Home ဆောင်းပါး သက်ငယ်မုဒိမ်းမှုအတွက် ဘယ်လိုအဖြေရှာကြမလဲ

သက်ငယ်မုဒိမ်းမှုအတွက် ဘယ်လိုအဖြေရှာကြမလဲ

Photo Credit: https://hindi.news18.com

သွေး (စစ်ကိုင်း)။          ။

“သမီးလေး မွေးထားတာ…၊ အခုတော့ ရင်ကျိုးရတာပါပဲ။ သမီးလေးက အခုမှ(၄)နှစ်ပဲ ရှိသေးတာကို… ရက်ရက်စက်စက် လုပ်ရက်တယ်..၊ ကိုယ့်မှာတော့ သမီးလေးများ ပြန်လာမလား မျှော်နေမိတာ။ ဒီလို မုဒိမ်းကောင်ကို တသက်တကျွန်း ပြစ် ဒဏ်ချလည်း မကျေနပ်နိုင်ဘူး”

“စဉ်းစားကြည့်လေ…၊ ကျွန်မက အပြင်ထွက်ဈေးရောင်းနေရတာ…၊ မိသားစု စားဖို့ သောက်ဖို့ ပိုက်ဆံရှာနေရတာ။ အဖေ အရင်းခေါက်ခေါက်က ကျွန်မသမီးလေးကို မတရားကျင့်လိမ့်မယ်လို့ ဘယ်ထင်မှာလဲ။ ကိုယ်ဝန်ရှိမသွားတာ ကံကောင်း…၊ ဒီယောက်ျားမျက်နှာလည်း ဘယ်တော့မှ မကြည့်ချင်တော့ဘူး”

အဲဒါတွေက သက်ငယ်မုဒိမ်းမှုမှာ သားကောင်ဖြစ်ရရှာတဲ့ မိန်းကလေးငယ်နှစ်ယောက်ရဲ့ မိခင်တွေက ပြောပြတာပါ။ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်း တိုးပွားလာနေတဲ့ သက်ငယ်မုဒိမ်းမှုတွေက မိခင်တွေကို နေ့နေ့ညည အချိန်တိုင်း တစ္ဆေလိုခြောက် လှန့်နေပါတယ်။ တချို့အမှုတွေမှာ ပြုကျင့်သူတွေက ဖခင်အရင်း၊ အစ်ကိုအရင်း ဖြစ်နေတတ်လို့ စိုးရိမ်မှုတွေ ပိုမိုတိုးလာ နေတာပါ။

ဒေါ်ဝင်းဝင်းမာဟာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ နေထိုင်ပြီး သားတယောက်၊ သမီးတယောက် ရှိပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ ကွဲသွားပြီးတဲ့နောက် ကလေးနှစ်ယောက်အတွက် ရုန်းကန်နေရသူပါ။ သူမရဲ့အလုပ်က ကြည့်မြင်တိုင်ဘူ တာအနီးမှာ ကွမ်းယာဆေးလိပ်နဲ့ တခြားတိုလီမိုလီ ပစ္စည်းလေးတွေ ရောင်းတာပါ။

တဖက်က အိမ်ငှားနေရသလို သားလေးက(၆)နှစ်၊ သမီးလေးက(၄)နှစ်ပဲ ရှိပါသေးတယ်။ မိုးလင်းတာနဲ့ ဈေးရောင်းဖို့ အပြင် ထွက်ရလို့ သားလေးကို အိမ်နီးချင်းတွေနဲ့ ထားခဲ့ရပြီး သမီးလေးကိုတော့ သူနဲ့အတူ ခေါ်ခေါ်လာရပါတယ်။ မကြာခဏ ကြားကြားနေရတဲ့ သတင်းတွေကြောင့် စိတ်မချနိုင်ဘဲ ခေါ်လာရတာလည်း ပါပါတယ်။

“ချစ်စုမ” လို့ အမည်ပေးထားတဲ့ သမီးလေးက သွက်လက်ချက်ချာတယ် လို့ သူမက မျက်ရည်လည်ရွှဲနဲ့ ဆက်ပြောပါတယ်။

