Home မေးမြန်းခန်း လက်နက်ကိုင်အဖွဲ့အစည်းများမှ အမျိုးသမီးခေါင်းဆောင်များ၏ ပွင့်ပွင့်လင်းလင်း ဖက်ဒရယ်စကားဝိုင်း

လက်နက်ကိုင်အဖွဲ့အစည်းများမှ အမျိုးသမီးခေါင်းဆောင်များ၏ ပွင့်ပွင့်လင်းလင်း ဖက်ဒရယ်စကားဝိုင်း

စီစဉ်သူ- ဝင့်ဝါ

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုစနစ်အပေါ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ အမျိုးသမီးခေါင်းဆောင်းများနှင့် အတူ ပွင့်ပွင့်လင်းလင်း ရှုမြင်သုံးသပ် ဆွေးနွေးထားပါသည်။ စကားဝိုင်းတွင် မိဆာဒါး  (ဗဟိုကော်မတီဝင်၊ မွန်အမျိုးသားပညာရေး ဌာနတာဝန်ခံ)၊ နော်စန္ဒာဝိုင်း  (ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲ။ လူမှုရေးကဏ္ဍတာဝန်ခံ- DKBA)၊ နန်းယဉ်ယဉ်စိုး  ဗဟိုကော်မတီဝင် (ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO)၊ နော်မေရီဌေး (ဥက္ကဌ(ခရိုင်) ကရင်အမျိုးသမီးအစည်းအရုံး(KWO)/ အမြဲတမ်းကော်မတီဝင် – KNU) တို့ ပါဝင်သည်။

လွှတ်တော်ပြင်ပ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလမ်းကြောင်းဟာ ဘယ်လို အခက်အခဲတွေရှိလဲ၊ ဒါမှမဟုတ် ဘယ်လို အားသာချက်တွေရှိပါသလဲ။

မိဆာဒါး – တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး NCA မှာပါဝင်လက်မှတ်ရေးထိုးနိုင်မှုမရှိသေးလို့ ဘုံ သဘောထားအမြင်တွေ စုစည်းနိုင်မှု မရှိတာတွေ၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များရော NCA လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ဒေသ များမှာပါ စစ်ပွဲများဖြစ်ပွားနေသေးတာတွေဟာ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းများ ဖော်ဆောင်ရာမှာ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ကိုယ်စားပြုမှု အားနည်းတာကို တွေ့ရပါတယ်။  NCA လက် မှတ်ရေးထိုးထားပေမယ့်လည်း  အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်  မရခဲ့တာဟာလည်း တိုင်းရင်းသားရပ်ရွာလူထုရဲ့ သဘောထားအမြင်များ ပြည့်ပြည့်စုံစုံ မရရှိတာကြောင့် လွှတ်တော်ပြင်ပ ဖွဲ့စည်းပုံပြင်ဆင်ရေးလမ်းကြောင်းဟာ အခက်အခဲများနဲ့ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ငြိမ်းချမ်းရေးဆွေး နွေးပွဲတိုင်းမှာ လုံခြုံရေးကဏ္ဍနဲ့ပတ်သက်ပြီး  တိုင်းရင်းသားများရဲ့သဘောထားအမြင်စုစည်းချက်များ မရရှိ နိုင်ခြင်း၊ တတိယပင်လုံအစည်းအဝေးနောက်ပိုင်း နိုင်ငံရေးဆွေးနွေးမှုများ တစ်ဆို့ရပ်တန့်နေခြင်း။ နိုင်ငံ ရေးဆွေးနွေးပွဲမှာ အစိုးရနှစ်ရပ်ကဲ့သို့ဖြစ်နေခြင်း၊ စတာတွေဟာလည်း အခက်အခဲများဖြစ်ပါတယ်။ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့နယ်မြေဒေသများမှာ နှစ်ပေါင်း (၇၀)ကျော်စစ်ဖြစ်ပွားခဲ့လို့  ဒေသ ဖွံ့ဖြိုးရေးတွေ ကြန့်ကြာနေတာ အားလုံးအသိပါ။ ၂၀၁၅ ခုနှစ်ကတည်းက NCA လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဟာ  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြားကာလ အစီအစဉ် အနေနဲ့လည်း အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။ NCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ ဒီလိုအခက်အခဲစိန်ခေါ်မှုများ ရှိနေသေးလို့ နိုင်ငံရေးဆွေးနွေးပွဲများ ကိုလည်း အားသာချက်တွေဖြစ်လာမယ်လို့ ပြောလို့မရနိုင်သေးဘူးထင်ပါတယ်။

