တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇူလိုင်လ ၂၀ ရက်ကနေ ၂၅ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်

အခုတပတ်တာအတွင်းဖြစ်ပျက်ခဲ့တဲ့သတင်းတွေအနက် HI အနေနဲ့ ဆွေးနွေစရာသတင်းတခုက “ကန်ကြီးထောင့်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးက ဉာဏ်ရည်ချို့တဲ့ ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိန်းပြုကျင့်ဆိုတဲ့ ဒီဗီဘီကသတင်းတပုဒ်ပါ။ တကယ်တော့ တည်ဆဲဥပဒေတွေအရဆိုလည်း မုဒိန်းဟာ အာမခံတောင်ပေးလို့မရတဲ့အမှုမျိုးဖြစ်ပါတယ်။ကန်ကြီးထောင့်ရဲတပ်ဖွဲ့ကတော့ အောက်ပါအတိုင်း အရေးယူဆုံးဖြတ်ခဲ့တာတွေ့ရပါတယ်။

 “မိသားစုနဲ့ ရပ်ရွာထဲက အသိသက်သေတွေစုပေါင်းပြီး ကန်ကြီးထောင့်မြို့နယ် ရဲခန်းကို တိုင်ကြားပေမဲ့ ရဲစခန်းတာဝန်ရှိသူတွေက အမျိုးသမီးငယ်ဟာ  ဉာဏ်ရည်ချို့တဲ့တာကြောင့်  တာဝန်ယူမှာမဟုတ်တဲ့အတွက် အမျိုးသမီးငယ်ကို ကိုယ်ဝန်ရှိ၊ မရှိ ၆ လ အထိ စောင့်ကြည့်ပြီး စောင့်ကြည့်မယ့်ကာလအတွင်း ၁ လကျပ် ၅ သောင်း ထောက်ပံ့ပေးပြီး ၆ လအတွင်း ကိုယ်ဝန်မရှိရင် ပုံမှန်အတိုင်း ပြန်လည်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်”ဆိုတဲ့ အချက်ဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးအခြေအနေကို ပြသနေတာဖြစ်သလို ရဲတပ်ဝန်တွေရဲ့ အရည်အချင်းကို ပြသလိုက်တဲ့သတင်းတခုဖြစ်နေပါတယ်။ တရားဥပဒေကို အသက်သွင်းစောင့်ရှောက်ရတဲ့ ရဲတပ်ဝင်တွေကိုယ်တိုင် အကျင့်ပျက်ခြစားရုံသာမက တရားမျှတမှုဖော်ဆောင်ဖို့ ပျက်ကွက်နေတာကြောင့် အနာဂါတ်မှာ  ကိုယ်တရားကိုယ်စီရင်တာမျိုးဖြစ်ရင် လူအဖွဲ့အစည်းအတွက် ကောင်းတဲ့အလားလာမဟုတ်ဘူးလို့ ဟိုင်က သုံးသပ်မိပါတယ်။

နောက်သတင်းတခုက ဒဂုံကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကျောင်းသူ မဝတ်ရည်အောင် အင်းစိန်ထောင်မှာကျဆုံးတဲ့သတင်းဟာ နိုင်ငံအနာဂါတ်လူငယ်တွေရဲ့အသက်တွေ ဘဝတွေဆုံးရှုံးနေရတာ စိတ်ထိခိုက်စရာကောင်းသလို စစ်ကောင်စီရဲ့ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုတွေ ထောင်တွင်းနိုင်ငံရေးအကျဥ်းသားတွေအခြေအနဟာ စိုးရိမ်စရာပိုကောင်းလာသလို မေးခွန်းထုတ်စရာဖြစ်လာပါတယ်။အခုတပတ်အတွင်းမှာ သက်ငယ်မုဒိန်းမှုသတင်းတွေအပါအဝင်သတင်းတွေကြားထဲ ကိုရီးနိုင်ငံသားတဦး အမျိုးသမီးတွေကို ခွင့်ပြုချက်မယူပဲ ဓါတ်ပုံတွေရိုက်ကူးပြီး အွန်လိုင်းပေါ်တင်တဲ့ ဟာလည်း ပဋိပက္ခသတင်းတွေ၊တိုက်ပွဲသတင်းကြားကပဲ လူအများစိတ်ဝင်စားတဲ့ သတင်းတခုဖြစ်ခဲ့တာတွေ့ရပါတယ်။

ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကျောင်းသူ အင်းစိန်ထောင်မှာကျဆုံး