“သမီးလေးက အသားလည်းဖြူတယ်၊ စကားလည်းတတ်တယ်။ နောက်နှစ်ဆို ကျောင်းထားရတော့မှာ…၊ ကျွန်မသမီးကို ပညာတတ်ကြီး ဖြစ်စေချင်တယ်လေ။ သမီးကို အေဘီစီဒီ သင်ပေးတယ်။ ကဗျာလေးတွေ သင်ပေးတယ်။ အနီးဝန်းကျင် ကလည်း သူ့ကို ချစ်ကြတယ်…၊ သွက်တာကိုး”

တရက်မှာတော့ ဒေါ်ဝင်းဝင်းမာတယောက် သူ့ရဲ့ ကွမ်းယာဆိုင်လေးနဲ့ တမှတ်တိုင်အကွာက ကွမ်းရွက်ဆိုင်ကို ကွမ်းရွက် သွားယူနေတုန်း ချစ်စုမတယောက် မနက် (၁၀)နာရီလောက်မှာ ပျောက်သွားခဲ့တယ်။ သမီးလေးကို ဆိုင်လေးထဲမှာ တ ယောက်တည်း ထားခဲ့ပြီး ကွမ်းရွက်သွားယူတာပါ။ ၁၀ မိနစ်တောင် မကြာတဲ့ အချိန်အတွင်း ပြန်ရောက်လာပေမဲ့ သမီး လေးကို ဆိုင်မှာ မတွေ့ရတော့ပါဘူး။ ခင်မင်နေသူတွေက ခဏတဖြုတ် ဟိုနားဒီနား ခေါ်သွားတတ်တာရှိပေမယ့် အဲဒီနေ့က အနီးဝန်ကျင်ကို မေးပေမဲ့ မသိကြဘူးလို့ ပြောတယ်။ သူမလည်း ခေါင်းမီးတောက်ရပါရော။

ဒေါ်ဝင်းဝင်းမာဟာ ခဏတာပဲ ဈေးရောင်းနိုင်ပြီး ဆိုင်ကိုပြန်သိမ်းကာ နေ့ခင်းပိုင်း (၃)နာရီလောက်အထိ အနီးဝန်းကျင်က အသိမိတ်ဆွေတွေဆီ သွားမေးတယ်၊ အနီးဝန်းကျင်နေရာတွေကို သွားရှာတယ်။ ဒါပေမဲ့ သိတဲ့သူမရှိ၊ မြင်တဲ့သူမရှိ။ ဒါနဲ့ နောက်ဆုံးမှာ ရဲစခန်းကို သွားရောက်ပြီး လူပျောက်တိုင်ကြားခဲ့တယ်။ သောကအပူတွေနဲ့ အိမ်ကို ပြန်ခဲ့ရတယ်။

အိမ်နီးနားချင်းတွေက သမီးလေးရောလို့ မေးကြတော့ ဒေါ်ဝင်းဝင်းမာ ပြန်မဖြေနိုင်ဘဲ ငိုလို့သာနေရတယ်။ ဒီလိုနဲ့ ည (၁၀) နာရီကျော်မှာတော့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကပါဆိုပြီး ဖုန်းဆက်လာတယ်။ သမီးလေးရဲ့အလောင်းကို ကြည့်မြင် တိုင်ဘူတာနဲ့ အတော်အတန်ဝေးတဲ့ ရထားသံလမ်းဘေး ခြုံထူထပ်တဲ့ နေရာတခုမှာ တွေ့ထားပါသတဲ့။

သမီးလေးရဲ့အလောင်းကို တွေ့လိုက်ရတဲ့အချိန်မှာတော့ ဒေါ်ဝင်းဝင်းနွယ် ရူးမတတ်ခံစားခဲ့ရပါတယ်။ လည်ပင်းညှစ်သတ် ပြီး အဓမ္မပြုကျင့်ခံထားရတာလို့ ဆေးစစ်ချက်မှာ ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်မှုကြောင် (၅)ရက်အတွင်း ကျူးလွန်တဲ့ တရားခံကို ဖမ်းမိခဲ့ပါတယ်။ ဘူတာအနီးဝန်းကျင်မှာ ကျက်စားလေ့ရှိတဲ့ လူတယောက်ဖြစ်ပြီး အလုပ်ရယ်လို့ မယ်မယ်ရရမရှိဘဲ ကြုံရာကျပန်းသမားတဦးဖြစ်နေပါတယ်။ သမီး ဖြစ်သူကို “မုန့်ဝယ်ကျွေးမယ်” လို့ပြောပြီး ခေါ်သွားတယ်။ ပြီးတော့ ရထားလမ်းဘေး ချုံပုတ်တခုထဲမှာ အဓမ္မပြုကျင့်ခဲ့တာ ပါတဲ့။ ကလေးက ကြောက်ပြီး တအားအော်တာနဲ့ သတ်မိတယ်လို့ အစစ်ခံပါသတဲ့။