နော်စန္ဒာဝိုင်း

နော်စန္ဒာဝိုင်း – လွှတ်တော်ပြင်ပဖွဲ့စည်းပုံပြင်ဆင်ရေးကို NCA လမ်းကြောင်းကနေသွားတဲ့နေရာမှာ အခက် အခဲရှိသလို အားသာချက်တွေလည်းရှိပါတယ်။ အခု NCA agreement ကို ရရှိထားတဲ့ အချက်အလက် တွေ လက်တွေ့အကောင်အထည်ဖော်သွားဖို့က ယခုပါဝင်နေတဲ့ အစိုးရတပ်မတော်၊ EAO၊ နိုင်ငံရေး အားလုံးက ယုံကြည်မှုတွေနဲ့ သမာသမတ်ကျကျစဉ်းစားပြီး NCA စာချုပ်၊ သဘောတူညီချက်ကို အကောင် အထည်ဖော်သွားရမယ်၊ ဒါပေမယ့် ဆွေးနွေးရင်းနဲ့ အခက်အခဲတွေကြုံတွေ့ပြီး တစ်ဆို့မှုနဲ့ ရပ်ဆိုင်းသွားရ တာတွေကလည်း ဖြစ်နေတယ်။ နှစ်ဦးနှစ်ဖက်လုံး  အပြန်အလှန် ယုံကြည်မှုမရှိသေးတာကြောင့် အချိန်ကာ လတခုနဲ့ သွားဖို့လိုသလို စိတ်ရှည်သီးခံမှုတွေလည်း လိုအပ်ပါတယ်။ အနည်းဆုံးတော့ ရန်သူဆိုတဲ့ စကား လုံးတွေ မသုံးတော့ပဲ ဆွေးနွေးဖော်ဖြစ်လာတာဟာ အပေါင်းလက္ခဏာဖြစ်တယ်လို့ ကျမထင်ပါတယ်။ နောက်တခုက ပြည်ထောင်စု သဘောတူစာချုပ် Union Accord ဟာ UPC ငြိမ်းချမ်းရေးညီလာခံ (၂၁) ပင်လုံ သဘောတူချက် (၅၁) ချက်လည်း ထွက်ရှိလာတယ်။ ဒါကလည်း ဖက်ဒရယ်စနစ်နဲ့ ပြည်ထောင်စုကို တည် ဆောက်မယ်လို့ ဆွေးနွေးရင်း ဒီအချက်တွေရလာခဲ့တာဖြစ်ပါတယ်။

နန်းယဉ်ယဉ်စိုး  – လွတ်တော်ပြင်ပဖွဲ့စည်းပုံပြင်ဆင်ရေးလမ်းကြောင်းဟာ NCA စာချုပ်အရပေါ်ပေါက် လာခြင်းဖြစ်တယ်။ လက်ရှိမှာ NCA လက်မှတ်ရေးထိုးထားသော NCA-S EAO (၁၀) ဖွဲ့နဲ့ နိုင်ငံတော်အစိုးရ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး လမ်းပြမြေပုံ အဆင့်(၄)ကို ဖော်ဆောင်နေ ဆဲ ကာလသာဖြစ်ပါတယ်။ လမ်းပြမြေပုံအဆင့်အလိုက် လုပ်ငန်းဖော်ဆောင်မှုနှေးကွေးနေခြင်း (21st Panglon- UPC) ပုံမှန်မကျင်းပနိုင်ခြင်း)၊ တိုင်းရင်းသားအဖွဲ့များအားလုံး NCA လက်မှတ်မရေးထိုးနိုင်ခြင်း၊ အစိုးရမှငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အာရုံစိုက်မှုအားနည်းလာခြင်း (၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင် ဆင်ချိန်နီးလာခြင်း)၊ EAO  အားလုံးမပါဝင်တဲ့အတွက် တခြမ်းပဲ့လမ်းကြောင်းသာ ဖြစ်နေတာတွေဟာ အား နည်းချက်တွေဖြစ်ပါတယ်။

နော်မေရီဌေး – လွှတ်တော်ပြင်ပ ဖွဲ့စည်းပုံပြင်ဆင်ရေးလမ်းကြောင်းမှာ အနည်းနဲ့အများ အခက်အခဲရှိနေ ပါတယ်။ ဥပမာ အခုလက်ရှိ NCA လမ်းကြောင်းနဲ့ ပြင်ဆင်ဖို့ လုပ်ဆောင်နေချိန်မှာ UPC (ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ) မှာ NCA စာချုပ်ပါအတိုင်း အကောင်အထည်ဖော်လုပ်ဆောင်တာမျိုးမဟုတ်ဘဲ စာ ချုပ်မှာ မပါရှိတဲ့ “ခွဲမထွက်ရ/ တစ်ခုတည်းသောတပ်မတော်” စတဲ့ သတ်မှတ်ချက်များ ဖြစ်ပေါ်လာတာဟာ အခုလို လွှတ်တော်ပြင်ပ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလမ်းကြောင်းကို အလွန်အခက်အခဲတွေ့လာစေတယ်လို့ ယူဆပါတယ်။ အားသာချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ လွှတ်တော်ပြင်ပ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ် ခြင်းအားဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့စီစဉ်မှုနဲ့ ထွက်ပေါ်လာတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေဟာ တိုင်းရင်းသားတွေတိုင်းမှာရှိသလို အလွှာပေါင်းစုံကို ကိုယ်စားပြုနိုင်တဲ့အတွက် အားလုံးရဲ့အသံနဲ့ အားလုံးသဘောထားတွေကို ပိုမိုစုစည်းရရှိနိုင်ပါတယ်။ တိုင်းရင်းသားတိုင်းရဲ့ လိုလား ချက်များကို ဖော်ပြခွင့်ရရှိတာဟာ အားသာချက်ဖြစ်ပါတယ်။

မိမိတို့မျှော်လင့်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဘယ်လိုအသွင်သဏ္ဍန်တွေရှိမလဲ။

