Home ဆောင်းပါး အခုချိန်မှာ လူထုရဲ့ဦးဆောင်မှုဟာ အရေးကြီးတယ်ဆိုတဲ့ ကရင်နီတော်လှန်ရေးခေါင်းဆောင်နော်ဒေးဒေးဖော

အခုချိန်မှာ လူထုရဲ့ဦးဆောင်မှုဟာ အရေးကြီးတယ်ဆိုတဲ့ ကရင်နီတော်လှန်ရေးခေါင်းဆောင်နော်ဒေးဒေးဖော

 

 ခင်စုကြည်။           ။

“တော်လှန်ရေးဆိုတာ ဆင်းရဲတယ်။ ကြမ်းတမ်းတယ်။ ဒါပေမယ့် နိုင်ငံရေးလုပ်ချင်တဲ့ စိတ်တခုတည်း နဲ့ တောခိုခဲ့တာပါ”

ဒီလိုတဖွဖွပြောလေ့ရှိတဲ့ ကယား(ကရင်နီ)ပြည်နယ်ရဲ့ ရှားရှားပါးပါး တော်လှန်ရေး ရဲဘော် အမျိုးသမီး တဦးရှိပါတယ်။

သူမကတော့ နှစ်ပေါင်း(၄၀)ကျော် တော်လှန်ရေးခရီးကို ဖြတ်သန်းခဲ့ပြီး အခုချိန်မှာ အသက်(၆၄)နှစ်ရှိ ပြီဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် နော်ဒေးဒေးဖောပါ။

ဆံပင်တွေဖြူဖွေးနေပြီး ပိန်ပါးတဲ့ခန္ဓာကိုယ်နဲ့ အခုအရွယ်အထိ သွက်သွက်လက်လက်လှုပ်ရှားသွား လာတတ်သူ၊  ပွင့်ပွင့်လင်းလင်းစကားပြောဆိုတတ်သူ၊ သူမဟာ အသက်(၂၀)ကျော်အရွယ်ကတည်းက လက် နက်ကိုင်တော်လှန်ရေးလုပ်ဖို့ တောခိုသွားခဲ့သူဖြစ်ပါတယ်။ အစိုးရအလုပ်၊ ဝန်ထမ်းအလုပ်တွေကို စိတ်မဝင်စား ခဲ့တဲ့သူမဟာ အမျိုးသမီးငယ်တဦးအဖြစ်နဲ့ အစဉ်အလာတွေကို ဆန့်ကျင်ပြီး ခက်ခဲပင်ပန်းတဲ့ တော်လှန်ရေး ခရီးကြမ်းထဲကို ခြေစုံပစ်ဝင်ရောက်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။

မွေးရပ်ဇာတိဖြစ်တဲ့ ကယားပြည်နယ်၊ ဒီမောဆိုးမြို့ကို စွန့်ခွာကာ တောတောင်အထပ်ထပ်ကို ကျော် ဖြတ်၊ မြစ်ချောင်းတွေကို ကူးခတ်ခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးထဲမှာ ကျောင်းဆရာမအဖြစ်တမျိုး၊ သူနာပြု ဆရာမအဖြစ်တဖုံ၊ ကျရာတာဝန်ကို ကျေပြွန်အောင်ထမ်းဆောင်ရင်း ကရင်နီအမျိုးသားတွေရဲ့တော်လှန်ရေးကို ထမ်းပိုးခဲ့သူပါ။

အသက်(၂၀)ကျော်မိန်းကလေးငယ်အရွယ်မှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ရပြီး တောထဲ တောင်ထဲမှာ အစားအသောက်၊ အနေအထိုင်၊ ဆင်းရဲခဲ့ရတဲ့အပြင် ငှက်ဖျားရောဂါဝေဒနာကိုလည်း (၃)နှစ် ကျော်ကြာအောင် ခံစားခဲ့ရပါတယ်။

