Home ဆောင်းပါး ရွှေ့ပြောင်းအလုပ်သမ၊ သူတို့ဘဝ

ရွှေ့ပြောင်းအလုပ်သမ၊ သူတို့ဘဝ

Photo: Nang Seng Nom (HI)

 

နန်းဆိုင်နွမ် (ချင်းမိုင်)။            ။

ကလေးငယ်တွေကို ပွေ့ချီထားပြီး ဟိုဟိုဒီဒီသွားလာနေကြတဲ့ အမျိုးသမီးတွေကို တွေ့ရသလို၊ မိခင်လို့ထင်ရသူ တချို့လည်း ပလပ်စတစ်ဖျာပေါ်မှာ သိပ်ထားတဲ့ လသားအရွယ်ကလေးငယ်တွေကို ခြင်မကိုက်အောင် ယပ်ခပ်ပေး နေကြတာ တွေ့ရပါတယ်။

တချို့အမျိုးသမီးတွေကတော့ ကလေးငယ်တွေကို ကျောနဲ့ ရင်ဘတ်တွေမှာပိုးထားလို့ ထောင်ချီတဲ့လူအုပ်ကြားမှာ နေရာမပျောက်အောင် အတင်းတိုးဝှေ့တန်းစီနေကြတာတွေ့ရပြီး ဒီမြင်ကွင်းထဲကသူတွေဟာ ထိုင်းနိုင်ငံမှာ ရွှေ့ ပြောင်းအလုပ်သမားကဒ်ရဖို့ ကြိုးစားနေကြတဲ့ မြန်မာပြည်က အမျိုးသမီးတွေပဲဖြစ်ပါတယ်။

သူတို့ဟာ ချင်းမိုင်ခရိုင်အတွင်းမှာ နေထိုင်တဲ့  ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတွေဖြစ်ကြပြီး  အလုပ်သမား ကဒ်ရဖို့အတွက် အခက်အခဲမျိုးစုံကြားက လာရောက်တိုးဝှေ့စောင့်ဆိုင်းနေကြသူတွေပါ။

ချင်းမိုင်မြို့က အလုပ်သမားလက်မှတ်လုပ်တဲ့နေရာ (one stop service) ဟာ ပွဲတော်ကြီးတခုလို စည်ကားနေ ပေမယ့် ဒီနေရာကိုရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမတွေကတော့ အလုပ်သမားကဒ်ရရှိဖို့  အခက်အခဲတွေကြား ကနေ တချို့လည်း သူတို့ရဲ့နို့စို့ကလေးတွေကိုပါ ခေါ်လာကြရပြီး အမိုးမရှိ၊ အကာမရှိတဲ့နေရာမှာ ဖြစ်သလို ည အိပ်စောင့်နေကြရလို့ ပွဲတော်ကြီးလို မခံစားနိုင်ကြရှာပါဘူး။

“ ဒီမှာအိပ်ရတာ (၂)ညရှိပြီ။ ကလေးက အခုမှ(၅)လပဲရှိသေးတယ်။ ကျမလာတော့ ခေါ်လာရတာပေါ့။ နေပူလာ ရင် နေရိပ်တဲ့နေရာရှာပြီး နေရတာပေါ့။ ညဆိုရင် ဖျာလေးခင်းပြီး အိပ်ရတာပေါ့” လို့ ထိုင်းနိုင်ငံ၊ ဖန်မြို့မှ ချင်းမိုင် အထိ ရွှေ့ပြောင်းအလုပ်သမားကဒ် လာလုပ်တဲ့ နန်းလှအောင်က ပြောပါတယ်။

အလုပ်သမားကဒ်လုပ်တဲ့နေရာတွေကို ကြည့်လိုက်ရင် ဟိုနားတစု ဒီနားတစုနဲ့ အလုပ်သမတွေဟာ နေရာထိုင်ခင်း အဆင်မပြေတာတွေကို ခေါင်းထဲမထည့်နိုင်လောက်အောင် သူတို့အလုပ်သမားကဒ် ရဖို့အတွက်သာ တွေးပူပန်နေ ကြပါတယ်။

Photo: Nang Seng Nom (HI)

“ နေ့လည်ဆို နေကအရမ်းပူ၊ လူတွေကများ၊ အနံ့အသက်တွေကဆိုး၊ တချို့အမျိုးသမီးတွေ မူးလဲကြတာတောင် ရှိတယ်။ နေ့တိုင်းလိုလို တယောက်မဟုတ်တယောက် မူးလဲကြတယ်” လို့ နန်းလှအောင်က သူကြုံတွေ့ရတဲ့ အခြေအနေတွေကို ပြောပြပါတယ်။

ထိုင်းနိုင်ငံအတွင်းက ရွေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့် (Work Permit) နဲ့ နေထိုင်ခွင့် ဗီဇာ သက်တမ်းများကို ဖေဖော်ဝါရီလ (၅)ရက်မှစတင်ပြီးတော့ မတ်လ(၃၀)ရက်နေ့အထိ ပြုလုပ်ပေးနေတာပါ။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ သတ်မှတ်ထားတဲ့ရက်အတွင်း ပြီးစီးနိုင်ဖို့ ချင်းမိုင်နဲ့ အလှမ်းဝေးတဲ့ နေရာကနေ ချင်းမိုင်က အလုပ်သမားရုံးကို ညအိပ်ညနေ လာရောက်စောင့်ဆိုင်းနေကြရတာဖြစ်ပါတယ်။

တချို့ရွှေ့ပြောင်းအလုပ်သမားအမျိုးသမီးနဲ့ ကလေးတွေဟာ အနံ့အသက်ဆိုးရွားလှတဲ့ အမှိုက်ပုံတွေဘေးမှာ ထီး လေးတွေဖွင့်ဆောင်းပြီး ထိုင်နေကြတာတွေလည်း တွေ့ရပါတယ်။

“ ကျမတို့ မြန်မာပြည်ပြန်၊ ရွာပြန် အလုပ်လုပ်မယ်ဆိုရင်လည်း ဝင်ငွေက ပုံမှန်မရှိဘူးလေ။ ဘာမှလည်း လုပ်စားလို့ မလွယ်ဘူး။ ဒီမှာကတော့ ခက်ခဲပေမယ့် ပုံမှန်ဝင်ငွေရတယ်” လို့ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့မှာ (၁၀)နှစ် ကျော် အလုပ်လာလုပ်နေတဲ့ နန်းအေးမြင့်က ပြောပါတယ်။

ဆက်လက်ပြီးတော့လည်း “  ကျမတို့ဆို ဒီမှာလာလုပ်နေတာ(၂)ညနဲ့ (၃)ရက်ရှိပြီ၊ ကလေးခေါ်လာရတော့ မလွယ် ဘူး။ နေ့ဆိုနေပူ၊  ညကျခြင်ကိုက်။ အလုပ်သမားကဒ် မလုပ်ရင်လည်း မရတော့ မတတ်နိုင်ဘူးလေ” ဆိုပြီး စိတ် ညစ်နေတဲ့မျက်နှာနဲ့ ပြောပြပါတယ်။

လူထောင်ကျော်ကြားမှာ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေအဖို့ ယောက်ျားသားတွေနဲ့ အလုအယက် တန်းစီ တိုးဝှေ့နေရတဲ့ အခက်အခဲတွေကတော့ ပြောလို့မကုန်နိုင်အောင်ပါပဲလို့ ရွှေ့ပြောင်းအလုပ်သမားကဒ် သွားလုပ်နေ ကြတဲ့အမျိုးသမီးတွေက ပြောကြပါတယ်။

“ လူကလည်းစုံ၊ ယောက်ျားရော မိန်းမရော ကြပ်သိပ်၊ ကိုယ်ဝန်ဆောင်တွေလည်း အတူတူတန်းစီရ၊ လူတွေ တအားများ၊ အနံ့တွေကလည်း အစုံပဲဆိုတော့ မူးလဲကြတဲ့အထိပါပဲ” လို့ရွှေ့ပြောင်းအလုပ်သမားကဒ် သွားရောက် လုပ်တဲ့ မခင်ဖုန်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင်လုပ်ကိုင်ခွင့် ရရှိရေးအတွက် ထုတ်ပေးနေတဲ့ Certificate of Identity (CI) မှတ်ပုံ တင်စာအုပ်နဲ့ ရွှေ့ပြောင်းအလုပ်သမားကဒ်ကို တနေရာတည်းမှာပဲ လုပ်ပေးတဲ့အတွက် ချင်းမိုင်ခရိုင်အတွင်းမှာ နေ ထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအားလုံး လာရောက်စုပြုံနေလို့ အခုလို ကြပ်သိပ်ပြီး ကြန့်ကြာနေတာဖြစ်တယ်လို့ သူက ဆက်ပြောပြပါတယ်။

