောင်စတဲ့ လိုအပ်တဲ့ ရိက္ခာတွေကို ပြင်ဆင်နေပါတယ်။

ဘယ်စစ်ရှောင်စခန်းကို ပြောင်းရွေ့နေထိုင်မယ်ဆိုတာကို သူကြိုတင် စဉ်းစားထားပြီးသားပါ။ အဲဒီနေရာကို ရောက်ဖို့ ဖယ်ခုံ မြို့ကနေ သုံးနာရီလောက် သွားရမှာပါ။ သွားမယ့်လမ်းခရီးတစ်လျှောက်မှာ အခက်အခဲတွေနဲ့ အဆင်မပြေမှုတွေ ကြုံတွေ့နိုင်သလို လမ်းတစ်ဝက်မှာပဲ လက်နက်ထိကာ သေရမှာလားဆိုပြီး အတွေးတွေနဲ့ ဘေးနားမှာ အိပ်နေတဲ့ သားလေးမျက်နှာကို ကြည့်ပြီး အဲဒီတစ်ညလုံး မအေး အိပ်လို့မပျော်ခဲ့ပါဘူး။

“ စခန်းကိုမှ ရောက်ပါ့မလား ၊ လမ်းမှာပဲ တစ်ခုခုဖြစ်နေမှာလားဆိုပြီး စိတ်ပူတယ် ၊ အိပ်လည်းမပျော်ဘူး” လို့ မနက်ပြောင်း ရွှေ့ရမယ့်အရေး သောကရောက်ခဲ့ပုံကို မအေးက ပြန်ပြောပြပါတယ်။.

မေလ ၂၃ ရက်နေ့ မနက်မှာတော့ မအေးဟာ စစ်ရှောင်စခန်းဆီကို သွားဖို့အတွက် အိမ်အနီးနားပတ်ဝန်းကျင်မှာ ရှိတဲ့ အငှားကားသမားတွေကို လိုက်ပို့ပေးဖို့ ကားငှားခဲ့ပါတယ်။ သူတို့ကို ဘယ်သူမှ လိုက်မပို့ချင်ကြပါဘူး။ လိုက်မေးရင်း လိုက်အကူညီတောင်းရင်းနဲ့ ကားတစ်စီးရပ်လာပြီး သူတို့ကို လမ်းတစ်ဝက်ထိ လိုက်ပို့ခဲ့ပါတယ်။

“ အခြေအနေမကောင်းတော့ ဘယ်သူမှ လိုက်မပို့ရဲကြဘူး။ ” လို့ မအေးက ဆိုပါတယ်။

ကာကြုံနဲ့ နှစ်နာရီလောက် ကားစီးလာပြီး သူတို့သွားမယ့်နေရာအထိ တစ်နာရီလောက် လမ်းလျှောက်ရပါတယ်။ လျှောက် လာရတဲ့ လမ်းခရီးကလည်း တောင်သွားခရီးလမ်းဖြစ်တဲ့အတွက်ကြောင့် သစ်ပင်နဲ့ ချုံတွေကြားထဲကနေ ထိုးဖောက်ပြီး သွားရပါတယ်။

သားဖြစ်သူမှာ ကြာကြာလမ်းမလျှောက်နိုင်သလို ပင်ပန်းလာတာကြောင့် ငိုယိုပြီး မိခင်ဖြစ်တဲ့ မအေးကို “ အမေ သားတို့ အိမ်ကိုပဲ ပြန်သွားလို့ မရဘူးလား” လို့ မေးပါတော့တယ်။ မအေးဟာ သားဖြစ်သူကို အမျိုးမျိုးချော့ပြီး ခေါ်လာခဲ့ရပါတယ်။

“ ရောက်တော့မယ် နည်းနည်းပဲကျန်တယ်ဆိုပြီး လိမ်ပြီး ခေါ်လာခဲ့ရတယ်” လို့ မအေးက ဆိုပါတယ်။

