Home ဆောင်းပါး အမျိုးသမီးတွေအတွက် ရင်မအေးစေတဲ့သြင်္ကန်ရေ

အမျိုးသမီးတွေအတွက် ရင်မအေးစေတဲ့သြင်္ကန်ရေ

Photo: စိန်ဝင်း

မယ်လွန်း

ဧပြီလ (၁၂)ရက်၊ ၂၀၁၈ ။                  ။

“ဟင် သူတောင်းစား.. နင်ဘာလုပ်တာလဲ..”

ပြောပြောဆိုဆို “ဖြောင်း” ကနဲ ပါးရိုက်လိုက်တဲ့အသံကြောင့် ရေကစားမဏ္ဍပ်တခုရှေ့ကို လူတွေစုရုံးဝိုင်းအုံ လာကြပါတယ်။

ဒါကတော့ ပြီးခဲ့တဲ့နှစ် သြင်္ကန်အချိန်က ပေါင်မြို့နယ်၊ ကျုံကကျေးရွာက ဆိုင်ကယ်တစီးနဲ့ ရေပက်ခံထွက် လာတဲ့ မိသားစု(၄)ဦးက လူစည်ကားတဲ့ ရေကစားမဏ္ဍပ်တခုရှေ့အရောက် ဖြစ်ခဲ့တာကို ကာယကံရှင် အမျိုး သမီးက ပြန်ပြောပြခဲ့တာပါ။

ဆိုင်ကယ်ကို ရပ်လိုက်တဲ့အချိန်မှာ အရက်မူးနေတဲ့အမျိုးသားတဦးက သနပ်ခါးရေခွက်ကိုင်ပြီး သနပ်ခါးလူး ပေးသလိုလိုနဲ့ ဆိုင်ကယ်နောက်ကစီးလာတဲ့ အမျိုးသမီးရဲ့ ရင်ဘတ်ထဲ လက်ထိုးထည့်ရာကနေ အဲဒီလက်ကို အမျိုးသမီးက ဖမ်းဆွဲပြီး ပါးရိုက်လိုက်တဲ့ ဖြစ်ရပ်ပါ။ ပါးရိုက်လို့အားမရပဲ ဆိုင်ကယ်ပေါ်ကဆင်းပြီး အဲဒီ အမျိုး သားကို အော်ငေါက်ဆဲဆိုပြီး ၃-၄ ချက်လောက် ထပ်ရိုက်တဲ့အချိန် ဘေးနားကလူတွေက ဝိုင်းတောင်းပန်ပြီး ဖြေရှင်းခဲ့ကြပါတယ်။

မွန်ပြည်နယ်ဟာ တချို့ပြည်နယ်တွေနဲ့မတူ သြင်္ကန်အကြိုနေ့ကစလို့ နှစ်ဆန်း(၁)ရက်နေ့အထိ သြင်္ကန်ကို စည်စည်ကားကားကျင်းပတဲ့ ပြည်နယ်တခုလည်းဖြစ်ပါတယ်။ မုတ္တမမြို့ကနေ သထုံမြို့ အဝေးပြေးလမ်း တလျှောက်မှာရှိတဲ့ ကျေးရွာအလိုက် မဏ္ဍပ်တွေရှိသလို အိမ်တွေအလိုက်လည်း ရေစည်လေးတွေထုတ်ပြီး မိသားစုလိုက် ရေထွက်ပက်ကြတဲ့ ဓလေ့လည်း ရှိကြပါတယ်။

ဒီလို စည်းကားမှုတွေနဲ့ မွန်ပြည်နယ်သြင်္ကန်က နာမည်ကြီးသလို မဏ္ဍပ်တွေမှာ အမျိုးသမီးတွေကို လိင်ပိုင်း ဆိုင်ရာ နှောက်ယှက်မှုတွေ အများကြီးရှိတယ်လို့ ဒေသခံတွေကြားမှာလည်း ပြောစမှတ်ဖြစ်လာတာ မွန်သြင်္ကန်ပါ။

“ကားတွေနဲ့သွားရင် ကားပေါ်မှာဆိုလည်း လက်တွေဖမ်းဆွဲ၊ သနပ်ခါးတွေ အတင်းလူး အဲဒီလိုတွေရှိတယ်။ မနှစ်က သြင်္ကန်ရေပက်သွားတာ ကားအောက်ကနေလည်း လှမ်းနှိုက်တာတွေရှိတယ်။ အောက်ကနေ ကုတ် တာပေါ့။ ကလေးတွေကိုဆိုရင် ရင်ဘတ်နှိုက်တာတို့ လက်အတင်းဆောင့်ဆွဲတာတို့ အဲဒီလိုဖြစ်တယ်။ အဲဒါ ကြောင့် မဏ္ဍပ်တွေမှာဆို အကြာကြီး ရေမကစားတော့ဘူး“

