Home ဆောင်းပါး ဗိုလ်တထောင်က စနေမ

ဗိုလ်တထောင်က စနေမ

ခင်စုကြည်။              ။

နေဒါဏ်မိုးဒါဏ်ကြောင့် ပင်ကိုယ်ထက်ပိုပြီး မဲပြာနေတဲ့အသားအရေ၊ ပိန်ကပ်ကပ် ခန္ဓာကိုယ်နဲ့ အ သက် (၁၃)နှစ်အရွယ်ခန့်ရှိတဲ့ မိန်းကလေးငယ်တဦး…။ ပြီးတော့ သူမဟာ စနေနေ့မှာ မွေးဖွားခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်တခုနဲ့ မိဘတွေရဲ့စွန့်ပစ်မှုကို ခံခဲ့ရပြီး လမ်းပေါ်ရောက်မှန်းမသိ ရောက်လာရသူတဦးလည်း ဖြစ်တယ်။

“စနေမ”ဆိုတာကလည်း သူမနာမည်ရင်းမဟုတ်ပေမယ့် စနေနေ့မှာမွေးခဲ့လို့   ဆွေမျိုးတွေက ခေါ် ဝေါ်ကြတဲ့ နာမည်တခု….။

“မိုးတွင်းဆို သိပ်စိတ်ညစ်ဖို့ကောင်းတာ။ စင်ရော်တွေက မိုးတွင်းဆိုမလာဘူးလေ။ အဲဒီတော့ ပလုံပဲ ကောက်နေရတယ်။ ပလုံကောက်တာလဲ သိပ်မရပါဘူး။ (၄)ရက် (၅)ရက်တခါလောက်မှ ကောက်ထားတဲ့ဘူးခွံ တွေကို သွားရောင်းရတာ၊ အဲဒါတောင် (၁၅၀၀)၊ (၂၀၀၀) ကျပ်လောက်ပဲရတော့တာ” လို့ အဘွားဖြစ်သူက ခေါ်ယူစောင့်ရှောက်ထားလို့  ဗိုလ်တထောင်ကမ်းနားမှာ စင်ရော်စာရောင်းရင်း တနေ့စာဝမ်းရေးအတွက် ရုန်း ကန်နေရသူ “စနေမ”က ပြောပါတယ်။ ပလုံကောက်တယ်ဆိုတာကတော့ အမှိုက်ပုံတွေထဲနဲ့ လူအများ လွှင့်ပစ် ထားတဲ့ ဗူးခွံပုလင်းခွံတွေကို လိုက်ရှာကောက်ရတာကို ပြောတာပါ။

မြန်မာနိုင်ငံမှာ “စနေမ”လို လမ်းဘေးကလေးငယ်ပေါင်း (၂)သောင်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တခုထဲမှာတော့ (၈၀၀၀)မှ (၁၀၀၀၀)ကြားရှိတယ်လို့ ဆိုပါတယ်။

သူမလို မိဘရဲ့စွန့်ပစ်မှုကိုခံရပြီး လမ်းပေါ်ရောက်နေတဲ့ မိန်းကလေးငယ်တွေရှိသလို မိဘတွေကိုယ် တိုင်က ခြေသလုံးအိမ်တိုင်ဘဝမို့ သားသမီးတွေလည်း လမ်းဘေးမှာ ပလုံကောက်ရင်း လမ်းပေါ်မှာသာ ပျော် သလိုနေကြရတာဖြစ်ပါတယ်။

ဒါ့အပြင် မိသားစုရဲ့တာဝန်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ တယောက်ထဲထမ်းပိုးနေရလို့ အိမ်မှာ မပျော်တော့ ဘဲ ဆယ်ကျော်သက်မိန်းကလေးငယ်လေးတွေဟာ လမ်းပျော်ကလေးတွေ ဖြစ်လာကြတာတွေလည်းရှိပါတယ်။

ဗိုလ်တထောင်ကမ်းနားက ကလေးငယ်တွေဟာ ပလုံကောက်တာတွေ၊ စင်ရော်စာရောင်းတာတွေ၊ ကုန်ထမ်းတာ၊ တောင်းရမ်းတာတွေနဲ့ တနေ့စာထမင်းဖိုးအတွက် ဝမ်းစာရှာဖွေနေကြသူတွေဖြစ်ပါတယ်။