အင်းစိန်ထောင်မှာ အကျဉ်းကျခံနေတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်  နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် ဒီနေ့  (ဇူလိုင်လ ၂၀ ) မနက်ပိုင်း   မှာ ဆုံးပါးသွားတယ်လို  မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ပါတယ်။

“ငယ်ရွယ်တဲ့ဘဝတွေနဲ့ အာဏာရူးကိုမောင်းထုတ်ပြီး ကျဆုံးသွားတာ”လို့ နိုင်ငံရေးလှုပ်ရှားသူတစ်ဦးကမှတ်ချက်ပြုပါတယ်။

ဆုံးပါးချိန်မှာ အသက် ၂၅ နှစ်အရွယ်သာရှိသေးတဲ့မဝတ်ရည်အောင်ဟာ စစ်ကြောရေးက နှိပ်စက်ညှင်းပန်းမှုဒဏ် ၊ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမွန်မွန်မရတာတွေကြောင့် ဆုံးပါးတာလို ကနဦးသိရပါတယ်။

စစ်ကြောရေးမှာနှိပ်စက်ခံရတဲ့ဒဏ်ရာတွေကြောင့် ဦးနှောက်အကျိတ်တည်တာ ၊  တက်တာ ၊ သတိလစ်တာ စတဲ့ ဝေဒနာတွေ ခံစားခဲ့ရတယ်လိုသိရပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဖြစ်တဲ့  သတ္တဗေဒ-ဒုတိယနှစ်ကျောင်းသူ မဝတ်ရည်အောင်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်မှာ အခြားကျောင်းသားငါးဦးနဲ့အတူ ကျောက်တံတားမြိုနယ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကိုခံ ခဲ့ရတာပါ။ဖမ်းဆီးခံရပြီး နိုင်ငံဆူပူအောင်လှုဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ ထောင် ၃ နှစ်ချပါတယ်။ အဲဒီနောက်၂၀၂၃ခုနှစ် ၊ ဇွန်လ၂၇ရက်မှာ အကြမ်းဖက်ပုဒ်မ ပုဒ်မ၅၂ (က) ဖြင့် ထောင်ဒဏ် ၄ နှစ်ထပ်ချတာကြောင့် မဝတ်ရည်အောင်ဟာ စုစုပေါင်းထောင်ဒဏ် ၇ နှစ်ကျခံခဲ့ရတာပါ။

Source – People’s Spring

ကန်ကြီးထောင့်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်က ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မကျင့်

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းတစ်ရာကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာက အသက် ၁၅ နှစ် အရွယ် မိန်းကလေးငယ်တယောက်ကို ပြည်သူ့စစ်တပ်ဖွဲ့ ရွာသစ်ကျေးရွာက ဟိန်းမင်းသူ(ခ)ကုလားလေးဆိုသူက ကျေးရွာ ဘုန်းတော်ကြီးကျောင်းရဲ့ဘေး၊ စာသင်ကျောင်းအိမ်သာထဲကိုခေါ်ပြီး အဓမ္မပြုကျင့်ခဲ့တာာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲပတ်သက်ပြီး အရပ်ကတိုင်ကြပေမဲ့ စစ်ကောင်စီရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူတာ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

မိသားစုနဲ့ ရပ်ရွာထဲက အသိသက်သေတွေစုပေါင်းပြီး ကန်ကြီးထောင့်မြို့နယ် ရဲခန်းကို တိုင်ကြားပေမဲ့ ရဲစခန်းတာဝန်ရှိသူတွေက အမျိုးသမီးငယ်ဟာ  ဉာဏ်ရည်ချို့တဲ့တာကြောင့် ဟိန်းမင်းသူက တာဝန်ယူမှာမဟုတ်တဲ့အတွက် အမျိုးသမီးငယ်ကို ကိုယ်ဝန်ရှိ၊ မရှိ ၆ လ အထိ စောင့်ကြည့်ပြီး စောင့်ကြည့်မယ့်ကာလအတွင်း ၁ လကျပ် ၅ သောင်း ထောက်ပံ့ပေးပြီး ၆ လအတွင်း ကိုယ်ဝန်မရှိရင် ပုံမှန်အတိုင်း ပြန်လည်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ထောက်ပံ့ငွေကို ဟိန်းမင်းသူတို့ဘက်ကပေးရမှာဖြစ်ပြီး ရွာအုပ်ချုပ်ရေးမှူးက ဒါနဲ့ပတ်သက်ပြီး စီစဉ်ပေးရမယ်လို့ သိရပါတယ်။အဓမ္မပြုကျင့်တယ်ဆိုတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဟိန်းမင်းသူဟာ တခြားအမျိုးသမီး တချို့ကိုလည်း အခုလိုကျူးလွန်ခဲ့ဖူးပြီး ကျေးရွာအုပ်ချုပ်ရေးမှူး နဲ့ အဆင်ပြေသူဖြစ်တယ်လို့ ဆိုပါတယ်။