ဒါပေမဲ့ သားဖြစ်သူက ပင်ပန်းပြီး စခန်းရှိရာကို ဆက်မလျှောက်နိုင်တော့ပါဘူး ။ မအေးအမျိုးသားကတော့ ရိက္ခာ အနည်း ငယ်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထမ်းလာပြီး မအေးကတော့ သားဖြစ်သူကို ကျောမှာ ခဏတဖြုတ်ပိုးလိုက် အရမ်း မောပြီး မနိုင်တော့ဘူးဆိုရင် သားက လမ်းနည်းနည်းပြန်လျှောက်လိုက်နဲ့ စစ်ရှောင်စခန်းရှိရာကို လုံခြုံစွာ ရောက်လာခဲ့ ပါတယ်။

“ ဘေးကင်းကင်းနဲ့ စခန်းကိုရောက်တော့မှ ရင်ထဲက လေးလံနေတဲ့ အလုံးလေးကျသွားသလိုမျိုးပဲ စိတ်နည်းနည်းပေါ့သွား တော့တယ်” လို့ ကယားပြည်နယ်တိုက်ပွဲတွေကြောင့် စစ်ရှောင်စခန်းကို ထွက်ပြေးလာခဲ့ရတဲ့ မအေးက ပြောပြ ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စစ်အာဏာသိမ်းမှုကို ဖီဆန်ကာ ပုံစံမျိုးစုံ သပိတမျိုးစုံနဲ့ မြို့တိုင်းလိုလို သုံးလကြာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြပါတယ်။ ဒါပေမဲ့ မေလ ၂၁ နေ့ကစပြီး ကာယားပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင် စီတပ်နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။ ရက်အနည်း ငယ် အကြာမှာတော့ အရှိန်တိုးမြင့်လာပြီး မိုးဗြဲ၊ ဖယ်ခုံမြို့ထိ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်လာတာ ၁၀ ရက်ကျော် ရှိခဲ့ပါပြီ။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံနဲတဝှမ်းက ဒေသခံအများစုဟာ ကြောက်လန့်တကြားဖြင့် နေရပ်ကို စွန့်ခွာပြီး တောထဲ တောင်ထဲ၊ တခြားမြို့တစ်နေရာ စသဖြင့် လုံခြုံတဲ့ နေရာအသီးသီးကို ထွက်ပြေးတိမ်းရှောင်နေကြတာဟာ တစ်သိန်းကျော် နီးပါးရှိနေပြီလည်း ဖြစ်ပါတယ်။

“ သေနတ်ပစ်သံတွေ ကြားနေရတာ ဘယ်ချိန်ကိုယ့်ကိုယ် လာထိမှာလဲမသိ၊ ကိုယ့်ကိုယ်ထိရင် ကိုယ်ပဲသေတာမဟုတ် ဘူး၊ ကလေးပါသေမှာ လက်နက်ထိမှာ ကြောက်တယ်” လို့ မအေးက ဆိုပါတယ်။

မအေးရဲ့ နေအိမ်အနောက်ဘက်ခြမ်းမှာ တပ်ရင်း ၃၃၆ ရှိတာကြောင့် သေနတ်သံ၊ ဗုံးသံတွေကို ကြားနေရပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်နေတာဖြစ်တဲ့အတွက် လက်နက်ထိမှန်မှာစိုးပြီး ထွက်ပြေးလာခဲ့တာ ဖြစ်ပါတယ်။

ယခင်ကတော့ မအေးတို့ မိသားစုကတော့ စပါးနှင့် ပြောင်းကို အဓိက လုပ်ကိုင်စားသောက်ပါတယ်။ စပါးတစ်နှစ်စိုက်လျှင် နောက်နှစ် စပါးပြန်စိုက်တဲ့ အချိန်ထိ စားရတာကြောင့် ဆန်ဝယ်ရတယ်ဆိုတာ မရှိပါဘူး။ ပြောင်းတစ်ခါ စိုက်လျှင် ဝင်ငွေ ခြောက်သိန်းလောက်ရပါတယ်။ တစ်နှစ်တစ်နှစ် ရရှိလာတဲ့ အကျိုးအမြတ်အချို့နဲ့ မိသားစု စားဝတ်နေရေး ဖူလုံခဲ့တာပါ။

