ကေခိုင်
“အမျိုးသမီးတယောက်အနေနဲ့ဆို ဒါကခက်ခဲကြမ်းတမ်းတယ်၊ တောထဲတောင်ထဲနေရတာ သဘာဝအရပြောရမယ်ဆို မိုးတွင်းဆိုလည်း ဆင်တွေမှာပါလာတဲ့ ကပ်နေတဲ့ ခြင်တွေဖြုတ်တွေရှိတယ်၊ ဆင်နားကပ်ဖို့ ဒါတွေအကိုက်ခံနိုင်မှ”လို့ရယ်ရင်းပြောသူ ကအသက် ၂၅နှစ်အရွယ် မသဒ္ဒါရှင်းသန့်ပါ။
သူက မန္တလေးတိုင်းဒေသကြီး၊ မန္တလေး-ပြင်ဦးလွင်လမ်း၊ ၁၆ မိုင် တိုးဂိတ်အလွန်က ဝါးနက် အပန်းဖြေ ဆင်စခန်းရဲ့ တာဝန်ခံတစ်ဦးဖြစ်သလို အမျိုးသမီးဆင်ဦးစီးအဖြစ် လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။
ဆင်တွေကို ထိန်းကျောင်းရတဲ့ အဓိက တာဝန်ဖြစ်တဲ့ ဆင်ဦးစီးက ရှေးယခင်ကတည်းက အစဉ်အလာသတ်မှတ်ချက်တွေကြောင့် အပြင်ခွန်အားအရရော အမျိုးသားတွေသာ မိရိုးဖလာလက်ဆင့်ကမ်းပြီး လုပ်ဆောင်ကြတာပါ။
သတ္တဝါတွေထဲမှာ ဉာဏ်ရည်မြင့်ပြီး ခွန်အားအကြီးမားဆုံးဖြစ်တဲ့ ဆင်တွေကို ထိန်းကျောင်းရတဲ့ ဆင်ဦးစီးက လျင်လျင် မြန်မြန်၊ ဒေါင်ကျကျပြားကျကျနဲ့ တောတောင်တွေထဲ အချိန်မရွေး သွားလာနေရတာဖြစ်တာကြောင့် အမျိုးသားတွေသာလုပ်ကိုင်တဲ့အလုပ်လို့ သတ်မှတ်ထားကြပေမယ့် သူကတော့သတ်မှတ်ချက်တွေကို ကျော်ဖြတ်ပြီး အမျိုးသမီးဆင်ဦးစီးအဖြစ် လျှောက်လှမ်းနေသူပဲဖြစ်ပါတယ်။
ကျောက်ဆည်မြို့ဇာတိဖြစ်တဲ့ သဒ္ဒါရှင်းသန့်က ငယ်စဉ်ကတည်းက ဆင်နဲ့မစိမ်းခဲ့ပါဘူး။ ကျောက်ဆည်မြို့ကဆင်ကပွဲ၊ ဆင်ပြိုင်ပွဲများနဲ့နာမည်ကျော်ကြားတာကြောင့် ဆင်ကပွဲတွေကြည့်မိတိုင်း ဆင်နဲ့ဆင်ဦးစီးရဲ့ဆက်နွှယ်မှုကို တွေ့မြင်ဖန်များခဲ့ပြီး ဆင်တွေကို ချစ်ခင်လာခဲ့တယ်လို့ ဆိုပါတယ်။
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် သစ်တောတက္ကသိုလ်တက်ခဲ့ပြီး စတုတ္ထနှစ်မှာ ဆင်တွေနဲ့ သစ်ထုတ်တဲ့ ဘာသာရပ် အကြောင်းကို သင်ယူခဲ့ရပါတယ်။ နဂိုတည်းက ဆင်တွေကို ချစ်မြတ်နိုးသူပီပီ ဆင်တွေနဲ့အတူတူ အလုပ်လုပ်ကိုင်ဖို့ တွေးပြီးကျောင်းပြီးတဲ့အခါ သူ့အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်ကို ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးမှာ အခြေချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သူကဝါးနက်အပန်းဖြေဆင်စခန်းမှာ ဆင်စခန်းတာဝန်ခံအဖြစ် ဦးဆောင်ရပေမယ့်လည်း ဆင်ဦးစီးတွေထံချဉ်းကပ်ပြီး ဆင်တွေရဲ့အလေ့အထကိုအနီးကပ်သင်ယူတာ၊ ဆင်စီးသင်ယူတာတွေပြုလုပ်ပြီး ဆင်တွေထိန်းကျောင်းဖို့ကိုလည်းစိတ်ဝင်စားခဲ့ပါတယ်။
ဆင်ဦးစီးရဲ့အလုပ်က ဆင်စီးသူ၊ ဆင်ကိုလေ့ကျင့်ပေးသူ၊ ဆင်တွေကို ထိန်းသိမ်းသူဖြစ်ပြီး ဉာဏ်ရည်မြင့်ပြီး ခွန်အားကြီးမားတဲ့ ဆင်ကိုထိန်းသိမ်းရတာမလွယ်ကူပါဘူး။
တောတောင်တွေထဲ နေ့ညအချိန်မရွေး ခွန်အားသုံးလုပ်ကိုင်ရတာကြောင့် အမျိုးသားတွေများပြားတဲ့ လုပ်ငန်းခွင်မှာအမျိုးသမီးဖြစ်တဲ့ သူ့အတွက် စိန်ခေါ်မှုက အများအပြားပါ။
အမျိုးသားတွေများတဲ့လုပ်ငန်းခွင်မှာ အမျိုးသမီးဦးဆောင်တဲ့အတွက် ယဉ်ကျေးမှုအရရော ခန္ဓာကိုယ်ကြံ့ခိုင်မှုကြောင့်ပါ ညှိယူရတဲ့ကိစ္စရပ်တွေရှိသလို၊ အမျိုးသားအချို့ရဲ့ မလေးမစားဆက်ဆံတာ မနာခံတာတွေလည်း ကြုံရပါတယ်။
အဲ့ဒီအခါတိုင်း ဦးဆောင်သူဆိုတာထက် လုပ်ဖော်ကိုင်ဖက်တစ်ဦးအနေနဲ့ မောက်မောက်မာမာမရှိဘဲ အကုန်လုံးကို မေတ္တာထား ပြောဆိုဆက်ဆံတဲ့အတွက် အဆင်ပြေလာတယ်လို့ဆိုပါတယ်။ ဒါ့အပြင်အမျိုးသမီးတစ်ဦးအနေနဲ့ တောတောင်တွေထဲနေ့ည မရွေးသွားရတာ၊ နေပူမိုးရွာမရွေးဆင်ပေါ်တက်ထိုင်ပြီး သွားရတာ တောထဲတောင်ထဲအိပ်စက်ရတာ စသဖြင့် သဘာဝ အတိုင်း နေထိုင်နိုင်ဖို့ ကြိုးစားရပါတယ်။
“မိန်းကလေးတယောက်နေနဲ့တော့ တော်တော်ကြံ့ကြံခံနိုင်မှပဲအဆင်ပြေမယ်။ အဓိကကိုယ့်အနေနဲ့ အရှုံးမပေးဘဲ ဆင်ကိုချစ်တဲ့စိတ်ကများသွားတော့ ဘာပဲဖြစ်ဖြစ် အေးဆေးပါဆိုပြီး နေတယ်။”လို့ သဒ္ဒါရှင်းသန့်ကပြောပါတယ်။
ရှေးယခင်ကတည်းက အခုထိဆင်တွေကို ရတနာတဖွယ်သတ်မှတ်တန်ဖိုးထားတဲ့အတွက် အမျိုးသမီးသဘာဝ ဓမ္မတာချိန်တွေဆို ဆင်ပေါ်တက်တာဆင်စီးတာတွေလည်း ဆင်ခြင်ရတာကြောင့် အမျိုးသမီးတွေမလုပ်ကြတာလည်းပါတယ်လို့ သူဆက်ပြောပါတယ်။
“ဓမ္မတာချိန်ဆင်ပေါ်မတက်ဘူးဆိုတာက မရတာတော့မဟုတ်ပါဘူး၊ မလုပ်သင့်တာပေါ့ ကိုယ်တန်ဖိုးထားတဲ့အရာမလို့လေ၊ ဆင်ပေါ်တက်ရင် ဖိနပ်နဲ့ တက်ဖို့တောင် အားနာတယ်၊ ဆင်ကိုတန်ဖိုးထားလို့ပါ” လို့ သူကပြောပါတယ်။