တချို့ရွာတွေမှာဆိုရင် ရေကစားထွက်တဲ့ အမျိုးသမီးငယ်တွေကို ဖက်နမ်းတာမျိုးထိဖြစ်တယ်လို့လည်း ဒေသခံ အမျိုးသမီးငယ်တဦးကပြောပါတယ်။ တနှစ်မှ တခါမို့ သြင်္ကန်ကာလ လည်ပတ်တော့မယ်ဆိုရင် အုပ်စုလိုက် သွားရင်တောင် ရွာခံအမျိုးသမီးတွေကြား လုံခြုံရေးအတွက် ပြင်ဆင်ရမယ့် အခြေအနေေတွေကို ရင်းနှီးကျွမ်း ဝင်နေကြပါတယ်။

“ကားနဲ့ဆို အလယ်ခေါင်မှာနေတာ ပိုစိတ်ချရတယ်။ ဘေးတွေမှာထိုင်တာကျတော့ စိတ်မချရဘူး။ အမျိုးသမီး ကြီးကြီးတွေက ဘေးဘက်က နေတာပေါ့။ အမျိုးသမီးငယ်လေးတွေ၊ ကိုယ့်သားသမီးတွေကိုတော့ အလယ် ခေါင်မှာထားတယ်” လို့ မုဒုံမြို့နဲ့ မနီးမဝေးမှာရှိတဲ့ ကွမ်ကသောင်ကျေးရွာက အသက် (၅၀) ကျော်အရွယ် ဒေါ်လှရီကပြောပါတယ်။

ဒီလိုအနေအထားတွေကို အမျိုးသမီးတွေက စိတ်အနှောက်အယှက်ဖြစ်ကြပေမယ့်လည်း ဖြစ်ရိုးဖြစ်စဉ်တခု အနေနဲ့ပဲ ဒေသခံတွေက လက်ခံထားကြတာပါ။

“အဲဒါတွေကို တချို့ကျတော့ သြင်္ကန်ကာလဆိုပြီး ဘာမှမပြောကြဘူး။ ဒီဘက်နယ်တွေကျတော့ လက်ခံ ထားတယ်။ ဒါက သြင်္ကန်ကာလဖြစ်လို့ အဲဒီလိုမျိုးလုပ်ကြတယ်ပေါ့။ ဘယ်သူမှ ဘာမှမပြောဘူးလေ။ သွားရင် ခံရမှာပဲ.. မိန်းကလေးသက်သက်သွားရင် ခံရမှာပဲ။ မိန်းကလေးသက်သက်မသွားနဲ့ အဲဒီလိုပဲပြောကြတယ်” လို့ မော်လမြိုင်က အသက်(၂၀)အရွယ် တက္ကသိုလ်ကျောင်းသူတဦးက ပြောပါတယ်။

သြင်္ကန်ယဉ်ကျေးမှုကို အမှီပြုပြီး ကျေးရွာအလိုက်၊ မြို့အလိုက် မဏ္ဍပ်တွေကို ရောက်ပြီဆိုရင် အမျိုးသမီးတွေ ကို ကာအိန္ဒြေထိပါးနှောက်ယှက်တဲ့ လုပ်ရပ်တွေက အဖြစ်များလာပြီး အစဉ်အလာတခုလို ဖြစ်လာနေတယ်လို့ ပေါင်မြို့နယ်၊ ကျုံကကျေးရွာက ရွာခံလူငယ်တဦးက ပြောပါတယ်။

“တဦးတည်းသွားတာမျိုးတို့၊ ဆိုင်ကယ်နဲ့သွားတာမျိုးတွေမှာ အုပ်စုမတောင့်ဘူးဆိုပြီးတော့ အခွင့်အရေးယူပြီး လုပ်တာလေ။ သြင်္ကန်တွင်းမှာ ပေါင်ဒါလေးလူးရင်းနဲ့ လက်လေးအရှိန်လွန်သွားတာမျိုးတို့၊ ဆင်ခြေပေးလို့ရ တာပဲ ဆိုပြီးတော့ လုပ်ကြတယ်လို့တော့ ထင်တာပဲ။ အစဉ်အလာတခုလို ဖြစ်လာတယ်။ သြင်္ကန်ပွဲတော်ကို အသုံးချပြီးတော့ အခွင့်ကောင်းယူတာပေါ့။”

