“လူက စိတ်နဲ့ အသက်ရှင်နေတာ၊ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေ ရေရှည် လုပ်ပေးဖို့ လိုတယ်”

(အမျိုးသမီးအခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေရဲ့ မြေပြင်မှာကြုံတွေ့နေရတဲ့စိန်ခေါ်မှုနဲ့ အန္တရာယ်တွေ အကြောင်းကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)-WLB နဲ့ ဆက်သွယ်မေးမြန်းခြင်း)

  ရှင်ငြိမ်း

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)-WLB က စစ်အာဏာသိမ်း ၅ နှစ်ပြည့်မှာ “၂၀၂၅ ခုနှစ်ကို လည်ပြန်ကြည့်ခြင်း (Looking Back on 2025)”ဆိုတဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ပါတယ်။

ဒီအစီရင်ခံစာမှာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပိုမိုဆုတ်ယုတ်ဆိုးရွားလာတဲ့နိုင်ငံရေး၊ စီးပွားရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေကြောင့် အမျိုးသမီးတွေအပေါ် သက်ရောက်မှုရှိတာတွေကို ဖော်ပြထားပါတယ်။

အမျိုးသမီးတွေရဲ့ လုံခြုံရေးအန္တရာယ်တွေ၊ ဘဏ္ဍာရေးနဲ့ မြေပြင်မှာ လုပ်ငန်းတွေအကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကြုံတွေ့ ရတဲ့ကန့်သတ်ချက်တွေ၊ အခက်အခဲတွေကြားမှ အဖွဲ့ဝင်တွေ လုပ်ငန်းဆောင်ရွက်ရာမှာ ကြုံရတဲ့အခက်အခဲ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး WLB ရဲ့မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် မမီးငယ်ကို HI – Honest Information က ဆက်သွယ် မေးမြန်းထားပါတယ်။

HI – Honest Information   – လွန်ခဲ့တဲ့ ၄ နှစ်နဲ့စာရင် အခု ၅ နှစ်ပြည့်မှာ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှု ပုံစံတွေက ဘယ်လို ပိုမိုဆိုးရွား ဒါမှမဟုတ် ထူးခြားပြောင်းလဲလာသလဲ။  

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB –  တော်လှန်ရေးကာလ ပိုကြာလာတာနဲ့အမျှ  အမျိုးသမီး တွေက တနိုင်ငံလုံးမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ဂျဲန်ဒါ အကြမ်းဖက်မှုတွေ ကြုံတွေ့နေတယ်။ ပြီးလို့ရှိရင် တိုင်ကြားတဲ့အချိန်မှာလည်း ဖြေရှင်းတဲ့ယန္တရားတွေ မရှိဘူး၊ ဖြေရှင်းလို့လည်း မရဘူး၊ တိုင်ကြားဖို့လည်း ပိုပိုခက်ခဲ လာတာကို တွေ့ရတယ်။ ပိုမို ထူးခြားတာက အကြမ်းဖက်မှုတွေလို့ ပြောတဲ့အချိန်မှာ စစ်တပ်က လက်နက်သဖွယ် အသုံးပြုတာရှိနေသလို၊ တော်လှန်ရေးဘက်ကနေ အကြမ်းဖက်တာတွေကိုလည်း တွေ့ရတယ်။ အဲ့တော့ လက်နက်ကိုင် ၂ဖက်စလုံးကနေမှ ကျူးလွန်နေတာတွေကို အမျိုးသမီးတွေက ကြုံတွေ့ခံစားနေရတာ ဖြစ်ပါတယ်။

HI – စစ်ကောင်စီက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်သဖွယ် အသုံးချနေတဲ့ အထောက်အထားတွေ ဘယ်လောက်အထိ ခိုင်ခိုင်လုံလုံ ရရှိထားသလဲ။

WLB – အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က အဖွဲ့ ၁၃ ဖွဲ့ရှိပြီး မြန်မာနိုင်ငံအနှံ့တွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ဂျဲန်ဒါအကြမ်းဖက်မှု အချက်အလက်တွေကို ကောက်ယူနေတာဖြစ်တယ်။ ကျမတို့ လက်လှမ်းမမှီတဲ့ ဒေသတွေမှာ ဆိုရင်တော့ မဟာမိတ်အဖွဲ့တွေနဲ့ AAPP သော်လည်းကောင်း သူတို့တွေနဲ့ မြေပြင်တွေမှာ အချက်အလက် ကောက်ယူတာ တွေ၊ ဖလှယ်တာတွေကို ပြုလုပ်နေတယ်။

ဥပမာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့အချိန်မှာ မသန်စွမ်းအမျိုးသမီးကို စစ်တပ်က အဓမ္မမုဒိမ်းကျင့် တယ်။ အဲ့ဒီအမျိုးသမီးက ယနေ့အချိန်မှာဆိုရင် အမျိုးသားအသံကြားတာနဲ့၊ ယောက်ျားလေးအသံကြားတာနဲ့ စိတ်မတည် ငြိမ်ဘူး။ သူ အဲ့ဒီလိုမျိုး ဖြစ်တာကို တွေ့ရတယ်။ တဖက်ကလည်း အခုလိုမုဒိမ်းကျင့်တာကို  ဒီလိုလက်နက်သဖွယ် အသုံးပြုတာက စစ်ကိုင်းတိုင်းမှာပဲ ဖြစ်နေတာမဟုတ်ဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည် နယ် ဒီနယ်တွေမှာလည်း အများကြီးဖြစ်နေတာကို ကျမတို့တွေ့ရတာဖြစ်တယ်။ 

ပြီးလို့ရှိရင် စစ်တပ်က ရေးဆွဲထားတဲ့ ၂၀၀၈ ခြေခံဥပဒေအရ အရပ်ဖက်တရားရုံးမှာ သူတို့ကို တရားစွဲဆိုတာ၊ စစ်ဆေးခံ တာတွေကို သူက အကာအကွယ်ပေးထားတာကိုလည်း တွေ့ရတယ်။ ဒီဟာတွေ ဥပဒေအရ အကာအကွယ်ပေးခြင်းအားဖြင့် ဒီ စစ်တပ်က ယနေ့အချိန်ထိ ဒီမုဒိမ်းကျင့်တာကို လက်နက်သဖွယ် အသုံးချတာကို တွေ့မြင်နေရတယ်။

HI – လက်နက်ကိုင် တော်လှန်ရေးနဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက ဒီ ၅ နှစ် အတွင်း ဘယ်လိုတိုးတက်လာပါသလဲ။

WLB – အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)အနေနဲ့ မြင်တာကတော့ ဒီတော်လှန်ရေးကာလမှာ ၅ နှစ် တာ ကာလမှာ အမျိုးသမီးတွေက ကဏ္ဍအလိုက်   ပါဝင်နိုင်တဲ့ အဆင့်ဆင့် တိုင်းမှာ ကြိုးစားပမ်းစား ဦးဆောင်ပါဝင်နေတာကို တွေ့ရတယ်။ တိုးတက်မှုလည်းရှိတယ်၊ ဒါပေမယ့် အားရ လားလို့ ပြောမယ်ဆိုရင်တော့ အားမရဘူး။ အဲ့တော့ ဥပမာ ပြောမယ်ဆိုရင်တော့ ကရင်နီပြည်နယ်မှာတော့ ဒီလိုနိုင်ငံရေး မှာ ပါဝင်နိုင်မှု တော်တော်အားရစရာကောင်းတာ ကျမတို့မြင်တယ်။

သို့သော် တခြား တခြား ဖက်ဒရယ်ယူနစ်သော်လည်းကောင်း၊ တိုင်းရင်းသားအင်အားစုသော်လည်းကောင်း၊ NUG သော်လည်း ကောင်း ကျမတို့ကြည့်မယ်ဆိုရင် ဒီအမျိုးသမီးတွေရဲ့ ပါဝင်မှုက တော်တော်လေးကို အားမရစရာဖြစ်တယ်။ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)အနေနဲ့တော့ ဒီနိုင်ငံရေးအခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေက ဒီထက်မက ပါဝင်နိုင်အောင် ဆက်လက်ပြီးမှ ကြိုးစားပြီးမှ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

HI – ဒီအစီရင်ခံစာကနေတဆင့် နိုင်ငံတကာ အသိုက်အဝန်း (UN, ASEAN) ကို ဘယ်လို လက်တွေ့ကျတဲ့ အရေးယူ ဆောင်ရွက်မှုမျိုးလုပ်ဖို့ တိုက်တွန်းချင်သလဲ။

WLB  – ဒီနိုင်ငံတကာ အသိုင်းအဝန်း၊ UN သော်လည်းကောင်း၊ အာဆီယံ သော်လည်းကောင်း ဒီလက်တွေ့ကျကျ အရေးယူမှုတွေ တိုက်တွန်းရမယ်ဆိုရင်တော့ နံပါတ်(၁)အနေနဲ့ စစ်တပ်ကနေမှ ပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ လိုအပ်တယ်။ လက်မခံဖို့ပေါ့။ (၂)အနေနဲ့တော့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC မှာ အမှုလွှဲပြောင်းဖို့ပေါ့။ ဘာလို့လဲဆိုတော့ စစ်တပ်ကနေမှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက သူလုပ်လာခဲ့တာ တော်တော်ကို များပြီ။ တော်တော်ကို ကြာပြီဖြစ် တယ်။ အဲ့ဒါကြောင့် သူလုပ်ခဲ့တဲ့ဟာတွေ တာဝန်ရှိတဲ့သူတွေကို စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်း၊ ကျူးလွန်တဲ့သူကို အပြစ်ပေး အရေးယူမှုတွေ၊ ပြီးလို့ရှိရင် ရှင်သန်လွတ်မြောက်တဲ့သူတွေပေါ့၊ သူတို့ကို အကာအကွယ်ပေးခြင်း၊ ဒီလိုမျိုး ထပ်မကျူးလွန်ဖို့ တားဆီးတဲ့ ယန္တရားတွေ၊ တားဆီးတဲ့ဟာတွေကို လုပ်ပေးဖို့ တောင်းဆိုချင်တယ်။