ဒေါ်သူဇာကျော်က သားနှစ်ယောက်၊ သမီးတယောက်ရဲ့မိခင်ပါ။ ပျင်းရိတဲ့ယောက်ျားကို အားကိုးလို့မရတဲ့အတွက် စားဝတ် နေရေး ပြေလည်ဖို့ မုန့်ဟင်းခါးရောင်းရပါတယ်။ တနေ့ငွေ(၁)သောင်းလောက် အမြတ်ရလို့ အဆင်ပြေတယ်လို့ဆိုရမှာပါ။ သားနှစ်ယောက်ကလည်း ပန်းရံအလုပ်နဲ့ လက်သမားအလုပ်တွေ လုပ်ကိုင်နေတာကြောင့် နေ့စဉ်လိုလို အိမ်မှာနေတယ် လို့ မရှိသလောက်ပါ။ သမီးဖြစ်သူ(၁၂)နှစ်အရွယ် အပျိုဖော်ဝင်စ။ အလယ်တန်းတက်နေတဲ့အရွယ်။

တခါတလေတော့ သမီးလေးက မိခင်ဖြစ်သူနဲ့အတူ ဈေးကူရောင်းတာမျိုးရှိပါတယ်။ ဒါပေမယ့် အများအားဖြင့်တော့ အိမ် မှာနေ စာကျက်စာဖတ်နဲ့ အိမ်အလုပ်တချို့လုပ်ဖို့ အိမ်မှာပဲထားခဲ့ရတယ်။ ဖခင်ဖြစ်သူက အချိန်တိုင်း ကျောခင်းအိပ်နေ၊ ခွေနေတတ်သူ။ တခါတခါတော့ အရက်ခိုးသောက်တတ်သလို မူးယစ်ဆေးလည်း သုံးတတ်တယ်လို့ နောက်ပိုင်းဆေးစစ် ချက်တွေမှာ တွေ့ရပါသတဲ့။

ဒီလိုနဲ့ တနေ့မှာတော့ သမီးဖြစ်သူ မျက်နှာသိပ်မကောင်းတာကို သတိထားမိသလို အဖေဖြစ်သူကို ရှောင်ဖယ် ရှောင်ဖယ် လုပ်နေတာကိုပါ ဒေါ်သူဇာကျော် သတိထားမိပါတယ်။ သိပ်မကြာခင်မှာတော့ သမီးဖြစ်သူက “အဖေနဲ့ အိမ်မှာမနေခဲ့ချင် ဘူး..၊ ကြောက်တယ်” လို့ ပြောလာမှ ချော့မော့မေးရင် အဖြစ်မှန်ကို သိလာရတာပါ။

ကံကောင်းတာက ဆေးစစ်ကြည့်တဲ့အခါ ကိုယ်ဝန်ရှိမသွားတာပါပဲ။ တရားစွဲရင် တရားစရိတ်လည်းကုန်၊ ပတ်ဝန်းကျင်မှာ လည်း အဖေအရင်းက သမီးအရင်းကို အဓမ္မပြုကျင့်တယ်ဆိုပြီး လူကြားမကောင်းလို့ အမှုမဖွင့်တော့ဘူးလို့ စိတ်ကူးပေမဲ့ ဥပဒေကြောင်းအရ ကူညီမယ့်သူတွေ ပေါ်လာလို့ ဥပဒေအရ ဆက်ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။