သူကသစ်တောကတ္ကသိုလ်ဆင်းဖြစ်တာကြောင့် အလုပ်တာဝန်အရခေါင်းဆောင်ဖြစ်ခဲ့ပေမယ့် ဆင်ပညာနဲ့ပတ်သတ်ရင်ဆင် ဦးစီးတွေ၊ ဆင်ထိန်းတွေက အတွေ့အကြုံပိုရှိတဲ့အတွက် သူတို့ထံက အနီးကပ်ပြန်လည်သင်ကြားရတာတွေရှိပါတယ်။
“ဆင်ပညာနဲ့ပတ်သတ်ရင် ဆင်ဦးစီးတွေက ကိုယ့်ဆရာတွေပါပဲ “လို့သူကပြောပါတယ်။
ဆင်ပေါ် တက်တာကအစ ဆင်စီးတာ၊ ဆင်တွေကို ထိန်းကျောင်းတာ၊ အမိန်ပေးရတာ၊ ချွန်းကိုင်တာ၊ ဆင်တွေရဲ့ အလေ့အထသဘာဝကိုနားလည်ပြီး သဟဇာတဖြစ်အောင်နေထိုင်တာ စတာတွေကို ဆင်ဦးစီးတွေဆီကနေ အနီးကပ်သင်ယူလေ့လာခဲ့ပါတယ်။
“ယောကျာ်းလေးများတဲ့ အလုပ်အကိုင်ဆိုပေမယ့်လည်း ကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်တွေရှိတဲ့အတွက်ကြောင့် ကိုယ့်ညီမလေးလို အမလို ဒီလိုတက်ရတယ်၊ ဒီလိုလုပ်ရတယ်၊ သူတို့ပြောတွေကိုလည်းနာခံတယ်။ မလုပ်နဲ့ဆိုလည်း မလုပ်ဘူး၊ ဒါ့ကြောင့်လည်းအတက်မြန်သွားတယ်ထင်တယ်၊ မြန်မြန်ဆန်ဆန်နဲ့ ဆင်တကောင်ကိုထိန်းနိုင်တယ်”လို့ သူကဆိုပါတယ်။
ဆင်ဦးစီးဖြစ်ဖို့အတွက် အခြေခံအားဖြင့် ၂၄နာရီလုံးနိုးနိုးကြားရှိဖို့လိုပါတယ်။ ဆင်တွေက ညဘက်ဆို ၃နာရီခန့်သာအိပ်ပြီး ကျန်အချိန်တွေမှာ သဘာဝတောထဲ လှည့်လည်စားသောက်တဲ့အတွက် သူတို့ကို ဂရုတစိုက်နဲ့ ရှိဖို့လိုသလို ပင်ပန်းတဲ့ ဒဏ်ကို ခံနိုင်ဖို့လည်းလိုတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဆင်တွေရဲ့ အမူအကျင့်တွေလည်း နားလည်ပြီး ကိုယ့်အမိန့်ကို နာခံတက်အောင် ဆင်တွေနဲ့ သဟဇာတဖြစ်အောင်နေတက်ဖို့လည်းအရေးကြီးပါတယ်။
ပုံမှန်အားဖြင့် ဆင်ဦးစီးတယောက်မှာထိန်းကျောင်းရမယ့် ဆင်တကောင်ရယ်လို့ သတ်မှတ်ထားပြီး သူကတော့ စခန်းမှာရှိတဲ့ ဆင်အားလုံးကို ထိန်းကျောင်းနိုင် သဟဇတဖြစ်အောင် နေထိုင်နိုင်တယ်လို့ဆိုပါတယ်။
