တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
ဇန်နဝါရီလ ၁၈ ရက်ကနေ ၂၄ ရက်အထိ တပတ်တာကာလအတွင်း သတင်းမီဒီယာတွေမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အမျိုးသမီးဖြစ်ရပ်တွေထဲက ထူးခြားတဲ့ အကြောင်း အရာတွေကို HI – Honest Information က ပြန်လည်ကောက်နှုတ် စုစည်း ဖော်ပြအပ်ပါတယ်။
ပြီးခဲ့တဲ့လတွေက သတင်းဖြစ်ရပ်တွေထဲ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ သေဆုံးတဲ့သတင်းတွေက အများအပြားနေရာယူခဲ့ပါတယ်။
ဒီတပတ်မှာတော့ သတင်းမီဒီယာတွေပေါ်မှာတက်လာတဲ့ သတင်းတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို လိင်ပိုင်း ဆိုင်ရာ စော်ကားကျူးလွန်မှု၊ ထိပါးနှောက်ယှက်မှုသတင်းတွေက သိသိသာသာ များတာကို တွေ့ရပါတယ်။
ဖမ်းဆီးရမိပေမယ့် မြန်မာပြည်တွင်းမှာ တရားဥပဒေစိုးမိုးမှုအားနည်းနေသလို၊ တော်လှန်ရေးနယ်မြေတွေထဲက ကြားကာလ တရားစီရင်ရေး တွေကလည်း နေရာအနှံ့ မလွှမ်းခြုံနိုင်တဲ့အပေါ် အခွင့်အရေးအပြည့်ရနေသလိုဖြစ်နေတဲ့ မုဒိမ်းသမားတွေ ဟာ ပုံစံမျိုးစုံနဲ့ လွတ်မြောက်နေကြတာဟာ အများအပြားရှိနေဆဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၁နှစ်က ရှမ်းမြောက် မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့နယ် ကောင်းခါးကျေးရွာမှာ KBC ဆရာမ ၂ဦး ဖြစ်တဲ့ ဆရာမ ခေါင်နန်စင်နဲ့ ဆရာမ မရန်လုရာတို့ဟာ အာဏာရှင်စစ်တပ်ရဲ့ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ဒီနေ့အထိ တရားမျှတမှုမရရှိသေးဘဲ တရားခံလွတ်မြောက်နေသေးသလို၊ လူ့အဖွဲ့အစည်းက မမေ့မလျော့ရှိနေတဲ့ အထင်ကရဖြစ်ရပ် တွေထဲက တခုဖြစ်ပါတယ်။
ဒီကာလမှာ ကရင်ပြည်နယ်ထဲက အသက် ၁၂နှစ်အရွယ် သီလရှင်လေးတပါးကို ဘုန်းကြီးက၊ ရခိုင်ပြည်က အသက် ၆နှစ် အရွယ်မိန်းကလေးငယ်ကို အိမ်နီးချင်း အသက် ၅၀အရွယ်အမျိုးသားက၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က ကိုယ်ပိုင် အထက်တန်းကျောင်းတခုမှာ ကျောင်းပိုင်ရှင်သားဖြစ်သူက အဆောင်နေကျောင်းသူတဦးကို၊ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်း မြို့နယ်၊ ပရဟိတဥက္ကဌက အသက်မပြည့် သေးတဲ့ မိန်းကလေးငယ်ကို၊ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာပဲ စစ်မှုထမ်း စာရင်းကောက်တဲ့ ရာအိမ်မှူးက မသန်စွမ်းအမျိုးသမီးတဦးကို မုဒိမ်းကျင့်ခဲ့တဲ့နောက်ဆက်တွဲကိစ္စ စတာတွေ ဆက်တိုက် ဖြစ်ပွားခဲ့ကြပါတယ်။
ဒီဖြစ်ရပ်တွေထဲမှာ ကရင်အမျိုးသားအစည်းအရုံး-KNU အုပ်ချုပ်မှုနယ်မြေ၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်ထဲမှာ အသက် ၁၂နှစ်အရွယ် သီလရှင်လေးတပါးကို အဓမ္မပြုကျင့်တဲ့ ဘုန်းကြီးကို အသေပစ်ခတ်ဖမ်းဆီးလိုက်ပြီး၊ ကျန်တဲ့ဖြစ်ရပ်တွေ ထဲက ကျူးလွန်သူတွေကို သက်ဆိုင်ရာ ဒေသအလိုက် အုပ်ချုပ်ရေးအာဏာရှိသူတွေက ဖမ်းဆီးတာ၊ အမှုဖွင့်အရေးယူတာ တွေ လုပ်နိုင်ခဲ့ကြတာကလည်း မှတ်တမ်းတင်ရမယ့် အရာတခုပါပဲ။
ဒါ့အပြင် ကလေးငယ်တဦးကို ဘောင်းဘီဆွဲချွတ်ပြပြီး ပြက်လုံးထုတ်ခဲ့တဲ့ ဇာတ်အဖွဲ့ စတဲ့ဖြစ်ရပ်အပေါ် ကျူးလွန်သူ ပြဇာတ်အဖွဲ့တာဝန်ရှိသူတွေက ပြန်လည်တောင်းပန်ပြီး နောက်နောင်မဖြစ်ဖို့ ခံဝန်ကတိထိုးခဲ့ကြတဲ့အထိ ထိရောက်ခဲ့ တာကလည်း ဒီလိုအရေးကိစ္စတွေအပေါ် အလေးအနက်ထားပြုပြင်ပြောင်းလဲလိုသူတွေ၊ ဝေဖန်ထောက်ပြသူတွေရဲ့ အောင်မြင်မှုတခုလို့ ဆိုနိုင်ပါတယ်။
အဲဒီလို သတင်းတွေအပြင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအမျိုးသမီးတွေနဲ့ဆက်စပ်တဲ့အကြောင်းတွေ၊ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲခံရမှုကြောင့် ပြိုကျခဲ့တဲ့ အဆောက်အဦကြားမှာ တဦးတည်း ၁၂ နာရီကြာအထိ အသက်ရှင်သန်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့က အသက် ၂နှစ်အရွယ် သမီးလေး မေကံကောင်းအကြောင်းနဲ့ မူဆယ်မြို့က အနှိပ်ခန်းတခုမှာ တအာင်းအမျိုးသမီးတဦးကို တရုတ်အမျိုးသားတဦးနဲ့ အတူမအိပ်ပေးလို့ဆိုပြီး မန်နေဂျာက (၃) ရက်ကြာ အခန်းပိတ်ပြီး ရိုက်နှက်နှိပ်စက်ခဲ့တယ်ဆိုတဲ့သတင်းတွေအပါအဝင် LGBT ၊ အမျိုးသမီးတွေနဲ့သက်ဆိုင်တဲ့ သတင်းစုစုပေါင်း ၁၉ ပုဒ်ကို စုစည်းဖော်ပြအပ်ပါတယ်။
မူဆယ်ရှိ အနှိပ်ခန်းတခုမှာ တအာင်းအမျိုးသမီးတဦးက တရုတ်အမျိုးသားတဦးနဲ့ အတူမအိပ်ပေးလို့ဆိုပြီး မန်နေဂျာက (၃) ရက်ကြာ အခန်းပိတ်ပြီး ရိုက်နှက်နှိပ်စက်ခဲ့
Source – ရွှေဖီမြေ
စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဟိုနားရပ်ကွက် မြို့ရှောင်လမ်းရှိ 68 Spa အမည်ရှိ အနှိပ် ခန်းတခုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ရက် ည ၁၀ နာရီခွဲအချိန်ခန့် အလုပ်သမားဖြစ်တဲ့ တအာင်းလူမျိုး အမျိုးသမီးတဦးဟာ ဆိုင်လာတဲ့ တရုတ်လူမျိုးတဦးနဲ့ မအိပ်ပေးလို့ဆိုပြီး ဆိုင်မန်နေဂျာက အခန်းပိတ် ရိုက်နှက်ခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်ပွါးခဲ့ တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
အခန်းပိတ် ရိုက်နှက်နေတာကို ရဲတပ်ဖွဲ့က အရေးယူပေးခြင်းမရှိဘဲ မနေ့ ဇန်နဝါရီ ၁၉ ရက်နေ့မှသာ ပြည်သူ့စစ်တဦးရဲ့ အကူအညီနဲ့ အဲဒီအမျိုးသမီး ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အဲအမျိုးသမီးဟာ ဇန်နဝါရီ ၁၉ ရက် နေ့လည် ၁၁ နာရီမှာတော့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး သူနဲ့အတူ အဲအနှိပ်ခန်းက နေ ထပ်မံထွက်ပြေးလာတဲ့ အခြားအမျိုးသမီး ၂ ဦးတို့ကို အမည်မဖော်လိုတဲ့ သစ်သီးပွဲရုံသူဌေးက လမ်းစားရိတ် (၅) သိန်း နဲ့ လုပ်ကိုင်စားသောက်ရန် သိန်း (၅၀)၊ ပြည်သူ့စစ်အဖွဲ့တခုကလည်း သိန်း (၃၀) စုစုပေါင်း ကူညီထောက်ပံ့ငွေ (၁၀၃) သိန်းရရှိခဲ့တယ်လို့ ဆိုပေမယ့် အဓိက နှိပ်စက်ခဲ့တဲ့ အနှိပ်ခန်းနဲ့ ဆိုင်မန်နေဂျာကိုတော့ အရေးယူတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