ဒါပေမယ့် စစ်အာဏာသိမ်းမှုကြောင့် မအေးတို့မိသားစုဟာ ဆိုင်ကယ်၊ ထော်လာဂျီ နှင့် နေအိမ်ကို အကုန်လုံးကိုစွန့်ခွာပြီး ထွက်ပြေးလာခဲ့ရပါတယ်။ ရှေ့ဆက် ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာကိုလည်း မတွေးတတ်တော့ပဲ လမ်းပျောက် နေတယ်လို့ မအေးက ဆိုပါတယ်။

ဒါ့အပြင် “လမ်းတစ်ဝက်၊ စစ်ရှောင်စခန်းမှာ မွေးခဲ့ရင် ကလေးအတွက် အနှီးတစ်ထည်ပဲပါလာတယ် ချက်ဖြတ်ဖို့လည်း ဘာမှမပါဘူး” ဟု မအေးက စိုးရိမ်စွာနဲ့ ဆိုပါတယ်။

မအေးလက်ရှိရောက်နေတဲ့ စစ်ရှောင်စခန်းမှာ ဆေးဝါးအစုံအလင်မရှိသလို သားဖွားဆရာမလည်း မရှိတာကြောင့် မီးဖွားခဲ့ လျှင် ကလေးတစ်ခုခုဖြစ်မှာကို သူက စိုးရိမ် ပူပင်သောကရောက်နေပါတယ်။

“ ဒီလိုအရေးအခင်းကြားထဲက ကလေးမမွေးချင်ဘူး။ မွေးပြီးကလေးတစ်ခုခုဖြစ်ရင်တော့ ကျွန်မတော့ရင်ကျိုးမှာ ” လို့ မအေးက ဆိုပါတယ်။

စစ်ရှောင်စခန်းမှာ မအေးတို့ မိသားစုအပါဝင် အယောက် ၃၀ လောက်ရှိပြီး မိုးကာဖြင့် တဲလေးထိုးကာနေထိုင်ရပါတယ်။ လက်ရှိမှာတော့ အိမ်ကပါလာတဲ့ ဆန်အနည်းငယ်နဲ့ အနီးနားရှိ ရွာသားတွေက လာရောက် ကူညီ‌ထောက်ပံ့တဲ့ ဆန်၊ဆီ၊ ဆား ရှိတာကြောင့် အဆင်ပြေသလို သုံးနေရကြောင်းလည်း သူကဆိုပါတယ်။

လွိုင်ကော်မြို့မှာ နေထိုင်တဲ့ အသက် ၂၂ အရွယ် မနွေဦးဆိုရင် စစ်ဘေးရှောင်ဖို့ အဆင့်ဆင့်ထွက်ပြေးခဲ့ရသူပါ။ သူက လွိုင်ကော်မှာ မလုံခြုံတော့တဲ့အတွက် မေ ၂၅ ရက်နေ့မှာ မိုးဗြဲမြို့နယ် ရွှေဆန်ရွာကို မိသားစုလိုက် ထွက်ပြေးတိမ်း ရှောင် ခဲ့ပါတယ်။

အဲဒီရွာကို ရောက်တဲ့ ညချင်းမှာပဲ ၇ နာရီလောက်မှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ဖို့ သတင်းရလာတာနဲ့ ချက်ချင်း ခြင်ထောင်၊ စောင်အပါးတစ်ထည်၊ ဓာတ်မီး၊ ပါဝါဘန့်၊ အစာခြောက်စတဲ့ ပစ္စည်းတွေကို ကျောပိုးအိတ်ထဲထည့်ကာ ချက်ချင်းဆိုသလို တောထဲကို ထွက်ပြေးရပါတယ်။

ရွာကနေ တစ်နာရီကျော် လမ်းလျှောက်ရပြီး ရောက်တဲ့နေရာမှာပဲ စောင်ကို အခင်းလုပ်၊ ခြင်ထောင်ထောင်ကာ ပါလာတဲ့ အနွေးထည်အပါးလေးကိုခြုံပြီး တောင်စောင်းလေးပေါ်မှာ အိပ်ရပါတယ်။

“ အဆင်ပြေသလို ထိုးအိပ်ခဲ့ရတာ မီးလည်းမွေးလို့မရ၊ အကောင်တွေ အရမ်းကိုက်တယ် ။ ဘယ်လိုမှ အိပ်လို့မရဘူး” လို့ မနွေဦးက ပြောပါတယ်။