မိဆာဒါး – ကျမတို့လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိပြီး အမျိုး သားပြည်နယ်နဲ့ အမျိုးသားများပြည်နယ်များကို အခြေခံဖွဲ့စည်းရမယ်။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ ကို ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတည်းဟူသော အာဏာ(၃)ရပ်စလုံးကို အပြည့်အဝအပ်နှင်းစေရမယ့်အပြင် တရားဥပဒေနဲ့အညီ လွတ်လပ်စွာကျင့်သုံးနိုင်အောင် ပြည်နယ်လွှတ် တော်၊ ပြည်နယ်အစိုးရ၊ ဒေသန္တရအစိုးရ၊ ပြည်နယ်တရားရုံးချုပ်နဲ့ အဆင့်ဆင့်သော တရားရုံးများကို လွတ် လပ်စွာ ထူထောင်ပိုင်ခွင့်ရှိရမယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ဟာ  ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေး၊ တရားမျှတရေးတို့နဲ့ အဖွဲ့ဝင်ပြည်နယ်များပူးပေါင်းဖွဲ့စည်းထားတဲ့ ပြည် ထောင်စုကို  ပေါင်းစပ်ထားတဲ့စနစ်ဖြစ်တဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စု အဖွဲ့ ဝင်ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေကျင့်သုံးခြင်း ရှိရပါမယ်။ တန်းတူသောပြည်နယ်များ ပူးပေါင်း ပြီး အမျိုးသားလွှတ်တော် (အထက်လွှတ်တော်)နဲ့ ပြည်သူ့လွှတ်တော်(အောက်လွှတ်တော်) များကို ထားရှိ ရပါမယ်။ ပြည်ထောင်စုအာဏာ၊ ပြည်နယ်အာဏာနဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်တို့ ပူးတွဲကျင့်သုံးရမယ့် ထပ်တူပြုအာဏာများကို သတ်မှတ်ပြဌာန်းထားရမယ်။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင် တဲ့ နိုင်ငံဖြစ်တဲ့အတွက် ပြည်နယ်များမှာ တိုင်းရင်းသားလူနည်းစု အခွင့်အရေးများကိုလည်း အကာအကွယ် ပြုပြီး ဥပဒေများ ပြဌာန်းပေးရမှာဖြစ်ပါတယ်။

နော်စန္ဒာဝိုင်း – မျှော်လင့်ထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကကတော့ အစိုးရ(၂)ရပ်ထက်ပိုတဲ့ ဒေသန္တရ အစိုးရ လိုအပ်ရင် ဖွဲ့စည်းနိုင်တယ်။ ပြည်နယ်တွေစုဖွဲ့ထားတဲ့ ဖက်ဒရယ်နဲ့ ပြည်ထောင်စုက အတူတူဘဲ။ ဖက်ဒရယ်ကို အခြေခံတဲ့ ဒီမိုကရေစီနည်းကျတဲ့ ကျင့်စဉ်ဖြစ်ရမယ်။ ပြည်ထောင်စုစနစ်မှာ လုံလောက်တဲ့ ကိုယ်စားပြုမှုရှိဖို့က ကျား/မ တန်းတူရေးကိုလည်း တခါတည်း ထည့်စဉ်းစားသွားရမယ်။  အမျိုးသားရေး ရှု့ထောင့်က မကြည့်ပဲ တန်းတူညီမျှရေးကို အခြေခံသွားရမယ်။ ဖက်ဒရယ်တည်ဆောက်ဖို့လိုအပ်လာ တာဟာလည်း ပြည်ထောင်စုနဲ့ ပြည်နယ်မှာ အာဏာကို ခွဲဝေမထားပေးလို့ဖြစ်တယ်။ ပြည်နယ်မှာဆို တိုင်းရင်းသား လူနည်းစုထုံးတမ်းစဉ်လာ၊ ယဉ်ကျေးမှုတွေကို အပြည့်အဝရရှိဖို့ ပြဌာန်းချက်တွေ လိုအပ်ရင် ပြဌာန်းပေးရမယ်။ အစိုးရအတွင်းမှာ တန်းတူညီမျှရေးမူဝါဒတွေ ချမှတ်ကျင့်သုံးခြင်းဖြင့် အများစုအရေးကို ကာကွယ်ပေးထားပြီးဖြစ်ရမယ်။ ဒါတွေဖြစ်အောင် အများကြီးကြိုးစားအားထုတ်ရမယ်။ စိန်ခေါ်မှုတွေလည်း များမယ်၊ ဒါပေမယ့် ကျမတို့အားလုံးလိုလားတာက ဖက်ဒရယ်တခုတည်းသာ သင့်တော်တဲ့ပုံစံဖြစ်လို့ မဖြစ် ဖြစ်အောင် လုပ်ဖို့လိုပါမယ်။