ဒီလို အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်ရောက်နေတဲ့ မိန်းကလေးတွေဟာ  လမ်းဘေးမှာနေ၊ လမ်း ဘေးမှာစား၊ လမ်းဘေးမှာအိပ်နေကြရတဲ့အတွက် လုံခြုံမှုကင်းမဲ့လှပါတယ်။

အရင်ကတော့ ဗိုလ်တထောင်ကမ်းနားက တံတားပေါ်မှာပဲ ညအိပ်လေ့ရှိကြပြီး နောက်ပိုင်းမှာတော့ အဲဒီမှာအိပ်ရင် လာရောက်ဖမ်းဆီးတာတွေရှိတာမို့ ညဘက်ဆို စက်လှေစီးပြီး တဖက်ကမ်းက တဲအိမ်တွေမှာ သွားရောက်အိပ်စက်ကြရပါတယ်။

တဲအိမ်ဆိုပေမယ့်လည်း ကျောတခင်းစာနေရာသာရှိတဲ့ တဲငယ်လေးတွေပါ။ အချို့တဲအိမ်တွေဆိုရင် အမိုးအကာအဖြစ် ကြော်ငြာဗီနိုင်းစတွေနဲ့ ဖုံးအုပ်ကာရံထားပြီး တချို့ကတော့ ဘေးနံရံအကာအကွယ် ဘာမှ မရှိပါဘူး။

တချို့ကတော့ သူတို့နေထိုင်နေရာလေးကို “ကျူး”လို့သတ်မှတ်ကြပါတယ်။

“အခု ကျူးတွေနေဖို့ နေရာတွေ သတ်မှတ်ပေးတယ်။ ဒါပေမယ့် အိမ်ဆောက်ဖို့ ပိုက်ဆံမရှိဘူး။ မိုး တွင်းမှာလည်း ဖြစ်သလိုတဲလေးနဲ့ နေလို့ရမှာမဟုတ်ဘူး။ အဲဒါကြောင့် ကျမအစ်မတို့လင်မယားအိမ်မှာ ခဏလာနေတာ”လို့ စနေမက သူမရဲ့အခက်အခဲကိုပြောပြတယ်။

အချို့အိမ်ခြေရာမဲ့ကလေးငယ်တွေ၊ မိဘမဲ့ကလေးငယ်တွေဟာ စနေမလို ဆွေမျိုးနဲ့ နီးစပ်ရာအိမ်တွေမှာ လိုက်နေကြရပါတယ်။ ဒီလို ဆွေမျိုးတွေ၊ နီးစပ်ရာ အိမ်နီးချင်းတွေနဲ့ အိမ်ခြေမဲ့တွေ အချင်းချင်း စုပေါင်းနေ ထိုင်တဲ့ အခါမှာတော့ သက်ငယ်မုဒိမ်းလို မလိုလားအပ်တဲ့ပြဿနာတွေနဲ့  ရင်ဆိုင်လာရပြန်ပါတယ်။

Photo: Junior Dream

“ဟိုနေ့ညကဆို (၆)နှစ်ပဲရှိသေးတဲ့ကောင်မလေးကို သူ့ဦးလေးက မုဒိမ်းကျင့်ဖို့လုပ်သေးတယ်။ ဘေးကလူ တွေ ရောက်လာလို့ တော်သေးတယ်။ သူ့ဦးလေးက အရက်တွေမူးနေတယ်လေ” လို့ စနေမက သူနဲ့အတူ ပလုံကောက်တဲ့ ကောင်မလေးတယောက်အကြောင်း ပြောပြတယ်။

လမ်းဘေးမိန်းကလေးငယ်များဟာ လူတွေရဲ့ အထင်အမြင်သေးမှုကိုခံရပြီး ဘဝတူ အရွယ်စုံ ယောက်ျားသား တွေရဲ့ အနိုင်ကျင့်အကြမ်းဖက်မှုတွေကိုလည်း နေ့တဓူဝကြုံတွေ့နေကြရပါတယ်။