မနွေဦးဟာ အစာအိမ်နာ ရောဂါလည်းရှိပါတယ်။ သူ့မှာ အစာအိမ်ဆေး ပါမလာခဲ့သလို ဆန်ကြမ်းကိုသာ စားရတာကြောင့် သူဟာ မစားနိုင်ခဲ့ပါဘူး။ ပါလာတဲ့ ပဲနို့တစ်ကဒ်ကို တစ်နေ့တစ်ဗူး သောက်ကာ တောင့်ခံထားရပါတယ်။

ထိုစစ်ရှောင်စခန်းမှာ တစ်ပတ်လောက်နေခဲ့ပြီး လွိုင်ကော်မြို့မှာ ကျန်ခဲ့တဲ့ အစာအိမ်ဆေးပြန်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စစ်ရှောင်စခန်းနဲ့ လွိုင်ကော်က အိမ်ကိုပြန်ရဖို့အတွက် မနွေဦး တစ်ယောက်တည်း အရဲစွန့်ပြီး နှစ်နာရီကျော် ကားမောင်း ပြန်လာခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာလည်း ဘယ်ချိန် လက်နက်ထိမှာလဲ တွေးပြီး ရင်တမမနဲ့ ပြန်လာခဲ့ရပါတယ်။

“ ပြန်လာတာဆိုလို့ ကျွန်မပဲရှိတယ် ။ အကုန်လုံးထွက်သွားကြတယ်။ အသက်ကို ဖတ်နဲ့ထုတ်ပြီးပြန်လာရတာ လမ်းမှာ လည်း အထုပ်လေးတွေနဲ့ မြင်ရတာလည်း အရမ်းစိတ်မကောင်းခဲ့ဘူး” လို့ မနွေဦးက ပြောပါတယ်။

ကံကောင်းစွာနဲ့ပဲ အိမ်ကို ကောင်းကောင်းမွန်မွန်နဲ့ ပြန်ရောက်လာခဲ့ပါတယ်။ နေအိမ်ကနေ လိုအပ်တဲ့ ပစ္စည်းတွေယူကာ လက်ရှိမှာတော့ လုံခြုံတဲ့နေရာကို ရောက်နေပြီ ဖြစ်ပါတယ်။

စစ်ကောင်စီစစ်တပ်နှင့် ကရင်နီပြည်သူ့ကာကွယ်ရေးတို့အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်တာကြောင့် ထွက်ပြေး တိမ်းရှောင်ရတဲ့အထဲမှာ ကယားပြည်နယ် ဒီမော့ဆိုးမြို့မှာ နေထိုင်တဲ့ ကလေးနှစ်ယောက်မိခင် ဒေါ်မြလည်း ပါပါတယ်။

စစ်ကောင်စီက လေယာဉ်နဲ့ပစ်တာတွေကြောင့် လက်နက်ကြီးထိမှာ ကြောက်တဲ့အတွက် တောင်ယာ၊ နေအိမ်၊ ကျွဲ၊ နွား တွေကို ထားခဲ့ကာ ဒီမော့ဆိုးမြို့ရဲ့ အရှေ့ဖက်တောထဲကို ဒေါ်မြတို့ သားအမိသုံး‌ယောက် ထွက်ပြေးလာခဲ့တာ အခုဆိုရင် တစ်ပတ်ကျော်လာပါပြီ။ ဒေါ်မြရဲ့ အမျိုးသားကတော့ ကျေးရွာလုံခြုံရေး တာဝန်ယူထားတာကြောင့် အတူ ပါမလာခဲ့ပါဘူး။

“ ဟိုတစ်ရက်က မိုးအရမ်းကြီးတဲ့ရက်က မိုးကာလည်းမရှိဘူး။ အကုန်လုံးက စိုကုန်တယ် ၊ အိပ်လို့လည်းမရဘူး ၊ တစ်ည လုံး စိုစိုနဲ့ထိုင်နေရတယ်” လို့ ‌ဒေါ်မြက ဆိုပါတယ်။