နန်းယဉ်ယဉ်စိုး

နန်းယဉ်ယဉ်စိုး  – ရေးသားထားသော ဖွဲ့စည်းပုံ၊ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရ၊ ဒေသန္တရအစိုးရ၊ လွှတ်တော် (၂) ရပ် (အဆင့်တူ၊အာဏာတူ)၊ ဒီမိုကရေစီနိုင်ငံရေးစနစ်နဲ့ရွေးကောက်ပွဲ၊ အာဏာခွဲဝေခြင်း – ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှု ဒါတွေအတိအကျပြဌာန်းပေးရပါမယ်။ သဘာဝသယံဇာတကို တည်ရှိသောပြည်နယ်က ပိုင် ဆိုင်တယ်။ မြေယာအားလုံးရဲ့ စီမံခန့်ခွဲပိုင်ခွင့်ဟာ ပြည်နယ်၌သာရှိတယ်။ ပြည်နယ်များအတွက် သီးခြား ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲပြဌာန်းကျင့်သုံးခွင့်ရှိတယ်။ လုံခြုံရေးကဏ္ဍကို ပြည်ထောင်စုနဲ့ ပြည်နယ်တို့ ထပ်တူတာဝန်ခွဲဝေယူကြရမယ်။ ပူးတွဲဆောင်ရွက်ကြရမယ်။ ပြည်နယ်များသည် မိမိတို့ပြည် နယ် ရဲတပ်ဖွဲ့ဖွဲ့စည်းခွင့်၊ စီမံအုပ်ချုပ်ခွင့် ရှိရမယ်။ ဖက်ဒရယ်ပြည်ထောင်စု ကာကွယ်ရေးတပ်မတော် တစ် ရပ်ထားရှိပြီး အရွေးကောက်ခံ အရပ်ဖက်ကာကွယ်ရေးဝန်ကြီးနဲ့ ဝန်ကြီးချုပ် (သို့) သမ္မတလက်အောက်မှာ ထားရှိရမယ်။ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို အရပ်ဖက်ကြီးကြပ်မှု၊ လွှတ်တော်ကော်မတီ ကြီးကြပ်မှု၊ (Civilian Oversight) အောက်မှာသာ ထားရှိရမယ်။   ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက် ခြင်းခံရသူ လွှတ်တော်ကိုယ်စားလှယ်များသာ ဥပေဒပြုလွှတ်တော်များမှာ ပါဝင်ရမယ်။  လက်ကိုင်တပ်ဖွဲ့များအားလုံး ဟာ နိုင်ငံရေးနဲ့ လုံးဝကင်းရှင်းတဲ့ (Professional Army) များဖြစ်တယ်။ ဝန်ကြီးချုပ်စနစ်ဖြစ်ရင် အထွေ ထွေရွေးကောက်ပွဲ (General Election)၊ သမ္မတစနစ်ဖြစ်ပါက (Presidential Election) ဆိုပြီး ကျင်းပ ရမယ်။ ပြည်နယ်အဆင့် ရွေးကောက်ပွဲများလည်း ကျင်းပရမယ်။ သမ္မတသည် စစ်သေနာ ပတိချုပ် (Commander in Chief) ဖြစ်ရပါမယ်။ ဒါတွေကတော့ ကျမတို့လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု သွင်ပြင်လက္ခဏာဖြစ်ပါတယ်။

နော်မေရီဌေး – ကျမတို့မျှော်လင့်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာက ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ တန်းတူရေး ရှိရမယ်။ ပြည်ထောင်စုအစိုးရကသာ အာဏာအကုန်ယူထားခြင်းမဟုတ်ပဲ ပြည်နယ်နဲ့ ပြည်ထောင်စု အစိုးရကြား အာဏာခွဲဝေပေးမှုကို အတိအလင်း ဖွဲ့စည်းပုံဥပဒေထဲတွင် ပြဌာန်းပေးမှုရှိရပါမယ်။ ဒါတွေ အပြင် ကျား/မ တန်းတူရေးရှိပြီး  ဒီမိုကရေစီစနစ်နှင့် ကျား/မ တန်းတူရေးကို ဖော်ဆောင်ပေးနိုင်သော ပြည်ထောင်စုမျိုးဖြစ်ဖို့လိုပါတယ်။ မတူကွဲပြားစုံလင်မှုမျိုးစုံထဲမှ လူနည်းစုအခွင့်အရေးကိုလည်း အကာအ ကွယ် ပေးထားနိုင်ရပါမယ်။ ပြည်နယ်အစိုးရကို အာဏာကြီး(၃)ရပ် လုပ်ပိုင်ခွင့် အာဏာပေးထားတဲ့ ပြည် ထောင်စုကို လိုလားပါတယ်။

ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း () နဲ့ () အပေါ် အားရကျေနပ်မှုဘယ်လောက် ရှိသလဲ။

မိဆာဒါး – ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း(၁)နဲ့ (၂)မှ ထွက်ပေါ်လာတဲ့ (၅၁)ချက်ဟာ ၂၀၀၈ အခြေခံဥပဒေကို  အခြေခံထားတယ်လို့ ယူဆရတဲ့အတွက် အားရကျေနပ်မှု မရှိပါဘူး။ ဒီမိုကရေစီ အခြေခံမူ အနည်းငယ်ကိုသာ ရရှိထားပြီး ဖက်ဒရယ်အခြေခံမူတွေလည်း မရရှိသေးပါဘူး။ ရရှိထားတဲ့ အခြေခံမူများဟာ မည်သည့်စနစ်မှာမဆို မရှိမဖြစ် ကျင့်သုံးရမယ့် သမရိုးကျ အခြေခံမူများသာဖြစ်လို့ အားရကျေနပ်မှုမရှိဘူးလို့ပဲပြောချင်ပါတယ်။