ပြီးလို့ရှိရင် လက်နက်တွေ မရောင်းချဖို့။ အဓိကတော့ လက်နက်ရောင်းဝယ်မှုပိတ်ပင်တာ (Arms Embargo) ပေါ့။ အဓိက ဒီလက်နက်တွေ ပိတ်ဆို့ဖို့၊ ဒီလက်နက် ခဲယမ်းတွေ၊ လေယာဉ်ဆီ သော်လည်းကောင်း ဒီလိုမျိုးပေးခြင်းအားဖြင့် ဆေးရုံတွေ ဆေးခန်းတွေကို ပစ်မှတ်ထားပြီး စစ်တပ်က ယနေ့အချိန်ထိ ကျူးလွန်နေတာ ထောင်နဲ့ချီတဲ့ပြည်သူတွေ ဒုက္ခရောက် ရတယ်။ တရက်၊ တရက်မှာ ပြည်သူ ၃၀၊ ၄၀၊ ၅၀ ပေါ့နော်၊ ဒီလိုမျိုး ကိန်းဂဏန်းတွေကအစ သူနေ့တိုင်း နေ့တိုင်း သတ်နေတာ ဒါကိုကျမတို့မြင်ရတယ်။ ဒါကြောင့် ဒီလက်နက်တွေ ရောင်းချမှုတွေကို ပိတ်ဆို့ဖို့ လိုအပ်ပါတယ်။

(၃) အနေနဲ့တော့ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လုံခြုံတဲ့အိမ်၊ Safe House ပေါ့နော်၊ အဓိက Safe House  တွေကို လည်း ဆက်လက်ပြီး ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ ကျမတို့ ဒေသခံတွေက တကယ်မြေပြင်မှာ အလုပ်လုပ်နေတဲ့ သူတွေ ဖြစ်တယ်ဆိုတော့ အနီးကပ်ဆုံး ပြည်သူလူထုကို ပြန်လည်ကူညီနိုင်ဖို့ လိုအပ်ပါတယ်။

(၄) အနေနဲ့တော့ နိုင်ငံရေးအခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာနိုင်ဖို့အတွက် လိုအပ်တဲ့ ငွေရေးကြေးရေး သော်လည်းကောင်း၊ ထောက်ပံ့တာသော်လည်းကောင်း၊ လိုအပ်တဲ့ နည်းပညာ အထောက်အကူ သော်လည်းကောင်း ပေါ့နော်၊ အမျိုးသမီးတွေ ဦးဆောင်နိုင်တဲ့ အဖွဲ့အစည်းတွေ ပိုမိုများပြားလာနိုင်အောင် သူတို့က ပြန်လည်ပြီးမှ ပြင်ဆင် ပေးဖို့၊ ဦးစားပေးလုပ်ဆောင်ပေးဖို့ အင်မတန် လိုအပ်တယ်လို့ ပြောလိုပါတယ်။

နောက်ဆုံးအနေနဲ့ကတော့ အမျိုးသမီးနဲ့ မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုအတွက် အကြမ်းဖက်မှုကို လုပ်ဆောင် နေတဲ့သူတွေ ပေါ့။ ဒီစစ်တပ်တွေကို ပြစ်ဒဏ်က ကင်းလွတ်နေတာ အရေးယူ ဆောင်ရွက်တာတွေလုပ်ဖို့ ပြန်လည် တိုက်တွန်းချင်ပါတယ်။

HI – ရှင်သန်လွတ်မြောက်လာတဲ့ အမျိုးသမီး ၁,၂၁၂ ဦးကို ဘယ်လိုမျိုး ရေရှည်ကုစားမှုတွေ (ဥပမာ- စိတ်ပိုင်း ဆိုင်ရာ၊ စီးပွားရေးအရ) ပံ့ပိုးပေးနိုင်ခဲ့သလဲ။ သူတို့အတွက် အဓိက လိုအပ်ချက်က ဘာတွေဖြစ်နေသလဲ။