“ဒီမှာက ချစ်လို့ကြိုက်လို့ ယူတယ်ဆိုတာ ရှားတယ်။ ဗိုက်ကြီးလာလို့ယူလိုက်ကြတာချည်းပဲ”

ဒါကတော့ စနေမရဲ့ မှတ်ချက်ပြုသံလေးပါ။

ဒီဝန်းကျင်မှာ မုဒိမ်းမှုဟာ ပြစ်မှုဖြစ်တယ်ဆိုတာတောင် နားမလည်၊ မသိရှိကြသလို တိုင်တန်းတာတွေလည်း မရှိပဲ တကယ်လို့ မိန်းကလေးငယ်မှာ ကိုယ်ဝန်ရှိလာပြီဆိုရင်တော့ အဲဒီမုဒိမ်းကျင့်တဲ့လူနဲ့ ပြန်လည်ပေါင်း သင်းနေထိုင်စေတဲ့ပုံစံနဲ့ အလွယ်တကူဖြေရှင်းနေကြတာပါ။

“သမီးသူငယ်ချင်းဆိုလည်း အခုအသက် (၁၂)နှစ်ပဲရှိသေးတယ်။ ကိုယ်ဝန်ရှိနေပြီ။ သူ့ယောကျ်ားက သူ့ထက် အသက်ကြီးတယ်။ အရင်မိန်းမနဲ့ကလေးလည်းရှိသေးတယ်။ အခုကိုယ်ဝန်ကြီးနဲ့လည်း သူတို့လင်မယားနှစ် ယောက်စလုံး အတူတူကော်ရှုနေကြတာပဲ”လို့ စနေမက သူ့သူငယ်ချင်းတယောက်အကြောင်းကို ပြောပြပါ တယ်။

လမ်းဘေးကလေးငယ်အများစု ကော်ရှုကြရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဆာလောင်မှုဒဏ်ကို ခုခံနိုင်ဖို့ အတွက်သာဖြစ်တယ်လို့ပြောကြပါတယ်။

မိန်းကလေးရော၊ ယောကျာ်းလေးရော၊ ကော်ရှုတဲ့အလေ့အထကို ပြုလုပ်လေ့ရှိကြပါတယ်။ အဲဒီအထဲမှာ အရွယ်မတိုင်မှီ ကိုယ်ဝန်ဆောင်နေရတဲ့ မိခင်များလည်း ပါဝင်နေပါတယ်။

မိခင်ကိုယ်တိုင် အဟာရလုံလောက်စွာ မစားသုံးရတဲ့အတွက် မွေးလာတဲ့ကလေးများမှာ အာဟာရချို့တဲ့မှုတွေ ရှိနေတဲ့အပြင် ဉာဏ်ရည်မပြည့်မီတဲ့ ကလေးငယ်များအဖြစ် မွေးဖွားလာကြသလို အချို့ကလေးတွေဆိုရင် အသက်မဲ့မွေးလာကြတာပါ။

ကလေးမိခင်များမှာ ဆယ်ကျော်အသက်အရွယ်များသာဖြစ်ပြီး အားလုံးနီးပါးဟာ စာမသင်နိုင်သူတွေ၊ ကျောင်း မတက်နိုင်သူတွေ၊ ဗဟုသုတမရှာဖွေနိုင်သူတွေဖြစ်ကြလို့ ကျန်းမာရေးအသိပညာ၊ လိင်ပိုင်းဆိုင်ရာအသိပညာ နဲ့ သားဆက်ခြားအသိပညာတွေကို မရရှိကြပါဘူး။

ဒါကြောင့် နောက်ဆက်တွဲပြဿနာအဖြစ် ကိုယ်ဝန်ရလာတဲ့အခါ မိခင်မကျန်းမာတာတွေ၊ ကလေးမဖွံ့ဖြိုးတာ တွေ  ရှိနေကြပါတယ်။