နော်စန္ဒာဝိုင်း – ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း (၁) (၂) ကို တစုံတရာ ကျေနပ်မှုရှိပါတယ်။ သို့သော်လည်း မလုံလောက်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးညီလာခံ (UPC) ရောက်တဲ့ အထိ အဲဒီမတိုင်ခင်မှာ ဆွေးနွေးချမှတ်ထားကြတဲ့ အခြေခံမူတွေက ဒီသဘောတူစာချုပ် အစိတ်အပိုင်း (၂)ခုစလုံးမှာ ပါမလာသေးသလို တန်းတူရေးကို ပြောနေရတဲ့အခြေအနေမှာ ကျား/မ တန်းတူရေးဆိုတာက ဒီသဘောတူသွားတဲ့ အစိတ်အပိုင်း(၂)ခုလုံးမှာ သေချာမပါသွားရတာ၊ ကျား/မ တန်းတူရေးကို ဖွဲ့စည်းပုံမှာ ပါလာဖို့က ကျမတို့ရဲ့ ပကတိအခြေအနေမှာ ပါဖို့သင့်လျက်နဲ့ လိုချင်သလို မပါခဲ့ဘူး။ လွှတ်တော်ပြဌာန်း ချက်နဲ့ လုံလောက်ပါတယ်လို့ ဆွေးနွေးပြောဆိုတာရှိပေမယ့် ဒီလိုဖြစ်ခဲ့တာတွေက အားရစရာမဖြစ်နေဘူး လို့တော့ ရှုမြင်ပါတယ်။

နန်းယဉ်ယဉ်စိုး – ကျမကတော့ ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်းဇယား (၁) (၂) အပေါ် အားရကျေနပ်မှု မရှိပါဘူးလို့ပဲ ပြောချင်ပါတယ်။

နော်မေရီဌေး

နော်မေရီဌေး – သဘောတူညီချက်အစိတ်အပိုင်းများကို ပြည်ထောင်စုစနစ်နဲ့ နှိုင်းယှဉ်ပြီး တိုင်းတာရမယ် ဆိုရင် အားရစရာအနေအထားမျိုး လုံးဝမရောက်ရှိသေးပါဘူး။  ဒီသဘောတူညီချက်များက ရရှိလာတဲ့ အချက် (၅၁)ချက်ဟာ နိုင်ငံရေး အနှစ်သာရအရ ဘာမှမရှိသေးပါဘူး။ EAO များဘက်မှ တင်ပြဆွေးနွေး လိုက်တဲ့ အမျိုးသားအဆင့်စာတမ်းများလည်း ဝါကျအပါအဝင် အချို့သော စကားစုများကို ဝေါဟာရအရ ပယ်ချခံထားရတာများရှိနေပြီး နိုင်ငံရေးကဏ္ဍနဲ့ လုံခြုံရေးကဏ္ဍမှာ ဖက်ဒရယ်ပုံဖော်မယ့် မည်သည့်ဆွေးနွေး ချက်မျှ ဆွေးနွေးခွင့်မရရှိသေးတာကို ကြည့်ခြင်းအားဖြင့်လည်း ဒီသဘောတူညီချက်များဟာ အားရကျေ နပ်စရာအနေအထားတခုသို့ မရောက်ရှိသေးတာကို မြင်တွေ့ရပါမယ်။

ဖက်ဒရယ်စနစ်မှာ Gender (ကျားမရေးရာ) အရ အလေးထားစရာဘာတွေရှိမလဲ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးများ ပိုမိုပါဝင်အောင် ဘာတွေလုပ်ဆောင်သင့်လဲ။

မိဆာဒါး – ဖက်ဒရယ်စနစ်မှာ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ ဒေသန္တရအစိုးရအဆင့်တိုင်းမှာ ကျားမတန်းတူရေးကို ဒီမိုကရေစီအရ တရားဝင်မှုရှိအောင် ဥပဒေအရ ပြဌာန်းပေးရပါမယ်။ ကိုယ်ပိုင်ပြဌာန်း ခွင့်အခွင့်အရေး၊ တန်းတူရေးနဲ့ ဒီမိုကရေစီအခွင့်အရေးများကို အာမခံတဲ့ စစ်မှန်သော ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုများမှာ တိုင်းရင်းသားအမျိုးသမီးများက  အခန်းကဏ္ဍအသီးသီးမှာ ဦး ဆောင်ပါဝင်ဆောင်ရွက်ခွင့်ရသင့်ပါတယ်။  ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်ပြည်ထောင်စုကို တည် ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြတဲ့အတွက် ကျားမတန်းတူရေးကို အရေးကြီးမူဝါဒတစ်ရပ်အဖြစ် အလေးထားလက်ခံယုံကြည်သင့်ပါတယ်။ ဒီမိုကရေစီစနစ်ရဲ့အဓိကမဏ္ဍိုင်တစ်ရပ်မှာ နိုင်ငံသားများရဲ့ အခွင့်အရေးများနဲ့ တန်းတူညီမျှရေးတို့ဖြစ်ပါတယ်။ နိုင်ငံရေးဖြစ်စဉ်များမှာ နိုင်ငံတကာစံချိန်စံနှုန်းများနဲ့ အညီ ကျားမခွဲခြားခြင်း မရှိစေရဘဲ နိုင်ငံသားတိုင်း တန်းတူညီမျှပူးပေါင်းပါဝင်ခွင့်ရှိစေရပါမယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ကျားမတန်းတူပါဝင်မှုကို လက်ခံကျင့်သုံးရမှာဖြစ်ပြီး အနည်းဆုံးအမျိုးသမီးပါဝင်မှု (၃၀)% ပြည့်မှီ စေရေးအတွက် မဟာဗျူဟာ၊ မူဝါဒများ ချမှတ်သွားရပါမယ်။ ကျားမတန်းတူရေးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးတော့ဖြစ်စေ ပိတ်ပင်ကန့်သတ်ထိန်းချုပ်တဲ့ မူဝါဒ၊ လုပ်ဆောင်ချက်များကို ဖော်ထုတ်ပြီး သင့် တော်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို  ရေးဆွဲပြဌာန်းရမှာဖြစ်ပါတယ်။ ကဏ္ဍအသီးသီးမှာ အမျိုးသမီးပါဝင်မှု၊ နိမ့်ကျနေတဲ့အပေါ် ထိရောက်တဲ့လုပ်ဆောင်ချက်များ၊ အထူးဆောင်ရွက်ချက်များ အကောင်အထည်ဖော်ပြီး အမျိုးသမီးပါဝင်မှုကို  မြှင့်တင်နိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်သွားသင့်ပါ တယ်။ အစိုးရကိုယ်တိုင် ကျားမတန်းတူရေးကို နိုင်ငံတကာအဖွဲ့အစည်းများနဲ့ လက်တွဲပြီး ချိတ်ဆက် အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါတယ်။