WLB – ဒီရှင်သန်လွတ်မြောက်လာတဲ့ အမျိုးသမီးတွေအတွက်က အဓိကလိုအပ်တာကတော့ စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေ ရေရှည်လိုအပ်တာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကုသမှုကို အရမ်းကြီး အလေးမထားဘူး။ ဒါပေမဲ့ လူက စိတ်နဲ့ အသက်ရှင်နေတာ။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေ ရေရှည် လုပ်ပေးဖို့ လိုတယ်။ ဒုတိယအနေနဲ့ဆိုရင်တော့ ဒါ တယောက်နဲ့တယောက် လိုအပ်ချက်မတူ၊ တချို့ဟာက ပညာရေး သင်ချင်တဲ့သူဆိုရင်တော့ ဒါ ပညာရေးနဲ့ သက်ဆိုင်တဲ့ ငွေကြေးအထောက်အပံ့တွေ လိုအပ်တယ်။

တချို့ဟာ ဆိုရင်တော့ အသက်ပြည့်ပြီးသားသူဆိုရင် အလုပ်လုပ်နေတဲ့သူတွေဆိုရင်တော့ ပြန်လည်ပြီးမှ ရှင်သန်နိုင်ဖို့ အတွက် လိုအပ်တဲ့ငွေကြေး သူ့အတွက် အစားအသောက်လား၊ သူ့ရဲ့အတွက် လိုအပ်တဲ့ စီးပွားရေးလားပေါ့။ အဲ့လိုမျိုး ပြန်လည် ရပ်တည်လာနိုင်ဖို့နဲ့ ဒီပတ်ဝန်းကျင်မှာ ပြန်လည်ရှင်သန်လာနိုင်ဖို့ကို ရေရှည်ပေါ့။ သူတို့ကို ပံ့ပိုးပေးဖို့ အင်မတန် လိုအပ်တာ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒါ သူတို့တွေကလည်း သူများဆီကပဲ ကူညီနေတာကို မလိုချင်ဘူး။ သူတို့ခြေထောက်ပေါ် သူတို့ ပြန်လည် ပြီးမှ ရပ်တည်ချင်တဲ့သူတွေ အများကြီး ကျမတို့မြင်နေတယ်။ ဒါကြောင့် ပြန်လည်ရှင်သန်လာတဲ့ ဒီ Survivor တွေကို ရေရှည် ပံ့ပိုးပေးဖို့ အင်မတန် အရေးကြီးတာကြီးပါပဲ။

HI –   နယ်မြေမတည်ငြိမ်မှုတွေကြားကနေ ဒီအချက်အလက်တွေကို စုဆောင်းရတဲ့အခါ ဘယ်လိုလုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုတွေရှိခဲ့သလဲ။ ဒါဟာ မြေပြင်မှာ တကယ့်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေရဲ့ ဘယ်လောက်ရာခိုင်နှုန်း လောက်ပဲ ရှိမယ်လို့ ခန့်မှန်းထားသလဲ။

WLB– နယ်မြေမတည်ငြိမ်မှုတွေကြားမှာ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က သူ့ရဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတွေ ထဲမှာ ဖမ်းဆီးခံရတာရှိတယ်။ မြေပြင်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေ ဖမ်းဆီးခံရတယ်။ အချက်အလက်စုဆောင်းတဲ့ အချိန်မှာလည်း ဖုန်းတွေယူလို့မရဘူး၊ အသံဖမ်းစက်တွေ ယူသွားလို့မရဘူး။ ဗီဒီယိုဖိုင်တွေ ယူဖို့အင်မတန်ခက်ခဲတယ်။ ယူသွားမယ်ဆိုရင်လည်း သေသေချာချာ ဖုံးဖိရတယ်၊ စစ်တပ်ဂိတ်တွေ မရှိတဲ့နေရာ၊ စစ်ဆေးရေးဂိတ်တွေ မရှိတဲ့နေရာ တွေကို ကွေ့ပတ်ပြီး သွားရတယ်။ ယူသွားရတယ်။ ခက်ခက်ခဲခဲနဲ့ ကျမတို့ အချက်အလက်တွေသွားယူရတယ်။ အဲ့တော့ စိန်ခေါ်မှုက အင်မတန် အရမ်းကို မြင့်တယ်ပေါ့။ အင်တာနက်လိုင်းတွေလည်း မရချင်၊ လိုင်းမရတဲ့အတွက် မြေပြင်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မသိရတာ၊ အချိန်မှီမပို့ပေးနိုင်တာ၊ ပြီးလို့ရှိရင်လည်း သိမ်းဆည်းတဲ့ အချိန်မှာ ပို့လို့မရ၊ ဒီ Data တွေက ပို့လို့မရတာ သော်လည်းကောင်း၊ မပြည့်စုံတာသော် လည်းကောင်း ဒီလိုမျိုး အခက်အခဲတွေ ကျမတို့ ကြုံရတယ်။