Photo: Nang Seng Nom (HI)

ချင်းမိုင်မှာနေတဲ့သူတွေအတွက် သိပ်မခက်ခဲပေမယ့် အဝေးကလာရတဲ့ အမျိုးသမီးတွေအတွက်တော့ ညရေးည တာတွေမှာ ကလေးနဲ့လာတဲ့သူတွေဆို ပိုတောင်ခက်ခဲသေးတယ်” လို့ မခင်ဖုန်းက ဆက်လက်ပြောပါတယ်။

လူထောင်ချီကြားထဲ တိုကင်လက်မှတ်ရဖို့အတွက် တိုးဝှေ့တန်းစီနေချိန်မှာ တချို့အမျိုးသားတွေက အမျိုးသမီး တွေကို ထိကပါး ရိကပါး စနောက်တာတွေလည်း ရှိတယ်လို့ အလုပ်သမားကဒ်သွားလုပ်တဲ့ မငယ်က ပြောပါတယ်။

“ ဒီလောက် လူအုပ်ကြားမှာ ပူလောင်စိတ်ညစ်ရတဲ့အထဲ မိန်းမမြင်တာနဲ့ စချင်တဲ့ကောင်တွေလည်း ရှိသေးတယ်။ ကျမရဲ့ အရှေ့နဲ့ အနောက်ကဆို ယောကျ်ားဖြစ်နေတော့  လူကိုကျုံ့ပြီးတော့ ရပ်ရတယ်။ နှမချင်းစာနာတဲ့စိတ်တွေ လည်း မရှိကြတော့ ပိုဆိုးတာပေါ့” လို့ မငယ်က ဆိုပါတယ်။

ညရေးညတာ လမ်းဘေးမှာ အိပ်ရလို့ လုံခြုံမှုမရှိသလို၊ တကိုယ်ရေသန့်ရှင်းရေးနဲ့ အိမ်သာသွားလာဖို့ အခက်အခဲ တွေ ရှိပါတယ်လို့ အလုပ်သမားကဒ်သွားလုပ်နေရတဲ့ အမျိုးသမီးတွေက ဆိုကြပါတယ်။

“ အိမ်သာတွေက ရေမဆင်းဘူး။ ရေနည်းတော့ ရာသီလာတဲ့ မိန်းကလေးတွေအတွက် သိပ်ဒုက္ခရောက်တယ်။ ညစ်ပတ်နေတာပဲ။ သွားရတာလည်းဝေးတော့ ညရေးညတာဆို လူ ၄၊ ၅ ယောက်နဲ့မှ သွားရဲတာ” လို့  အလုပ် သမားကဒ် သွားလုပ်တဲ့ မခမ်းသီက ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမတွေအတွက် နေ့ခင်းပိုင်းမှာတော့ ပြဿနာ သိပ်မရှိပေမယ့် ညဘက်ပိုင်းတွေမှာ မိုးချုပ်ထိ ထိုင်စောင့်ရတဲ့သူတွေဟာ အိမ်ပြန်ဖို့လည်း အဆင်မပြေသလို ညအိပ်စောင့်တဲ့ အမျိုးသမီးတွေအတွက်လည်း မလုံ ခြုံဘူးလို့ မခမ်းသီက ဆိုပါတယ်။

“နေ့လည်ဆို ပြဿနာမဖြစ်ဘူး။ ညဆိုရင် ပြဿနာဖြစ်တယ်။ လုပ်တဲ့နေရာက ချောင်ထဲမှာဆိုတော့ ကြောက်တယ်။ ညဆို ဒီမှာနေရတာဖြစ်ဖြစ်၊ အိမ်ပြန်ရတာဖြစ်ဖြစ်၊ အမျိုးသမီးတွေအတွက် ကြောက်ဖို့ကောင်းတယ်” လို့ မခမ်းသီ က ပြောပါတယ်။

