Home ဆောင်းပါး မုဒိမ်းမှုကျူးလွန်သူကို ကြီးလေးတဲ့ပြစ်ဒဏ် ဘယ်လိုပေးမလဲ

မုဒိမ်းမှုကျူးလွန်သူကို ကြီးလေးတဲ့ပြစ်ဒဏ် ဘယ်လိုပေးမလဲ

Credit: https://bjbs.csu.edu.au/centres/law-and-justice

နန်းဆိုင်နွမ်။        ။

(ဇန်နဝါရီ ၃၁၊၂၀၁၈)

မြန်မာနိုင်ငံမှာနေထိုင်တဲ့ အမျိုးသမီးတွေရဲ့ဘဝက တနေ့တခြား ပိုပြီးအန္တရာယ်များလာတာကို တွေ့မြင်ရပါတယ်။

ပါတ်ဝန်းကျင်မှာလည်း တဦးကိုတဦး   အပြန်အလှန် မယုံကြည်ကြသလို  စိုးရိမ်ကြောက်ရွံနေကြရပါတယ်။

အမျိုးသမီးတွေကို မုဒိမ်းကျင့်သတ်ဖြတ်မှုနဲ့ အသက်မပြည့်တဲ့ ကလေးငယ်တွေကို အဓမ္မပြုကျင့်မှုတွေ နေရာ အနှံ့မှာ ဖြစ်ပေါ်နေတာတွ့မြင်ကြားသိနေကြရတာပါ။

ဇန်နဝါရီလအတွင်း ရန်ကုန်မြို့မှာ  ဖြစ်ပွားခဲ့တဲ့ FDA ဝန်ထမ်းအမျိုးသမီးတဦး အသတ်ခံရတဲ့အမှုက မြန်မာနိုင်ငံ တဝှမ်းမှာရှိတဲ့ အမျိုးသမီးတွေဟာ လူမှုပတ်ဝန်းကျင်မှာ မလုံခြုံကြကြောင်း သက်သေပြနေပါတယ်။

ဖြစ်စဉ်ကတော့ အသတ်ခံရတဲ့ FDA ဝန်ထမ်းအမျိုးသမီးတဦးဖြစ်တဲ့ မရွှေရည်ဝင်းဟာ လှည်းတန်းလမ်းဆုံအနီး အင်းစိန်လမ်းမပေါ်ကနေ ဒဂုံမြို့နယ်ရှိ နေအိမ်ကိုပြန်ဖို့ တက္ကစီကားငှားစီးစဉ်မှာ အဲကွန်းဖွင့်ခ ကျပ်(၁၀၀၀) ပို တောင်းခံတဲ့ကိစ္စနဲ့ စကားများခဲ့တာလို့ သိရပါတယ်။

ကားသမားက ကားကိုရပ်ပြီး ကားထဲကနေ နောက်ခန်းကို ကူးသွားကာ အမျိုးသမီးရဲ့လည်ပင်းကို ညှစ်ခဲ့လို့ အမျိုးသမီးသတိလစ်နေချိန်မှာ မုဒိန်းပြုကျင့်ပြီး သတ်ခဲ့ကြောင်း တရားခံထွက်ဆိုချက်ကို ရဲတပ်ဖွဲ့က ထုတ် ပြန်ခဲ့ပါတယ်။

အဆိုပါအမှုဖြစ်ပြီးနောက်ပိုင်း ရန်ကုန်မြို့မှာ နေ့တဓူဝ သွားလာလှုပ်ရှားနေရတဲ့ အမျိုးသမီးတွေဟာ တက္ကစီကား ငှားစီးရမှာကို ကြောက်ရွံ့နေကြသလို အပြင်ထွက်အလုပ်လုပ်ကြရတာကိုလည်း  ပူပန်ထိတ်လန့်နေကြပါတယ်လို့ တောင်ဒဂုံမြို့နေ အသက် (၃၀) နှစ်အရွယ် ရုံးဝန်ထမ်း အမျိုးသမီး မယမင်းက ပြောဆိုပါတယ်။

“ FDA ဝန်ထမ်းမလေးအသတ်ခံရပြီးနောက်ပိုင်း ကျမတို့ တက္ကစီငှားစီးဖို့ ကြောက်လာတယ်။ အန္တရာယ်ဆိုတာ ကိုယ့်အနီးအနားမှာပဲ ရှိပါလားလို့ ခံစားမိတယ်။ ကိုယ့်အလှည့်ဘယ်တော့ ဖြစ်လာမလဲဆိုပြီး တွေးကြောက်နေရ တယ်” လို့ မယမင်းက ရန်ကုန်မြို့တွင်း သွားလာရေးကို  စိတ်မလုံခြုံတော့တဲ့အကြောင်း ပြောပြပါတယ်။

တောင်ဥက္ကလာမြို့နယ်နေ မိခင်တဦးဖြစ်တဲ့ ဒေါ်ခင်အေးက “ မုဒိမ်းမှုကျူးလွန်သူတွေကို ထိရောက်တဲ့သေဒဏ် ပေးစေချင်တယ်။ မုဒိမ်းမှုတွေကို သေဒဏ်မပေးရင် အမျိုးသမီးတွေ အပြင်ထွက်သွားတိုင်း ရင်တမမနဲ့ အိမ်ပြန် ချိန်ကို စောင့်မျှော်နေရတာမျိုး ဖြစ်နေရမယ်။ သေဒဏ်ပေးရင် မုဒိမ်းမှုတွေ နောက်ထပ် မကျူးလွန်ရဲတော့ဘူး” လို့ သူ့အမြင်ကို ပြောဆိုလိုက်ပါတယ်။

အမျိုးသမီးထုတွေရဲ့ ကြားထဲမှာ စိုးရိမ်မှုတွေ ပိုမြှင့်တက်လာတာကို အခုလိုတွေ့ရတာပါ။

“ တက္ကစီတော့ မစီးတော့ဘူး။ ဘယ်သွားသွား အဆင်မပြေဘူး။ သွားလာတာ သတိနဲ့သွားနေရတယ်။ ညအပြင် ထွက်ရင် နောက်ကျောမလုံဘူးဖြစ်နေတယ်။ လုံခြုံမှုအတွက် ဖန်တီးပေးရင်တော့ ပိုကောင်းတာပေါ့” လို့ အသက် (၂၀)ကျော်အရွယ် လှိုင်မြို့နယ်မှာ နေထိုင်ပြီး ဘာသာစကားသင်ကြားပေးနေတဲ့ ဆရာမ မအေးသူက ပြောပါ တယ်။

မုဒိမ်းကျင့်အသတ်ခံရတဲ့ မရွှေရည်ဝင်းရဲ့ ဖခင်ကတော့ “လူသတ်မှု၊ မုဒိမ်းမှု၊ ဒီလိုပုဒ်မတွေနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ် တွေ ပေးစေချင်တယ်။ တော်ရုံသင့်ရုံပြစ်ဒဏ်ပေးလို့ မရတော့ဘူး” လို့ ပြောဆိုလိုက်ပါတယ်။

FDA ဝန်ထမ်းအမျိုးသမီး တက္ကစီးငှားစီးရာမှ မုဒိမ်းကျင့်ပြီး အသတ်ခံခဲ့ရလို့ တက္ကစီလောကမှာလည်း အများကြီး ရိုက်ခတ်သွားကြောင်း၊ တက္ကစီငှားစီးမှု လျော့ကျသွားကြောင်း တက္ကစီသမားတွေက ပြောပါတယ်။

“ လူတိုင်းကတော့ တက္ကစီဆွဲပြီး ဒီလိုဖြစ်တာမဟုတ်ဘူး။ အခုလိုဖြစ်တာ တက္ကစီသမားတွေကို ထိခိုက်တာပေါ့။ တက္ကစီလောကအတွက်လည်း အမည်းစက်ဖြစ်ပါတယ်။ အဲဒီလူကို ထိရောက်စွာ အရေးယူပါလို့ ပြောချင်ပါတယ်” လို့ တက္ကစီမောင်းနေတဲ့ ဦးကျော်ထွေးက ပြောပါတယ်။

Credit: https://pixabay.com/en/justice-statue-lady-justice-2060093/

လက်ရှိမှာ ထိရောက်တဲ့ ဥပဒေမရှိတဲ့အတွက် သက်ငယ်မုဒိမ်းတွေ၊ မုဒိမ်းမှုတွေ နေရာအနှံ့ဖြစ်ပွားနေတယ်လို့ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ထောက်ပြလိုက်ပါတယ်။

“ သက်ငယ်မုဒိမ်းမှုတွေ၊ လူသတ်ပြီး မုဒိမ်းကျင့်တာတွေ ပိုဖြစ်လာတယ်။  ထိရောက်တဲ့ဥပဒေ မရှိတဲ့အတွက် သူတို့ လုပ်ရဲတာပါ။ မုဒိမ်းကျင့်ပြီး လူကိုပါတခါတည်းသတ်သွားတယ်။ သက်ငယ်မုဒိမ်းမှုကျတော့ လူမသေရင်လည်း ဘဝသေတယ်” လို့ 4 women voice မှ မမြတ်ဆုမွန်က ပြောပါတယ်။

4 women voice အနေနဲ့ လူသတ်မုဒိမ်းနဲ့ သက်ငယ်မုဒိမ်းတွေကို သေဒဏ်ပြဌာန်းပေးဖို့ တနိုင်ငံလုံးရှိ ပြည်သူ (၃)သိန်းရဲ့လက်မှတ်ကောက်ယူသွားပြီး ဥပဒေပြုရေးလွှတ်တော်ကို တင်ပြသွားမယ်လို့လည်း မမြတ်ဆုမွန်က ပြောပါတယ်။