အဆိုပါအမျိုးသမီး ဖမ်းဆီးနှိပ်စက်တဲ့ သတင်းတက်လာစဉ်က အနှိပ်ခန်း၊ ပြည့်တန်ဆာရုံ၊ KTV နဲ့ လောင်းကစားရုံတွေ ခေတ္တပိတ်ထားပေမယ့် လက်ရှိမှာတော့ အကုန် ပြန်ဖွင့်နေပြီဖြစ်ကြောင်း စုံစမ်းသိရပါတယ်။
ထိုင်းရောက် ရခိုင်ရွှေ့ပြောင်းလုပ်သားအမျိုးသမီးငယ်ကို သတ်သွားသူအား ဖမ်းဆီးမိ
Source – နိရဉ္စရာ
ထိုင်းနိုင်ငံမှာ ရခိုင်ရွှေ့ပြောင်းလုပ်သားအမျိုးသမီးငယ် မကျော့ကျော့ဝေ (၂၈)နှစ်ကို သတ်သွားတဲ့ အမျိုးသားအား ယနေ့ညမှာ ဖမ်းမိပြီလို့ သိရပါတယ်။
မကျော့ကျော့ဝေကို သတ်သွားတဲ့ မာန်အောင်မြို့နယ်၊ ပန်းခြံကျေးရွာဇာတိ ဦးကျော်မင်းနိုင်(၃၇)နှစ်ကို ဇန်နဝါရီလ ၂၂ ရက်၊ ည ၉ နာရီခွဲခန့်မှာ ထိုင်းနိုင်ငံ၊ ဟန်ယိုင်မြို့ရှိ ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တာဖြစ်ပါတယ်လို့ မကျော့ကျော့ဝေနာရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ ကိုစိုးမြင့်က ပြောပါတယ်။
“ကျနော်တို့ မနေ့က နေ့ခင်း ၂ နာရီလောက်ကနေ ပလိပ်တွေကို ဖမ်းခိုင်းတယ်၊ လိုကေးရှင်းချပေးပြီးဖမ်းခိုင်းတယ်၊ ဒါပေမဲ့ ပလိပ်က နောက်ကျတယ်၊ ၂ နာရီလောက်မှ ကျနော်တို့သွားတယ်၊ ဒါပေမဲ့ မမိလိုက်ဘူး၊ သူ နေရာရွှေ့သွားတယ်၊ အဲဒါကြောင့် ဒီအချိန်လောက်အထိကြာသွားတယ်ပေါ့နော်”လို့ ဆိုပါတယ်။
လူသတ်မှုကျူးလွန်တဲ့ ဦးကျော်မင်းနိုင်ဟာ ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ ထွက်ပြေးလုဆဲဆဲမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့တာဖြစ်ပါတယ်။ သူ့ကို ထိုင်းနိုင်ငံရှိ ရခိုင်လူမှုအဖွဲ့အစည်းအချို့နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ပူးပေါင်းကာ ဖမ်းဆီးနိုင်ခဲ့တာပါ။
မကျော့ကျော့ဝေကို ဦးကျော်မင်းနိုင်က ထိုင်းနိုင်ငံ၊ ဖလန်းဆောင်မြို့ရှိ ဆိုင်ကယ်မူလီ လုပ်ငန်းစက်ရုံတစ်ခုအနီး မြန်မာ အလုပ်သမားတွေနေထိုင်တဲ့တန်းလျားမှာ ဇန်နဝါရီ ၂၁ ရက်၊ နံနက် ၉ နာရီခန့်မှာ ဝက်အူလှည့်နဲ့ ထိုးသတ်သွားခဲ့တဲ့ အတွက် မကျော့ကျော့ဝေ ပွဲချင်းပြီး သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာ ပြစ်မှုကျူးလွန်သူ ဦးကျော်မင်းနိုင်ကို အပြစ်ပေးအရေးယူနိုင်ရေး ရဲတပ်ဖွဲ့က ဆက်လက်ဆောင်ရွက်လျက်ရှိ တယ်လို့ သိရပါတယ်။
KNU နယ်မြေထဲမှာ အသက် ၁၂ နှစ်အရွယ် သီလရှင်ကို အဓမ္မပြုကျင့်တဲ့ ဘုန်းကြီးကို အသေပစ်ခတ် ဖမ်းဆီး
Source – Burma Associated Press
ကရင်အမျိုးသားအစည်းအရုံး-KNU အုပ်ချုပ်မှုနယ်မြေ၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်ထဲက၊ လန်းဖား ကျေးရွာမှာ တကျောင်းထဲအတူနေတဲ့ အသက် ၁၂ နှစ်အရွယ် သီလရှင်ကို အဓမ္မပြုကျင့်တဲ့ ဘုန်းကြီးကို အသေပစ်ခတ်ဖမ်းဆီးခဲ့ရ တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
“ကျောင်းထိုင်မဟုတ်ဘူး။ ဘုန်းကြီးကျောင်းမှာနေနေတဲ့ ဘုန်းကြီးက အသက် ၄၀ လောက်ရှိပြီ။ သီလရှင်ကို အဓမ္မကျင့် တာ အကြိမ်ကြိမ်ပဲ။ သူခြိမ်းခြောက်ထားတော့ သီလရှင်က မပြောရဲဘူး။ အဲဒါ အခြားသီလရှင်ကြီးတွေက သတိထားမိပြီး သတိပေးလို့ ရွာကဝိုင်းဖမ်းခဲ့တာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ယခုဖြစ်စဉ်ဟာ အခုနှစ် ဇန်နဝါရီလ အစောပိုင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး အဓမ္မပြုကျင့်တဲ့ ဘုန်းကြီးကို လူဝတ်လဲကာ ပထမ အကြိမ် ဖမ်းချုပ်ထားစဉ်မှာပဲ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသေးတယ်။
ထွက်ပြေးလွတ်မြောက်နေရင်း ရက်သတ္တပတ် ၂ ပတ်အကြာမှာ ကျူးလွန်သူဟာ လန်ဖားကျေးရွာထဲက ဈေးဆိုင်တခုမှာ ဈေးလာဝယ်ရင်းက အသိပေးတိုင်ကြားခဲ့လို့ ဝိုင်းဝန်းဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ အဲဒီလိုဖမ်းဆီးချိန်မှာ ကျူးလွန်သူထံ မှာ ဓားလက်နက်ပါတဲ့အတွက် အသေပစ်ခတ်ဖမ်းဆီးခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကျူးလွန်သူဟာ ယခင်ကလည်း ယခုလိုမျိုး ကျူးလွန်တာတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေထံကနေ သိရပါတယ်။ ကျူးလွန်ခံရတဲ့ အသက် ၁၂ အရွယ် သီလရှင်ကိုတော့ သက်ဆိုင်ရာ လူကြီးတွေက ခေါ်ယူစောင့်ရှောက် ထားတယ်လို့ သိရပါတယ်။
မဲဆောက်မှာ LGBT တဦးသတ်ဖြတ်ခံရမှု တရားခံမမိသေး
Source – Delta News Agency
ကရင်ပြည်နယ် ၊မြဝတီမြို့ တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တောင်ရပ်ကွက်အတွင်း လူခြေပြတ်တဲ့ နေရာတခု မှာ မြန်မာနိုင်ငံသား တဦးရဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတခုကို မနေ့က မွန်းလွဲပိုင်းမှာ တွေ့ရှိခဲ့ရပါတယ်။
“ရဲကတော့ ဘာမှမထုတ်ပြန်သေးပါဘူး။ ကျွန်တော်တို့ သိထားတာကတော့ တရားခံက လေးဦးဖြစ်နိုင်ပါတယ်။ ကြိုတင် ကြံစည်ထားတဲ့ ပြစ်မှုပါပဲ။ ဧရာဝတီမဟာ စိတ်ရင်းကောင်းပြီး လူတွေကို ကူညီတတ်သူတယောက်ပါ။ တော်တော် စိတ်မကောင်းဖြစ်ရပါတယ် ” လို့ ဧရာဝတီမ နဲ့ရင်းနှီးသူ တဦးက DNA ကိုပြောပါတယ်။
သေဆုံးသူ အသက် ၃၂ နှစ်အရွယ် ကိုတင်ဇော်ထွေး ဟာ လိင်စိတ်ခံယူမှုကွဲပြားသူ LGBT တဦးဖြစ်သလို ဧရာဝတီမ လို့လည်း လူသိများပြီး အွန်လိုင်းကနေ အဝတ်အထည်တွေကို ရောင်းချနေသူ တဦးဖြစ်ပါတယ်။ ဧရာဝတီတိုင်း ၊ ငပုတောမြို့ ဇာတိဖြစ်လို့ သူ့ကို ဧရာဝတီမလို့ နာမည်ခေါ်ကြပြီး မဲဆောက်မြို့မှာ အဒေါ်ဖြစ်သူတွေနဲ့ အတူနေထိုင်သူတဦးပါ။ သူကိုယ်တိုင် အွန်လိုင်းမှာ တင်ထားတဲ့ ပို့စ်တခုအရ ကိုတင်ဇော်ထွေး(ခေါ်) ဧရာဝတီမဟာ ထိုင်းနိုင်ငံကို ပြောင်းရွှေ့အခြေချခဲ့တာ ၉ နှစ်ကျော်ပြီလို့ သိရပါတယ်။
