Home ဆောင်းပါး ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးအတွက် ပွင့်သောပန်းများ လန်းစေသား

ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးအတွက် ပွင့်သောပန်းများ လန်းစေသား

Photo Credit: NLD Central Online Media Team (Facebook)

နန်းဆိုင်နွမ်။        ။

မိတ္ထီလာမြို့နေရာတော်တော်များများ မီးလောင်ပြာကျသွားပြီးခါစမှာ စကားတောင် မပြောနိုင်ကြတော့တဲ့ အသိုင်း အဝန်းနှစ်ခုဟာ အခုဆိုရင် တဖြည်းဖြည်းပြန်ပြေလည်လာပြီလို့ မသန်းဌေးမြင့်က ပြောပါတယ်။

“ ပဋိပက္ခ စဖြစ်ပြီးတော့ အချင်းချင်းစကားတောင် မပြောကြတော့ဘူး။ အခုတော့အေးဆေးပါပဲ” လို့ ပြောပါတယ်။

မသန်းဌေးမြင့်က မိတ္ထီလာမြို့ခံတစ်ဦးဖြစ်တဲ့ အသက် (၃၅)နှစ်အရွယ် အစ္စလာမ်ဘာသာဝင် အမျိုးသမီးတဦးပါ။

လွန်ခဲ့တဲ့ (၄)နှစ်ကျော်ကာလက မိတ္ထီလာမြို့မှာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဝင် အသိုင်းအဝိုင်းနှစ်ခုကြား အဓိ ကရုဏ်းကြီးတစ်ခု ဖြစ်ပွားခဲ့တဲ့အချိန်မှာ မသန်းဌေးမြင့်လည်း ထွက်ပြေးခဲ့ရပါတယ်။

အစ္စလာမ်ဘာသာဝင်တစ်ဦးပိုင်တဲ့ ရွှေဆိုင်ထဲမှာ ၂၀၁၃ ခုနှစ်၊ မတ်လက ဈေးဝယ်သူနဲ့ရောင်းသူ အချင်းများရာက တဆင့် ဘာသာရေးပဋိပက္ခအသွင် ကူးပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ပွားမှုမှာတော့ ရိုက်နှက်သတ်ဖြတ်ကြသလို အိမ်တွေ၊ ပစ္စည်းတွေကိုလည်း မီးရှို့ခဲ့ကြတာကြောင့် (၄၃) ဦး သေဆုံးခဲ့ပြီး နေအိမ်အမြောက်အများ ပျက်စီးသွားတာကြောင့် မိတ္ထီလာမြို့ဒေသခံ တစ်သောင်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြပါတယ်။

အဲဒီဖြစ်ရပ်တွေ နောက်မှာတော့ မိတ္ထီလာမြို့မှာရှိတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး ပြန်လည်ရရှိစေဖို့နဲ့ ရေရှည်တည်တံ့ဖို့ လုပ်ဆောင်ကြတဲ့ အဖွဲ့အစည်းတွေ ထွက်ပေါ်လာပါတယ်။

ထိုနည်းတူ ဒေသခံတွေကလည်း မိတ္ထီလာမြို့ တည်ငြိမ်အေးချမ်းရေး ဝိုင်းဝန်းလုပ်ဆောင်ကြပါတယ်။ ဒေသခံတွေ ကိုယ်တိုင်ပါဝင်တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အထောက်အကူပြုတဲ့ လှုပ်ရှားမှုတွေကိုလည်း ဆောင်ရွက်လာကြပါတယ်။

အဲဒီလို ဆောင်ရွက်ကြတဲ့နေရာမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။

မိတ္ထီလာရဲ့ ဘာသာရေးပဋိပက္ခ ဖြေရှင်းတဲ့အခါမှာ အမျိုးသမီးကဏ္ဍကို ပိုပြီးဦးစားပေးထားတယ်လို့လည်း ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့က ပြောပါတယ်။