“ ကျမတို့က ပြည်သူအနေနဲ့ ပြည်သူကို ကာကွယ်ချင်လို့ပါ။ ဒီဥပဒေကလည်းတယောက်တည်း ပြောနေရုံနဲ့ ဖြစ်လာမှာ မဟုတ်တဲ့အတွက် လူထုအားလုံးဆီက လက်မှတ်တွေကို ရသလောက်ကောက်မယ်။ ဥပဒေပြုရေး လွှတ်တော်ကို တင်ပါတယ်” လို့လည်း သူမက ဆက်လက်ပြောဆိုပါတယ်။

အမျိုးသမီးရေး တက်ကြွလှုပ်ရှားဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေကလည်း သက်ငယ်မုဒိမ်းနဲ့ မုဒိမ်းမှုတွေကို လွှတ် ငြိမ်းချမ်းသာခွင့်မရှိ၊ ပြင်ပကလူတွေနဲ့ တွေ့ဆုံခွင့်မရှိ၊  အလုပ်ကြမ်းနဲ့ထောင်ဒဏ်  တသက်တကျွန်း ချမှတ်သင့် ကြောင်း  ပြောဆိုလိုက်ပါတယ်။

“သေဒဏ်ပေးလိုက်တာထက် ကြီးလေးတဲ့အပြစ်၊ တသက်တကျွန်း လျော့ရက်မရှိဘဲ ချဖို့ပါ။ တကယ်ကျူးလွန်တဲ့ သူတွေကို သေဒဏ်မပေးဘူး၊ ထောင်အနှစ် (၂၀)ဆိုရင်  ပြန်လွှတ်လာခဲ့ရင် ကျူးလွန်ခံခဲ့ရတဲ့သူက ဘယ်လောက် လုံခြုံမှုရှိနိုင်မလဲ။ စိုးရိမ်ပူပန်မှုတွေရှိတယ်။ ပြန်ထွက်လာမှတွေ့မယ်၊ သတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကလည်း ရှိတတ်တယ်လေ” လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ ဥက္ကဌ ဒေါ်တင်တင်ညိုက ပြောပါတယ်။

သေဒဏ်တော့ မဟုတ်ဘူး။ လွှတ်ရက်မရှိ၊ ကြီးလေးတဲ့ အလုပ်ကြမ်းနဲ့ တသက်တကျွန်း ထောင်ဒဏ်၊ ပြင်ပလူ တွေနဲ့ ပေးမတွေ့တာမျိုး လုပ်သင့်ပါတယ်။ တသက်တကျွန်း ချတဲ့အပေါ် အမျိုးသမီးအများစုက သဘောကျကြပါ တယ်လို့လည်း ဒေါ်တင်တင်ညိုက ဖြည့်စွက်ပြောဆိုပါလိုက်ပါတယ်။

“ အခုနောက်ပိုင်း အမျိုးသမီးတွေရဲ့ လုံခြုံရေးက ဆိုးရွားလာတယ်။ ကျမတို့အနေနဲ့ကတော့ မုဒိမ်းမှုဆိုရင် သေဒဏ် ပေးဖို့ပါပဲ” လို့  မြန်မာအမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့ မှ အဖွဲ့ဝင် မတင်သန္တာက ပြောပါတယ်။

မုဒိမ်းကောင်များ သေဒဏ်ပေးရေး လှုပ်ရှားမှုကို အရှိန်မြင့်ဆောင်ရွက်သွားမယ်လို့လည်း  အမျိုးသမီး အခွင့်အရေး ဆောင်ရွက်သူများက ပြောဆိုလိုက်ပါတယ်။

အမျိုးသမီးများ လုံခြုံရေးနဲ့ပတ်သက်ပြီး လုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့တာ ကြာခဲ့ပေမယ့် လက်ရှိအချိန်ထိ အလေး ထားဆောင်ရွက်ပေးတာတွေ မရှိသေးကြောင်းလည်း အမျိုးသမီးရေး ဆောင်ရွက်နေသူတွေက ဆိုကြပါတယ်။

အမျိုးသမီးတွေဘဝ ဘေးကင်းလုံခြုံမှုရဖို့ ကောင်းမွန်တဲ့ စနစ်ရှိဖို့ လိုအပ်ကြောင်း၊ ဥပဒေပိုင်းဆိုင်ရာကလည်း သေချာအကာအကွယ်ပေးဖို့လိုကြောင်း အမျိုးသမီးအရေးဆောင်ရွက်သူတွေက ပြောဆိုလိုက်ပါတယ်။

Related Articles