ဒါပေမဲ့လည်း မြေပြင်မှာ အလုပ်လုပ်တဲ့အချိန်မှာ စိတ်အင်မတန်ကို ခိုင်မာကြတယ်။ ဒီအာဏာသိမ်းတာကို ကျမတို့ လုံးဝ၊ လုံးဝ ဆန့်ကျင်တယ်၊ လုံးဝ လက်မခံဘူး။ ဒါကြောင့် စိတ်ဓာတ် ပိုမိုခိုင်မာတာကို တွေ့ရတယ်။ ဒီအလုပ်တွေဟာ မလုံခြုံဘူး ဆိုတာ သိပေမဲ့လည်း မြေပြင်မှာ ကျမတို့ ဆက်လက်ပြီး လုပ်နေတယ်။ တဖက်မှာလည်း စိတ်မကောင်း စရာကတော့ ဝန်ထမ်းတချို့ဆိုရင် လုံခြုံရေးကြောင့် အလုပ်တွေနားရတယ်၊ မလုံခြုံမှုကြောင့် သူတို့ စားဝတ်နေရေးအတွက် တခြားနိုင်ငံတွေမှာ ထွက်ပြီးမှ အလုပ်လုပ်ရတယ်၊ အဲ့တော့ လက်ရှိမှာ လူစွမ်းအားအရင်းအမြစ်တွေ ပြည်တွင်းမှာ ဆုံးရှုံးနေတာဖြစ်တယ်၊ ဒီလိုမျိုး အခက်အခဲ စိန်ခေါ်မှုတွေလည်း အဖွဲ့ချုပ်က ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

HIစစ်ကောင်စီရဲ့ ရွေးကောက်ပွဲက တော်လှန်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေနဲ့ မြေပြင်က အမျိုးသမီး လူ့အရေးကာကွယ်စောင့်ရှောက်သူ (WHRDs)တွေရဲ့ လုံခြုံရေးကို ဘယ်လိုမျိုး ပိုပြီး ခြိမ်းခြောက်လာနိုင်သလဲ။

WLB – စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ပြီးနောက်မှာ အမျိုးသမီးလူ့အခွင့်အရေးကာကွယ်စောင့်ရှောက် သူတွေ(WHRDs)ကို ဖမ်းဆီးတာ ပိုမိုများလာတယ်။ အရင်အပတ်ကတောင်မှ ဒီဇန်နဝါရီ ၂၀ ပတ်ဝန်းကျင်မှာဆိုရင် ကျမတို့ရဲ့ မိတ်ဆွေ၊ အမျိုးသမီးလူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတဦးဖမ်းဆီးခံရတယ်။ အဲ့ဒါကြောင့် အခုနောက်ပိုင်းမှာ ဆိုရင် ကျမတို့တွေ အပြင်သွားတယ်ဆိုရင် အင်မတန်ကို သတိထားရတယ်၊ ဖုန်းတွေလည်း အပြင်ကို ယူလို့မရဘူး။ ပြီးရင် Low Profile နဲ့ ပြည်တွင်းမှာ လှုပ်ရှားနေရတယ်။ သူတို့ရဲ့စစ်ယန္တရားတွေနဲ့ သူတို့ ထိုးစစ်ဆင်တဲ့ အချိန်တွေမှာ ကျမတို့နာမည်တွေ ပေါ်မှာလည်း အင်မတန်မှ စိုးရိမ်တယ်။ လုံခြုံရေးက လက်ရှိအချိန်မှာ စိန်ခေါ်မှုဖြစ်တယ်။ ကျမတို့ အိမ်ထောင်စုစာရင်းတွေ၊ စစ်ဆေးတာတွေ ဒီဟာတွေကလည်း အရင်ထက် ပိုမိုပြီးမှ များတာလာကို တွေ့ ရတယ်။ အရမ်းကို စဉ်းစဉ်းစားစားနဲ့ နေထိုင်နေရတဲ့အနေအထားဖြစ်ပါတယ်။

HIနိုင်ငံတကာ အသိုက်အဝန်းက ဒီရွေးကောက်ပွဲကို ငြင်းပယ်ဖို့ တောင်းဆိုရာမှာ ထိရောက်တဲ့ လက်တွေ့ ကျတဲ့ အရေးယူဆောင်ရွက်မှုအနေနဲ့ ဘာတွေကို အရေးတကြီး လုပ်ဆောင်စေချင်သလဲ။

WLB – အရေးယူဆောင်ရွက်မှုအနေနဲ့ ဆိုရင်တော့ နံပါတ် (၁) အတုအယောင် ရွေးကောက်ပွဲကို လုံးဝ လုံးဝ လက်မခံဖို့နဲ့ ပယ်ဖျက်ဖို့ကို ပြောချင်တာ ဖြစ်ပါတယ်။ အခုဆိုရင် ဖိလစ်ပိုင်နိုင်ငံက အာဆီယံ (ASEAN) ဥက္ကဋ္ဌ ဖြစ်လာ တယ်။ သူက စစ်ကောင်စီနဲ့ တွေ့တယ်ပေါ့။ အဲ့ဒါကြောင့် ဒီလိုမျိုး တွေ့ဆုံမှုတွေကို ရပ်တန့်ဖို့ လိုပါတယ်။

