Home ဆောင်းပါး ဓါးသွားထက်ကပျားရည်စက်ကြောင့် အခက်တွေ့နေရသူတွေ ဘယ်လောက်ရှိနေပြီလဲ

ဓါးသွားထက်ကပျားရည်စက်ကြောင့် အခက်တွေ့နေရသူတွေ ဘယ်လောက်ရှိနေပြီလဲ

သွေး (စစ်ကိုင်း)။           ။

“အိမ်ထောင်ရေးက ထီထိုးသလိုပဲဆိုတာ အရမ်းမှန်တယ်။ ကိုယ်မျှော်လင့်ခဲ့တာကတမျိုး၊ လက်တွေ့ဖြစ်လာတာကတမျိုး၊ တခါတလေ စိတ်ပျက်မိလို့ ကွာပစ်ရမလားတောင်  စဉ်းစားမိတယ်။ အဲဒီလိုဆိုရင်လည်း ကလေးတွေမျက်နှာ ပြန်ကြည့်ရ ပြန်ရော”

“အရက်သောက်လား…၊ မသောက်ဘူး။ ကွမ်းစားလား…၊ မစားဘူး။ ဆေးလိပ်သောက်လား…၊ မသောက်ဘူး။ တကယ် တော်တဲ့ယောက်ျားပါလားလို့ ချီးကျူးချင်စရာပဲ…၊ ဒါပေမယ့် အလုပ်လည်း လက်ကြောတင်းအောင်မလုပ်ချင်ဘူး၊ တစ်နေ့ တစ်နေ့ ဒေါင်ဒေါင်ဒင်ဒင် ဂစ်တာတလက်နဲ့ အချိန်ကုန်နေတော့… ဘာလုပ်ရမှာလဲ”

“မူးလာတဲ့နေ့ဆို … မြန်မြန်အိပ်ပါစေလို့ပဲ ဆုတောင်းရတယ်၊ မဟုတ်ရင်… ကျွန်မကို စကားနာ ထိုးလို့မပြီးနိုင်ဘူး…၊ ဒီ ထက် ပိုဆိုးတာက အသားနာအောင် ရိုက်တာ၊ ဘယ်သူတွေ ဘာပြောပြော… တရားဝင် ကွာရှင်းနိုင်ဖို့ပဲ ဆက်လုပ်မယ်”

အခုပြောခဲ့တာတွေက အိမ်ထောင်ရှင် အမျိုးသမီး(၃)ဦးရဲ့ မတူညီတဲ့ရင်ဖွင့်စကားတွေပါ။ ဒါပေမယ့် သူတို့ရဲ့တူညီတဲ့ခံစား ချက်ကတော့ ခင်ပွန်းဖြစ်သူတွေ တာဝန်မကျေဘူးလို့ ခံစားနေကြရတာပါပဲ။

မြန်မာ့လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေနဲ့ အမျိုးသားတွေကို ဆက်ဆံတဲ့ပုံချင်း၊ ရှုမြင်ကြပုံချင်း မတူကြပါဘူး။ ဘယ် လောက်ပဲ တန်းတူအခွင့်အရေး ရနေတယ်လို့ ပြောနေကြပါစေ… အနည်းဆုံးတော့ လိင်အရ တစ်ဆင့်နိမ့်တဲ့သဘောနဲ့ ဆက်ဆံချင်တဲ့စိတ်တော့ရှိနေကြပါတယ်။ တစ်ဆင့်နိမ့်ဆက်ဆံချင်တွေထဲမှာ အမျိုးသမီးအချင်းချင်းလည်း ပါဝင်နေတာက ပိုပြီး အံ့သြစရာကောင်းနေပါတယ်။

အိမ်ထောင်တစ်ခု တည်ထောင်လိုက်ပြီးပြီဆိုတာနဲ့ အမျိုးသမီးတစ်ယောက်ဟာ အဲဒီအိမ်ထောင်သာယာဖို့၊ ခိုင်မြဲဖို့ပဲ ဆန္ဒ ရှိတာ များပါတယ်။ ခင်ပွန်းကောင်းနဲ့ လက်တွဲခွင့်ရတဲ့ အမျိုးသမီးတွေက ဘဝမှာ ကံကောင်းသူတွေပါပဲ။ ဒါပေမယ့် ဘာမှ ကြိုတင်မှန်းဆလို့ မရတဲ့ လောကကြီးမှာ ကောင်းမယ်ထင်ပြီး ယူမိတဲ့ ယောက်ျားကဆိုးနေတဲ့အခါ…၊ ကိုယ့်အပေါ် လင် ယောက်ျားတစ်ယောက်ရဲ့ တာဝန်ဝတ္တရား မကျေပွန်တဲ့အခါ…၊ အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်တဲ့အခါ ထိခိုက်ခံစားရ တာကလည်း အမျိုးသမီးတွေပဲ ဖြစ်နေပါတယ်ဆိုတာ လက်တွေ့အိမ်ထောင်တွေရဲ့အဖြစ်အပျက်တွေက ပြနေပါတယ်။