မိုးရေထဲမှာ တစ်ညလုံး ထိုင်နေရတာကြောင့် ကလေးတွေ ဖျားနာပြီး ဝမ်းပျက်၊ ဝမ်းလျှော‌ရောဂါကို ခံစားနေရပါတယ်လို့ လည်း ဆိုပါတယ်။

ဒေါ်မြတို့နေရာမှာက တခြားစစ်ရှောင်တွေလို အများကြီး စုမနေကြပါဘူး။ “ စုနေလိုက်မှ သူတို့သိရင် ဗုံးလာပစ်မှာ ကြောက်တယ်” လို့ ဆိုပါတယ်။ ဒါ့အပြင် စားနပ်ရိက္ခာအတွက်လည်း ပူပန်နေရပါတယ်။

ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့ ကရင်နီပြည်နယ်၊ ဒီမောဆိုးမြို့က စစ်ဘေးရှောင် ပြည်သူများအတွက် ရိက္ခာယူသည့် လူငယ် နှစ် ဦး အကြမ်းဖက်စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်သတ်လိုက်တာကြောင့် တောထဲရောက်နေတဲ့ စစ်ရှောင်တွေအနေနဲ့ ရိက္ခာကုန်နေပေမဲ့ ဘယ်သူမှ ပြန်မယူရဲကြတော့ပါဘူး။

“ မယူရဲကြတော့ ရှိနေတဲ့ဆန်ကို ချွေတာစားရတယ်။ ခါတိုင်း နှစ်ဘူးချက်ရင် တစ်ဘူးခွဲလား တစ်ဘူးလားဆိုပြီး ချွေချွေ တာတာနဲ့ ပြန်လျော့ချက်ရတယ် ၊ လျော့စားရတယ်” လို့ ဒေါ်မြက ဆိုပါတယ်။

ဒီလိုမျိုး လျော့ပြီးစားတာတောင် အလွန်ဆုံးနှစ်ပတ်လောက်ပဲ တောင့်ခံနိုင်တယ်လို့လည်း ဆိုပါတယ်။ လူကြီးတွေက လျော့စားပြီး တောင့်ခံနိုင်ပေမဲ့ ကလေးတွေက တောင့်မခံနိုင်တာကြောင့် ကလေးတွေကို ပိုဦးစားပေးရတယ်လို့လည်း ဒေါ်မြက ဆက်ဆိုပါတယ်။

အရင်ရက်တွေဆို အနီးနားမှာရှိတဲ့ ကျေးရွာတွေက ဆန်တွေပေးတာမျိုးတွေ ရှိပေမဲ့ ဒီရက်တောတွင်းမှာတော့ မပေးနိုင် တော့တာကြောင့် စစ်ရှောင်တွေဟာ တောထဲမှာရှိတဲ့ သစ်ဥသစ်ဖုလေးတွေကို ခူးစားနေရပါတယ်။

“ ကျွန်မတို့က မျှစ်တွေကို လိုက်ချိုးပြီးစားတယ်။ တစ်ခါ အသီးအရွက်လေးတွေကို လိုက်ရှာပြီး ခူးစားရတယ်” လို့ ဒေါ်မြက ဆိုပါတယ်။

ဒေါ်မြတို့ ရှိနေတဲ့ နေရာမှာတော့ အဓိက မိုးကာ၊ခြင်ထောင်၊ စားနပ်ရိက္ခာ၊ အမျိုးသမီးအသုံးအဆောင်၊ အတွင်းခံ၊ ဘော်လီ တို့ကို အထူးလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကို အလှူရှင်အဖွဲ့တစ်ဖွဲ့က စာရင်းလာ ကောက် တာမျိုးတွေ ရှိပေမဲ့ အခုချိန်ထိတော့ ပစ္စည်းလက်ထဲမရောက်သေးပါဘူး။

“ ပစ္စည်းတွေ လက်ထဲတော့ မရောက်သေးဘူး ။ တစ်ရက်နှစ်ရက်တော့ လာပို့တော့မယ်ထင်တယ်”လို့ သူကဆိုပါတယ်။