“ဆင်၈ကောင်မှာ၈ကောင်လုံးထိန်းနိုင်တယ်၊ အလုပ်တူတူလုပ်နိုင်တယ်။ သူတို့ရေချိုးသွားတာတို့တောထဲပြန်မောင်းတာတို့ လုပ်နိုင်တယ်”လို့ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဆင်စခန်း ၂၄ခုရှိပြီး မြန်မာ့သစ်လုပ်ငန်းကပိုင်ဆိုင်ပါတယ်။ အာရှဆင်ကို IUCN (အပြည်ပြည်ဆိုင်ရာ သဘာဝ အရင်းအမြစ်များ ထိန်းသိမ်းရေးအဖွဲ့)က မျိုးတုန်းပျောက်ကွယ်မယ့် အန္တရာယ်ကျရောက်နေတဲ့ မျိုးစိတ် (endangered species)အဖြစ် သတ်မှတ်ထားတာကြောင့် ဆင်နဲ့လူသဟဇာတဖြစ်ရေး၊ ဆင်တွေအကြောင်း အနီးကပ် လေ့လာပြီး တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်စေဖို့နဲ့ ဆင်မုဆိုးအန္တရာယ်ကကာကွယ်ပေးရေးအချက်တွေကြောင့် ဆင်စခန်းတွေဖွင့်လှစ်ထားတာဖြစ်ပါတယ်။
ဝါးနက်အပန်းဖြေဆင်စခန်းမှာတော့ ဆင် အထီး ၃ကောင်၊ ဆင်အမ ငါးကောင် စုစုပေါင်း ဆင်၈ကောင်ရှိပါတယ်။ ဒီဆင်တွေက မြန်မာ့သစ်လုပ်ငန်းကပိုင်တဲ့ အိမ်မွေးဆင်တွေဖြစ်ပေမယ့် ဆင်တွေကို သဘာဝနဲ့နီးစပ်အောင် ထားရပါတယ်။
စခန်းက ဆင်တွေကို ပုံမှန်ရိက္ခာအတိုင်း စပါး၊ မန်ကျည်းသီး၊ ဆားနဲ့ အသီးအနှံတွေကို ကျွေးမွေးတာအပြင် ဆင်တွေကို သဘာဝအတိုင်းရှာဖွေစားသောက်ဖို့ တညလုံး ဆင်စားကျက်မှာ လွှတ်ထားရပါတယ်။
ဆင်ဦးစီးတွေ ဆင်ထိန်းတွေက ညနေဘက် ၆နာရီဆို ဆင်တွေကို သဘာဝတောထဲ သွားရောက်လွှတ်ထားပြီး မနက်၅နာရီ ခွဲမှာ ဆင်တွေကို ပြန်ကောက်(စခန်းကိုပြန်လည်ခေါ်)ရပါတယ်၊ ပြီးရင်တော့ရေချ(ရေချိုး)ပေးပြီး ဧည့်သည်တွေလာရင် ဆင်စီးတာ၊ ဆင်အစာကျွေးတာတွေလုပ်ဖို့ စခန်းမှာပြန်ထားရတယ်။
ဒါတွေက ဆင်ဦးစီးတွေ ဆင်ထိန်းတွေ နေ့စဉ်မပြတ်လုပ်ရတဲ့ဝတ္တရားတွေဖြစ်ပြီး ဆင်တွေစားကျက်မလွန်ဖို့လည်း ဂရုစိုက်ရပါတယ်။
စခန်းကဆင်တွေမှာလည်း တကောင်ချင်းစီအမူအကျင့်တွေမတူတဲ့အတွက် သူတို့အလေ့အကျင့်တွေပေါ်လိုက်ပြီး ထိန်းကျောင်းရပါတယ်။ ဆင်တွေကသူတို့ဦးစီးကိုအနံ့နဲ့မှတ်ထားတဲ့အတွက် ဆင်ဦးစီးအပြောင်းအလဲလုပ်တဲ့အခါ သူတို့အနံ့ကိုမှတ်မိအောင် ရေမချိုးဘဲနေတာတွေလည်းရှိတယ်လို့ဆိုပါတယ်။
“သူတို့ ညအချိန်တွေမှာ သွားခေါ်လို့ရှိရင် သူစိမ်းဆို ဆင်က တခုခုလုပ်လိုက်မှာဆိုးလို့ သူတို့အနံ့ကို မှတ်မိနိုင်အောင်ဆင်တွေက အနံ့နဲ့မှတ်တယ်။ ဆင်ဘာသာစကားအရနားထောင်တတ်တယ်” လို့သူက ဆင်တွေရဲ့ အမူအကျင့်ကိုပြောပြပါတယ်။