မြန်မာနိုင်ငံမှာ ကလေးမွေးဖွားသေဆုံးမှုနှုန်း (၁၀၀၀)ဦးမှာ(၅၀)ယောက်ရှိနေပြီး အာဟာရချို့တဲ့ပုညှပ်ဝေဒနာ ကို ခံစားနေရတဲ့ကလေးဦးရေနှုန်း (၉၂.၂) ရာခိုင်နှုန်းရှိတယ်လို့  Save the Children ရဲ့ စစ်တမ်းတခုအရ သိရ ပါတယ်။

“သူတို့အတွက် အဓိကလိုတာက သားဆက်ခြားနည်းပညာတွေကို သင်ပေးဖို့ပဲ။ သူတို့က ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျတယ်။ ကလေးတွေ တယောက်ပြီးတယောက်မွေးတယ်။ ဒါပေမယ့် သူတို့မှာ ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့လိုအပ်တဲ့ အသိပညာအထောက်အပံ့တွေ ရှိမနေဘူး။ မွေးလာသမျှ ကလေးတွေလည်း လမ်းဘေးရောက်ပြီး တောင်းစားကြရတယ်။ ကလေးအများစုက အဟာရမပြည့်ဝကြဘူး။ ကလေးရော မိခင်ရောပေါ့။ အဲဒါတွေကို အဓိကလုပ်ဆောင်ပေးဖို့လိုနေတယ်” လို့ လမ်းဘေးကလေးငယ်တွေကို ကူညီ စောင့်ရှောက်နေတဲ့ လမ်းကလေးငယ်များစောင့်ရှောက်ရေးအဖွဲ့အစည်းတခုဖြစ်တဲ့ Junior Dream အဖွဲ့ တည်ထောင်သူ မဣန္ဒြေနေနွယ်က ပြောပါတယ်။

ဆယ်ကျော်သက်အရွယ် အသက်(၁၅)နှစ်က (၁၉)နှစ်အထိ ကိုယ်ဝန်ဆောင်တာဟာ အရွယ်မတိုင်ခင် ကိုယ် ဝန်ဆောင်ခြင်းဖြစ်လို့ အန္တရာယ်ရှိတယ်ဆိုတာ သူတို့မသိရှိကြပါဘူး။ (၁၅)နှစ်ထက်တောင် ငယ်သေးတဲ့ အသက်(၁၂)နှစ်လောက်နဲ့ ကိုယ်ဝန်ဆောင်နေကြတာပါ။

အသက်(၂၀)မပြည့်မီ မိန်းကလေးငယ်တွေအနေနဲ့ သားဖွားခြင်းကြောင့် သေဆုံးမှုနှုန်းဟာ အမြင့်ဆုံးဖြစ်နေ တယ်လို့ UNICIFF ရဲ့ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

Photo: Junior Dream

မြန်မာနိုင်ငံက လမ်းဘေးမိန်းကလေးငယ်အများစုဟာ အပျိုဖော်ဝင်ပြီဆိုတာနဲ့ ကိုယ်ဝန်ရှိလာကြပြီး ကလေး အဖေအများစုဟာ အရက်သောက်လိုက်၊ ကော်ရှုလိုက်နဲ့ အပူပင်ကင်းစွာ နေထိုင်တတ်ကြတဲ့အပြင် တာဝန်ယူ မှုတွေလည်း မရှိကြတာကြောင့် ဒီမိန်းကလေးငယ်များဟာ ကလေးငယ်တဖက်နဲ့ မိသားစုတာဝန်ကို တယောက်တည်းသာ ဖြေရှင်းနေကြရပါတယ်။

ဒါကြောင့်လည်း သူတို့တွေဟာ ဆယ်ကျော်သက်အရွယ်မှာပဲ ကလေးတွဲလောင်းနဲ့ ကလေးမိခင်ဘဝရောက်ပြီး လိုက်လံတောင်းရမ်းစားသောက်နေကြရတာပါ။

ယောက်ျားက နှိပ်စက်လို့ ရှောင်တိမ်းနေရတဲ့ ကလေးနဲ့မိခင်တွေရှိသလို ယောကျ်ားက နောက်မိန်းမယူပြီး ထားခဲ့လို့ ကလေးငယ်ကို တယောက်တည်း ပြုစုစောင့်ရှောက်နေရသူတွေလည်း ရှိကြပါတယ်။