ဇနီးမောင်နှံ နှစ်ယောက်တည်းဆိုရင် သိပ်ပြဿနာမရှိပေမယ့် သားသမီးရလာရင် သူတို့မျက်နှာကို ထောက်ထားလာရပါ တယ်။ အနောက်တိုင်းမှာတော့ ဇနီးမောင်နှံ စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ ကွာရှင်းတာက အထူးအဆန်းမဟုတ် သလို ပတ်ဝန်းကျင်ကလည်း ကဲ့ရဲ့ပြစ်တင်တာမျိုး မရှိပါဘူး။ အရှေ့တိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ဇနီးမောင်နှံ တရားဝင်ကွာရှင်းပြတ်စဲခဲ့ရင် ကလေးတွေက အဖေနဲ့နေရမလား…၊ အမေနဲ့နေရမလားဆိုတာ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချပေးနိုင်တာနည်းပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်က ယောက်ျားတွေကို သိပ်မပြောကြပေမယ့် မိန်းမ ဘက်မှာတော့ “တစ်ခုလပ်” ဆိုတဲ့ တံဆိပ်တပ်ပစ်လိုက်ကြတာက မိန်းကလေးအတွက် အားနည်းချက် အကြီးမားဆုံး ဖြစ်လာစေတော့တာပါပဲ။

“မသီရိရွှေစင်” ဟာ အသက် ၃၂ နှစ်ပဲရှိသေးတဲ့ ချောမောလှပတဲ့ ကလေးနှစ်ယောက်မိခင် အိမ်ထောင်ရှင်တယောက်ပါ။ သူ့ခင်ပွန်းဟာ အရင်ကတော့ သူ့အတွက် ရွှေမင်းသားလေးဖြစ်ခဲ့ပေမယ့် ငွေရှာပေးတာကလွဲလို့ မိသားစုအတွက်တောင် အချိန်မပေးချင်ပါဘူး။ သူ့ခင်ပွန်းဟာ ကာရာအိုကေတွေ၊ ဘားခန်းတွေ သွားဖို့ပဲစိတ်ဝင်စားပြီး…၊ ပိုဆိုးတာက တခြား ကောင်မလေးငယ်ငယ်တစ်ယောက်နဲ့ ခြေရှုပ်နေတာပါပဲ။

“အများအမြင်မှာ ညီမတို့အိမ်ထောင်ရေးက သာယာနေတယ်လို့ ထင်ရပေမယ့် ရင်ထဲမှာ ထိခိုက်ခံစားနေရတာတွေက အများကြီးပါ။ ညီမရဲ့ခင်ပွန်း ဖောက်ပြန်နေပြီဆိုတာကို ပြီးခဲ့တဲ့လက အတိအကျ သိလိုက်ရပါတယ်”

ဒီလိုဆိုရင် ခင်ပွန်းဖြစ်သူကိုရော အဲဒီမိန်းကလေးကိုပါ မျိုးစောင့်ဥပဒေနဲ့ တရားစွဲလို့ မရဘူးလားလို့ မေးစရာရှိလာပါတယ်။ တကယ်လို့ တရားစွဲဆိုခဲ့ရင် ကောင်းကျိုးထက် ဆိုးကျိုးတွေပဲ များလာမယ်ဆိုတာ သိနေတယ်လို့ ဆိုပါတယ်။

“ကွာရှင်းပြတ်စဲလိုက်တာပဲ အကောင်းဆုံးဖြစ်မှာလို့ စဉ်းစားမိပါတယ်။ ဒါပေမယ့် ကွာလိုက်ပြန်ရင်လည်း ကလေးနှစ် ယောက် စိတ်ဒဏ်ရာနဲ့ ကြီးပြင်းလာရမှာ စိုးတာနဲ့ သည်းခံရင်းနဲ့ပဲ နေ့ရက်တွေ ဖြတ်သန်းနေရတယ်”