“ရေဆိုလည်း ဟိုးအဝေးကြီး ဆင်းခပ်ရတယ်။ ယောကျာ်းတွေကျ ပုံးနဲ့ရွက်ပြီးခပ်ကြတယ်။ ကိုယ်တွေ ကျတော့ ပုံးနဲ့မရွက်တတ်တော့ ပလိုင်းနဲ့လွယ်တာပေါ့။ ဝါးမော့တွေနဲ့လေ။ ဝါးမော့တွေလည်းကွဲ၊ တကိုယ်လုံး လည်း ရေတွေရွဲပေါ့။ နောက်ငှက်ဖျားလည်း ခဏခဏမိတယ်။ ဟင်းဆိုရင်လည်း နေ့တိုင်းဘာချက်စားရသလဲ ဆိုတော့ အခုလိုချိန်မှာဆို မျှစ်၊ ချဉ်ပေါင်ရွက်၊ နောက်ပြီး တောငှက်ပျောတမျိုးရှိတယ်။ အဲဒါတွေပဲ စားရတယ်။ ဘယ်လိုအာဟာရရှိမလဲ။ ပိန်ပြီးတော့ အသားဆိုလည်း မဲတူးခြောက်ကပ်သွားတာပဲ” လို့ တောထဲက ဖြတ် သန်းခဲ့ရတဲ့ ဘဝတစေ့တစောင်းကို ပြောပြပါတယ်။

အဲဒီနောက်မှာ ဘဝတူနိုင်ငံရေးခံယူချက်မြင့်မားသူ KNPP ပါတီဝင်ရဲဘော်တဦးနဲ့ အိမ်ထောင်ကျခဲ့ပြီး အိမ်ထောင်သည်ဘဝရောက်တဲ့အခါမှာတော့ သူမရဲ့နိုင်ငံရေးစိတ်ဓာတ်ဆိုတာတွေလည်း  ပျောက်ကွယ်သွားခဲ့ ရတယ်လို့ ဆိုပါတယ်။

“တော်လှန်ရေးမှာဆိုပေမယ့် အဲဒီတုန်းက မိန်းကလေးဆိုတာက အိမ်ထောင်ပြုသားမွေး၊ မီးဖိုချောင်အ လုပ်လုပ်၊ ဒါနဲ့ပဲအချိန်ကုန်ရတယ်။ ခင်ပွန်းက ခေါင်းဆောင်ဖြစ်ပြီ၊ ရဲဘော်ဖြစ်ပြီဆိုရင် အမျိုးသမီးက အလိုလို အိမ်ထောင်ကို ထိန်းရတော့တာ။ အရင်ကရှိခဲ့တဲ့ နိုင်ငံရေးစိတ်ဓာတ်တွေ၊ တော်လှန်ရေးစိတ်ဓာတ်တွေလည်း ဘယ်ရောက်လို့ ဘယ်ပျောက်သွားမှန်းတောင် မသိတော့ဘူး” လို့ ရယ်ရယ်မောမောနဲ့ သူမရဲ့အတိတ် အ ကြောင်းကို ပြန်ပြောပါတယ်။

နောက်ပိုင်းမှာ ခင်ပွန်းသည်ဟာ KNPP ရဲ့အကြီးတန်းခေါင်းဆောင်တဦးလည်းဖြစ်လာတာကြောင့် သူမ ဟာ ခင်ပွန်းသည်ရဲ့နောက်ကွယ်က ကူညီပံ့ပိုးသူအဖြစ်သာ ဆက်လက်ရပ်တည်ခဲ့ပါတယ်။ လူမှုအသိုင်းအဝိုင်း က လက်ခံထားကြတဲ့အတိုင်း အိမ်ထောင်ကျတဲ့အခါမှာတော့ ကလေးတဖက်၊ အိမ်ထောင်မှုကိစ္စတွေတဖက်နဲ့ နိုင်ငံရေးလောကနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ရပါတော့တယ်။

မနက်စောစော ခင်ပွန်းဖြစ်သူက ရေနွေးကြမ်းတအိုးနဲ့ ရေဒီယိုသတင်းနားထောင်ချိန်မှာ အိမ်ရှင်မဖြစ် တဲ့ သူမကတော့ တောထဲသွားထင်းရှာ၊ ခြံထဲမှာဟင်းသီးဟင်းရွက်တွေ စိုက်ပျိုး၊  ကြက်ဝက်တွေ အစာကျွေး၊ စတဲ့အလုပ်တွေနဲ့သာ အချိန်ကုန်ခဲ့ရပါတယ်။ ခင်ပွန်းဖြစ်သူ အစည်းအဝေးသွားဖို့ ပြင်ဆင်နေချိန်မှာလည်း သူမကတော့ ကလေးတဖက်ကြည့်ရင်း အိမ်အလုပ်တွေနဲ့သာ နှစ်ပေါင်းများစွာ အိမ်ထောင်တခုအတွက် ဖြတ် သန်းခဲ့ရတာပါ။