ဒီလိုအခြေအနေတွေကြောင့် လမ်းပျော်ကလေးတို့နေထိုင်ရာ ရန်ကုန်တဖက်ကမ်း၊ ဒလမြို့နယ်အတွင်းမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့အသိပညာပေးမှုတွေ၊ အမျိုးသမီးနဲ့ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက် မှုတွေ လိင်ပိုင်းဆိုင်ရာ ပညာပေးမှုတွေ၊ သားဆက်ခြားပညာပေးမှုတွေ အများကြီးလိုအပ်နေပါတယ်။

“မိန်းကလေးငယ်တွေအတွက် လစဉ်သုံးပစ္စည်းတွေ သွားပေးတဲ့အခါမှာ သူတို့သုံးတတ်ပေမယ့် ဝယ်သုံးဖို့ ပိုက်ဆံမရှိကြဘူး။ အဲဒီတော့ အဝတ်စအဟောင်းတွေကို သုံးနေရတယ်။ အဝတ်ဟောင်းတွေကလည်း မသန့်တော့ ယားနာတွေဖြစ်ကြတယ်။ နောက်ဆက်တွဲ အမျိုးသမီးနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်လာကြတယ်။ ဒါတွေကို သူတို့မသိကြဘူး။ နောက်အရေးပေါ် လိုအပ်နေတာက တားဆေးတွေ ထိုးပေးဖို့၊ သားဆက်ခြား နည်းလမ်းတွေ အသုံးပြုပေးဖို့၊ သူတို့မှာ ပထမကလေးတယောက်ရပြီး ဘာမှမကြာသေးဘူး။ နောက်ထပ် ကလေးတွေ ထပ်မွေးကြတယ်။ ကလေးယူဖို့ အစီစဉ်မရှိပေမယ့် ကိုယ်ဝန်ရလာတော့လည်း ယူလိုက်ကြရတာ ပဲ ”လို့ မဣန္ဒြေနေနွယ်က ဆက်ပြောပြတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ လမ်းဘေးကလေးငယ်တွေ ပြုစုပျိုးထောင်ဖို့ သင်တန်းကျောင်းတွေကို စီစဉ်ပေးနေ ပေမယ့်လည်း မိဘရှိတဲ့ကလေးတွေကို မိဘတွေဆီသာ ပြန်လည်ပို့ဆောင်နေကြတာမို့ မိဘများကိုယ်တိုင်က အိမ်ခြေမဲ့တွေဖြစ်တဲ့အတွက် အဲဒီကလေးငယ်အများစုဟာ လမ်းပေါ်ကိုသာ ပြန်လည်ရောက်ရှိလာကြတာဖြစ် ပါတယ်။

“ဒီမှာက မိန်းကလေးတွေရှိတယ်။ အသက် (၁၁)၊ (၁၂)နှစ်လောက်ဆို ယောက်ျားရသွားကြတယ်။ ကလေးတွေ မွေးကြတယ်။ သူတို့အတွက် ဘာမှမထူးဆန်းဘူး”

အိမ်ခြေမဲ့မိဘများကလည်း သူတို့ကလေးတွေကို  ကျောင်းထားပေးချင်ကြသလို ပညာတတ်တွေ ဖြစ်စေချင် ကြပါတယ်။ ဒါပေမယ့်  မျှော်လင့်ထားသလို ဖြစ်မလာတော့ မွေးလာတဲ့ကလေးငယ်တွေလည်း မိဘတွေလို လေလွှင့်လမ်းပျော်ဘဝသာ ရောက်ရှိလာပြီး မြန်မာနိုင်ငံရဲ့လမ်းဘေးလေလွှင့်ကလေးဦးရေဟာ တိုးပွားသ ထက် တိုးပွားလာနေတာတာကို ဗိုလ်တထောင်ကမ်းနားက ပလုံကောက်နေတဲ့ အသက်(၁၃)နှစ်အရွယ် “စနေမ”ရဲ့ စကားက သက်သေထူလို့ နေပါတော့တယ်။

Related Articles