Source – DVB

TikTok ပေါ်တွင် စစ်ကောင်စီကို ဝေဖန်သည့် အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ

TikTok ပေါ်မှာ စစ်ကောင်စီကို ဝေဖန်ရေးသားတာကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်က အမျိုးသမီးတယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်က ဇူလိုင် ၁၈ ရက် မွန်းလွဲ ၃ နာရီကျော်က ‘yaminLove’ Tiktok အကောင့် ပိုင်ရှင်ဖြစ်တဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်က ယမင်း (ခ) လင်းလင်းကို ဖမ်းဆီးခဲ့ပြီး ဇူလိုင် ၂၀ ရက်မှာ ပုဒ်မ ၂ ခုထက်မနည်းတပ်ကာ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။

အဖမ်းခံရတဲ့ အမျိုးသမီးကို ရဲတပ်ဖွဲ့က ၅၀၅(က) နဲ့ ၅၀(ည) စတဲ့ ပုဒ်မ ၄ ခုထက်မနည်းနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ ရဲတွေက ယမင်း (ခ) လင်းလင်းရဲ့ မိသားစုဝင်တချို့ကိုပါ စစ်ဆေးထားပြီး ဖုန်းကို သိမ်းယူထားကာ သူနဲ့ပတ်သက်သူတွေကိုပါ စုံစမ်းထောက်လှမ်းရှာဖွေနေတယ်လို့ သိရပါတယ်။

Source – DVB

မင်းလှတွင် စစ်ကောင်စီတပ်ဖွဲ့ က အမျိုးသမီး ၃ ဦးအပါ ဒေသခံ ၉ ဦး ထက်မနည်းကို ဖမ်းဆီးထား

ပဲခူးတိုင်း၊မင်းလှမြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတဲ့အပြင် အမျိုးသမီးသုံးဦးအပါအဝင် ဒေသခံကိုးဦးကိုဖမ်းဆီးထားတယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ဇူလိုင်က ၁၁ ရက်နေ့က မင်းလှမြို့နယ်၊စစ်တောင်ကွေ့အုပ်စု၊ညောင်ပင်သာရွာထဲ ဝင်ရောက်ခဲ့ပြီးနောက် ပြည်သူတွေကိုစာသင်ကျောင်းမှာစုဝေးဝေပြီး နေအိမ်တွေမှာရှိတဲ့ တန်ဖိုးရှိပစ္စည်းတွေကိုယူဆောင်ကာ နေအိမ်တစ်လုံးကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲ့ဒီနောက် ဒေသခံ ခုနစ်ဦး ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ သုံး ဦး သာ ပြန်လည် လွတ်မြောက် လာပြီး ကျန် လေး ဦး မှာ ဇူလိုင်လ ၂၁ ရက်နေ့ အထိ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

ဒါ့အပြင် ဇူလိုင်၁၂ရက် နေ့လယ်ပိုင်းကလည်း မင်းလှမြို့နယ်၊ ခွက်မအုပ်စု၊ ငလှစမ်းက စစ်ရှောင်များထဲမှ နေအိမ်ကို ပြန်ပြီး ပစ္စည်းတွေသယ်တဲ့ အမျိုးသားနှစ်ဦးကိုဖမ်းဆီးခဲ့ပြီး ပြန်လည်လွတ်မြောက်ခြင်းမရှိသေးဘူးလို့ မင်းလှမြို့နယ် ပကဖ တာဝန်ရှိသူကပြောပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ကလည်း မင်းလှမြို့ ပေါ် မှာ စစ်ရှောင်နေတဲ့ ၊ စမ်းဘုတ်ရွာဒေသခံ မအိန္ဒြေသူနှင့် အဒေါ်ဖြစ်သူ ဒေါ်ပိန်သေးတို့ နှစ်ဦးဟာမင်းလှလဝကရုံးမှာ မှတ်ပုံတင်လုပ်ပြီး ရုံးမှအထွက် စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့ပြီးနောက် မအိန္ဒြေသူကိုခေါ်ကာ အမေဖြစ်သူ မထွေးအား လက်ပံတန်းမြို့ပေါ်ရှိ နေအိမ် တခုမှာဝင်ရောက်ဖမ်းဆီးခဲ့ပါသေးတယ်။