ကနဦး တွေ့ရှိချက်တွေအရ အသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်မှာ သူ့ရဲ့လိင်စိတ်ကွဲပြားမှုအပေါ် အသုံးချပြီး လိင်ပိုင်းဆိုင်ရာ စော်ကားထားတဲ့ လက္ခဏာတွေနဲ့အတူ ဦးခေါင်းကွဲအက်ဒဏ်ရာကနေထွက်လာတဲ့ သွေးထွက်လွန်မှုကြောင့် သေဆုံးရတယ်လို့ အမှုကိစ္စကို လိုက်လံကူညီနေတဲ့ မြန်မာနိုင်ငံသား LGBT တဦးက ရှင်းပြပါတယ်။
“သူ့ကို ပြန်တွေ့တဲ့အချိန်မှာ မြင်ရတဲ့မြင်ကွင်းက အတော်ရင်နင့်စရာ ကောင်းတယ်။ လိင်စိတ်ခံယူမှု ကွဲပြားတာကို အသုံးချသွားတာ ” လို့ သူက ဆိုပါတယ်။ ကိုတင်ဇော်ထွေး(ခေါ်) ဧရာဝတီမဟာ ဇန်နဝါရီ ၁၉ ရက်နေ့ ညပိုင်းမှာ ပျောက်ဆုံးခဲ့တာ ဖြစ်ပြီး နောက်တနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ အခုလို ဒဏ်ရာတွေနဲ့အတူ ရုပ်အလောင်းကို ပြန်လည် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါအပြင် သူ့ဆီမှာပါသွားတဲ့ ရွှေ၊ ငွေ၊ ဖုန်း စတဲ့ ဘတ် ၁ သိန်းဝန်းကျင် တန်ဖိုးရှိ ပစ္စည်းတွေလည်း ပျောက်ဆုံးနေခဲ့တာပါ။ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တဲ့ နေရာဟာ လမ်းမတန်းနဲ့ အတန်ငယ်ဝေးကွာပြီး ညအချိန်ဆို လူခြေပြတ်လပ်တဲ့ နေရာဖြစ်သလို ဝါးရင်းတုတ်ရှိနိုင်စရာ အကြောင်းမရှိတဲ့ မြက်ရိုင်းတောနေရာမှာ သွေးစွန်းနေတဲ့ ဝါးရင်းတုတ်ကို တွေ့ရတာကြောင့် ဒါဟာ ကြိုတင်ကြံစည်ထားတာဖြစ်တယ်လို့ အမှုကိစ္စကို လိုက်လံကူညီနေတဲ့သူက မှတ်ချက်ပေးပါတယ်။
ကိုတင်ဇော်ထွေး(ခေါ်) ဧရာဝတီမ ဟာ ချိန်းဆိုထားသူနဲ့တွေ့ဆုံဖို့ အိမ်က ထွက်သွားခဲ့တာလို့ သူ့မိတ်ဆွေတွေက သိထားခဲ့ကြ ပြီး အဲဒီ တွေ့ဆုံဖို့ ချိန်းဆိုတယ်ဆိုတဲ့ နေရာနဲ့ သေဆုံးလျှက် ပြန်တွေ့ရတဲ့နေရာဟာ ကီလိုမီတာ အနည်းငယ်ကွာဝေးတယ်လို့ ဆိုပါတယ်။
လက်ရှိ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီအထိ တရားခံလို့ယူဆရသူတွေကို ဖမ်းဆီးရမိခြင်း မရှိသေးပေမယ့် သူ့နာရေး သတင်းကို အကြောင်းပြုပြီး လူမှုကွန်ရက်မှာ တရားခံဖမ်းမိပြီ ဆိုတဲ့သတင်းမှားတွေ ဖြန့်ဝေသူတွေလည်း ရှိနေပါတယ်။
မောင်တောမှာ အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ
Source – Development Media Group
ရခိုင်ပြည်၊ မောင်တောမြို့နယ်တောင်ပိုင်း အောင်သုခကျေးရွာမှာ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၇ ရက်၊ မွန်းလွဲ ၁ နာရီကျော်က ဒီကလေးငယ်မှာ နေအိမ်အတွင်း ကစားနေစဉ် အိမ်နီးနားချင်း အသက် ၅၀ အရွယ်၊ ဦးလှသန်းဆိုသူက အိမ်ပေါ်သို့ ခေါ်ကာ အဓမ္မမှုကျူးလွန်ခဲ့ကြောင်း ရွာသားတွေထံမှ သိရပါတယ်။
“ အမေဖြစ်သူက ထမင်းပြီးချိန် စိုက်ခင်းကို သွားတယ်။ သူ့အမေ မရှိတော့ အိမ်နီးချင်းဖြစ်တဲ့ ဦးလှတင်က အိမ်ကို ခေါ် သွားတယ်။ ကလေးကို ဘယ်သူမှ မရှိတဲ့အချိန် အိမ်ထဲကို ခေါ်ပြီး အဓမ္မမှု ကျူးလွန်ခဲ့တာ ”လို့ အောင်သုခကျေးရွာက အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဖြစ်စဉ် ဖြစ်ပြီးနောက် ကလေးငယ်ရဲ့မိခင်ဖြစ်သူက စိုက်ခင်းကနေ ပြန်လာစဉ် ကလေးငယ်ရဲ့အမူအရာနဲ့ အခြေအနေတွေ က မူမမှန်တဲ့အတွက် မေးမြန်းရာမှာ ကလေးငယ်က ထုတ်ပြောလာတာဖြစ်ပါတယ်။
လက်ရှိတွင် ဦးလှသန်းဆိုသူကို ဇန်နဝါရီ ၁၈ ရက်က အာရက္ခတပ်တော်ရဲ့ရဲတပ်ဖွဲ့ (DLEPS) အဖွဲ့က ဖမ်းဆီး စစ်ဆေး နေကြောင်း သိရပါတယ်။
ကျူးလွန်သူ ဦးလှသန်းတို့ မိသားစုမှာ ရသေ့တောင်မြို့နယ်၊ ရန်အောင်ပြင်ကျေးရွာကနေ ပြောင်းရွေ့လာပြီး စိုက်ပျိုးရေး လုပ်ကိုင်ကာ အခြေချနေထိုင်သူတွေဖြစ်သလို ကျူးလွန်ခံရသူ မိသားစုမှာလည်း ရသေ့တောင်မြို့နယ်၊ လုံးတင်ကျေးရွာမှ ပြောင်းရွှေ့လာသူတွေဖြစ်ပါတယ်။
လက်ရှိ အာရက္ခတပ်တော်က ရခိုင်ပြည်မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့ကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး၊ တရားစီရင် ရေးတွေကို လုပ်ဆောင်နေပါတယ်။
အောင်မြေသစ်ကိုယ်ပိုင်ကျောင်းထဲ အဓမ္မပြုကျင့်မှုဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးထား
Source – BBC
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့က အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းက အဆောင်နေ Grade 12 ကျောင်းသူတဦး အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်စဉ်က ပြစ်မူကျူးလွန်သူကို ဖမ်းဆီးထားပြီလို့ စစ်ကော်မရှင်က ဒီကနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြစ်မှုကျူးလွန်သူကိုဖမ်းဆီးထားမှုအပြင် အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းကိုလည်း ပုဂ္ဂလိကပညာရေးဥပဒေ၊ နည်းဥပဒေတွေနဲ့ အရေးယူမယ်လို့ ပြောပါတယ်။
စစ်ကော်မရှင် အပြောအရ နစ်နာသူကျောင်းသူကို ပြင်ပဖြေကနေ Grade 12 ဖြေဆိုနိုင်အောင် စီစဉ်ပေးထားတယ်လို့ဆိုပါ တယ်။
နစ်နာသူကျောင်းသူရဲ့ သူငယ်ချင်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းချက်အရ နစ်နာသူရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေ ထိခိုက်ခံစားနေရတဲ့ အခြေအနေကြောင့် လာမယ့်မတ်လမှာကျင်းပမယ့် Grade 12 စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ မသေချာဘူးလို့ ပြောပါတယ်။
လက်ရှိမှာ ပြစ်မှုကျူးလွန်သူကို တောင်ကြီးမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု)နဲ့ နစ်နာတဲ့သူဘက်က အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်မှာရှိတဲ့ အောင်မြေသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှာ အဆောင်နေပြီး ပညာသင်ကြား နေတဲ့ Grade-12 ကျောင်းသူတစ်ဦးကို ကျောင်းပိုင်ရှင်ရဲ့ သားဖြစ်သူ လူငယ်က အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။