နယ်ဝေးကနေလာတဲ့ ရွှေ့ပြောင်းအလုပ်သမတွေဆိုရင် အိမ်ပြန်လို့မရလို့ ညဖက်မှာ သစ်ပင်အောက်မှာ အိပ်သူ အိပ်နဲ့၊ လမ်းဘေးမှာအိပ်သူအိပ်နဲ့  ဖြစ်သလိုပဲ အိပ်ကြရပါတယ်။ ကလေးပါတဲ့သူတွေဆိုလည်း ဒီလိုပါပဲလို့ သူက ဆက်ပြောပါတယ်။

နောက်ပြီး ကလေးအမေတွေ မွေးကင်းစလသားတွေပါလာရင် သိပ်ဒုက္ခရောက်တယ်။ နေကပူ၊ ကလေးကငို၊ တန်း စီရမှာလား၊ ကလေးချော့ရမှာလား၊  အဲဒီလိုတွေဖြစ်တာပေါ့။ တချို့က သူတို့ကလေးကို ချီလာရတာ၊ ကလေးကို ကူထိန်းပေးတဲ့သူလည်း မရှိတော့ အမေတန်းစီချိန် ကလေးကို ခုံပေါ်တင်ထားရတယ်။  ကလေးက ခုံပေါ်က  ပြုတ်ကျသေးတယ်” လို့မခမ်းသီက ဆက်လက်ပြောပါတယ်။

နေပူထဲမှာ တနေကုန်စောင့်ရသလို ညဘက်မှာလည်း ဖြစ်သလိုအိပ်ပြီး အလုပ်သမားကဒ်လုပ်ရတဲ့ အမျိုးသမီးတွေ အတွက် ကျန်းမာရေးထိခိုက်မှုများလည်း ရှိနေပါတယ်။

အလုပ်သမားကဒ်ကို ကိုယ်တိုင်လုပ်ဆောင်ရင် ဆေးစစ်ခဘတ် (၃၇၀၀)၊ အလုပ်သမားလက်မှတ်ခ ဘတ်(၁၉၀၀)၊ ထိုင်းလူမှုဝင်ကြီးကြပ်ရေးကို ပေးဆောင်ခ ဘတ် (၅၀၀)၊ ကဒ်ဖိုး ဘတ် (၂၀၀)၊ စုစုပေါင်း ဘတ်(၅၃၀၀) ကျသင့် ကြောင်း သိရပါတယ်။

၂၀၁၇ ခုနှစ်က ထုတ်ပြန်တဲ့  ထိုင်းအလုပ်သမားဥပဒေအရ သတင်းပေးပို့ခြင်းမရှိတဲ့  ရွှေ့ပြောင်းအလုပ်သမားတွေ၊ အလုပ်လုပ်ခွင့် မရှိသူတွေကို  အနည်းဆုံး ထိုင်းဘတ်ငွေ(၅)ထောင်ကနေ (၅)သောင်းအထိ ဒဏ်ငွေပေးဆောင် စေပြီး မိမိတို့သက်ဆိုင်ရာနိုင်ငံကို ပြန်လည်ပို့ဆောင်ခံရမယ်လို့ ဆိုထားပါတယ်။

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း(၁)သန်းခွဲကျော်ရှိနေပြီး လက်ရှိမှာ မှတ်ပုံတင်ထားတဲ့ ရွှေ့ပြောင်း အလုပ်သမား (၇)သိန်းကျော်သာရှိတဲ့အတွက် (၉)သိန်းကျော် ကျန်နေပါသေးတယ်။

ထိုင်းနိုင်ငံရောက် တချို့ရွှေ့ပြောင်းအလုပ်သမားတွေဟာ တရက်ကို လုပ်အားခ အနည်းဆုံး ဘတ်(၂၅၀) မှ ဘတ် (၃၅၀) အထိ ရရှိကြပါတယ်။

“ ကိုယ်ဝန်သည်တွေ၊ ကလေးအမေတွေ၊ အမျိုးသမီးတွေအတွက်တော့ အဆင်ပြေအောင် ဆောင်ရွက်ပေးစေချင် ပါတယ်။ ကလေးအမေတွေရော၊ နေ့စေ့လစေ့ကိုယ်ဝန်သည်တွေကအစ လူအုပ်ကြီးထဲမှာ တိုးဝှေ့တန်းစီနေရတာ ကတော့ မဟုတ်သေးပါဘူး” လို့  အလုပ်သမား ကဒ်လာလုပ်နေတဲ့ နန်းဆာက ပြောလိုက်ပါတယ်။

Related Articles