ဉာဏ်ရည်မြင့်မားပြီးခွန်အားကြီးတဲ့ သတ္တဝါဖြစ်တဲ့အလျောက် အန္တရာယ်ဖြစ်စေနိုင်တဲ့ကိစ္စရပ်တွေလည်းကြုံနိုင်ပြီး သူကိုယ်တိုင်လည်း ညအချိန်ဆင်ကတောင်ကုန်းပေါ်ကနေ မတော်တဆကန်လိုက်တဲ့ကျောက်တုံးက တောင်အောက်မှာရှိတဲ့သူနေထိုင်ရာတဲကို ထိမှန်တဲ့ ဖြစ်ရပ်ဖြစ်ခဲ့ဖူးပါတယ်။
“ကျောက်ခဲကို ကန်ထည့်လိုက်တာ အဲ့ဒီကျောက်ခဲက တောင်ပေါ်ကနေဝုန်းဝုန်းနဲ့ ထိပ်ကကိုယ့်အိမ်ကို ဖြတ်ဆင်းသွားတာ အဲ့ဒါစပရိုက်ပဲ၊ နည်းနည်းလေးပဲလွဲတာ နို့မို့ဆို ကျောက်တုံးပိမှာ”လို့ သူကပြောပါတယ်။
ဒါပေမယ့် ဆင်စခန်းမှာထားတဲ့ဆင်တွေက လူတွေနဲ့အနီးကပ်နေရတဲ့ ဆင်လေးတွေဖြစ်တာကြောင့် လက္ခဏာ အမူအကျင့် ကောင်းမွန်ပြီး ယဉ်ပါးလိမ္မာတဲ့ဆင်လေးတွေကို ရွေးချယ်ပြီးဆင်စခန်းမှာထားတဲ့အတွက် ရိုင်းပြတဲ့ အမူအကျင့်မရှိဘဲစိတ်အလိုမကျချိန် စိတ်ဆိုးဒေါသထွက်တဲ့ အချိန်အခိုက်အတန့် လောက်ပဲကြုံရတယ်လို့ဆိုပါတယ်။
“စိတ်အလိုမကျရင် စိတ်ဆိုးဒေါသထွက်တဲ့အချိန်လောက်ပဲရှိပါတယ် ဒါတောင် သူတို့ဆင်အချင်းချင်းပေါ်မှာပဲပြတာ လူတွေ အပေါ်ပြတာကိုမတွေ့ဖူးသေးဘူးလို့” သဒ္ဒါရှင်းသန့်ကဆိုပါတယ်။
တခါတရံ ဆင်တွေ စိတ်ကောက်တဲ့အချိန် စိတ်အခန့်မသင့်တဲ့အချိန် ပြေးလွှားတဲ့အခါ ဆင်ဦးစီးတွေက နောက်ကနေလိုက်လံ ထိန်းသိမ်းရပြီး စကားနားမထောင်တဲ့အတွက် ဆူပူကြိမ်းမောင်းတာ ရိုက်တာမျိုးရှိပြီး သူကတော့ဒါကိုမနှစ်သက်ပါဘူး။
ကိုယ်တိုင်လည်း ဆင်တွေ ပြေးတဲ့အခါ စပါးတောင်း၊ အစာတောင်း၊ ကြံတောင်းကိုင်ပြီး ချော့ခေါ်လာဖြစ်သလို၊ ပြေးလို့ ရိုက်ပါတယ်ဆိုတဲ့ အသိဝင်ရင် ဉာဏ်ကောင်းတဲ့ သတ္တဝါဖြစ်တာကြောင့် အကြောက်တရားဝင်ပြီး ပိုဆိုးမှာဖြစ်တဲ့အတွက် ပြေးတဲ့အခါ ရိုက်တာကို မနှစ်သက်ဘူးလို့ သူကပြောပါတယ်။
“အချော့ကြိုက်တဲ့ ချစ်စရာသတ္တဝါမလို့ သားသမီးလို ချော့တလှည့် ခြောက်တလှည့်နဲ့ ထိန်းသိမ်းစေချင်တာ၊ အရမ်းပြေးလွန်းတဲ့ ဆင်ဦးစီးအမိန့်မနာခံတဲ့ ဆင်ကျပြေးလွှားရင် ရွာသားတွေစိုက်ထားတဲ့ ပြောင်း နှမ်းခင်းတွေ ဘက်က ဖြတ်ပြေးမိရင် လျော်ကြေးတွေအကြီးကြီးပေးရလေ့ရှိလို့ပါ။”လို့ဆက်ရှင်းပြပါတယ်။