မိတ္ထီလာပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်းမှာ ဘာသာပေါင်းစုံအမျိုးသမီးအဖွဲ့ဆိုပြီးတော့ ဖွဲ့စည်းခဲ့ပြီး၊ ကိုးကွယ်ယုံ ကြည်မှု မတူညီတဲ့ အမျိုးသမီးတွေ စုစည်းလို့ ငြိမ်းချမ်းရေးနဲ့ အမျိုးသမီးဖွံ့ဖြိုးမှုတိုးတက်မှုတွေကို မြှင့်တင်ပေးတာ တွေ ပြုလုပ်ပါတယ်လို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (မြန်မာ)မှ စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်စံပယ်ခိုင်က ပြောပါ တယ်။

“ပဋိပက္ခမှာ အမျိုးသမီးတွေ ပါဝင်ဖြေရှင်းတာ အရမ်းကို ထိရောက်တယ်လို့ ကျမထင်ပါတယ်”

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မတူကွဲပြားတဲ့ ဘာသာရေး အယူဝါဒတွေကြား ငြိမ်းချမ်းညီညွတ်စွာ အတူယှဉ်တွဲ နေထိုင်နိုင်ဖို့ပါ။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့၊ အမျိုးသမီးများကွန်ယက်ကို ဖွဲ့စည်းခြင်းအားဖြင့် မတူညီတဲ့ ဘာသာတရားရဲ့ အနှစ်သာရကို အချင်းချင်းဖလှယ်ကြပြီး ယုံကြည်မှုတည်ဆောက်လို့ရတယ်လို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ က ပြောပါတယ်။

ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့၊ အမျိုးသမီးများကွန်ယက်ကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်မိတ်ဆက်ခဲ့ပြီး၊ အမျိုးသမီးအား ခွဲခြားဆက်ဆံမှု ပပျောက်ရေးနဲ့ ငြိမ်းချမ်းရေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေး ရေးတို့ လုပ်ဆောင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

“အနည်းဆုံးတော့ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ သူတို့ပြန်မျှဝေနိုင်မယ်” လို့ ဒေါ်စံပယ်ခိုင်က ဆိုပါတယ်။

ပဋိပက္ခဖြစ်စဉ်မှာ နယ်ပယ်တိုင်း အမျိုးသမီးတွေ ပါဝင်သင့်ပြီး အခြေခံနယ်ပယ်တွေမှာလည်း အမျိုးသမီးတွေ ပိုပြီး ပါဝင်သင့်တယ်လို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ကပြောပါတယ်။

သားသမီးတိုင်းက မိခင်တွေကို စံနမူနာထားတတ်ကြသလို မိခင်တွေကလည်း သားသမီးတွေကို လွှမ်းမိုးမှုရှိတဲ့အ တွက် အမျိုးသမီးတွေ  ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ပိုမိုသိနားလည်ထားသင့်တယ်လို့ ဒေါ်စံပယ်ခိုင်က ပြော ပါတယ်။

“ အမေတွေက သားသမီးတွေနဲ့ ပိုနီးစပ်တဲ့အတွက် အမေတွေကို ငြိမ်းချမ်းရေးအသိတွေ ပေးခြင်းအားဖြင့် သား သမီးလူငယ်တွေကို ပြန်လည်လက်ဆင့်ကမ်းနိုင်တယ်” လို့သူကပြောတာပါ။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့အနေနဲ့ ပြည်နယ်နဲ့တိုင်းတွေမှာရှိတဲ့  ကိုးကွယ်မှု မတူညီတဲ့ အမျိုးသမီးတွေကို ပညာပေးတဲ့အခါမှာ အမျိုးသမီးတိုင်းက ငြိမ်းချမ်းရေးကို လိုလားပြီး ပဋိပက္ခထပ်မံဖြစ်ပွားမှာကို စိုးရိမ်နေကြတာ တွေ့ခဲ့ရပါတယ်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့အနေနဲ့ အဓိကလှုပ်ရှားမှုအနေနဲ့ကတော့ သန့်ရှင်းရေးကမ်ပိန်း(လှုပ်ရှားမှု)က ထိရောက်မှု အရှိဆုံးလို့လည်း ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ (မြန်မာ)မှ စီမံကိန်းမန်နေဂျာ  ပက်ထရစ်အောင် တူးက ပြောပြပါတယ်။