Source – Mizzima

ငဖဲတွင် စစ်တပ်က ဗုံးကြဲသဖြင့် အဘွားအို ၁ ဦးသေဆုံး

မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဇူလိုင် ၁၈ ရက်နေ့က  ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သက်ကြီးရွယ်အို အမျိုးသမီး ၁ ယောက် သေဆုံးကာအမျိုးသမီးငယ် ၁ ယောက် ဒဏ်ရာရပြီး လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-အရှို (CDF Asho) ဆီကနေ သိရပါတယ်။

ဗုံးထိမှန်မှုကြောင့် အသက် ၈၈ နှစ်အရွယ် သက်ကြီးရွယ်အို အမျိုးသမီး ၁ ယောက် နေရာမှာတင် သေဆုံးခဲ့ပြီး မိသားစုဝင်ဖြစ်တဲ့ အသက် ၂၀ လောက်အရွယ် အမျိုးသမီးကတော့ အရမ်းကြီးမစိုးရိမ်ရတဲ့ဒဏ်ရာရခဲ့လို့ ဆေးကုသပေးနေရတယ်လို့ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူရဲ့ နေအိမ်ကတော့ လုံးဝပျက်စီးသွားပြီး အနီးဝန်းကျင်က လူနေအိမ်တချို့လည်း ဗုံးစထိမှန်ပျက်စီးခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

Source – DVB

သားဆက်ခြားဆေးတွေ ပြတ်လပ်လို့ စစ်ရှောင်အမျိုးသမီး ၁၀၀၀ကျော်ရဲ့ ကျန်းမာရေး စိုးရိမ်

တနင်္သာရီတိုင်း လောင်းလုံမြို့နယ်မှာ သားဆက်ခြားဆေးတွေ၊အကာအကွယ်တွေ ပြတ်လပ်နေလို့ စစ်ရှောင်အမျိုးသမီး ၁၀၀၀ကျော်ရဲ့ ကျန်းမာရေးပြဿနာက စိုးရိမ်စရာဖြစ်နေတယ်လို့ ကျန်းမာရေး ဆရာမ ဒေါ်နန်းသက်မာက ပြောပါတယ်။

အိမ်ထောင်ရှင်အမျိုးသမီးတွေ သားဆက်ခြားဆေး၊ သားဆက်ခြားပစ္စည်း မသုံးဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံတာရဲ့အဓိကအန္တရာယ် ဖြစ်တဲ့ မလိုလားအပ်ဘဲ ကိုယ်ဝန်ရတာနဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေလည်းရရှိနိုင်တာကြောင့်ဖြစ်ပါတယ်။

အိမ်ထောင်ရှင်အမျိုးသမီးတချို့ ရုတ်တရက် ကိုယ်ဝန်ရတာဟ, စိတ်ပိုင်းဆိုင်ရာ ကြီးမားတဲ့ဖိစီးမှု၊ စိုးရိမ်သောကတွေဖြစ်စေ နိုင်သလို မိသားစုပေါ်မှာလည်း ကြီးမားတဲ့ဝန်ထုတ်ဝန်ပိုးဖြစ်စေနိုင်တယ်လို့  ဆိုပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့မတ်လမှ စတင်ပြီး ထားဝယ်ဒေသကို ဆေးဝါးသယ်ဆောင်ခွင့် ကန့်သတ်လိုက်တာကြောင့် ဈေးနှုန်းမြင့် တက်သွားသလို တချို့နေရာတွေမှာ ဆေးဝါးပြတ်လပ်သွားတာဖြစ်ပါတယ်။

ဒါ့အပြင် ယခင်က ကျပ် ၃,၀၀၀ ဝန်းကျင်သာရှိတဲ့သောက်ဆေး တစ်ကဒ်မှာ ယခုအခါ ၆,၀၀၀ ကျပ်အထိ ဈေးတက်ခဲ့ပြီး၊ သုံးလခံထိုးဆေးတစ်လုံးမှာလည်း ကျပ် ၃၀၀၀ မှ ၆,၀၀၀ ကျပ်အထိ နှစ်ဆမြင့်တက်ခဲ့တာဖြစ်ပါတယ်။