“ရွှေစင်(အမည်လွှဲ)” ကို နွေးထွေးတဲ့မေတ္တာပဲ ကျွန်မပေးသွားမှာပါ။ ကျွန်မဘက်က တာဝန်မကျေလို့လားလို့ ခဏခဏ စဉ်း စားမိတယ်” လို့ ဒေါ်သူဇာကျော်က ဆက်ပြောပါတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်အထိ ချမှတ်ဖို့ ပြည်သူတွေရဲ့ တောင်းဆိုသံတွေပါ ကျယ်ကျယ်လောင် လောင်ထွက်ပေါ်လာနေပါတယ်။ တချို့အမှုတွေမှာ မိန်းကလေးတွေဟာ အဓမ္မပြုကျင့်ခံရပြီး ရက်ရက်စက်စက် သတ်ဖြတ် တာ ကိုပါ ခံနေကြရပါတယ်။

ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ ၂၀၁၇ ခုနှစ် အတွင်းမှာ သက်ငယ်မုဒိမ်းမှု (၈၉၇) မှု ဖြစ်ပွားခဲ့ပြီး၊ ၂၀၁၆ ခုနှစ်ထက် (၂၂၆)မှု ပိုမို ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအရေအတွက်ဟာ တရက်မှာ သက်ငယ်မုဒိမ်းမှု(၂) နှစ်မှုနှုန်း ဖြစ်ပွားနေတယ်လို့ဖော်ပြနေပါတယ်။

ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ မိန်းကလေးတွေ အရက်သေစာ သောက်စားမှု၊ ညစ်ညမ်းဗီဒီယို အလွယ်တကူကြည့်ရှုနိုင်မှုတွေ က အကြောင်းရင်းထဲမှာ ပါဝင်နေပြီး မိန်းကလေးတွေရဲ့ ဝတ်စားဆင်ယင်မှုကို ဆရာသမား၊ လူကြီးမိဘနဲ့ မီဒီယာတွေက ဝိုင်းဝန်းတည့်မတ်ပေးရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် အဲဒီထုတ်ပြန်ချက်ဟာ စောဒကတက်စရာတွေလည်း အများကြီးရှိနေပါတယ်။ သက်ငယ်မုဒိန်းမှု အကျူးလွန်ခံရ တဲ့ မိန်းကလေးတွေဟာ အရက်သေစာ သောက်စားသူတွေ မဟုတ်ကြသလို ကလေးအရွယ်ပဲရှိသေးတဲ့ မိန်းကလေးငယ် တွေဟာ ဝတ်စားဆင်ယင်ရာမှာ လျှပ်ပေါ်လော်လည်တာမျိုး မရှိတာကြောင့် ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ပြောဆိုချက်နဲ့ ကွဲလွဲနေ ပါတယ်။

အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်နော်လှလှစိုးက – “ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ကြားနာမှုပြုလုပ်သွားမှာပါ။ အပြင်မှာလည်း ပြောနေကြတယ်လေ။ လွှတ်တော်မှာလာပြီးပြောရင် ပြောတဲ့ စကားက တရားဝင်ဖြစ်သွားမယ်။ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေအပေါ် ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့ ကျွန်မ တို့ ဘက်ကလည်း ပြည်သူ့အသံ နားထောင်ပြီး ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးကော်မတီအနေနဲ့ သက်ငယ်မုဒိမ်းမှု ကျူးလွန်နေခံရတဲ့ ကလေး တွေအတွက် တရားရုံးကုန်ကျစရိတ်နဲ့ လိုအပ်တဲ့လူမှုရေး ထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားဖို့လည်း စီစဉ်နေတယ်လို့ သိရ ပါတယ်။

အဲဒီ ရန်ပုံငွေထူထောင်မှုကို မတ်လ(၈)ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကမကထပြုမှုနဲ့ စတင်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“သက်ငယ်မုဒိမ်းမှုဖြစ်တဲ့ဖြစ်စဉ်တွေမှာ နစ်နာသူတွေဆီ ကျွန်မတို့သွားတယ်၊ တရားမျှတမှုကို အမြန်ဆုံးရနိုင်ဖို့ ကူညီတယ်၊ ဒါတွေကို အရှိန်အဟုန်မြှင့် ဆက်လက်လုပ်ဆောင်ဖို့ ရည်ရွယ်တယ်။ သက်ငယ်မုဒိမ်းမှုတွေနဲ့ပတ်သက်ရင် တရားမျှတမှု အတွက် သူတို့မှာ လိုအပ်တဲ့ ကုန်ကျစရိတ်တွေ၊ တရားရုံးသွားဖို့စရိတ်တွေကို ထောက်ပံ့ဖို့ လုပ်မှာပါ” လို့ ဗဟိုအမျိုးသမီး ကော်မတီ အတွင်းရေမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်ကလည်း ပြောပါတယ်။

ပြည်သူတွေဘက်က အားမလိုအားမရ ဖြစ်နေပေမယ့် ၂၀၁၆ ခုနှစ်ကုန်ကစပြီး သက်ငယ်မုဒိမ်းမှုတွေကို ခရိုင်အဆင့် တရား ရုံးတွေမှာ စစ်ဆေးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လုပ်ဆောင်နေပြီဖြစ်သလို ရာဇသတ်ကြီး ပုဒ်မ (၃၇၆)အရ အမြင့်ဆုံး အပြစ်ဒဏ် အနှစ်(၂၀)အထိ ချမှတ်နေတာလည်း ဖြစ်ပါတယ်။

အရေးကြီးတဲ့အချက်က ဖြစ်လာပြီးမှ ပြစ်ဒဏ်တွေ ချမှတ်တာထက် မဖြစ်အောင်ကြိုတင်ကာကွယ်တာမျိုးတွေ လိုအပ်တယ် လို့ အနာဂါတ်ကြယ်ပွင့်လေးများဂေဟာ  တည်ထောင်သူ ကိုစိုးထိုက် (ဖဒို)က ပြောပါတယ်။

“သက်ငယ်မုဒိမ်းဟာ ဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေ စသဖြင့် ရင်းနှီးသူတွေနဲ့သာ အဖြစ်များလို့ သတိပြုသင့်ပါတယ်။ မြန် မာမိဘတွေအနေနဲ့ သား၊ သမီးတွေကို သူစိမ်းခေါ်ရင် လျှောက်လိုက်မသွားဖို့ဆိုတဲ့စကားက လက်တွေ့မှာ အလုပ်မဖြစ် ပါဘူး”

“အဓိကကတော့ ကလေးငယ်တွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်အောင်၊ ဒါမှမဟုတ် အန္တရာယ်ကို ရှောင်တတ်အောင် လိင်ပိုင်းဆိုင်ရာသိထားသင့်တာတွေကို စာသင်ကျောင်းတွေမှာ သင်ပေးစေချင်ပါတယ်”

“သက်ငယ်မုဒိမ်းမှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်တာက အမှုဖြစ်ပွားမှုကို လျော့ကျစေမယ်” စသဖြင့် ပြောဆိုသူတွေ လည်း ရှိပါတယ်။

ထိရောက် ဟန့်တားနိုင်တဲ့ ပြစ်ဒဏ် ချမှတ်မယ်၊ ကျောင်းတွေမှာ Sexual Education (လိင်ပညာပေးရေး) ကို သင်ပေးမယ်၊ ပြည့်တန်ဆာခန်းတွေကို တရားဝင်ဖွင့်ခွင့်ပေးမယ်ဆိုရင် သက်ငယ်မုဒိမ်းမှုတွေ လျော့နည်းလာနိုင်တယ်။ အစိုးရ၊ လွှတ် တော်၊ တရားစီရင်ရေးနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပူးပေါင်းအဖြေရှာဖို့လိုနေတယ်ဆိုတဲ့ ဝေဖန်သုံးသပ်မှုမျိုးစုံလည်း လူ ထုကြားမှာ မြင့်တက်လျက်ရှိနေသလို လွှတ်တော်ထဲမှာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနဲ့ပါတ်သက်တဲ့ ဥပဒေကြမ်း များ တင်သွင်းဆွေးနွေးနေကြရာမှာလည်း တပ်မတော်သားကိုယ်စားလှယ်များအနေနဲ့ သက်ငယ်မုဒိမ်းဖြစ်ပွားမှုအပေါ် ကောက်ချက်ချပြောဆိုဆွေးနွေးမှုတွေကလည်း အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ လူထုကြားမှာ ဝေဖန်ပြောဆိုစရာတွေ ဖြစ် ပေါ်လျက်ရှိပါတယ်။

Related Articles