ဒီလိုခွန်အားရှိတဲ့သတ္တဝါကို နောက်ကနေလိုက်လံထိန်းကျောင်းရတဲ့အခါ လျှင်လျှင်မြန်မြန်သန်သန်မာမာရှိတဲ့ သူမျိုးမှ အဆင်ပြေတာကြောင့် အမျိုးသားတွေနဲ့ ပိုသင့်တော်တဲ့ အလုပ်ရယ်လို့ သတ်မှတ်ထားကြတာဖြစ်မယ်လို့သူကဆိုပါတယ်။
သစ်တောပညာက တောတောင်ထဲမှာ ကွင်းဆင်းလေ့လာရတာ သစ်တောနဲ့ သားငှက်တိရစ္ဆာန်တွေကို လေ့လာရတဲ့အတွက် အမျိုးသားတွေနဲ့ပဲ သင့်တော်တဲ့အလုပ်လို့ယူဆခဲ့ကြပါတယ်။ သစ်တောပညာရပ်ကို ၁၈၉၈ ကတည်းက မြန်မာနိုင်ငံမှာ သင် ကြားခဲ့ပေမယ့် အမျိုးသားများသာ တက်ခွင့်ရခဲ့ပြီး ၁၉၉၅ ခုနှစ်မှသာ အမျိုးသား ၈၀ရာခိုင်နှုန်း အမျိုးသမီး ၂၀ ရာခိုင်နှုန်းစ တင်ခေါ်ယူခဲ့တာဖြစ်ပါတယ်။
သစ်တောပညာမှာ နယ်ပယ်ခွဲတွေ အများကြီးရှိပေမယ့် မြန်မာနိုင်ငံမှာက သစ်တောစိုက်ပျိုးပြုစုတာသစ်ထုတ်လုပ်တာကို အဓိကထားပြီးလေ့လာခဲ့သလိုဖြစ်ခဲ့တာကြောင့် တောတောင်ထဲမှာကွင်းဆင်းရတဲ့အလုပ် သစ်တောပြုစုစိုက်ပျိုးရတဲ့အလုပ်ကအမျိုးသားတွေနဲ့ပဲ သင့်တော်မယ်လို့ ယူဆတဲ့အတွက်အမျိုးသမီးတွေလေ့လာခွင့်မရှိခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်းကာလတွေမှာတော့ သစ်တောနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနယ်ပယ်၊ သုတေသနဲ့ဌာဆိုင်ရာတွေမှာ အမျိုးသမီးတွေပါဝင်မှုများလာပေမယ့် ဆင်ဦးစီးအဖြစ်လုပ်ဆောင်သူကတော့မရှိခဲ့ဘူးလို့ သစ်တောဆိုင်ရာနယ်ပယ်မှာလုပ်ကိုင်နေ သူတွေကပြောပါတယ်။
ဆင်နဲ့ပတ်သတ်တဲ့လုပ်ငန်းတာဝန်တွေက အများအားဖြင့် သစ်ထုတ်တာ သစ်ဆွဲတာစသဖြင့် ပင်ပန်းကြမ်းတမ်းတဲ့အလုပ်ကို တောတောင်တွေထဲ ရက်ပေါင်းများစွာ ညအိပ်ညနေနဲ့ နေ့ညအချိန်အခါမရွေးလုပ်ဆောင်ရတာကြောင့် အမျိုးသားတွေသာများပြီး ဆင်ဦးစီး ဆင်ထိန်းတာဝန်တွေမှာလည်း အမျိုးသမီးတွေလုပ်ကိုင်တာမရှိခဲ့ဘူးလို့ အငြိမ်းစားဆင်ဦးစီးတစ်ဦးက ပြောပါတယ်။