နော်စန္ဒာဝိုင်း – ဖက်ဒရယ်မှာ ကျား/မ တန်းတူရေးအရ အလေးထားဖို့လိုတယ်ဆိုတာ အပြည့်အဝလက်ခံ ထားပါတယ်။ ဖက်ဒရယ်က တန်းတူရေးကို အခြေခံလို့ ကျား/မ တန်းတူရေး မရှိရင် ဖက်ဒရယ်မဖြစ်ဘူး လို့လည်း တွေးကြည့်ပါတယ်၊ ဖက်ဒရယ်မှာ အစိုးရ (၂) ရပ်အပြင် လိုအပ်ရင် (၃)ရပ် (၄)ရပ် ထပ်ပြီးရှိသင့် တယ်။ တန်းတူရေးကို လက်ခံလာဖို့ဆိုရင် ဒါလည်း လိုအပ်ချက်တွေနဲ့ ထိမ်းညှိသွားလို့ရရင် ဖက်ဒရယ်ဟာ ကျမတို့ အမှန်လိုလားတဲ့ ပြည်ထောင်စုဖြစ်လို့ အထူးအလေးထားသွားရမှာဖြစ်ပါတယ်။ အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဖြစ်ရမယ်။ ကျား/မ တန်း တူရေးကို လက်ခံမယ်၊ အလေးထားမယ်ဆိုရင် အစိုးရရဲ့ ဖွဲ့စည်းပုံနဲ့ ပြဌာန်းချက်တွေမှာ အာမခံနိုင်တဲ့ပြည့်ဝတဲ့ အကောင်အထည်ဖော်ဆောင်မှုတွေ လက်တွေ့လုပ်ဆောင်နိုင် မှာဖြစ်တာကြောင့် အလေးထားဖို့ အထူးလိုအပ်ပါတယ်။ ကျား/မ တန်းတူရေးဟာ လူမှုအဝိုင်းအဝိုင်းအ တွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများအတွက် ကောင်းကျိုးများစွာ ဖော် ဆောင်ပေးမှာဖြစ်လို့ ဖက်ဒရယ်စနစ်မှာ အလေးထားကြရမှာဖြစ်ပါတယ်။

နန်းယဉ်ယဉ်စိုး – ဖက်ဒရယ်စနစ်မှာ ကျား/မ တန်းတူရေးအရ ရာခိုင်နှုန်း တစ်ဝက်ကျော်ရှိသော တိုင်းပြည် လူဦးရေကို အထောက်အကူဖြစ်ခြင်း၊ နိုင်ငံတကာစာချုပ်များ (ဥပမာ- CEDAW၊ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်အမှတ် – ၁၃၂၅) တို့ကို လိုက်နာခြင်းစတာတွေအပြင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့ လာသင်ယူခြင်း၊ ငြိမ်းချမ်းရေး ပညာပေးလုပ်ငန်းများလုပ်ဆောင်ခြင်း၊ ငြိမ်းချမ်းရေးအခြေအနေကို စောင့် ကြည့်ခြင်း၊ ပဋိပက္ခအခြေအနေကို အသိပညာပေးခြင်း၊ ကြားဝင်ဖြေရှင်းပေးခြင်း၊ စေ့စပ်ပေးခြင်း၊ လူ့အခွင့် အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်ခြင်း၊ အချင်းချင်းယုံကြည်မှုတည်ဆောက်ခြင်း၊ လူ့အရင်းအမြစ်များကို ချိတ်ဆက်ပေးခြင်း၊ စုစည်းခြင်း၊ ပြည်သူကို စည်းရုံးပေးခြင်း၊ သတင်းပေးခြင်း၊ အမျိုးသမီးများရဲ့လိုအပ်ချက်များကို ဆန်းစစ်ကာ အချက်အလက်များကို စုဆောင်းခြင်း၊ သက်ဆိုင်ရာ မူဝါဒ ရေးဆွဲဖို့အချက်အလက်များပေးပို့ခြင်း၊ အထူးစီမံဆောင်ရွက်ချက်များ၊ ကိုတာစနစ်များ ထည့်သွင်းဖော် ဆောင်ပေးခြင်း ဒါတွေကိုလုပ်ဆောင်ဖို့ လိုအပ်ပါမယ်။

နော်မေရီဌေး – ဖက်ဒရယ်စနစ်မှာ Gender အရ အလေးထားရမယ့်အရာများကတော့ ပြည်ထောင်စုတခုကို တည်ဆောက်တော့မယ်ဆိုရင် ကျား/မ တန်းတူညီမျှမှုရှိဖို့ အလေးအနက်ထားစဉ်းစားရမယ့် အချက်များစွာ ရှိတဲ့အထဲက အချို့က အစိုးရရဲ့အခန်းကဏ္ဍ (အစိုးရ၊ ဖွဲ့စည်းတည်ဆောက်ပုံ)ထဲမှာ ကျား/မ ဦးရေကို ကြည့်ရမယ်။ ပြီးတော့ နိုင်ငံတကာဥပဒေနှင့် အထူးစီမံဆောင်ရွက်မှုများ ရှိ /မရှိ၊ တန်းတူညီမျှမှုနဲ့ တရား မျှတမှုတို့ကို ဦးတည်တဲ့ရွေးကောက်ပွဲစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သတ်မှတ်ထားမှုရှိ/မရှိ။ အထူး ဆောင်ရွက်မှုများနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြဌာန်းချက်များ ရှိ/မရှိ ဒါတွေကို လေ့လာ ရပါမယ်။ ပြီးတော့ အစိုးရအတွင်း တန်းတူညီမျှရေး မူဝါဒချမှတ်ကျင့်သုံးမှု စတဲ့အချက်တွေဟာ Gender အရ အလေးထားထည့်သွင်းစဉ်းစားရမယ့်အချက်များဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးများ ပိုမိုပါဝင်လာအောင် Advocacy (စည်းရုံးလှုံ့ဆော်ရေး) များလုပ်ဆောင်ရမယ်။ ဒါ့ပြင်အမျိုးသမီးတိုင်း မိမိ ကိုယ်ကို ပြောင်းလဲချင်တဲ့စိတ်ထားရှိအောင် စီစဉ်ပေးနိုင်ရမယ်။ မည်သည့်အခက်အခဲမျိုးကိုမဆို ကျော်လွှား သွားမယ့် စိတ်ဆန္ဒ ပြင်းပြမှုလည်းရှိရပါမယ်။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အမြင်သဘောထားနဲ့ အကြုံပြုချက်များ ပြောပြပေးပါ။

မိဆာဒါး

မိဆာဒါး – တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေ တာကို ရပ်တန့်ဖို့ အလွန်အရေးကြီးနေပါတယ်။ EAO များအချင်းချင်းကြား ဖက်ဒရယ်နဲ့ပတ်သက်တဲ့ ဘုံ သဘောထားရပ်တည်ချက်များ ရရှိဖို့၊ NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များရှိနေသေးသလို ဖက်ဒရယ်နဲ့ ပတ်သက်တဲ့အခြေခံမူ ဘုံသဘောထား ရပ်တည်ချက်များ စုစည်း နိုင်ဖို့ စတဲ့အခြေအနေတွေ လိုအပ်နေပါတယ်။ အစိုးရနဲ့ တပ်မတော်လည်း အမြင်သဘောထားများ ကွဲပြား နေပါတယ်။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးဆွေးနွေးမှုတစ်ဆို့နေပေမယ့် ရှေ့ဆက်တိုးနိုင်မယ့်န ည်းလမ်းများကို EAOs များက ရှာကြံရမှာဖြစ်ပါတယ်။

နော်စန္ဒာဝိုင်း – လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အများကြီး အားရနေတာတော့ မဟုတ်ပါဘူး။ နှစ်ပေါင်း (၇၀) ကြာ ဒီပဋိပက္ခကြီးမှာ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို ပြောလာကြရတယ်။ ကျမတို့နိုင်ငံမှာ  သေနတ် သံတွေ နေရာကွက်ကြား မကြားရတော့ဘူး။ ခရီးသွားလာရတဲ့အခြေအနေတချို့ လမ်းပန်းဆက်သွယ်ရေး ကောင်းလာတယ်။ ဒါနဲ့တော့ မလုံလောက်ဘူး။ ငြိမ်းချမ်းတဲ့ အနှစ်သာရနဲ့ ဖြစ်စဉ်ကို ပြန်ကြည့်ရမယ်ဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့က လက်ရှိသွားနေတဲ့ EAO အဖွဲ့တွေ၊ အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီတို့ ဆွေး နွေးနေကြတဲ့ (၃) နှစ်တာကာလထဲမှာ အပစ်ရပ်လက်မှတ်ထိုးတယ်။ မူဘောင်တွေ ချမှတ်တယ်။ ဒါပေမယ့် EAO တွေထဲမှာ မပါဝင်တဲ့အဖွဲ့တွေ ရှိနေသေးတယ်။ နိုင်ငံရေးပါတီဆို ရွေးကောက်ပွဲနိုင်ထားမှ ပါဝင်လို့ရ တယ်။ အားလုံးပါဝင်ရေးဆိုတဲ့ အစိုးရခေါင်းဆောင်ရဲ့ မိန့်ခွန်းတွေက ပြည့်ဝမှုမရှိသေးဘူး။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ မူဘောင်တွေရေးဆွဲပြီး ဆွေးနွေးပွဲတွေမှာ ကဏ္ဍအလိုက်၊ ဒေသလိုက်၊ လူမျိုးအလိုက် ဆွေးနွေး ခွင့် မူဘောင်တွေ ချနေပမယ့် ကန့်သတ်ချက်တွေရှိနေတယ်။ ကျမတို့လိုချင်တဲ့ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့က ရှုထောင့်တွေစုံဖို့နဲ့ အဖက်ဖက်က ပါဝင်တဲ့ ဆုံးဖြတ်ချက်တွေ လိုသလို  အာမခံချက်ရှိ့ဖို့က ဖွဲ့စည်းပုံမှာ အပြည့်အ၀ အာမခံပေးထားတဲ့ အခြေအနေတွေအထိ ရောက် လာဖို့လိုတယ်။ ဒါကြောင့် လိုအပ်ချက်တွေမပြည့်ဝသေးဘူး။ ရှေ့ဆက်အကောင်အထည် ဖော်ဆောင်ဖို့က ပိုအရေးကြီးတယ်။ နည်းလမ်းတွေ ထပ်ရှာပြီး လိုတိုးပိုလျှော့နဲ့ သီးခံစိတ်ရှည်အချိန်တွေပေးပြီးမှ သွားနေ ရဦးမှာဖြစ်တယ်လို့မြင်ပါတယ်။