“ အမျိုးသမီးတွေ အမှိုက်ကောက်တယ်ဆိုတာ  သန့်ရှင်းရေးအတွက် သက်သက် မဟုတ်ဘူး။ ခေါင်းစဉ်တခု အနေ နဲ့ လုပ်ကြတာပါ။ ခေါင်းစဉ်မရှိဘဲလုပ်ရင် သိပ်မလာကြဘူး။ ဟိုဘက်ကလူ ဒီဘက်ကလူတွေ အားလုံးပါလာ အောင်စီစဉ်ကြတာပါ” လို့ ပက်ထရစ်အောင်တူးက ဆိုပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသားတွေထက် အမျိုးသမီးတွေရဲ့အသံက ပိုထိရောက်သလို တချို့နေရာတွေမှာ အမျိုးသမီးတွေ သွားလာလှုပ်ရှားတာ ပိုပြီးကောင်းတယ်လို့လည်း သူက ဆိုပါတယ်။

“ အဓိကတော့ အမျိုးသမီးအသံဆိုရင် လူတွေပိုပြီး နားထောင်ကြတယ်။ အမျိုးသမီးတွေ အချင်းချင်းလည်း သတင်းမှားမှန် ပိုသိလာပြီး ပတ်ဝန်းကျင်ကို မိသားစုတွေကို မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ပေးလာမယ်” လို့ သူက ပြောပါတယ်။

မိတ္ထီလာပဋိပက္ခမှာ အမျိုးသမီးတွေ ပါဝင်ဖြေရှင်းတဲ့အတွက် ယခုနောက်ပိုင်း ဘာသာရေး ကောလဟာလတွေ ဖြစ် ပွားရင်တောင် တားဆီးလာနိုင်တယ်လို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့က ပြောပါတယ်။

ရခိုင်ပဋိပက္ခနဲ့ပတ်သက်ပြီး မိတ္ထီလာမြို့အထိ မပြန့်နှံ့လာဖို့ အမျိုးသမီးအဖွဲ့အနေနဲ့ မှန်ကန်တဲ့ သတင်းအချက် အလက်တွေကို အချင်းချင်းပေးဝေပြီး တားဆီးနိုင်ခဲ့သလို၊ စက်တင်ဘာ(၁၁)ရက်နေ့မှာ မိတ္ထီလာပဋိပက္ခဖြစ်မယ် ဆိုတဲ့ သတင်းမှားတွေကိုလည်း ကျော်လွှားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပဋိပက္ခမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက အလွန်အရေးကြီးကြောင်း၊ အမျိုးသမီးတွေကိုယ်တိုင် ပဋိပက္ခတွေမှာ ပါဝင်ဖြေရှင်းလာရင် အနည်းဆုံးတော့ ကိုယ့်ပတ်ဝန်းကျင်ရဲ့ ပဋိပက္ခဖြစ်မယ့်အခြေအနေတွေကို တားဆီးနိုင်မယ် လို့ မိတ္ထီလာမြို့နေ ခရစ်ယာန် ဘာသာဝင်တစ်ဦးဖြစ်တဲ့ ဒေါ်ဝင်းမာဦးကလည်း ပြောပါတယ်။

“ ဘာသာပေါင်းစုံရဲ့ မိခင်တွေက ကိုယ့်သားသမီးတွေကို ယဉ်ကျေးအောင်သင်တာပဲ။  ကလေးတွေကို ငယ်ရွယ် တဲ့အချိန်ကစပြီး ဘာသာတရားကို အစွန်းမရောက်ဘဲ ယဉ်ကျေးလိမ္မာမှုရှိအောင် ကိုယ်နဲ့ သက်ဆိုင်တဲ့ဘာသာ တွေမှာ သင်ဖို့ လိုတယ်လို့ထင်ပါတယ်”လို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့(အမျိုးသမီးကဏ္ဍ)မှ  ဒေါ်ဝင်းမာဦး က ဆိုပါတယ်။

မိတ္ထီလာမြို့မှာ ဘာသာပေါင်းစုံနဲ့ ပတ်သက်ပြီး ပညာပေးမှုက ပိုပြီးထိရောက်ကြောင်း၊ ပဋိပက္ခဖြစ်ပွားမယ့် သတင်း တခုထွက်လာရင် ဝေဖန်ပိုင်းခြားတတ်လာကြောင်းလည်း ဒေါ်ဝင်းမာဦးကပြောပါတယ်။

တဖက်မှာလည်း အမျိုးသမီးတွေ ပဋိပက္ခဖြေရှင်းရေးကဏ္ဍတွေမှာ ပါဝင်လာဖို့ အလွန်ခက်ခဲပြီး  စိန်ခေါ်မှုတွေ လည်း  ရှိနေပါတယ်လို့လည်း ဒေါ်ဝင်းမာဦးက ပြောပါတယ်။

“ စိန်ခေါ်မှုကတော့ အမျိုးသမီးတွေက မအားကြဘူး။ အဲဒါ ပြသနာပါပဲ။ လှုပ်ရှားမှုတစ်ခုလုပ်ရင် သူတို့တွေ တနေ ကုန် အချိန်မပေးနိုင်ဘူး။ သူတို့ရဲ့စိတ်ထဲမှာ မိသားစုစားဝတ်နေရေးကိုလည်း ပူပန်ကြတယ်” လို့ ဒေါ်ဝင်းမာဦးက ဆိုပါတယ်။

ပဋိပက္ခရဲ့ဆိုးကျိုးကို ခံစားခဲ့ရပြီးတဲ့ မိတ္ထီလာအမျိုးသမီးတွေအတွက် နောက်တကြိမ်ထပ်ဖြစ်မှာကို မလိုလားကြတာ တော့ အမှန်ပါ။

“ ကျမတို့က ပဋိပက္ခရဲ့ ဆိုးကျိုးကို ခံရပြီးပြီ။ အိမ်လည်းပါသွားပြီးပြီ။ နောက်ထပ်မဖြစ်စေချင်ဘူး” လို့ မိတ္ထီလာမြို့ နေ အစ္စလာမ်ဘာသာဝင် မသန်းဌေးမြင့်က သူ့ဆန္ဒကို ပြောပါတယ်။

ဒါ့အပြင် ကျမတို့ရဲ့ စီးပွားရေးလည်း အရင်လို ပြန်မဖြစ်သလို ကျမတို့ မြို့ခံအချင်းချင်းလည်း လူမှုရေးမှာ အရင်လို အဆင်မပြေသေးဘူးလို့ မသန်းဌေးမြင့်က ထပ်မံပြောဆိုပါတယ်။

“ ကျမတို့ ဆုံးရှုံးခဲ့တာတွေကို အစိုးရက ပြန်ပေးတာ ကူညီထောက်ပံ့တာ မရှိဘူး။ အခုထိ ကိုယ်ဟာကိုယ် ပြန်ရှာ ပြီး ပျက်စီးတဲ့အိမ်တွေ ကိုယ်နည်းကိုယ်ဟန်နဲ့ ပြန်ဆောက်နေရပါတယ်” လို့ မသန်းဌေးမြင့်က ဆိုပါတယ်။

ဒေသခံတွေကြားမှာ ပဋိပက္ခမဖြစ်ခင်ကလို ဘာသာမခွဲခြားဘဲ အိမ်နီးနားချင်း၊ တမြို့တည်းသားချင်း၊ အမျိုးသမီး တွေ အချင်းချင်း၊ ညီအစ်မတွေလို ရင်းနှီးတဲ့ဆက်ဆံရေး ပြန်ရချင်တယ်လို့ သူမက ဆက်ပြောပါတယ်။

“ ပဋိပက္ခမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် လုံခြုံရေးပိုခက်ခဲတယ်။ အခု လုံခြုံမှုရှိလာပေမယ့် ခေါင်းပြား အောင် မအိပ်ရဲဘူး။ ဖြစ်ခဲ့ဖူးတော့ ဘယ်အချိန်ထဖြစ်မယ်ဆိုတာကို အမြဲစိုးရိမ်နေရတယ်”

 

Related Articles