ဖြစ်စဉ်အရ ဇန်နဝါရီ ၁၅ ရက် နေ့လယ်ပိုင်းမှာ နစ်နာသူ မိန်းကလေးဟာ နေမကောင်းတာကြောင့် စာသင်ခန်းကနေ အဆောင်မှာပြန်နားနေချိန်မှာပဲ ပြစ်မူကျူးလွန်သူ လူငယ်ရောက်လာပြီး အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
KBC ဆရာမ ၂ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ဟာ စစ်တပ်ရဲ့ခေတ်အဆက်ဆက် ပြည်သူအပေါ် ဥပဒေမဲ့ ကျူးလွန်မှုတွေရဲ့ သက်သေလို့ KHRWပြော
Source – People’s Spring
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ရဲ့ ကချင်စေတနာ့ဝန်ထမ်းဆရာမ ၂ဦး သတ်ဖြတ်ခံရတဲ့အမှု တရားမျှတမှု မရ သေးတာဟာ အာဏာသိမ်းစစ်တပ်ရဲ့ ခေတ်အဆက်ဆက် ပြည်သူတွေအပေါ် ဥပဒေမဲ့ သတ်ဖြတ်မှုကျူးလွန်တာတွေရဲ့ သက်သေဖြစ်တယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က ပြောပါတယ်။
၂၀၁၅ ဇန်နဝါရီ ၁၉ရက်က ရှမ်းမြောက် မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့နယ် ကောင်းခါးကျေးရွာမှာ KBC ဆရာမ ၂ဦး ဖြစ်တဲ့ ဆရာမ ခေါင်နန်စင်နဲ့ ဆရာမ မရန်လုရာတို့ဟာ ရက်စက်စွာ အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ဒီကနေ့မှာ (၁၁)နှစ်မြောက် နှစ်ပတ်လည် နေ့ဖြစ်ပါတယ်။
” ဒီဖြစ်စဉ်က သက်သေပြနေတာပါ၊ စစ်ကောင်စီတပ်ဟာ ခေတ်အဆက်ဆက်မှာ ပြည်သူတွေအပေါ်မှာ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေကို မူဝါဒသဖွယ် ကျူးလွန်ခဲ့တယ် ဆိုရမှာဖြစ်တယ်၊ အတိတ်က ကျူးလွန်မှုတွေကို တရားဥပဒေအတိုင်း အရေးမယူနိုင်ခဲ့တဲ့ အကျိုးဆက်ကို ဒီကနေ့ မြန်မာပြည်သူတစ်ရပ်လုံး ခံစားနေရတာ ဖြစ်ပါတယ်၊ ဒါကြောင့် မတရားမှုကျူးလွန်တဲ့ စစ်ကောင်စီတပ်နဲ့ အာဏာရှင်စနစ်ကို အရးယူနိုင်မှသာ ကျွန်တော်တို့အားလုံး လိုလားတဲ့ လုံခြုံမှုနဲ့ တရားမျှတမှုကို ရရှိမှာ ဖြစ်ပါတယ်” လို့ KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က ပြောပါတယ်။
အဲဒီတုန်းက စစ်တပ် စစ်ကြောင်း ကောင်းခါးကျေးရွာအနီး ရောက်ရှိစဉ် အမှုဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ ကျူးလွန်တဲ့ အထောက်အထားတွေ ရှိပေမယ့် ဒီကနေ့အထိ တရားမျှတမှု မရရှိသေးအခြေအနေမှာ ကချင်အသိုင်းအဝိုင်းက နှစ်ပတ် လည်နေ့လှုပ်ရှားမှုတွေလုပ်ဆောင်ခဲ့ပါတယ်။
အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်အား မုဒိမ်းကျင့်မှုနဲ့ ပရဟိတဥက္ကဋ္ဌကို ဖမ်းဆီး
Source – DVB
အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တယောက်အား အဓမ္မပြုကျင့်ခဲ့မှု သံသယနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဇမ္ဗူအေး ဗုဒ္ဓ သာသနာကုသိုလ်တော်ပြုပရဟိတအသင်း ဥက္ကဋ္ဌ စိုင်းမြအောင်ကို ရဲတွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။
ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်တော်ပြုပရဟိတအသင်း ဥက္ကဋ္ဌ စိုင်းမြအောင်မှာ အသင်းသူ အသက်မပြည့်သေးတဲ့ အမျိုး သမီးငယ်တစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး ရဲတွေက ဇန်နဝါရီ ၁၇ ရက်မှာ ဖမ်းဆီးပြီး စစ်ဆေးနေတာလို့ မြိုခံ တယောက်က ပြောပါတယ်။
“အသင်းဝင်ကလေးမလေးကို လှိုင်သာယာဘက်မှာ ပရဟိတကိစ္စ ကူညီစရာရှိတယ်လို့ လိမ်ခေါ်ပြီး သူ့အိမ်မှာ မုဒိမ်းကျင့် တာ ၃ ကြိမ်လောက်ရှိတယ်။ ပြန်ပြောရင် သတ်ပစ်မယ်လို့ခြိမ်းခြောက်တော့ ကလေးမလေးက မပြောရဲဘူး။ ဖြစ်စဉ်က ၁ ရက်နေ့ဖြစ်တာ၊ ၁၆ ရက်မှ ကလေးမက သူမိသားစုကို ပြန်ပြောမှ အမှုဖွင့်တာ။ ၁၇ ရက်နေ့က လာဖမ်းသွားတယ်။”
ရဲတွေက ဖမ်းဆီးစစ်ဆေးပြီးနောက် ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်တော်ပြုပရဟိတအသင်း ဥက္ကဋ္ဌ စိုင်းမြအောင်မှာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုတဲ့အပြင် CID က ရရှိထားတဲ့ ဆေးစာတွေမှာလည်း မှန်ကန်တာကြောင့် ပုဒ်မ ၃၇၆ အရ ဒဂုံမြို့သစ်ခရိုင်တရားရုံကို တရားစွဲဆိုတင်ပို့ခဲ့ကြောင်း တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
အဆိုပါ သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ဇမ္ဗူအေး ဗုဒ္ဓသာသနာကုသိုလ်တော်ပြုပရဟိတအသင်း ဥက္ကဋ္ဌ စိုင်းမြအောင်ကို ဒဂုံမြို့သစ်ခရိုင်တရားရုံးမှာ ဖေဖော်ဝါရီ ၄ ရက်နေ့ စတင်စစ်ဆေးမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မေကံကောင်း ကျန်းမာရေးကောင်းမွန်လာ
Source – အာရက္ခတိုင်းမ်စ်
ရက္ခိုင်ပြည်၊ သံတွဲခရိုင်၊ ငပလီမြို့၊ လင်းသာရပ်ကွက် ဗုံးကြဲမှုတွင်အသက်ရှင်ကျန်ခဲ့တဲ့ ကလေးငယ်ရဲ့ ကျန်းမာရေး အခြေအနေက တိုးတက်ကောင်းမွန်လာပြီ ဖြစ်တယ်လို့ ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့က ဆိုပါတယ်။
အဆိုပါ ကလေးငယ်ဟာ အသက် ၂ နှစ်နဲ့ ၆ လအရွယ်ရှိ မအေးသန္တာခိုင်ဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်၊ ည ၈ နာရီမှာ စစ်ကော်မရှင်က လေကြောင်းကနေ နှစ်ကြိမ်တိုင်တိုင် ပေါင် (၅၀၀) ဗုံး လေးလုံးကို ကြဲချခဲ့ပြီးနောက် ဗုံးကြဲခံရတဲ့ အဆောက်အဦကြားမှာ တဦးတည်း ၁၂ နာရီကြာအထိ အသက်ရှင်ခဲ့သူပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကံကောင်းတဲ့ ကလေးဖြစ်လို့ မေကံကောင်းလို့ အများက အသိမှတ်ပြု ခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်။