လက်ရှိ ဆင်စခန်းတွေမှာ လုပ်ငန်းလိုအပ်ချက်အရဖြစ်စေ၊ ပြယုဂ်တခုအနေနဲ့ဖြစ်စေ အမျိုးသမီးဆင်ဦးစီးအဖြစ် တာဝန်ယူလာတာက ကောင်းပေမယ့် အမျိုးသမီးတစ်ဦးအနေနဲ့ လွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူးလို့ ဆိုပါတယ်။
“ဆင်စခန်းတွေမှာမလို့ တောထဲဆိုရင်တော့ မလွယ်လောက်ဘူးထင်တယ်၊ တွဲဘက်တွေကောင်းရင်တော့အဆင်ပြေလောက်မှာ၊ တကောင်တည်း စားကျက်ချတဲ့ဆင်တွေ စားကျက်ကခွာတာ၊ ပြောင်းတာစားကျက်လွန်တာတွေဖြစ်လာရင်အမျိုး သားတွေတောင်ခက်ခဲတယ်၊ တောတောင်တွေထဲ တယောက်တည်း ဆင်ကောက်ဖို့ သွားနေမယ့် အမျိုးသမီးတယောက်ကို မြင်ကြည့်လို့ရတယ်” လို့ ယင်းဆင်ဦးစီးကဆိုပါတယ်။
ဆင်တွေနဲ့နီးစပ်တဲ့အလုပ်ကအန္တရာယ်များပြီး ရှေးရိုးသတ်မှတ်ချက်တွေရှိပေမယ့် သူဒီလိုလုပ်နိုင်ဖို့သူ့မိဘတွေက စိတ်ခွန် အားအပြည့်ပံပို့ပေးခဲ့တာလို့ မသဒ္ဒါရှင်းသန့်ကဆိုပါတယ်။ ငယ်စဉ်ကတည်း မိဘတွေက သူ့ကို ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်နိုင်အောင်ခွန်အားပေးခဲ့သလို၊ သစ်တောတက္ကသိုလ်တက်ပြီး ဆင်စခန်းတာဝန်ခံအဖြစ်သာမက ဆင်ဦးစီးလုပ်ဆောင်တဲ့အခါမှာလည်း အားပေးခဲ့ပါတယ်။
“ကိုယ့်ကြိုက်ရာလုပ် ဘေးဘက်မရောက်အောင်တော့ထိန်းပေးတယ်၊ ဒါယောကျာ်းလေးတွေများတယ် ဒီနေရာမသွားရဘူး မရှိဘူး၊ သူတို့က ကောင်းကောင်းမွန်မွန်နဲ့ သားသမီးကိုလုပ်ပိုင်ခွင့်ပေးတယ်ပေါ့”လို့ သူက ပြောပါတယ်။
ကိုယ်တိုင်လည်းကျား၊ မသတ်မှတ်ချက်တွေကနေကျော်ဖြတ်ပြီး အမျိုးသမီးဆင်ဦးစီးအဖြစ်လျှောက်လမ်းနေတဲ့နေရာမှာ အခက်အခဲအချို့ကြုံခဲ့ရပေမယ့်လည်း ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်း ထပ်တူကျတဲ့အတွက် ကျေနပ်မိတယ်လို့ ဆိုပါ တယ်။
တခါတရံ ယဉ်ကျေးမှုဓလေ့တွေ၊ ကျားမခွဲခြားမှုတွေအရ နယ်ပယ်အချို့မှာ ကန့်သတ်မှုတွေရှိပေမယ့် အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ကိုယ်ဝါသနာပါတာကို သတ္တိရှိရှိနဲ့ ကြိုးစားပြီး လုပ်ကြည့်စေချင်တယ်လို့သူကပြောပါတယ်။
“သတ်မှတ်ချက်တွေကို မေ့ထားပြီး စွန့်စားကြည့်ပါလို့ပြောချင်တယ်၊ Be yourself’ လို့မသဒ္ဒါရှင်းသန့်ကဆိုပါတယ်။