လက်ရှိမှာ ကယားပြည်နယ်မှာ စစ်ရှောင်တွေဟာ တစ်နေ့တစ်ခြားတိုးပွားလာနေပြီး လူဦးရေသုံးသောင်းကျော်လာပြီလို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေကဆိုပါတယ်။

ဒါ့အပြင် ကယားပြည်နယ်မှာ ဖမ်းဆီးခံရသူ ၁၃၅ ယောက်၊ သေဆုံးသူ ခုနစ်ယောက်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ မှာတော့ အဖမ်းခံရတာ အယောက် ၂၀ ဝန်းကျင်ရှိတယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးက RFA Burmese သတင်း ဌာနကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုထားပါတယ်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ မေလ ၃၁ ရက်နေ့က စစ်ကောင်စီနဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ်တို့ ဖြစ်ကြ တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေကို သုံးပြီး ပစ်ခတ်ဖြိုခွင်းတဲ့အတွက် ထွက်ပြေးရတဲ့ ဒေသခံပြည်သူ တိုးလာပြီး အဝင်အထွက်လမ်းတွေကို ပိတ်ထားတာကြောင့်လည်း ရိက္ခာတွေကို ပို့ဆောင်လို့ မရသေးကြောင်း စစ်ရှောင် တွေကို ‌ဆေးပိုင်းဆိုင်ရာ ထောက်ပံ့ပေးနေသူ တစ်ဦးကဆိုပါတယ်။

စစ်ရှောင်တွေက တောထဲ၊ ရွာထဲ၊ စာသင်ကျောင်း၊ ဘုရားကျောင်း စတဲ့ လုံခြုံတဲ့နေရာကို ကိုယ်စီ ကိုယ်စီ ပြေးကြတဲ့ အခြေအနေမှာ စစ်ရှောင်စခန်းဆိုပြီး တရားဝင်မရှိသေးတာကြောင့် အကုန်လုံးကို လက်လှမ်းမီဖို့တော့ ခက်ခဲတယ်လို့ သူက ဆိုပါတယ်။

“ ကျွန်မက ဆေးပိုင်ဆိုင်ရာတွေကို ကူညီထောက်ပံ့ပေးတာတွေကို ဦးစားပေးလုပ်တယ်။ စစ်ရှောင်ငါးနေရာ ခြောက်နေရာ ကို သူနာပြုတွေကို ခွဲထားပြီး ထားထားပေးတယ်။ တချို့ဆို မွေးရက်တွေ နီးနေတဲ့ ကိုယ်ဝန်သည်တွေရှိတယ် ။ ရာသီဥတု ကြောင့် ကလေးတွေ ဝမ်းလျှောတာတွေရှိတယ်။ ဆီးချိုသွေးချိုကြောင့် ဆေးစွဲသောက်ရတဲ့သူလည်းတွေ့ရတယ်”လို့သူက ဆိုပါတယ်။

လက်ရှိမှာလည်း စစ်ရှောင်တွေဟာ တိုက်ပွဲတွေကြောင့် နေရာမျိုးစုံပြောင်းရွှေ့နေကြရပါတယ်။ စစ်ကောင်စီဟာ အရပ် သား ပြည်သူတွေနဲ့ စစ်ရှောင်စခန်းတွေကိုလည်း ရှောင်ရှားခြင်းမရှိဘဲ အကြမ်းဖက်ပစ်ခတ်နေကြတာပါ။ ဒီလို စစ်ဘေး ရှောင်တွေမှာ ပထမဆုံးနှင့် အများဆုံးထိခိုက်နစ်နာသူတွေသည် အမျိုးသမီးနဲ့ကလေးတွေပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင် မအေးကတော့ “ ဒီအရေးတော်ပုံမြန်မြန်အောင်ပါစေ ။ အိမ်မှာပြန်ပြီး စိုက်ပျိုးရေးတွေကို ပျော်ပျော် ရွင်ရွင်နဲ့နေချင်တယ်။ ဒီလိုဘဝမျိုး ထပ်မလိုချင်တော့ဘူး။ အရင်လို အမြန်ဆုံးအေးအေးချမ်းချမ်းနဲ့ နေနိုင်ပါစေ” လို့ ဆုတောင်းနေပါတော့တယ်။

Related Articles