“တိုးတက်မှု ရှိပါတယ်။ လမ်းတော့ မလျှောက်နိုင်သေးပါ။ စိတ်ပိုင်းဆိုင်ရာ အခြေနေကတော့ လိုအပ်ချက်တွေ ရှိပါတယ်” လို့ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ကလေးငယ်ရဲ့ မိခင်ဖြစ်သူဟာ ဗုံးကြဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူကတော့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့တာကြောင့် လက်ရှိအချိန်မှာ ပရဟိတအဖွဲ့တွေ စုပေါင်းပြီး ပြည်တွင်းပြည်ပ အလှုရှင်များရဲ့ အကူညီများနဲ့ စောင့်ရှောက်ပေးနေတယ်လို့ ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့က ဆိုပါတယ်။
မသန်စွမ်းအမျိုးသမီးတဦးကို မုဒိမ်းကျင့်ခဲ့တဲ့ရာအိမ်မှူးဘက်က ကျူးလွန်ခံရသူမိသားစုကို အမှုပိတ်သိမ်း ပေးဖို့အတွက် ဖိအားပေးနေ
Source – HI – Honest Information
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ရာအိမ်မှူးတဦးက နေအိမ်မှာတဦးတည်းရှိနေတဲ့ မသန်စွမ်း အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျူးလွန်သူရဲ့ မိသားစုဘက်က ကျူးလွန်ခံရသူအမျိုးသမီးရဲ့ မိသားစုဝင်တွေကို အမှုပိတ်သိမ်းပေးဖို့ ဖိအား ပေးနေတယ်လို့ ဒီအမှုကို လိုက်ပါ ကူညီနေသူဆီက စုံစမ်းသိရှိရပါတယ်။
ကျူးလွန်ခံရသူ မသန်စွမ်းအမျိုးသမီးရဲ့ မိသားစုဘက်က အမှုပိတ်သိမ်းပေးရင် သိန်းရာဂဏန်း ငွေကြေး ပေးမယ်ဆိုပြီး ကျူးလွန်သူရာအိမ်မှုးရဲ့ မိသားစုဘက်က ညှိနှိုင်းသလို၊ ဖိအားပေးတာ၊ လိုက်ပါကူညီသူတွေရဲ့ နောက်ကိုလည်း ဆိုင်ကယ်တွေနဲ့ လိုက်လံ စောင့်ကြည့်တာတွေလုပ်တယ်လို့ သိရပါတယ်။
ဒီအမှုကို လိုက်ပါကူညီနေသူက “ကောင်မလေးအမေက ကြောက်လာပြီ၊ ကျေအေးပေးရမလားဆိုပြီး၊ ကျွန်မ ကတော့ ကျေအေးတာ၊ မကျေအေးတာထက် အမတို့နစ်နာမှုကို ကျေနပ်တယ်ဆို အမတို့သဘောလို့ ပြောလိုက် တယ်”လို့ HI – Honest Information ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ၊ ၂ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၉၈ ရပ်ကွက်မှာ စစ်မှုထမ်းကြေး ကောက်တဲ့ရာအိမ်မှုးက နေအိမ်မှာတဦးတည်းရှိနေတဲ့ ဉာဏ်ရည်မသန်စွမ်းသူ အမျိုးသမီးကို အိမ်သားတွေ မရှိခိုက် မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
ကျူးလွန်သူရာအိမ်မှူးက အသက်၄၀အရွယ်ရှိပြီး ဇနီးနဲ့ကလေးလည်းရှိပြီ၊ ကျူးလွန်ခံရတဲ့ အသက်၃၇နှစ် အရွယ် မသန်စွမ်းအမျိုးသမီးက ဉာဏ်ရည်မပြည့်မှီသလို လက်နဲ့ ခြေထောက်လည်း မသန်စွမ်းသူဖြစ်ပါတယ်။ ရာအိမ်မှူးဆီမှာ ဒီလိုကျူးလွန်ခံရမှုက တကြိမ်တည်းမဟုတ်ဘူးဆိုတာ စစ်ဆေးတွေ့ရှိထားတယ်လို့ ကူညီပေးနေ သူဆီက သိရပါတယ်။
“ကျွန်မတို့နယ်မြေစုံစမ်းတော့ ကျူးလွန်တာ အကြိမ်ပေါင်းများပြီ၊ လက်ပူးလက်ကြပ်မမိသေးတာပေါ့နော်၊ အခုလိုဆိုတော့ ဒီတခါမိသွားတာ” လို့ အဲဒီ ကူညီသူကပြောပါတယ်။
ဖြစ်ပွားခဲ့တဲ့ အဓမ္မပြုကျင့်မှုကို လူမှုကူညီရေးဦးစီးဌာန၊ ထွေအုပ်ရုံးတို့ကနေတဆင့် ရဲစခန်းကို အမှုဖွင့်တိုင်ကြား ခဲ့တဲ့ အတွက် ကျူးလွန်သူ ရာအိမ်မှုးကို ဇန်နဝါရီ ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် ဇန်နဝါရီ ၁၉ ရက်က ရုံးထုတ်စစ်ဆေးခဲ့ပြီး မုဒိမ်းမှု၊ ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် တရားစွဲဆိုထားပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၃၇၆ က မုဒိမ်းမှုကျူးလွန်သူကို ထောင်ဒဏ်နှစ် ၂၀ ဖြစ်စေ၊ ၁၀နှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ၊ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
လူမှုကွန်ရက် တွင်တွင်ကျယ်ကျယ်သုံးစွဲလာကြတဲ့ ဒီဘက်ခေတ်နောက်ပိုင်းမှာ မတရားမှုတွေကို ထုတ်ဖော် ပြောကြား သူတွေလည်း ပိုမိုများပြားလာတဲ့အတွက် အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ဖြစ်စဉ်တွေ လူသိပိုများပြားလာပြီး၊ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်က ဒဂုံဆိပ်ကမ်း မြို့နယ်မှာပဲ အသက်မပြည့် သေးတဲ့ အမျိုးသမီးငယ်တဦးကို ဇမ္ဗူအေး ဗုဒ္ဓသာသနာ ကုသိုလ်တော်ပြု ပရဟိတအသင်း ဥက္ကဌဆိုသူက အဓမ္မပြုကျင့်တာကြောင့် ဖမ်းဆီးစစ်ဆေးခံနေရပါတယ်။
စစ်တပ် တိုက်ခိုက်မှုကြောင့် တနှစ်အတွင်း ဆရာမနဲ့ ကျောင်းသူ ၄၇ ဦးအပါအဝင် ၁၁၂ ဦးသေဆုံး
Source – DVB
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တနှစ်တာအတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပညာရေးကဏ္ဍက ဆရာ၊ ဆရာမနဲ့ ကျောင်း သား ကျောင်းသူပေါင်း ၁၁၂ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်ပါတယ်။
ဒီထဲက ၉၆ ယောက်ကို AAPP က နာမည်နဲ့တကွ အတည်ပြုထားနိုင်ပြီး ၁၆ ယောက်ကိုတော့ အတည်ပြုဖို့ ကြိုးပမ်းနေ တယ်လို့ ဆိုပါတယ်။ အတည်ပြုထားနိုင်တဲ့ သေဆုံးသူ ၉၆ ယောက်ထဲမှာ အမျိုးသမီး ၄၇ ယောက် အမျိုးသား ၄၉ ယောက်ပါဝင်ပြီး အဲဒီသူတွေထဲမှာ ၁၈ နှစ်အောက် ၇၁ ယောက် ပါဝင်နေပါတယ်။
ပညာရေးကဏ္ဍက သေဆုံးသူတွေထဲမှာ အယောက် ၈၀ က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတာလို့ AAPP က ထုတ်ပြန်ပါတယ်။
ကလေးငယ်တဦးကို ဘောင်းဘီဆွဲချွတ်ပြပြီး ပြက်လုံးထုတ်ခဲ့တဲ့ ဇာတ်အဖွဲ့ကို လိင်ပိုင်းဆိုင်ရာ ထိပါးမှုကျူးလွန်ကြောင်း လူထုက ဝေဖန်
Source – HI – Honest Information
အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ရဲ့ လူရွှင်တော်တွေက အရွယ်မရောက်သေးတဲ့ကလေးတဦးကို ဇာတ်စင်ပေါ်မှာ အဝတ် အစားချွတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကိုင်တွယ်ပြက်လုံးထုတ်ကာ လူမှုကွန်ရက်မှာ တင်ခဲ့တဲ့လုပ်ရပ်ကို ပြည်သူ တွေက ဝေဖန်ခဲ့ကြပြီး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမယ်လို့ မနေ့က ထုတ်ပြန် လိုက်ပါတယ်။