ဒီလိုလုပ်ရပ်တွေအဖြစ်များတာကတော့ လူစည်းကားတဲ့ မဏ္ဍပ်တွေနဲ့ မူးရစ်သောက်စားထားတဲ့ အမျိုးသား အများစုရှိတဲ့ နေရာတွေမှာ အဖြစ်များတယ်လို့ ပေါင်မြို့နယ်က လူမှုရေးလှုပ်ရှားမှုတွေ လုပ်ခဲ့သူ ဦးတင်မင်း နိုင်က ပြောပါတယ်။

“အဲဒီအချိန်က အပျော်တွေဝင်နေတဲ့အချိန် လွတ်လွတ်လပ်လပ် ပျော်ပါးတဲ့အချိန်၊ သောက်လည်း သောက်ထား ကြတဲ့အချိန်ဆိုတော့ အရှက်အကြောက်တွေ၊ ကိုယ်ကျင့်သိက္ခာတွေ၊ အဲဒါတွေကို စဉ်းစားတာတွေ၊ သတိနဲ့ စဉ်းစားတာတွေကတော့ နည်းမှာပဲ”

ဒီလိုဖြစ်ရတာဟာ ရိုးရာသြင်္ကန်ကျင်းပတဲ့ အစဉ်အလာတွေ အားနည်းတာကြောင့်ဖြစ်သလို ယဉ်ကျေးမှုကို ဦးစားပေးဖော်ပြတာ အားနည်းမှုကြောင့်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“တကယ့်မြန်မာဝတ်စုံလေးနဲ့ဝတ်ပြီး နံ့သာရေလေးနဲ့ ငွေဖလားလေးနဲ့ ပက်ဖြန်းတဲ့ ယဉ်ကျေးမှုကို သရုပ် ဖော်မှုတွေက အားနည်းလာတယ်လေ။ တကယ်တမ်းပြောရမယ်ဆိုရင်။ အပျော်သက်သက်လိုဖြစ်နေတယ်။ ဒီမြို့နယ်အဆင့် သြင်္ကန်မဏ္ဍပ်တွေမှာ အဲဒီလို ယဉ်ကျေးမှုကို ဦးစားပေးဖော်ပြလာတာမျိုး မရှိသလောက် အားနည်းလာတယ်”

Photo: စိန်ဝင်း

ဒီလို နှောက်ယှက်မှုတွေကြောင့် အမျိုးသမီးငယ်တွေ သြင်္ကန်လည်ပတ်ဖို့အတွက် မိသားစုအသိုင်းအဝိုင်းက ကန့်သတ်မှုတွေရှိလာသလို ဒီလိုအဖြစ်အပျက်တွေဟာ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုကြောင့် ဖြစ်တယ် လို့ ပြောဆိုဝေဖန်မှုတွေလည်း ရှိနေတဲ့အပေါ် ဦးတင်မင်းနိုင်မှ အခုလို ပြောပါတယ်။

“ဒီလိုမျိုးတွေဖြစ်လို့ မလည်ရတော့ဘူးဆိုလည်း မဖြစ်သင့်ဘူးလေ။ လည်တဲ့အခါ တယောက်တည်းတော့ သွား မလည်နဲ့ပေါ့။ ဖြစ်နိုင်လို့ရှိရင် အုပ်စုလေးနဲ့သွား၊ သွားပြီးလို့ရှိရင် အဲဒီလိုမျိုးကြုံခဲ့တဲ့အခါမှာလည်း ရဲရဲဝံ့ဝံ့ ဒါကို တိတိကျကျ ရင်ဆိုင်ဖြေရှင်းဖို့လိုတယ်။ ရှက်လို့ကြောက်လို့ဆိုပြီးတော့ ခေါင်းငုံ့ပြန်လာရတာမျိုးဆိုရင် ဒါကြီးကို အားပေးနေသလိုဖြစ်မယ်လေ။ ထိန်းသိမ်းတဲ့ ယောက်ျားလေးတွေကြားမှာတော့ ဘာပြဿနာမှ ရှိမှာမဟုတ်ပေ မယ့် မထိန်းသိမ်းတဲ့ ယောက်ျားလေးတွေကြားမှာ လုံလုံခြုံခြုံ ခေါင်းမြီးခြုံထားလည်း ပြဿနာက တက်မှာပဲလေ”

ဒီလိုအနေအထားတွေနဲ့ပတ်သက်ပြီး လူထုကြားပညာပေးနိုင်ဖု့ိအတွက် မွန်ပြည်နယ်အခြေစိုက် စံပြလူထု အခြေပြုဖွံ့ဖြိုးရေးအဖွဲ့ကနေပြီး “လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုကို ကာကွယ်ကြစို့” လို့ အဓိပ္ပါယ်ရတဲ့ မွန်ဘာ သာနဲ့ရေးထားတဲ့ စတစ်ကာ (စာရွက်) လေးတွေကို မုဒုံမြို့၊ ရေးမြို့၊ ကျိုက်မရောမြို့တွေမှာ သြင်္ကန်လည် ပတ်သူတွေကြား ဒီနှစ်သြင်္ကန်မှာ ဖြန့်ဝေသွားဖို့ရှိတယ်လို့ မွန်အမျိုးသမီးကွန်ယက်အဖွဲ့ (Mon Women’s Network) က ဦးဆောင်ကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့ မိဟောင်ဆာထောက ပြောပါတယ်။

“ယဉ်ကျေးမှုအရရော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအရရော ဒါမျိုးတွေက အရမ်းကို မသင့်တော်တဲ့ အရာ တခုလို့ ကျမတို့မြင်တယ်။ သြင်္ကန်က ယဉ်ကျေးမှုဆိုပေမယ့် သြင်္ကန်တွင်းမှာ ဒီလိုတွေပြုမူတာ ယဉ်ကျေးမှုကို ချိုးဖောက်နေတာလို့မြင်တယ်” လို့ သြင်္ကန်လည်ပတ်စဉ်အတွင်း အမျိုးသမီးတွေကို မဖွယ်မရာ နှောက်ယှက် တဲ့အပေါ် သူမရဲ့အမြင်ကို ပြောပါတယ်။

ဒီနှစ်သြင်္ကန်မှာတော့  မြို့နယ်အုပ်ချုပ်ရေးမှူးအစည်းအဝေးတွေမှာ ပြည်ထဲရေးကနေ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကာကွယ်ဖို့အတွက် မြို့နယ်အလိုက်၊ ကျေးရွာအလိုက် စီမံချက်တွေနဲ့ လုပ်ဆောင်နေတယ်လို့ ပေါင်မြို့နယ်၊ ကျုံကကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းပိုင်က ပြောပါတယ်။

“သြင်္ကန်မတိုင်ခင် စီမံချက်အနေနဲ့ လူငယ်တွေကို အများဆုံးခေါ်ပြီး အသိပညာပေးပြီး လုပ်တာတော့ရှိတယ်။ ရမ်းရမ်းကားကားမလုပ်ဖို့၊ အမျိုးသမီးတွေကို အကြမ်းမဖက်ဖို့။ ဒီလို အသိပညာပေးနေတဲ့အထဲမှာ ဆက်လုပ်ခဲ့ မယ် ဆိုရင်တော့ တည်ဆဲဥပဒေနဲ့ အရေးယူဖို့ ပြောထားတယ်”

အမျိုးသမီးတွေကို ကာအိန္ဒြေထိပါးနှောက်ယှက်မှုတွေလုပ်ရင် ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးဖို့ တာဝန်ရှိသူတွေအနေနဲ့ လုပ်ဆောင်သင့်သလို အမျိုးသမီးအဖွဲ့တွေအနေနဲ့လည်း အမျိုးသမီးနဲ့ အမျိုးသားတွေ ကြား အသိပညာပေးမှုတွေ လုပ်ဆောင်သင့်တဲ့အပြင် အမျိုးသမီးတွေကိုယ်တိုင်လည်း ရှက်ကြောက်မနေဘဲ ထုတ်ပြောဖို့လိုအပ်တဲ့အကြောင်း မိဟောင်ဆာထောက ထောက်ပြပါတယ်။

“တယောက်ယောက်က ကျမတို့ရဲ့ရင်ဘတ်ကို လာကိုင်မယ်ဆိုရင် နှုတ်ပိတ်မနေပဲ ဒါကို ထုတ်ပြောပြီး အတူတူ ဖြေရှင်းကြမယ်ဆိုတဲ့ သဘောထားတွေ ရှိလာအောင် လုပ်ပေးဖို့လိုတယ်။ အမျိုးသားတွေအနေနဲ့လည်း သြင်္ကန် မှာ အမျိုးသမီးတွေ လည်နိုင်တယ်၊ စိတ်ကြိုက်ကနိုင်တယ်ဆိုတာကို သူတို့ရဲ့အသိထဲမှာထားပြီးတော့ အမျိုး သမီးတွေ ကနေချိန်၊ လည်နေချိန်မှာ ငါတို့နှောက်ယှက်မယ်ဆိုရင် အပြစ်ဒဏ်တခုခုရှိတယ်ဆိုတဲ့ အသိနဲ့ အမျိုးသားတွေရဲ့ စိတ်သဘောထားကို ပြောင်းနိုင်မယ်ဆိုရင်တော့ ပိုထိရောက်မယ်လို့ ထင်တယ်”

ဒါ့အပြင် တာဝန်ရှိသူတွေနဲ့ အသက်ကြီးပိုင်းတွေအနေနဲ့လည်း တကယ်စစ်မှန်တဲ့ ရိုးရာသြင်္ကန်ရဲ့ အနှစ်သာရကို လူငယ်တွေကြား ကျင့်သုံးမှုများလာအောင် အသိပညာပေးမှုတွေလုပ်သင့်တယ်လို့ သူကပဲ ဆက်ပြောပါတယ်။

“သြင်္ကန်က ယဉ်ကျေးမှုဆိုပေမယ့် သြင်္ကန်တွင်းမှာ ဒီလိုတွေပြုမူတာ ယဉ်ကျေးမှုကို ချိုးဖောက်နေတဲ့အရာလို့ မြင်တယ်။ လူကြီးပိုင်းတွေကနေ စေ့စပ်ဆော်သြမှု လုပ်ပေးနိုင်တာ တခုကတော့ ဒီယဉ်ကျေးမှုနဲ့ ဆန့်ကျင် နေတယ်၊ ယဉ်ကျေးမှုအမှန်က ဘာလဲဆိုတာမျိုး လူငယ်တွေကို ပြောပြနိုင်တာတခုရှိတယ်”

ဒီလို သြင်္ကန်တွင်းကာလ အမျိုးသမီးတွေအပေါ် ပစ်မှတ်ထားပြီး ကာအိန္ဒြေပျက်ပြားအောင် နှောက်ယှက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုတွေဟာ မွန်ပြည်နယ်တခုတည်းသာမက မြန်မာနိုင်ငံနဲ့အဝှမ်း နေရာတိုင်းမှာ အနည်းနဲ့အများ ဖြစ်ပျက်နေတဲ့ အစဉ်အလာတခုဖြစ်နေပါတယ်။ သြင်္ကန်ကာလအတွင်း မူးယစ်သောက်စားပြီး ရမ်းကားတာနဲ့ ဒီလိုနှောက်ယှက်မှုတွေဟာ မြန်မာ့ရိုးရာ အတာသြင်္ကန်ကို အမည်းစက်တွေ စွန်းထင်စေ ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ ယဉ်ကျေးမှုကို ပြသတဲ့အနေနဲ့ မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ လမ်းလျှောက်သြင်္ကန်အပေါ် လူတွေရဲ့ အာရုံစိုက်မှုအများအပြားရရှိခဲ့ပြီး အခုနှစ်မှာလည်း ရန်ကုန်မှာ ထို့နည်းတူ လမ်းလျှောက်သြင်္ကန်လုပ်ဖို့ ပြင်ဆင်မှုတွေကို တွေ့ရပါတယ်။

ရိုးရာသြင်္ကန်ကို အသရေပျက်စေတဲ့ အပြုအမူတွေလျော့နည်းအောင် တာဝန်ရှိသူတွေနဲ့ လူထုအခြေပြုအဖွဲ့ အစည်းတွေကနေ ပြင်ဆင်လုပ်ဆောင်မှုတွေ အနည်းအကျဉ်းရှိလာပေမယ့် တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ထိရောက်တဲ့ပညာပေးမှုတွေ လုပ်ဆောင်မှုကတော့ အခုချိန်ထိ နည်းပါးဆဲဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီး တွေ အတွက်တော့  သြင်္ကန်မဏ္ဍပ်တွေက အစဉ်အလာဖြစ်နေတဲ့ ကာအိန္ဒြေပျက်ပြားမှုဖြစ်စေတဲ့ အပြုအမူတွေ ဘယ်လောက်အထိ ဆက်ရှိနေဦးမလဲဆိုတာတော့ စိုးရိမ်စရာတခုဖြစ်နေဆဲပါ။

 

Related Articles