Source – HI

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ ခံခဲ့ရတဲ့ မိန်းကလေးရဲ့အမှုကို ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေပေါင်းပြီး အဓမ္မပြုကျင့်သူဆီက လာဘ်ငွေယူ အမှုခေါင်းစဉ်ပြောင်းကာ တရားခံကို ထောင် ၂ လသာ ချမှတ်ဖို့ လုပ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ အိမ်မဲမြို့နယ် လူကောင်းကျွန်းနယ်မြေ ရဲစခန်းက မုဒိမ်းမှုကျူးလွန်တဲ့ တရားခံဆီက ငွေကြေးကျပ် သိန်းဆယ်ချီယူပြီး ဥပဒေအရာရှိတွေနဲ့ပေါင်း လာဘ်စားကာ ဥပဒေပုဒ်မတွေကို မုဒိမ်းမှုအစား မူးယစ်ရမ်းကားမှုလို့ ပြောင်းခဲ့ကြလို့ ဇူလိုင် ၃ ရက်မှာ တရားခံကို ထောင် ၂ လပဲ ကျခံစေခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် စစ်ကောင်စီခန့် ခြောက်အိမ်တန်းကျေးရွာအုပ်ချုပ်ရေမှူး က နစ်နာသူ မိန်းကလေးရဲ့ မိသားစုဆီကနေ အမှုဖွင့်ပါက ၂ သိန်းပေးရမယ်လို့ ဆိုပြီး တောင်းယူခဲ့လို့  နစ်နာတဲ့ မိန်းကလေးမိသားစုတွေဘက်က ငွေကျပ် ၁၅၀,၀၀၀ ချေးငှားပြီး ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာတဲ့ မိသားစုက စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို ဇူလိုင် ၇ ရက်က ဖြစ်စဉ်အသေးစိတ်ရေးသား လိပ်မူတိုင်ကြားခဲ့ပေမဲ့ ဇူလိုင် ၂၂ ရက်အထိ အကြောင်းကြား ခေါ်ယူစစ်ဆေးပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။

Source – DVB

ကိုရီးယားမှ မြန်မာအမျိုးသမီးလုပ်သား ခေါ်ယူမှုနည်းသဖြင့် သင်တန်းတက်သူဦးရေ ကျဆင်း

တောင်ကိုရီးယားနိုင်ငံက မြန်မာအမျိုးသမီးလုပ်သား ခေါ်တာ နည်းတဲ့အတွက် သင်တန်းတက်ရောက်တဲ့ အမျိုးသမီးဦးရေလည်း ကျဆင်းသွားတယ်လို့ ကိုရီးယားဘာသာ သင်တန်းကျောင်းတချို့ဆီက သိရပါတယ်။

ပြီးခဲ့တဲ့လက ပြုလုပ်တဲ့ ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS-Topik) မှာ ဝန်ဆောင်မှုလုပ်ငန်းအတွက် အမျိုးသမီးတွေကို ပထမဆုံး ဝင်ရောက်ဖြေဆိုခွင့်ပေးကာ အဲဒီနိုင်ငံကို သွားလုပ်ခွင့်ပေးခဲ့တာကြောင့် သင်တန်းတက်ရောက်တဲ့ အမျိုးသမီး အများအပြားရှိပေမဲ့ အခုချိန်မှာ စိတ်ဝင်စားမှု ပြန်နည်းသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က EPS-Topik စာမေးပွဲကို အမျိုးသမီးဦးရေ သောင်းနဲ့ချီ ဝင်ရောက်ဖြေဆိုခဲ့ပြီး အယောက် ၃,၀၀၀ စာမေးပွဲအောင်မြင်ခဲ့ပေမဲ့ အလုပ်ခေါ်စာလက်ခံတဲ့ ၆ လကျော်အထိ ၂ ယောက်လောက်ပဲ အလုပ်ရသေးတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Source – DVB

ဥသျှစ်ပင်မြို့တွင် သမီးဖြစ်သူအား အဓမ္မပြုကျင့်မှုသံသယဖြင့် ဖခင်ကို ဖမ်းဆီး

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်မှာ အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူအား မုဒိမ်းကျင့်မှု သံသယနဲ့ ဖခင်ကို ရဲတွေက ဖမ်းဆီးပြီး ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၄ ရက်က ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်မှာ နေထိုင်တဲ့ ဦးမောင်ဦးက  အသက် ၁၅ နှစ်အရွယ် သမီးအငယ်ကို မုဒိမ်းကျင့်တယ်ဆိုပြီး သမီးအကြီးဖြစ်သူက နယ်မြေရဲစခန်းကို တိုင်ကြားခဲ့တာလို့ ဖြစ်စဥ်ကိုသိသူတယောက်က ပြောပါတယ်။