ဇာတ်သဘင်အဖွဲ့ လူရွှင်တော်တွေက ပရိတ်သတ်ထဲက ကလေးငယ်တဦးကို ပွေ့ချီပြီး ကလေးရဲ့ ဘောင်းဘီကိုဆွဲချွတ်ခဲ့ သလို ခန္ဓာကိုယ်အစိတ်အပိုင်းကို ထိကိုင်ပွတ်သပ်ပြီး စင်ပေါ်မှာ ဟာသလုပ်ပြောဆိုတဲ့ ဗီဒီယိုတခု လူမှုကွန်ယက်မှာ ပျံ့နှံ့ လာပြီးနောက် ကြည့်ရှု့သူတွေက ဟာသအဖြစ်မရှုမြင်သင့်ဘဲ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခြင်း (sexual harassment) ဖြစ်တယ်လို့ ဝိုင်းဝန်းထောက်ပြခဲ့ပါတယ်။
လူအများရှေ့မှာ ကလေးငယ်တဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ပြုလုပ်တာကို ဟာသပြက်လုံးလို့ အမည်တပ် တာကို ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ကြည့်ရှု့သူတွေက သူတို့ရဲ့လူမှုကွန်ယက်မှာ အသီးသီးမှာ မျှဝေခဲ့ကြပါတယ်။
ကလေးငယ်တယောက်ရဲ့Private Part တွေကို ထိကိုင်ပွတ်သပ်ပြီး ဟာသလုပ်တာ၊ ရုပ်ရှင်တွေမှာ ထည့်သွင်းရိုက်ပြတာ ကို လူအများစုက သာမန်ရယ်စရာအဖြစ် ရှုမြင်နေကြပြီး၊ ဒါကလိင်ပိုင်း ဆိုင်ရာထိပါးမှုဖြစ်တယ်ဆိုတာ သတိချပ်သင့်တယ် လို့ သုဝဏ္ဏမြို့နယ်က ကလေးမိခင်တဦးက မှတ်ချက်ပြုတယ်။
သူက “ဟာသပြတ်လုံးဆိုရင် အောက်လုံးပါမှ ရယ်စရာ၊ အောက်လုံးမပါရင် မရီရဘူးလို့ သတ်မှတ်ကြတာကိုက တော်တော်ဆိုးနေတာ၊ အခုက ကလေးရဲ့ Privacy ကို ဟာသလုပ်တာကို အောက်ကနေ တဝါးဝါးနဲ့ ရယ်နေကြတာကိုက စိတ်တိုစရာပဲ”လို့ ပြောပါတယ်။
ဒီလုပ်ရပ်ဟာ ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာဖြစ်ပြီး၊ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေကို ဟာသအဖြစ် ပြုလုပ်တဲ့သူတွေကို ဖယ်ကျဉ်မှုနဲ့အတူ ဉပဒေအရအရေးယူမှုတွေ ထိထိရောက် ရောက် လုပ်ဆောင်ရမှာဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) က တာဝန်ရှိသူတဦးက မှတ်ချက်ပြုပါတယ်။
BWU ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) မဝေဝေလှိုင်က “အဓိက ကတော့ ကလေးငယ်လေးရဲ့ ခန္ဓာကိုယ် အစိတ် အပိုင်းတွေကို ဟာသလုပ်တဲ့အရာတွေက မလုပ်ရမယ့်အရာတွေဖြစ်တယ်၊ ဒါက ရယ်စရာဟာသ၊ လှောင်ပြောင်ရမယ့်၊ ရယ်မောပျော်ရွှင်ဖွယ်ရာ ကိစ္စမဟုတ်ဘူးပေါ့၊ ဒီလိုလုပ်ခြင်းက Child Abuse ဖြစ်တယ်”လို့ ပြောပါတယ်။
လူမှုကွန်ရက်မှာ ဇာတ်ပွဲ – Zet Pwel အမည်နဲ့ ဖွင့်လှစ်ထားတဲ့ ဖျော်ဖြေရေးစာမျက်နှာဟာ အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့ရဲ့ ဇာတ်ပွဲတခုမှာ ပျက်လုံးထုတ်ခဲ့တဲ့ အဲဒီဗီဒီယိုဖိုင်ကို တင်ခဲ့ပြီး၊ အခုလို ဝေဖန်မှုခံနေရတဲ့အပေါ် နောက်ဒီလိုတွေမဖြစ်စေ ရဖို့ အာမခံကြောင်း၊ မှားတာရှိရင် တောင်းပန်ကြောင်း၊ ပြင်ဆင်ခွင့်ပေးသင့်ကြောင်း မှတ်ချက်မှာ စာမျက်နှာနာမည်နဲ့ တောင်းပန်ထားတဲ့ စာတချို့ကိုလည်း တွေ့ရပါတယ်။
မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)က လူမှုကွန်ယက်မှာပျံ့နှံ့လာတဲ့ ဇာတ်သဘင်အဖွဲ့တဖွဲ့ရဲ့ နှစ်ပါးသွား အစီအစဉ် ဖျော်ဖြေနေတုန်း၊ ပရိတ်သတ်အတွင်းက ကလေးငယ်တဦးကို ဇာတ်စင်ပေါ် ခေါ်ယူပြီး ကလေးငယ် ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့ အမြင်မသင့်တော်တဲ့ မဖွယ်မရာပြုမှုတယ်ဆိုတဲ့ တိုင်ကြားစာတွေ လက်ခံရရှိတဲ့အတွက် ဒီကိစ္စရပ်ကို စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ ဒီနေ့ နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။
မဲပေးဖို့ ပြန်လာတဲ့ အမျိုးသမီးငယ်တစ်ဦး ရုတ်တရက်ပျောက်ဆုံး
Source – Delta News Agency
ရွေးကောက်ပွဲ ပထမပိုင်းမှာ မဲပေးနိုင်ဖို့အတွက် ရန်ကုန်ကနေ ဧရာဝတီတိုင်း၊ ကျုံပျော်ကို ပြန်လာတဲ့ နန့်ခိုင်ဇင်ဦး ဟာ ပြန်လာတဲ့နေ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က စပြီး ပျောက်ဆုံးသွားခဲ့တာ ဒီကနေ့အထိ အဆက်သွယ်မရရှိသေးဘူး လို့ မိသားစုဝင်တွေက ပြောပါတယ်။
“စပျောက်သွားတဲ့ နေ့ကတည်းက ပို့စ်တွေတင်ပြီးရှာနေတာပါ။ ခုထိအဆက်သွယ်မရသေးဘူး။ အလိမ်တွေလားတော့ မသိဘူး ရှမ်းပြည်က ဗိုလ်ကြီးဆိုပြီး ဖုန်းဆက်လာတာ ရှိပေမယ့်လည်း ဘာမှမထူးဘူး ” လို့ မိသားစုဝင် တဦးက ငိုရင်းနဲ့ ပြောပြပါတယ်။
သူက အသက် ၂၀ အရွယ် နန့်ခိုင်ဇင်ဦး ပျောက်ဆုံးသွားတာဟာ ရက်ပေါင်း ၂၀ ကျော်နေပြီဖြစ်ပြီးမဲ စာရင်းပါလို့ မဲပေးဖို့ ပြန်လာတာသာဖြစ်ပြီး အခုလို ရုတ်တရက် ပျောက်ဆုံးသွားခဲ့ရတာပါ။
ဧရာဝတီတိုင်းနဲ့ ပတ်သက်တဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာတော့ “ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ တောချောင်းကျေးရွာအုပ်စု၊ မရမ်းရိုးကျေးရွာတွင် နေထိုင်သော အမိဒေါ်ဖန်းလာ ၊အဖဦးစိန်မြင့်တို့၏ သမီးနန့်ခိုင်ဇင်ဦး သည် ၂၇.၁၂.၂၀၂၅ စနေနေ့တွင် ဆန္ဒမဲပြန်ထည့်ရန် ရန်ကုန်တိုင်းဒေသကြီး ၊တောင်ဒဂုံမှာပြန်လာနေစဉ် အိမ်သို့ပြန် မရောက်ရှိဘဲ လမ်းခုလတ်တွင် ပျောက်ဆုံးသွားပါသောကြောင့် မိဘနှစ်ပါးမှာ စိုးရိမ်နေ ကြပါသည်။အမိ ဒေါ်ဖန်းလာမှာ လည်း သမီးဇောကြောင့် ဝေဒနာခံစားရရင်း အိပ်ရာထဲ လှဲနေရပါသည်” ဆိုတဲ့ ပို့စ်ကို ဖြန့်ဝေထားတာ တွေ့ရပါတယ်။
မဲဆောက်မှာ ပစ်ခတ်ခံရတဲ့ထိုင်းရဲအတွက် မြန်မာအမျိုးသမီးတစ်ဦး သွေးလှူဒါန်း
Source – Myanmar Pressphoto Agency
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ 7-Eleven ဆိုင်အနီးမှာ မြန်မာနိုင်ငံသားတစ်ဦးရဲ့ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ထိုင်းရဲတပ်ကြပ်ကြီးအတွက် မြန်မာအမျိုးသမီးတစ်ဦးက ဆေးရုံသို့ ကိုယ်တိုင်သွားရောက်ကာ သွေးလှူဒါန်းပေးခဲ့တဲ့ ဖြစ်စဉ်က လူမှုကွန်ရက်မှာ လူအများရဲ့ချီးကျူးမှုကို ရရှိနေပါတယ်။