စစ်တပ်ကနေ အာဆီယံနဲ့ ပထမဆုံး တွေ့တဲ့အချိန်မှာ ဘုံသဘောတူညီချက် (၅) ရပ်ကို သူ ပြောခဲ့တယ်၊ သူလက်ခံမယ်၊ သူလုပ်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့အချိန်မှာ (၅) နှစ်တာ ရှိပြီ၊ သူဘာတခုမှ မလုပ်ခဲ့တာကို တွေ့ ရတယ်။ အဲ့ဒါကြောင့် သူ ပြောနေတာတွေက လိမ်လည်နေတာပါ။

ဒုတိယအချက်အနေနဲ့ကတော့ စစ်တပ်ကနေ ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ USDP က နိုင်တယ်ပေါ့။ မတ်လမှာဆိုရင် သူတို့ အစိုးရဖွဲ့ဖို့ ပြောတယ်။ အဲ့တော့ ပေါ်ပေါက်လာမယ့် အစိုးရဟာလည်း အတုအယောင် ရွေးကောက်ပွဲကနေ ဖြစ်လာတဲ့ သူတွေ၊ ကိုယ်စားလှယ်တွေ ဖြစ်တဲ့အတွက် ဒါကို လုံးဝ အသိအမှတ်မပြုဖို့နဲ့ တရားဝင်အစိုးရ မဖြစ်ဖို့က အင်မတန် အရေးကြီးပါတယ်။

စီးပွားရေးအရ စစ်လက်နက်ပစ္စည်းတွေကို ပိတ်ဆို့တာတွေ အင်မတန် လိုအပ်နေပါသေးတယ်။ လေယာဉ်ဆီပေါ့။ အဓိက ကတော့ နေ့တိုင်း ဒေသတိုင်း တနိုင်ငံလုံးမှာ ကြုံတွေ့နေရတာက အပြစ်မဲ့ ပြည်သူများကို လေယာဉ်တွေနဲ့ ဗုံးကြဲခြင်း၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ပြည်သူရှိတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး ယနေ့အချိန်ထိ ဗုံးကြဲနေတာကို တွေ့ရပါတယ်။ ဒီအတွက် လေယာဉ်ဆီတွေ ပိတ်ဆို့မှု အင်မတန် လိုအပ်တာကို တွေ့ရပါတယ်။ ပြီးတော့ ဒီမိုကရေစီ ပြန်လည် ထူထောင်လာနိုင်ဖို့အတွက် တော်လှန်ရေး အင်အားစုတွေကို ပံ့ပိုးပေးဖို့ အရမ်းလိုအပ်ပါတယ်။ နည်းပညာဖြစ်စေ၊ ငွေရေးကြေးရေးဖြစ်စေ၊ ဘေးကင်းလုံခြုံတဲ့နေရာ (Safe zone) အတွက်ဖြစ်စေ အင်မတန် လိုအပ်နေတာ ဖြစ်ပါတယ်။

HI၂၀၂၅ မတ်လ မြေငလျင်ဒဏ်ခံရသူ ၁၀,၂၀၂ ဦးကို ကူညီတဲ့အခါ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေ ကြောင့် အကူအညီပေးရေးမှာ ဘယ်လို အဟန့်အတားတွေ ကြုံခဲ့ရသလဲ။ စစ်ဘေးနဲ့ သဘာဝဘေး ၂ခုစလုံး ကြုံနေရတဲ့ အမျိုးသမီးတွေအတွက် ထူးခြားတဲ့ အကာအကွယ်ပေးရေး အစီအစဉ်တွေ ရှိသလား။

WLB –  မြေပြင်မှာ အခက်အခဲ ခံစားရတဲ့ အရာတွေကို ပြန်ပြောမယ်ဆိုရင် ဘယ်လိုမျိုး အဟန့်အတား တွေ ကြုံခဲ့ရသလဲဆိုတော့ ဥပမာ- ကျမတို့ အဖွဲ့ချုပ်ကနေ အလုပ်လုပ်တဲ့အချိန်မှာ မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာဆိုရင် စစ်ကောင်စီကနေ တားဆီးတာတွေ ကြုံရတယ်။ သေနတ်နဲ့ ပစ်တာတွေ ကြုံရတယ်။ သူတို့ရဲ့ နယ်မြေတွေကို ဝင်ခွင့် မပြုဘူး။ အထက်က အမိန့်စာ (သို့မဟုတ်) ကွန်ပျူတာ စာရွက်စာတမ်းတွေ သူတို့ တောင်းတယ်။ ကျမတို့မှာ မရှိဘူးဆိုရင် ပေးမဝင်တာတွေ ကြုံရပါတယ်။ အကူအညီ ပစ္စည်းတွေ ဝယ်ပြီးပို့တဲ့အချိန်မှာလည်း စစ်ကောင်စီ ဂိတ်ကနေ သူတို့ ကြိုက်တာတွေ သူတို့ယူတယ်၊ ဒီလိုမျိုး အခက်အခဲစိန်ခေါ်မှုတွေ ကြုံတွေ့ရပါတယ်။ စစ်ကိုင်းမြို့မှာဆိုရင် အကူအညီ ပစ္စည်းတွေ သွားပို့တဲ့အခါ အရပ်ဘက်အဖွဲ့အစည်း ဘယ်ကားမှပေးမဝင်ဘဲ ဘုန်းကြီးကား တစီးပဲ ဝင်ခွင့်ပေးတာမျိုးတွေ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျမတို့ အလုပ်လုပ်တဲ့ အချိန်မှာ အခက်အခဲ စိန်ခေါ်မှုတွေ အင်မတန်များပြားတာ ဖြစ်ပါတယ်။

HI  –  လက်ရှိမှာ နိုင်ငံတကာ အကူအညီတွေက မြေပြင်ကို တိုက်ရိုက်ရောက်ရှိဖို့ ဘယ်လို အခက်အခဲတွေ ရှိနေသလဲ။ ဘယ်လိုမျိုး Funding Mechanism တွေကို ပြောင်းလဲဖို့ တိုက်တွန်းချင်သလဲ။

WLB – မြေပြင်မှာ အလုပ်လုပ်တဲ့ အချိန်မှာ တိုက်ရိုက်ရောက်ဖို့ ဘယ်လို အခက်အခဲတွေ ရှိသလဲဆိုရင် အလှူရှင်ကနေ ငွေတွေဝင်လာတဲ့ အချိန်မှာ ဘဏ်စနစ်တွေ လိုအပ်ပါတယ်။ မြန်မာပြည်မှာ ဘဏ်စနစ်တွေ အရင်က ရှိခဲ့ပေမဲ့ အခုအချိန်မှာ အဖွဲ့အစည်း နာမည်နဲ့ ဖွင့်ထားတဲ့ ဘဏ်အကောင့်တွေက သုံးလို့မရတော့ဘဲ ပိတ်ပင် တာတွေ ခံရပါတယ်။

နောက်ပိုင်းမှာ ဟွန်ဒီ (Hundi) စနစ်တွေ အရမ်းသုံးလာရပါတယ်။ ကေပေး (K-Pay) လိုမျိုး ငွေပေးချေမှုအမျိုးမျိုးကို သုံးတဲ့အခါမှာလည်း ထုတ်ခတွေ အဆမတန်ပေးနေရတာမျိုးတွေ ရှိပါတယ်။ နောက်တခုက ကိုးကားချက်ယူတဲ့ ကိစ္စတွေမှာလည်း လုံခြုံရေးကြောင့် ဆိုင်ရှင်တွေက သူတို့ ဆိုင်နာမည်ပါတာတွေ မပေးချင်ကြဘူး။ မှတ်ပုံတင် (သို့ မဟုတ်) မောင်းလိုင်စင် စတာတွေ ရဖို့ အင်မတန်ခက်ခဲပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စံနှုန်းတွေက အရမ်းမြင့်ပေမဲ့ မြေပြင်အခြေအနေနဲ့ အရမ်းကွာဟနေတာကို တွေ့ရ ပါတယ်။ အဖွဲ့အစည်း မှတ်ပုံတင်တောင်းတာမျိုးတွေ ရှိတယ်။ မှတ်ပုံတင် မရှိရင် အဆိုပြုလွှာ (Proposal) လျှောက်လို့ မရတာတွေ ကြုံရပါတယ်။ စစ်ကောင်စီနဲ့ ပေါင်းလုပ်တဲ့ သူတွေမှာပဲ မှတ်ပုံတင် ရှိနေတာ ဖြစ်ပါတယ်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကတော့ တော်လှန်ရေးနဲ့အတူ ရပ်တည်နေတဲ့ နိုင်ငံရေး အဖွဲ့အစည်း ဖြစ်တဲ့အတွက် မှတ်ပုံတင် မရှိပါဘူး။ ကိုယ့်ရဲ့ဘေးအန္တရာယ်ကို ကိုယ်တိုင်ယူပြီး အလုပ်လုပ်နေရတာ ဖြစ်ပါတယ်။ ဒေတာတွေ လိုအပ်ချက်က အင်မတန်ခက်ခဲလို့ ရုန်းကန်နေရတာ ဖြစ်တဲ့အတွက် အလှူရှင်တွေ အနေနဲ့ မြေပြင် အခြေအနေနဲ့ ကိုက်ညီတဲ့ မူဝါဒတွေကို ပြောင်းလဲ ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။