အခင်းဖြစ်တဲ့နေ့က ဦးမောင်ဝင်းဟာ အရက်သေစာ သောက်စားပြီး သမီးအငယ်ဖြစ်သူအား မုဒိမ်းကျင့်တာကို သမီးအကြီးက မြင်တွေ့ပြီး ရပ်ကွက်ကို အကူအညီတောင်းကာ နယ်မြေရဲစခန်းမှာ အမှုဖွင့်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

လတ်တလောမှာ ဥသျှစ်ပင်နယ်မြေရဲစခန်းက ဦးမောင်ဝင်းကို ပုဒ်မ ၃၇၆ နဲ့ ပြည်ခရိုင်တရားရုံးမှာ တရားစွဲဆိုနိုင်အောင် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

Source – DVB

အမျိုးသမီးများကို ခွင့်ပြုချက်မဲ့ရုပ်သံရိုက်ပြီး အွန်လိုင်းတင်သည့်ကိုရီးယားအမျိုးသား ထွက်ပြေးတိမ်း ရှောင်သွား

ရန်ကုန်မြို့ရှိလူစည်ကားရာနေရာတွေမှာ စပိုင်ကင်မရာ (သို့မဟုတ်)ဖုန်းကင်မရာနဲ့ မြန်မာ အမျိုးသမီးတွေကို ခွင့်ပြုချက်မဲ့ရုပ်သံရိုက်ကူးကာ ညစ်ညမ်းစကားလုံးတွေအသုံးပြုပြီး Youtube မှာ ထုတ်လွှင့်ခဲ့တဲ့တောင်ကိုရီးယားအမျိုးသားတစ်ဦး မြန်မာနိုင်ငံမှထွက်ပြေးတိမ်းရှောင်သွားတယ်လို့  STOP Sexual ABUSE to the Children အဖွဲ့ထံမှသိရပါတယ်။

မြန်မာနိုင်ငံကိုအလည်အပတ်ဗီဇာနဲ့လာရောက်လည်ပတ်နေတဲ့ ဂင်ဂျုံးဂူ(ခ)Tony ဆိုသူ တောင် ကိုရီးယားအမျိုးသားဟာ မြန်မာအမျိုးသမီးတွေကို ဓာတ်ပုံရိုက်ကူးပေးမယ်လိုဆိုကာ ဓာတ်ပုံပို့ပေးဖို့ အတွက် viber နံပါတ်တွေတောင်းခံခဲ့ပါတယ်။

ဂင်ဂျုံးဂူ(ခ)Tony ဟာ သူရိုက်ကူးထားတာတွေကို Youtube မှထုတ်လွှင့်စဉ် အမျိုးသမီးများကို လက်ထပ်ချင်လို၍သော်လည်ကောင်း၊ အတူနေလို၍သော်လည်းကောင်း အလိုရှိပါက ငွေကြေးမည်မျှဟု ဆိုကာ ကိုရီးယားဘာသာစကားနဲ့ပြောဆိုခဲ့တာဖြစ်ပါတယ်။

အဆိုပါအမျိုးသားဟာ ကိုရီးယားစကားပြောဆိုတတ်သူမိန်းကလေးတွေကို အလုပ်ရှာပေးမယ်လို့ဆိုကာ ဖြားယောင်းပြီး ဟိုတယ်တွေမှာချိန်းဆိုတာ၊ ကိုရီးယားလူမျိုးတွေနဲ့လက်ထပ်ဖို့ ဖြားယောင်းမြှူ ဆွယ်တာတွေပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီအမျိုးသားနဲ့တွေ့ဆုံခဲ့ဖူးသော၊ ရုပ်သံထုတ်လွှင့်မှုတွေထဲမှာပါဝင်ခဲ့တဲ့ အမျိုးသမီးတွေအနေနဲ့ တရားဥပဒေအရအရေးယူနိုင်ရန် လာရောက်သတင်းပေးပို့နိုင်ပြီး၊ အမျိုးသမီးတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင် ရာ လုံခြုံရေးအချက်လက်တွေကို ထိန်းသိမ်းပေးမယ်လို့  STOP Sexual ABUSE to the Children က ထုတ်ပြန်ထားပါတယ်။ရုပ်သံရိုက်ကူးမှုကြောင့် နစ်နာသူအမျိုးသမီးအချို့က ကိုရီးယားသံရုံးသို့ စာပို့တိုင်ကြားမှုတွေရှိခဲ့ပါတယ်။

Source – Mizzima

Author: