Home သတင်း ကလေးသေဆုံးသည့် အမှု တရားလွှတ်တော် အယူခံ တက်မည်

ကလေးသေဆုံးသည့် အမှု တရားလွှတ်တော် အယူခံ တက်မည်

IMG_3063EDITSIZE
ကချင်မလေး။

မိခင်နှင့် ဆရာဝန် တလှည့်စီ အနိုင်ရနေသည့် လမစေ့မီ ခွဲစိတ်မှုကြောင့် ကလေးသေဆုံးမှုအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ရှုံးနိမ့်ခဲ့သည့် မိခင်ဖြစ်သူက အမြင့်ဆုံးဖြစ်သည့် တရားလွှတ်တော်တွင် အယူခံ ထပ်မံ တင်သွင်းမည်ဟု ပြောသည်။

အမှုကို အဆင့်ဆင့် တရားရုံးများတွင် အယူခံ ဝင်ခဲ့ရာ မြို့နယ်နှင့် တိုင်း တရားရုံးများက မိခင် ဖြစ်သူအား အနိုင်ပေးခဲ့ပြီး ခရိုင်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့က ဆရာဝန်ဖြစ်သူအား အနိုင်ပေးထားခြင်းဖြစ်သည်။

၂၀၁၁ခုနှစ် မြောက်ဥက္ကလာပမြို့နယ် ရွှေလမင်းပုဂ္ဂလိကဆေရုံးတွင် ခွဲစိတ်မွေးဖွားခဲ့သည့် ကလေးငယ်သည်  သေဆုံးရခြင်းမှာ ဆရာဝန်က ခန့်မှန်းမွေးဖွား ရက်တွက်ချက်ရာတွင် မှားယွင်းခြင်းကြောင့်ဟု ကလေးမိခင် ဒေါ်သဲဖြူဖြူအောင်က သားဖွားမီးယပ်ဆရာဝန် ဒေါက်တာဒေါ်မီမီသိန်းအား တရားစွဲဆိုထားသည့်အမှုကို မြို့နယ်၊ ခရိုင်၊ တိုင်းနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အဆင့်ဆင့်တွင် တိုင်ကြား ဆုံးဖြတ်ချက် ရယူခဲ့ကြခြင်းဖြစ်သည်။

“ဒီအမှုနဲ့ပတ်သက်ပြီး ကျွန်မတို့ မြို့နယ်၊ ခရိုင်၊ တိုင်းတရားရုံးအဆင့်ဆင့်မှာ တိုင်ကြားခဲ့တယ်၊ ကိုယ်က မြို့နယ်တရာရုံးမှာနိုင်လိုက်၊ ဒေါက်တာက မကျေနပ်လို့ ခရိုင်တရားရုံးကို ပြန်တက်တော့ သူပြန်နိုင် ဖြစ်နေတယ်၊ ကျွန်မက ရန်ကုန်တိုင်းဒေသကြီးတရားလွတ်တော်မှာ ပြန်နိုင်လိုက်နဲ့ နောက်ဆုံး ပြည်ထောင်စုတရားလွတ်တော်ချုပ်မှာ သူက ပြန်ပြီးနိုင်တယ်”  ဟု ဒီဇင်ဘာ ၂၀ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မိခင်ဖြစ်သူ ဒေါ်သဲဖြူဖြူအောင် ပြောပြပါသည်။
img015
ဆက်ပြီး “ ကျမ နားမလည်ဘူး ဘာဖြစ်လို့ပြည်ထောင်စုတရားလွတ်တော်ချုပ်မှာ ကျမတို့ သူ့ကို စွဲဆိုခဲ့သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၄-က (ပေါ့လျော့သောပြုလုပ်မှု) ကို မြောက်ဥက္ကလာပ မြို့နယ်တရားရုံးအမိန့်နဲ့ ရန်ကုန်တိုင်းဒေသကြီးတရားလွတ်တော်တို့က ချမှတ်လိုက်တဲ့အမိန့်ကို ပယ်ဖျက်လိုက်လဲ၊ ထပ်ပြီး အထူးအယူခံပြန်ဝင်ဖို့ ပြင်ဆင်နေပါတယ်” လို့ပြောပါတယ်။

အဆိုပါ ဒေါ်သဲသဲဖြူဖြူအောင်သည် ကိုယ်ဝန်ဆောင်စဉ်တွင် ဇီဝိတဒါနသံဃာ့ဆေးရုံကြီးတွင် သူမကိုယ်ဝန်ကို တာဝန်ကျ သားဖွားမီးယပ်ဆရာဝန် ဒေါက်တာ ဒေါ်မီမီသိန်းထံတွင် အပ်ထားခဲ့သည်။ သူမကိုယ်ဝန် စရှိချိန်မှာ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၂၅ ရက်ဖြစ်ပြီး ဒေါက်တာမှ မွေးဖွားမည့်ရက်ကို ၂၀၁၁ ခုနှစ် ဇူလိုင် ၂ ရက် တွင် မွေးဖွားရမည်ဖြစ်ကြောင်းဆေးစာအုပ် တွင် ရေးသားထားသည်။ သူမအား ဆေးရုံရက်ချိန်းပေးလိုက်သည်။

“ ကျမက ဆေးရုံရက်ချိန်းမို့ လာပြတာ၊ ဘာမှလည်း ဗိုက်မနာဘူး၊ ကလေးမွေးမည့် အခြေအနေလည်း မရှိဘူး” လို့ သူမက ပြောပါတယ်။

“ဟိုရောက်တော့ ဒေါက်တာက ရက်ကျော်နေပြီး၊ မွေးလမ်းကြောင်းပေါ်ရောက်နေပြီလို့ပြောတယ်၊ ဒီ ၁ရက် ၂ ရက်အတွင်းမွေးမယ်။ နောက်တပတ်မှမွေးမယ်ဆိုရငင်တော့ သားအိမ်ကျစ်ဆေး ဆေးထိုး၊ ဆေးသောက်လုပ်ရမယ်လို့ပြောပါတယ်၊ ကျမကလည်း ဆေးက ကလေးကို ထိမှာစိုးလို့ မထိုးတော့ဘူး မွေးရင်လည်း မွေးမယ်လို့ပြောလိုက်တယ်”။

သူမသည် ထိုနေ့၌ပင် ခွဲစိတ်မွေးလိုက်ရသည်။ ကလေးငယ်ကို မွေးမွေးချင်းပင် မြောက်ဥက္ကလာပဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်လိုက်ရသည်ဟု သေဆုံးသွားသော ကလေး၏ အဖွားဖြစ်သူ ဒေါ်သီတာချိုက ပြောသည်။

“ ကျမ မြေးကလေး မွေးမွေးချင်းပဲ သူတို့ သွေးတွေနဲ့ သန့်ရှင်းရေးတောင်မလုပ်ပေးဘူး၊ အဝတ်စနဲ့ ထုတ်ပြီး မြောက်ဥက္ကလာပဆေးရုံကြီးကို ပို့ခိုင်းတယ်၊ ကားရှိလားဆိုပြီးမေးတယ်၊ ဆေးရုံကားလည်း မစီစဉ်ပေးဘူး။ ကျမတို့ပါလာတဲ့ ကားနဲ့ပဲ ဆေးရုံကိုသွားလိုက်တယ်၊ လမ်းတဝက်လောက်ရောက်တော့ ကလေးက မဲပြီးပြာလာတယ်၊ ဒီလိုနဲ့ ဆေးရုံကြီးရောက်တော့ အရေးပေါ်ဆောင်ရောက်တယ်၊ အဲတာနဲ့ ဖန်ပေါင်းအိမ်ထဲထည့်ထားလိုက်ရတယ်”

ကလေးငယ်သည် (၇) ရက် မြောက်သည့်နေ့တွင် ပိုးဝင်ပြီး သေဆုံးသွားခဲ့သည်။ မြောက်ဥက္ကလာပဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာ လွင်လွင်ခိုင်နှင့် ဒေါက်တာကျော်စိုးလင်းသည်  မွေးကင်းလူနာဆောင်၌ တာဝန်ကျနေစဉ် သေဆုံးသွားသည့် ကလေး (၇) ရက်ဖြင့် သေဆုံးရသည့် အကြောင်းအရင်းမှာ ကလေးအထူးကုဆရာဝန်နှင့် ဆရာဝန်ကြီး၏ ပြောကြားချက်အရ သန္ဓေပတ် လမစေ့ခြင်း (၃၀)ပတ်နှင့်  သွေးအတွင်း ဘတ်တီးရီးယား ပိုးဝင်ခြင်းကြောင့် သေဆုံးရသည်ဟု တရားရုံးတွင် ထွက်ဆိုထားသည်။

သို့သော် ခွဲစိတ်မွေးပေးသူ ဒေါက်တာဒေါ်မီမီသိန်းက “သူက ဗိုက်နာလာတယ်လို့ ပြောပြီး လာတယ်။ သားဦးဆိုတော့ နာမှာပဲ ကျမသူ့ကို ပြောတယ် ကလေးက မွေးလမ်းကြောင်းထဲရောက်နေပြီ။ ၁ ရက် ၊ ၂ ရက်အတွင်း မွေးတော့မယ်၊ နောက်တပတ်မှ မွေးမယ်ဆိုရင် သားအိမ်ကျစ်ဆေးထိုး၊ ဆေးသောက်လုပ်ရမယ်လို့ပြောတယ်၊ ခဏကြာတော့ ကျမတခြားလူနာကြည့်နေတဲ့အချိန်မှာ ပြန်ပြီးဝင်လာပြီး အခုပဲ ခွဲမွေးမယ်ဆိုပြီးဝင်လာတယ်” ဟု ပြောသည်။

၂၀၁၁ခုနှစ် ဇွန်လ ၁ရက်နေ့တွင် မြန်မာနိုင်ငံဆေးကောင်စီမှ ဆရာမဒေါ်မီမီသိန်းသည် မသဲဖြူဖြူအောင်အား ကိုယ်ဝန်စောင့်ရှောက်စဉ် ခန့်မှန်းမွေးဖွားရက်တွက်မှားခြင်း၊ ခွဲစိတ်ရန် ဆုံးဖြတ်ချက်မှားခြင်း၊ ခွဲစိတ်ခြင်းမပြုမီ လူနာအား လုံလောက်သောရှင်းပြမှု မရှိခြင်းနှင့် ခွဲစိတ်မွေးဖွားပြီးနောက် ကလေးအခြေအနေမှန်သိပြီး လုံလောက်သော ကုသမှုများ လုပ်ဆောင်ခဲ့သော်လည်း လူနာရှင်နှင့် ဆက်ဆံရာတွင် လိုအပ်ချက်များရှိနေခြင်း ကြောင့် မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေအခန်း(၁၁)၊ ပုဒ်မ ၃၀ (စ)အရ (ဆမ)လိုင်စင် ဆေးဝါးကုသခွင့်လိုင်စင် အား (၅)နှစ်ပိတ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။ သို့သော်လည်း ဒေါက်တာ မီမီသိန်းသည် လိုင်စင်သက်တမ်း( ၂နှစ် ၃ လ) တွင် ဆေးဝါးကုသခွင့် ပြန်လည်ရရှိခဲ့ပြီးဖြစ်သည်။

ဒေါ်သဲဖြူဖြူအောင်၏ ရှေ့နေဖြစ်သူ ဒေါ်နီနီလွင်က “စွဲချက်တင်တာလက်ခံလိုက်ပြီဆိုရင် နှစ်ဘက် လျှောက်လဲချက်တွေကို ကြားနာမယ်။ ခုံရုံးရဲ့ အမိန့်ကို အတည်ပြုတယ်ဆိုရင် စွဲချက်ဆက်တင်မယ်။  ပယ်လိုက်ပြီဆိုရင်တော့ ပြီးသွာပြီပေါ့။ ထပ်တက်စရာလည်းမရှိတော့ဘူး။ စွဲချက်တင်တယ်ဆိုတာက  တရာခံဘက်ကနေ တရားလို စွက်ဆွဲချက်တွေကို လာပြီး ရှင်းစေလိုတယ်၊ သူ့ဘက် အပြစ်မရှိဘူးဆိုရင် သက်သေပြပေါ့။ ဆိုလိုတာက ဟုတ်တယ် သူမှန်တယ်ဆိုရင်  ဆရာဝန်က ရက်တွက်မှားတယ် ဒါပေမယ့် ဒေါ်သဲဖြူဖြူအောင်က ကျန်းမာရေးအရအရေးပေါ် ခွဲမွေးရတယ်ဆိုတဲ့ ဆေးစာအုပ်တွေနဲ့ပြ သက်သေထူပေါ၊့ မထူနိုင်ရင်တော့ ထောင်ကျမှာပေါ့” လို့ ယခုနောက်အမှုရဲ့ အခြေအနေကို ရှင်းပြပါတယ်။

Related Articles