Alice Honey ဆိုတဲ့အမျိုးသမီးက မဲဆောက်ဆေးရုံသို့ သွားရောက်ကာ ပစ်ခတ်ခံရတဲ့ ရဲတပ်ကြပ်ကြီးအတွက် သွေးလှူဒါန်း မှု ပြုလုပ်စဉ် ရဲတပ်ကြပ်ကြီးရဲ့ဇနီးနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
၎င်းက ရဲတပ်ကြပ်ကြီးအတွက် သွေးလှူဒါန်းလိုကြောင်း ပြောကြားခဲ့ရာ ဇနီးဖြစ်သူက ဝမ်းသာအားရနဲ့ လက်ခံခဲ့ပြီး လိုအပ် တဲ့စာရွက်စာတမ်းတွေကို ကိုယ်တိုင်ဖြည့်စွက်ပေးခဲ့ကာ ဘေးနားရှိ ထိုင်းအသိမိတ်ဆွေတွေကိုလည်း မြန်မာမလေးက သွေးလာလှူပေးတယ်လို့ ဝမ်းသာပီတိဖြစ်စွာ ပြောပြခဲ့တယ်လို့ သိရပါတယ်။
သွေးလှူဒါန်းအပြီးမှာ ဒီမြန်မာအမျိုးသမီးက အခုလိုဖြစ်ပျက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ အလွန်စိတ်မ ကောင်း ဖြစ်ရသလို၊ တောင်းပန်ပါတယ်လို့ ပြောကြားခဲ့ရာ ရဲတပ်ကြပ်ကြီးရဲ့ ဇနီးက”ရပါတယ်၊ တောင်းပန်ဖို့ မလိုပါဘူး။ အခုလို လာရောက်ကူညီတာကိုပဲ အရမ်းဝမ်းသာပြီး ကျေးဇူးတင်ပါတယ်”လို့ ကြည်ဖြူစွာ ပြန်လည်ပြောပါတယ်။
လက်ရှိမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ရဲတပ်ကြပ်ကြီးမှာ အသက်ဘေးအန္တရာယ်မှ လွတ်မြောက်သွားပြီဖြစ်သော်လည်း လိုအပ်တဲ့ ခွဲစိတ်ကုသမှုတွေကို ဆက်လက်လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။
ကြာအင်းဆိပ်ကြီးတွင် ရာဘာခြစ်နေသူ ဒေသခံအမျိုးသမီးတစ်ဦးကို အနီးရှိစစ်ကော်မရှင်တပ်ရင်းမှ ပစ်ခတ်
Source – လွတ်လပ်သောမွန်သတင်းအေဂျင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရာဘာခြစ်နေသူ ဒေသခံအမျိုးသမီးတစ်ဦးကို အနီးရှိ စစ်ကော်မရှင် ခလရ-၂၈၄ တပ်ရင်းမှ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Phoenix – Special Warfare Force က ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ကြာအင်းဆိပ်ကြီး-ကြခတ်ချောင်းလမ်းဘေးရှိ ရာဘာခြံတွင် ဇန်နဝါရီလ ၂၀ ရက် ညနေ ၆ နာရီ ၄၂ မိနစ်တွင် ရာဘာခြစ် နေသူ (အသက် ၄၁ နှစ်) အရွယ်ရှိ အမျိုးသမီးကို ခြံနှင့်ကိုက် ၂၀၀ ကွာဝေးသည့် ခလရ–၂၈၄ တပ်ရင်းမှ ပစ်ခတ်မှု လုပ်ဆောင်ခဲ့ပြီး နေရာတွင်ပင်သေဆုံးခဲ့ရသည်ဟု ဆိုသည်။
Phoenix – Special Warfare Force မှ တာဝန်ရှိသူတစ်ဦးက“အရင်နေ့တွေမှာတော့ သူ့ယောကျာ်းပါလာတတ်ပါတယ်။ အဲဒီနေ့ကတော့ သူ့ယောကျာ်းက မင်္ဂလာဆောင်အိမ်သွားနေတော့ သူတစ်ယောက်တည်း ရာဘာခြစ်နေတာပါ။ အနီးအနားက ရာဘာခြစ်လုပ်သားတွေကတော့ ပုံမှန်ဆို ခလရ–၂၈၄ ကို ခွင့်တောင်းပြီး ခွင့်ပြုချက်ရမှ လုပ်ငန်းလုပ်ကြပါ တယ်။ ဒီဖြစ်ရပ်ကတော့ အကြောင်းမရှိဘဲ သိသိနဲ့ ပစ်ခတ်တာပါ” ဟု ပြောသည်။
ကျောက်ဖြူမှာ ဗုံးကြဲခံရတဲ့ စစ်ရှောင်စခန်းက ဒဏ်ရာပြင်းတဲ့ အသက် (၉၀)နှစ် အရွယ် သက်ကြီးအမျိုးသမီး သေဆုံး
Source – နိရဉ္စရာ
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာနားက စစ်ဘေးရှောင်စခန်းကို စစ်ကော်မရှင်လေတပ်က ညဉ့်အချိန် ဗုံးကြဲတဲ့အတွက် ဒဏ်ရာရသွားသူတွေထဲက ဒဏ်ရာပြင်းထန်တဲ့ အသက် (၉၀) အရွယ် အမျိုးသမီးကြီးမှာ သေဆုံးသွားပြီလို့ သိရပါတယ်။
သေဆုံးသွားတဲ့ သက်ကြီးပိုင်းအမျိုးသမီးဟာ ကျောက်ဖြူမြို့နယ်၊ ပျားတဲကျေးရွာက အသက် ၉ဝ ကျော်အရွယ် ဒေါ်အောင်မြတ်နု ဖြစ်ပါတယ်။
သူမဟာ သူမနေထိုင်ရာ စစ်ဘေးရှောင်စခန်းဗုံးကြဲခံရမှုအတွင်း ဒဏ်ရာပြင်းထန်စွာရရှိသွားတဲ့အတွက် ဆေးကုသမှု ခံယူနေစဉ် မနေ့က ဇန်နဝါရီလ ၁၈ ရက်၊ ည ၁၁ နာရီလောက်မှာ သေဆုံးသွားတာလို့ ကျောက်ဖြူမြို့နယ်က ဇင်ချောင်း လူငယ်ပရဟိတအသင်းဥက္ကဋ္ဌ ကိုနိုင်လင်းထွန်းက နိရဉ္စရာကို ပြောပါတယ်။
အဲဒီစခန်းတိုက်ခိုက်ခံခဲ့ရတဲ့ ဇန်နဝါရီလ ၁၇ ရက်၊ ညက အဲဒီစခန်းထဲက စစ်ဘေးရှောင်အမျိုးသမီးနှစ်ယောက်လည်း ပွဲချင်းပြီးသေဆုံးသွားခဲ့တဲ့အတွက် လက်ရှိမှာ သေဆုံးသူ စစ်ဘေးရှောင်အမျိုးသမီးသုံးယောက်အထိ ရှိသွားပြီဖြစ်ပါတယ်။
မင်္ဂလာဒုံမှာ ဖယ်ရီကားပေါ်မှ အမျိုးသမီးနှစ်ဦးပြုတ်ကျ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
Source – ယနေ့ခေတ်
ဇန်နဝါရီ ၂၀ ရက်၊ နံနက် ၆နာရီကျော်က မင်္ဂလာဒုံမြို့နယ် အမှတ်(၃) လမ်းမ၊ ပုလဲလမ်းဆုံမှတ်တိုင်အကျော် ဟန်းနီတူး အထည်းချုပ်စက်ရုံဖယ်ရီကား ဘီးပေါက်ကာ ကားပေါ်မှာ လိုက်ပါလာတဲ့ စက်ရုံဝန်ထမ်းအမျိုးသမီး နှစ်ဦးပြုတ်ကျကာ တစ်သေဆုံးခဲ့ပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
“အထည်ချုပ်စက်ရုံကားတွေက မောင်းတာကပြင်းတယ်။ ကားဘီးပေါက်တဲ့အချိန်မှာ ကားကလူးမှာပေါ့နော်။ တချို့ ကျတော့ ဖယ်ရီကားတွေရဲ့အနောက်မှာ ထိုင်စီးတာတို့ မက်တပ်ရပ်စီးတာ၊ တွယ်စီးတာတို့ရှိကြတယ်။ ဖြစ်တဲ့အချိန်မှာ အဲ့မိန်းကလေးက လန့်ပြီးခုန်ဆင်းတာ ခုန်ဆင်းတာ မတက်တော့ ဟန်ချက်ပျက်ပြီး ခေါင်းနဲ့ လမ်းနဲ့စောင့်တဲ့သဘောမှာ ရှိတာပေါ့။ တစ်ယောက်က ခေါင်းနောက်စေ့ဖူးယောင်တာရှိတယ်။ တစ်ယောက်ကတော့ ဆေးရုံသွားတဲ့လမ်းမှာပဲဆုံး တယ်။ အသက်ကတော့ ၂၅ ဝန်းကျင်လောက်ရှိမယ်။”လို့ နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ကားဘီးပေါက်မှုမှာ သေဆုံးသွားတဲ့အမျိုးသမီးရုပ်အလောင်းနဲ့ ဒဏ်ရာရရှိတဲ့ လူနာကို ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ မေဓါဝီ ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦးက လမ်းတွင်တွေ့သော ပိုက်ဆံအိတ်အား ရဲစခန်းသို့ အပ်နှံ
ပိုက်ဆံအိတ်အတွင်း အရေးကြီးစာရွက်စာတမ်းများနှင့် ဘတ် ၃၄,၀၀၀ ပါဝင်
ဇန်နဝါရီ ၂၄ ၊ Migrant Times ။
မြန်မာအမျိုးသမီးတစ်ဦးသည် လမ်းဆုံတစ်ခုတွင် ကျပျောက်နေသော ပိုက်ဆံအိတ်တစ်လုံးကို တွေ့ရှိခဲ့ပြီး ပိုင်ရှင်ကို ပြန်လည်ရှာဖွေပေးနိုင်ရန် ရဲစခန်းသို့ အပ်နှံခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
အဆိုပါ ပိုက်ဆံအိတ်အတွင်း၌ အရေးကြီးစာရွက်စာတမ်းများနှင့် ငွေသား ဘတ် ၃၄,၀၀၀ ပါဝင်ကြောင်းသိရသည်။
CCTV မှတ်တမ်းများအရ ချွန်ဘူရီခရိုင်၊ ဘန်းဘွန်မြို့နယ်၊ နောင်ချက် (Nong Chak) လမ်းဆုံတွင် ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသမီးတစ်ဦးသည် ဆိုင်ကယ်ကိုရပ်ကာ ပစ္စည်းတစ်ခုကို ကောက်ယူခဲ့ပြီး ပိုင်ရှင်အား ရှာဖွေပေးရန်အတွက် နောင်ချက်ရဲစခန်းသို့ မောင်းနှင်ခဲ့သည်။
နောင်ချက်ရဲစခန်းမှ ရဲအရာရှိက ပိုက်ဆံအိတ်ကို လက်ခံရရှိခဲ့ပြီး စာရွက်စာတမ်းများကို စစ်ဆေးကာ ပိုင်ရှင်ဖြစ်သူအား ဆက်သွယ်ခဲ့သည်။
စက်ရုံအလုပ်သမားဖြစ်သူ အသက် ၄၂ နှစ်အရွယ် မြန်မာနိုင်ငံသူ မနွဲ့သဲသဲ ကထိုင်းစကားပြန်မှတစ်ဆင့် ပြောပြရာတွင် အနီရောင်ကားပေါ်မှ ပစ္စည်းတစ်ခု ပြုတ်ကျသွားသည်ကို သူမ မြင်တွေ့ခဲ့ရကြောင်း၊ ကားသမားကို အော်ဟစ်အချက်ပြခဲ့ သော်လည်း မကြားခဲ့ကြောင်း၊ ထို့ကြောင့် ဆိုင်ကယ်ရပ်ကာ ထိုအိတ်ကို ကောက်ယူပြီး ရဲစခန်းသို့ သွားရောက်အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
ယမန်နေ့ ၊ ဇန်နဝါရီလ ၂၃ ရက်၊ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် နောင်ချက်ရဲစခန်း သို့ ရောက်ရှိလာပြီး ပစ္စည်းတွေ့ရှိသူ အပ်နှံထားသောအိတ်မှာ ၎င်း၏အိတ်ဖြစ်ကြောင်း လာရောက်အကြောင်းကြားခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့က ပစ္စည်းတွေ့ရှိသူနှင့် စကားပြန်တို့ကိုပါ ခေါ်ယူကာ နှစ်ဖက်စလုံးကို စခန်းတွင် တွေ့ဆုံစေခဲ့သည်။
အိတ်ပိုင်ရှင်က အိတ်ပျောက်ဆုံးနေသည်ကို သိရှိရသဖြင့် လမ်းဆုံအနီးတွင် ကျန်ခဲ့သည်ဟု တွေးကာ လမ်းဆုံသို့ အမြန်ပြန် လာခဲ့ပြီး ရဲတပ်ဖွဲ့ထံ အသေးစိတ် အချက်အလက်များ ပေးအပ်ကာ အလုပ်သို့ ခေတ္တပြန်သွားခဲ့ကြောင်း၊ ၎င်းနောက် ရဲတပ်ဖွဲ့ က သူမထံ ဖုန်းဆက်သွယ်လာခဲ့ပြီး စိတ်ကောင်းရှိသူတစ်ဦးက ပိုက်ဆံအိတ်ကို တွေ့ရှိထားကြောင်းနှင့် ပိုင်ရှင်ဟုတ်မဟုတ် လာရောက်စစ်ဆေးရန် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
အိတ်အတွင်း၌ မှတ်ပုံတင်၊ အရေးကြီးစာရွက်စာတမ်းများနှင့် ငွေသား ဘတ် ၃၄,၀၀၀ ပါဝင်ပြီး ရိုးသားစွာ ပြန်လည်အပ်နှံ ပေးခဲ့သော မြန်မာအလုပ်သမား မနွဲ့သဲသဲအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဂုဏ်ပြုဆုငွေအချို့ကိုလည်း ပေးအပ်ခဲ့ ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
ထီးလင်းနဲ့ ကောင်ဂျာရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ အမျိုးသမီး ၁၁ ဦးအပါအဝင် စစ်ရှောင် ၂၀ဦး သေဆုံး၊ ၂လသားအရွယ် ကလေးငယ်တွေအပါအဝင် ၁၂ ဦး ပြင်းထန်ဒဏ်ရာရ
Source – HI – Honest Information
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်းက စစ်ရှောင်ပြည်သူတွေရှိတဲ့ ထီးလင်းကျေးရွာနဲ့ ကောင်ဂျာ ကျေးရွာ (Kawng Ja) ကို ဇန်နဝါရီလ ၂၂ ရက်၊ ညနေ ၅ နာရီခွဲမှာ စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းဗုံး ၃လုံး ကြဲချခဲ့တာကြောင့် နာရေးအိမ်၊ စာသင်ကျောင်းနဲ့ စစ်ရှောင်နေရာတွေ ထိမှန်ခဲ့ပြီး နာရေးအတွက် ဝတ်ပြုဆုတောင်းနေတဲ့ အမျိုးသမီး ၁၁ ဦးအပါအဝင် စစ်ရှောင်ပြည်သူ စုစုပေါင်း ၂၀ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဂျက်ဖိုက်တာတွေနဲ့ ကြဲချခဲ့တဲ့ လေကြောင်းဗုံးဒဏ်ကြောင့် လမ်းတခုသာခြားတဲ့ ထီးလင်းကျေးရွာနဲ့၊ ကောင်ဂျာ ကျေးရွာက (၁၀ နှစ်အောက်မိန်းကလေးငယ် ၁ ဦးအပါအဝင်) အမျိုးသမီး ၁၁ ဦး၊ အမျိုးသား ၈ ဦးနဲ့ အမည်မသိသူ (ကျား၊ မ ခွဲခြားလို့ မရနိုင်တော့သူ) ၁ ဦး သေဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရသူ ၂၅ ဦးထဲမှာတော့ (၇ နှစ်အရွယ်နဲ့ ၂လသားအရွယ် မိန်းကလေးငယ် ၂ ဦး အပါအဝင်) အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၁၃ ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေ ထဲမှာ မသန်စွမ်းသူတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကို မြင်တွေ့ခဲ့တဲ့ စစ်ရှောင်အမျိုးသမီး ဒေါ်ဂျာက “ဂျက်ဖိုက်တာက တခါချရင် ၂လုံး၊ ၂လုံးချတယ်၊ ပထမ ၂လုံးချတဲ့ အချိန်မှာ သူတို့က အိမ်အပေါ်ထပ်မှာ ဆုတောင်းနေတာ၊ အောက်က လူတွေကို အရင်ထိသွားတော့ ပြေးဖို့လုပ်နေတဲ့အချိန် နောက် ၁လုံး ထပ်ကျတာ၊ အဲ့မှာလူတွေ အများကြီးသေသွားတယ်”လို့ HI – Honest Information ကို ပြောပါတယ်။
ဗုံးကြဲခံရပြီး နောက်ပိုင်းမြင်ကွင်းကို ဒေသခံပြည်သူတချို့ ဖုန်းနဲ့ ရိုက်တင်ထားတဲ့ ဗီဒီယိုဖိုင်တွေမှာ ပြည်သူတွေဟာ ဗုံးဒဏ် ကြောင့် ရုပ်ပျက်ဆင်းပျက်သေဆုံးနေတဲ့ပုံတွေကို မြင်တွေ့ရပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့ ၂လသားအရွယ်ကလေးငယ်တဦးရဲ့ မိဘ ၂ဦးလုံးဟာ ဗုံးဒဏ်ကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။
“ဗန်းမော်မြို့မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အကြောင်းမဲ့ဗုံးကြဲသွားခဲ့တာပါ၊ စစ်တပ်ဟာ ဗန်းမော်မြို့တဖက်ကမ်း စစ်ရှောင်တွေအများစုရှိတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်လာတာကြောင့် မကြာခဏ ရွှေ့ပြောင်းနေထိုင်ကြ ရတာဖြစ်ပါတယ်”လို့ ဒေသခံ ကချင်အမျိုးသားတဦးက ပြောပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က သတင်းမီဒီယာတွေမှာ စောင့်ကြည့်လေ့လာမှုအရ ၂၀၂၅ ဇန်နဝါရီ မှ ဒီဇင်ဘာ ၃၁ ရက်အထိ နိုင်ငံတဝှမ်း စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး ၆၂၁ ဦးသေဆုံးခဲ့ပြီး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၁၀၂ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။