“ကြာလာတော့ ကိုယ်ကဘာမှမသိတော့ဘူး။ အိမ်မှာပဲ ကလေးထိန်း၊ ဝက်မွေးကြက်မွေး၊ အဲဒါနဲ့ပဲပြီး တယ်လေ။ ရေဒီယိုလည်း နားမထောင်အား၊ စာဖတ်ဖို့လည်းမအား၊ မှန်တောင်မှ မကြည့်အားပါဘူး။ တကယ် ပါ။ အဲဒီအချိန်မှာ ကိုယ့်မျက်နှာဟာ ဘယ်လိုဖြစ်နေမှန်းတောင် မသိပါဘူး” လို့ သူမက မျက်နှာကို လက်ဖဝါးနဲ့ အသာအယာပွတ်သပ်ရင်း ပြောပါတယ်။

သူမမှာ သားသမီး(၅)ယောက်ထွန်းကားခဲ့ပြီး တောထဲမှာနေစဉ်က ကိုယ်ဝန်ဆောင်မိခင်တယောက် အနေနဲ့ အနေအစားဆင်းရဲပြီး ပင်ပင်ပန်းပန်းတောင်ယာခုတ်ခြံလုပ်ရတာတွေ၊ အာဟာရမပြည့်ဝခဲ့တာတွေ ကြောင့် မိခင်ရော ကလေးတွေပါ ရှင်သန်အောင် မနည်းရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

“ကလေးမွေးတဲ့အချိန်မှာလည်း အခက်အခဲရှိတယ်။ တောမှာပဲမွေးရတယ်။ ဆေးမှူးတော့ရှိတယ်။ ပထမက လေးနဲ့ ဒုတိယကလေးမှာ ကောင်းကောင်းမွေးနိုင်ပေမယ့် တတိယကလေးကျတော့ ဘယ်လိုဖြစ်လဲ မသိဘူး။ အင်အားလည်း မရှိတော့ဘူးလေ။ ကလေးမွေးပြီး မူးလဲတာပဲ။ မူးလဲပြီး တစ်လလုံးဖျားတယ်။ ခေါင်းဆိုရင် ကျောက်ခဲနဲ့ထုထားသလိုပဲ။ ကလေးလည်း နို့မတိုက်ရ။ ကလေးကို တိုက်ဖို့ နို့မှုန့်လည်း မဝယ်နိုင်ဘူးလေ။ နို့ဆီစိမ်းတိုက်တော့လည်း ကလေးကဝမ်းလျှော။ တအားခက်ခဲတာပေါ့။ ဆေးရုံသွားရတာလဲ ဒုက္ခရောက် တယ်။ ကားလမ်းမရှိဘူး။ ခြေလျင်ပဲ သွားရတာဆိုတော့လေ”

ခင်ပွန်းသည်ဟာ ၂၀၁၁ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ သူမဟာ KNPP ရဲ့ ဗဟို ကော်မတီဝင်တဦးအဖြစ်နဲ့ နိုင်ငံရေးလောကထဲကို ပြန်လည်ဝင်ရောက်လာနိုင်ခဲ့ပါတယ်။

KNPP ပါတီရွေးကောက်ပွဲသက်တမ်းတလျှောက် ပြောရေးဆိုခွင့်ရှိသူ ခေါင်းဆောင်ပိုင်းမှာ တဦးတည်း သော ဗဟိုကော်မတီဝင် အမျိုးသမီးလည်းဖြစ်ခဲ့ပြီး အခုချိန်မှာတော့ ဗဟိုကော်မတီထဲမှာ သူမအပါအဝင် အမျိုး သမီး (၄)ဦးအထိ တိုးတက်ပါဝင်လာပါပြီ။

ဒီနှစ်မှာကျင်းပခဲ့တဲ့ ပါတီရွေးကောက်ပွဲမှာတော့ ဝင်ရောက်ရွေးချယ် မခံခဲ့ပေမယ့် ပါတီရဲ့မူဝါဒနဲ့ တော် လှန်ရေးသက်တမ်း ပြည့်မှီတာကြောင့် အမြဲတမ်းဗဟိုကော်မတီဖြစ်လာခဲ့ပြီး အခုချိန်မှာတော့ ကယား(ကရင်နီ) ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း ပါဝင်လာခဲ့ပါတယ်။

အသက်(၅၀)ကျော်မှ နိုင်ငံရေးလောကထဲကို ပြန်လည်ဝင်ရောက်ခဲ့တာကြောင့် သူမမှာ အခက်အခဲ တွေလည်း ရှိနေပါတယ်။ အဲဒါကတော့ လက်ရှိသွားနေတဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ပြန်လည်လေ့ လာနေရပြီး စာတွေဖတ်၊ သတင်းတွေပြန်နားထောင်၊ အစည်းအဝေးတွေကို မပြတ်သွားရောက်ပြီး တခြားသူ တွေထက် အများကြီးပိုကြိုးစား အားစိုက်နေရတာပါ။

“ကလေးတွေကြီးလာမှ ကိုယ်ကပြန်ဝင်လာရတော့ တအားနောက်ကျနေပြီ။ အခုဆို လေ့လာမှုအားက မရှိတော့ဘူး။ မှတ်ဉာဏ်ကလည်း မရှိတော့ဘူးလေ။ စာဖတ်တယ်ဆိုရင် အခုဖတ်တယ်၊ နားလည်တယ်။ ခဏ နေဆို မေ့ပြန်ပြီ။ ဦးနှောက်က တအားချို့ယွင်းသွားပြီ။ အကြောင်းအရာကို မမေ့တောင်မှ ခုနှစ်သက္ကရာဇ်တို့၊ လူနာမည်တို့ဆို မေ့သွားပြီ” လို့ သူမက ခေါင်းပေါ်က ဆံပင်ဖြူဖြူတွေကို အသာအယာဖွရင်း ပြောပြတယ်။

နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ၂၁ ပင်လုံညီလာခံမှာလည်း KNPP ရဲ့ကိုယ်စားလှယ်အဖွဲ့ ဝင်တယောက်အနေနဲ့ တက်ရောက်ခဲ့ရသလို ၂၀၁၂ ခုနှစ်၊ အစိုးရနဲ့ KNPP ရဲ့ ပဏာမပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ထိုးပွဲမှာလည်း ပါတီထဲက အမျိုးသားတွေနဲ့ တန်းတူပါဝင်တက်ရောက် ခဲ့သူတဦးလည်းဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့လုပ်နိုင်မှု၊ အစွမ်းအစကို အသိမှတ်ပြုသူ နည်းပါးလှပါတယ်။ အစည်းအဝေးတွေမှာ ဆိုရင်လည်း အမျိုးသမီးတွေကို ပြောဆိုခွင့် မပေးထားပေမယ့် သူမကတော့ ကိုယ်ယုံကြည်ချက်အတိုင်း ကိုယ့် လူမျိုးအတွက်ဆို ပြောကိုပြောရမယ်၊ လုပ်ကိုလုပ်ရမယ်ဆိုတဲ့စိတ်ဓာတ်အမြဲထားရှိသူပါ။

ဒါကြောင့် နောက်ပိုင်းမှာ အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေမှာ၊ ဝင်ရောက်ဆွေးနွေးခွင့်တွေ ရရှိလာ ပြီး ကိုယ်ပြောတာကို လက်ခံလာကြတယ်လို့ သူမက ပြောပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲတွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဝင်ရောက်ဆွေးနွေးပေမယ့်လည်း အမျိုးသမီး တယောက်ဖြစ်တာမို့ မှတ်တမ်းတင်အသိမှတ်ပြုတာတော့ မခံရဘူးလို့ ဝမ်းနည်းစွာနဲ့ ရင်ဖွင့်ပါသေးတယ်။

“ကိုယ်ပြောရင် သူများတွေက ဗီဒီယိုရိုက်တယ်။ ဓာတ်ပုံရိုက်တယ်။ ဒါပေမယ့် သတိထားမိတာက အမျိုးသားတွေဆိုရင် နိုင်ငံရေးလုပ်တဲ့သူ၊ ပြောနိုင်ဆိုနိုင်တဲ့သူဆိုပြီး သတင်းထဲမှာ သူတို့ဓာတ်ပုံတွေ အမြဲပါ တယ်။ ငါလည်း ဒီပွဲမှာစကားပြောတာပဲ ငါ့ပုံကျတော့ မပါဘူးဆိုပြီးတော့ သတိပြုမိလာတာ။ ဂုဏ်ယူချင်လို့ တော့ မဟုတ်ပါဘူး။ နည်းနည်းတော့တွေးမိတာပေါ့နော်။ ဖေ့စ်ဘုတ်ပေါ်တင်တာက အစပေါ့လေ”

အမျိုးသားအများစုသာ နေရာယူထားကြတဲ့ နိုင်ငံရေးလောကမှာ အမျိုးသမီးတွေအတွက် စိန်ခေါ်မှုတွေ အများကြီးရှိနေပြီး အဲဒီထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားနေတဲ့ အမျိုးသမီးခေါင်းဆောင်တွေရဲ့ ပုံရိပ်တွေကို ချန် လှပ်ထားခြင်းခံရတာလည်း အဓိကကျတဲ့စိန်ခေါ်မှုကြီးတခုပါ။

ဒါကြောင့် မျိုးဆက်သစ်အမျိုးသမီးငယ်တွေအတွက် အမျိုးသမီးခေါင်းဆောင်တွေရဲ့ အဖြစ်အပျက်တွေ၊ အတွေ့အကြုံတွေ၊  စံနမူနာထားပြီး အတုယူနိုင်ဖို့အတွက် မရှိသလောက် နည်းပါးသွားပါတယ်။

နော်ဒေးဒေးဖောက ဖုန်းထဲမှာသိမ်းထားတဲ့ သူမပါဝင်တဲ့ အခမ်းအနားတွေ၊ အစည်းအဝေးတွေက ဓာတ်ပုံလေး နည်းနည်းကိုပြရင်း “ကိုယ်တို့အမျိုးသမီးတွေကျတော့ ဘယ်လောက်ပဲလုပ်လုပ် အလေးပေးမခံရ ဘူး။ အဲဒီလိုခံစားချက်မျိုးတော့ ဖြစ်မိတာပေါ့။ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ချင်ပါဘူး။ လူ့အသိုင်းအဝိုင်း မှာက အဲဒီလိုတွေဖြစ်နေခဲ့တာဆိုတော့ အမျိုးသမီးတွေကို များများလုပ်စေချင်တယ်။ ကိုယ်ကတော့ လက် တွေ့လုပ်ပြခဲ့တာပဲ။ ဒါပေမယ့် သူတို့တွေ့ရတာမဟုတ်တော့ အသိအမှတ်ပြုမှုတွေလည်း ရှိချင်မှရှိမှာပေါ့” လို့ ပြောပါတယ်။

တောခိုစဉ်တုန်းက ထိုးစစ်ဆင်မှုတွေရှိတာကြောင့် ကရင်နီပြည်ကို စွန့်ခွာကာ ထိုင်းမြန်မာနယ်စပ်မှာ နေထိုင်ခဲ့ရပါတယ်။ ထိုးစစ်ဆင်မှုတွေက ရပ်တန့်မသွားပဲ နယ်စပ်အထိရောက်ရှိလာတာကြောင့် နောက်ဆုံး ထိုင်းရွာတွေထဲမှာ ဝင်ရောက်နေထိုင်ခဲ့ရပြန်ပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်စဉ်တုန်းက ၂၀၀၇ ခုနှစ်မှာ ထိုင်းလူထုအုံကြွမှုတွေ ဖြစ်ခဲ့ရပြီး ပဋိပက္ခကို ဖြေရှင်း နိုင်ဖို့အတွက် နော်ဒေးဒေးဟာ နယ်စပ်က ထိုင်းရွာလေးမှာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့ရပါသေးတယ်။ အဲဒီနောက်မှာတော့ ထိုင်းအာဏာပိုင်တွေရဲ့ လေးစားမှုကို ရရှိခဲ့လို့ သူအုပ်ချုပ်ခဲ့တဲ့ သက်တမ်းအတွင်းမှာ ကရင်နီပြည်သူတွေအပေါ် ထိုင်းအာဏာပိုင်တွေရဲ့ ဆက်ဆံမှုကလည်း သိသိသာသာ ပြောင်းလဲသွားခဲ့တယ် လို့ဆိုပါတယ်။

အခုလက်ရှိအစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်နေပေမယ့်လည်း မြန်မာနိုင်ငံရဲ့ တချို့နေရာတွေမှာ တိုင်းရင်းသားတွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် ငြိမ်း ချမ်းရေးရဖို့ဆိုတာ ကြာလိမ့်ဦးမယ်လို့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး သူ့အမြင်ကိုလည်း ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်နေရတဲ့ အခုလိုအချိန်ဟာ လူထုရဲ့ဦးဆောင်ပါဝင်မှု ကလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိတယ်လို့ခံယူထားသူပါ။ ဒါနဲ့ပတ်သက်လို့ သူမက ဥပမာလေးတခု လည်း ပြောပြပါသေးတယ်။

 “အရင်တလလောက်ကပဲ KNPP တပ်ကနေပြီးတော့ နေဖို့နေရာလာလုပ်တော့ အစိုးရတပ်က သ ဘောမတူဘူးပေါ့။ မကြိုက်ဘူးပေါ့။ ပစ်ကြဖို့ တကဲကဲလုပ်နေတော့ လူထုကနေ ဝင်ပြီးတော့တားရတယ်။ ကဲ KNPP လည်းလာမနေနဲ့။ အစိုးရတပ်လည်း လာမစွဲနဲ့။ ဒါလူထုမြေ။ လူထုစိုက်ပျိုးစားဖို့မြေပဲထားလိုက်။ နှစ် ရှည်ပင်ပဲစိုက်စိုက်၊ ဘာပဲစိုက်စိုက်ဆိုပြီး လူထုက ကြားဝင်ပြောတော့ KNPP လည်း နောက်ဆုတ်တယ်။ တပ် မတော်ကလည်း ဘာမှမပြောတော့ဘူး။ အဲဒီလိုမျိုး သာဓကတွေရှိတယ်။ အဲ့ဒါကြောင့် လူထုကလည်း ပဋိပက္ခကို တားဆီးနိုင်တယ်။ ငြိမ်းချမ်းရေးအတွက် လုပ်နိုင်တယ်။ လူထုက ပြန်ဦးဆောင်ဖို့လိုတယ်။ စစ်တပ်နဲ့ စစ်သားတွေကတော့ ထိပ်တိုက်တွေ့ပြီဆို ပစ်မှာပဲ။ ဒါပေမယ့်လို့ လူထုအားနဲ့ ဖြန်ဖြေစရာရှိလည်း ဖြန်ဖြေပေး ရမယ်။ တွန်းစရာရှိ တွန်းရမှာပဲ”

အခုတော့ မြေး(၃)ယောက်ရနေပြီဖြစ်တဲ့ နော်ဒေးဒေးဖောဟာ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်း နေထိုင်လို့ရပေမယ့် သားသမီးတွေအိမ်မှာ လိုက်မနေပဲ ကိုယ့်ခြံကိုယ့်ဝန်းနဲ့ တကိုယ်တည်း သီးသန့်နေထိုင်ရ တာကို ပိုသဘောကျတယ်လို့ဆိုပါတယ်။ အသက်ကြီးလာတဲ့သူ့အတွက် ကျန်းမာရေးဝေယျာဝစ္စတွေနဲ့ သား သမီးတွေကို တာဝန်မပိုစေချင်တာကြောင့်ပဲဖြစ်ပါတယ်။ ပါတီအလုပ်တဖက်နဲ့ သူ့အတွက်ကတော့ ရုံးဟာ သူမ ရဲ့ ဒုတိယအိမ်လို့ဆိုပါတယ်။

ကရင်နီပြည်နယ်၊ ငြိမ်းချမ်းရေးအတွက် ဆက်လက်တာဝန်ထမ်းဆောင်ဖို့ အသက်အရွယ်အရ ရှေ့ကို ထွက်ကာ ဦးဆောင်ဦးရွက်မပြုနိုင်တော့ပေမယ့် သူမဟာ နောက်ကွယ်ကနေပံ့ပိုးသူအဖြစ် အမြဲရပ်တည်နေ မယ်လို့ ကတိပြုထားပါတယ်။

ပါတီမှာ အမျိုးသမီးအင်အားနည်းတာကို အားမလိုအားမရဖြစ်နေတဲ့ သူမဟာ အနာဂတ်မျိုးဆက်သစ် လူငယ်တွေအတွက် အားပေးစကားပြောရင်း ငြိမ်းချမ်းရေးအတွက် လူထုက ဦးဆောင်ပါဝင်ရမယ်ဆိုတဲ့နေရာ မှာ အမျိုးသမီးထုတွေလည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ရမယ့်လို့ တိုက်တွန်းစကားဆိုထားပါတယ်။

“အမျိုးသမီးတွေမှာ ကိုယ့်ကိုယ်ပိုင်အစွမ်းဆိုတာရှိတယ်။ အဲ့ဒါကိုထုတ်ကြလို့ပြောချင်တယ်။ ဘယ်သူမှ တော့ ကိုယ့်ကိုမချီးကျူးဘူး။ ဘယ်သူမှလည်း အသိမှတ်မပြုဘူး။ ဘယ်သူမှလည်း အခွင့်အရေးလာပေးမှာ မဟုတ်ဘူး။ အမျိုးသမီးတွေမှာ ကိုယ့်ကိုကိုယ် လုပ်နိုင်တယ်ဆိုတဲ့ခံယူချက်ရှိဖို့ပဲလိုတယ်”

 

Related Articles