နန်းယဉ်ယဉ်စိုး – ကျမအမြင်ကိုပြောရရင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ NCA လက်မှတ်ထိုး တိုင်းရင်းသား အဖွဲ့တွေကြား ဘုံသဘောတူညီချက် မရှိတာ၊ EAO အားလုံးပါဝင်မှုမရှိနေတာ၊ တနည်း လက်မှတ် မထိုး ရသေးတဲ့ အဖွဲ့များရှိနေတာ၊ အစိုးရမှ လုပ်ငန်းစဉ်ဖော်ဆောင်မှု ကျွမ်းကျင်ပိုင်နိုင်မှုမရှိတာ၊ တပ်မတော်ရဲ့ အခန်းကဏ္ဍ တနည်းအားဖြင့် သဘောထားတင်းမာမှု၊ NCA စာချုပ်ပါ စကားလုံး အနက်အဓိပ္ပါယ်ဖွင့်ဆိုမှု မတူညီတာ စတဲ့အခက်အခဲတွေ ကျော်ဖြတ်နေရပါတယ်။ ဒါကြောင့် အကြံပြုချင်တာက NCA စာချုပ်ပါ ပြဌာန်းချက်များကို နှစ်ဖက် အပြည့်အဝလေးစားလိုက်နာ အကောင်အထည်ဖော်ပါ။ Political Framework Review (နိုင်ငံရေးဆွေးနွေးမှု မူဘောင်ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း) လုပ်ဆောင်ပါ။ JIMC,UPDJC,JMC စတဲ့ ယန္တရားဖော်ဆောင်မှု အခန်းကဏ္ဍများကို ပြန်လည်သုံးသပ်ပါ။ ဒါတွေအပြင် ဆွေးနွေးဖက်များကြား အကျိုးစီးပွားအပေါ် ရပ်တည်မှုကို မပြုလုပ်ကြဖို့နဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများ များများ လုပ်ကြ ဖို့၊ အစည်းအဝေးဆုံးဖြတ်ချက်များကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ ဒါတွေကို အကြံပြု လိုပါတယ်။ 

နော်မေရီဌေး – လက်ရှိဖြစ်စဉ်အပေါ် ရှေ့ဆက်ပြီးသွားနိုင်ဖို့ အစိုးရ၊ တပ်မတော်၊ EAOs အားလုံးမှ တော် တော်လေးထိန်းညှိပြီး ဆွေးနွေးသွားဖို့ လိုအပ်နေပါတယ်။ အဓိက တဖက်နဲ့တဖက် အပြန်အလှန်လေးစား မှု၊ အသိအမှတ်ပြုမှု၊ ယုံကြည်မှုတည်ဆောက်နိုင်ဖို့က တန်းတူရည်တူဆွေးနွေးခွင့်တွေ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီ Peace Process ကလည်း ကျမတို့ မျှော်မှန်းထားတဲ့ အနာဂတ်ပြည်ထောင်စုကြီးအထိ တက်လှမ်းသွားနိုင်မှာဖြစ်ပါတယ်။ မတူညီကွဲပြားတဲ့ တိုင်းရင်းသားပေါင်းစုံရဲ့ လူနေမှုအသိုင်းအဝိုင်း၊ အခြေ အနေကို အစိုးရနဲ့ တပ်မတော်ဘက်မှလည်း သဘောထားကြီးကြီးနဲ့ နားလည်မှုထားရှိပေးဖို့ လိုအပ်ပါ တယ်။ ဒါတွေအပြင် ဆွေးနွေးဖက်အားလုံး NCA စာချုပ်ပါ သဘောတူညီချက်အတိုင်း အကောင် အထည် ဖော်လုပ်ဆောင်သွားဖို့နဲ့ လေးစားလိုက်နာမှုရှိဖို့လည်း လိုအပ်ပါတယ်။ ကျား/မ တန်းတူညီမျှမှုရှိရေးအ တွက် သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်လုပ်ဆောင်ဖို့လည်း အထူးလိုအပ်နေသလို အစိုးရနဲ့ တပ်မတော်ဘက်မှလည်း တိုင်းရင်းသားများကို အပေါင်းလက္ခဏာဆောင်သော ကမ်းလှမ်းချက် များရှိဖို့ အရေးတကြီးလိုအပ်နေပါတယ်။

Related Articles