HI၂၀၂၅ ကို လည်ပြန်ကြည့်ပြီးတဲ့နောက် ၂၀၂၆ ခုနှစ်အတွင်းမှာ WLB အနေနဲ့ ဘယ်အချက်တွေကို အဓိက ဦးစားပေး လုပ်ဆောင်သွားဖို့ ရှိသလဲ။

WLB – ၂၀၂၆ မှာ အဖွဲ့ချုပ်က ဦးစားပေးအနေနဲ့ လုပ်ဖို့ ပြင်ဆင်ထားတယ်။ စစ်တပ်ကနေမှ ဦးဆောင်ပြီးတော့ အတုအယောင် ရွေးကောက်ပွဲလုပ်တာကို ငြင်းပယ်ဖို့ပေါ့။ နိုင်ငံတကာတွေကို မထောက်ခံဖို့ စည်းရုံးလှုံ့ဆော်ရေးတွေ၊ ပြီးလို့ရှိရင် နိုင်ငံတကာမှာ တရားမျှတမှုဖော်ဆောင်ရေးအတွက် ယန္တရားတွေကတဆင့် စစ်တပ်ကို တာဝန်ခံမှုရှိဖို့ ဖော်ဆောင်နိုင် ဖို့ ဒီလိုမျိုးလုပ်တာတွေ ရှိမယ်။ ပြီးရင် လက်နက်ရောင်းချမှု အကုန်ပိတ်ပင်ဖို့ ဒါတွေလုပ်ဖို့ရှိတယ်။ ပြီးရင် အမျိုးသမီးလူ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေအတွက် ကာကွယ်ပေးတဲ့ အရင်းအမြစ်တွေ လိုအပ်တာတွေ ပံ့ပိုးပေးဖို့ပါ။ နောက်ပြီး အမျိုးသမီးများဦးဆောင်တဲ့ အဖွဲ့အစည်းတွေကို အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်တဲ့ နေရာတွေ ပိုမိုရရှိအောင်ဖန်တီးဖို့၊ အမျိုးသမီးနဲ့ မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုအတွက် ပြစ်ဒဏ်ကင်းလွတ် ခွင့်ရနေတာတွေ ကို အဆုံးသတ်ဖို့ ကျမတို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က ဒါတွေနဲ့ပတ်သက်ပြီး ဆက်လက် လုပ်ဆောင်သွားမှာ  ဖြစ်ပါတယ်။        

HI   – ထပ်မံဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါရှင့်။

WLB  -အမျိုးသမီးများအဖွဲ့ချုပ်က ဖိနှိပ်ချုပ်ချယ်မှု ဒီစနစ်တွေ ဖယ်ရှားနိုင်ဖို့၊ စစ်အာဏာစိုးမိုးတဲ့ စနစ်တွေ၊ ဖိုဝါဒကြီးစိုးတဲ့စနစ်တွေ ဒီလိုမျိုးကို စိန်ခေါ်ဖို့အတွက် နိုင်ငံရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးနဲ့ လူမှုရေးရာ ပြောင်းလဲမှုတွေမှာ အမျိုးသမီးတွေ တရားဝင်မှုရှိစေဖို့၊  ပြီးရင် အမျိုးသမီးတွေ ထိုက်တန်တဲ့ နိုင်ငံရေးအခန်းကဏ္ဍမှာ ပါဝင်နိုင်ဖို့ ဆက်လက်လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီ လှုပ်ရှားမှုတွေ၊ လူ့အခွင့်အရေးဆိုင်ရာ စည်းရုံးရေးရော ပြီးရင် လူသားချင်းစာနာထောက်ထားမှု ဒီလိုမျိုး ဝန်ဆောင်မှုတွေ လိုအပ်ချက်တွေကို ကျမတို့က ဖြည့် ဆည်းပေးနေတယ်၊ ပိတ်ဆို့ခံနေရတဲ့ပြည်သူလူထု လူမှုအသိုင်းအဝိုင်းတွေကို ထောက်ပံ့ကူညီတဲ့အပြင် ဒီတော်လှန်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းကဏ္ဍတွေမှာ အမျိုးသမီးများရဲ့ အသံက အခရာကျတာဖြစ်တယ်။ အဲတော့ ဒီအမျိုးသမီး တွေရဲ့ အခရာကျတဲ့အသံကို ကျမတို့ ပြန်လည်ဖော်ထုတ်ပြီး ဒီဖက်ဒရယ်ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာ အဖွဲ့ချုပ်က မဆုတ်မနစ် ဆက်လက် အလုပ်