“ခင်ထက်ထက်ခိုင်” က နာမည်နဲ့လိုက်အောင် ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ အသက် ၂၈ နှစ်ပဲ ရှိသေးသလို စာသင်ပြပေးတဲ့ အလုပ်ကနေ တစ်လကို ငွေ(၅)သိန်းနီးပါး ဝင်ငွေရပါတယ်။ ပြီးခဲ့တဲ့ နှစ်က သူမဟာ သူမအိပ်မက်ထဲက ရွှေမင်းသားလေးနဲ့ လက်ထပ်ခွင့်ရခဲ့ပါတယ်။ မင်္ဂလာဆောင်က စည်ကားသလို တက်ရောက်သူတွေက “ကောင်လေးက ချောလိုက်တာ၊ နေနဲ့ လ၊ ရွှေနဲ့ မြ ပဲ” လို့ ချီးကျူးကြလို့ ကျေနပ်ခဲ့ရတယ် လို့ ပြောပြပါတယ်။

“ဒါပေမယ့် ကျမရဲ့ အပျော်က တာရှည်မခံခဲ့ပါဘူး။ ခင်ပွန်းက ကွမ်းမစား၊ ဆေးလိပ်မသောက်၊ အရက်မသောက်ပေမယ့် တွေးချင်ရာ တွေးနေသူ၊ အလုပ်ကို လက်ကြောတင်းအောင် မလုပ်ချင်သူမှန်း သိလာရတယ်။ ဘယ်လိုလုပ်ပြီး အိမ်ထောင် ဦးစီးအဖြစ် အားကိုးရတော့မှာလဲ ဆိုတာ သိလာရပါတယ်။ ပိုဆိုးတာက ကျမက ငွေရှာတတ်မှန်းသိတော့ ဘာအလုပ်ကိုမှ သတ်သတ်မှတ်မှတ် မလုပ်တော့တာပါပဲ”

ရပ်ကွက်အတွင်း အနီးအနားသာမက နည်းနည်းပိုလှမ်းတဲ့ ရပ်ကွက်တွေအထိ သွားရောက်စာသင်ပြီးလို့ စိတ်မောလူမောနဲ့ အိမ်ပြန်ရောက်ရင် ခင်ပွန်းဖြစ်သူက ကျော့နေကော့နေအောင် ဝတ်စားဖြီးလိမ်းပြီး ဂစ်တာတီးနေတာကိုပဲ တွေ့နေရ တယ်။ အိမ်အလုပ်တွေ ကူညီလုပ်ကိုင်ပေးတာလည်း မရှိတဲ့အတွက် တခါတလေ ဒေါသဖြစ်ရ၊ တခါတလေ စိတ်အကုန်ကြီး ကုန်ရတာမျိုး ခံစားနေရပေမယ့် ကိုယ်တိုင်ချစ်လို့ လက်ထပ်ခဲ့တာဆိုတော့ မိဘကို ပြောပြရင်လည်း သူမကိုပဲ “လူ့ဘော် ကျော့” ကို ယူရမလားဆိုပြီး အပြစ်တင်တာသာ ခံရမှာပါလို့ ဆိုပါတယ်။ သူမအတွက် သည်းခံရုံကလွဲပြီး တခြားဘာမှ မတတ်နိုင်တော့ဘူးလို့ ပြောပါတယ်။

“စန္ဒီစိုးထက်” ရဲ့အဖြစ်ကတော့ တခြားအမျိုးသမီးတွေထက် ဆိုးရွားပါတယ်။ သူ့ခင်ပွန်းက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပြီး ဝင်ငွေလည်း အသင့်အတင့် ကောင်းပါတယ်။ သူမတို့ ဇနီးမောင်နှံမှာ ကလေးလည်း မရှိတာမို့ စားဝတ်နေရေးတွေ အဆင် ပြေတယ်လို့ ပြောနိုင်ပါတယ်။

“အိမ်ထောင်သက်(၅)နှစ်အတွင်း ပျော်ရတာနည်းနည်း၊ စိတ်ညစ်ရတာကများများပါ။ အိမ်ထောင်ကျပြီးကတည်းက အလုပ် ထွက်ခိုင်းလို့ အလုပ်ကနေ ကျမထွက်လိုက်ပါတယ်။ ဒါပေမယ့် သူကအရက်ကို စွဲစွဲမြဲမြဲသောက်၊ ပြဿနာရှာ၊ သိပ်မူးလာ ရင် အသားနာအောင်အထိ ရိုက်နှက်တော့ ကျမမျက်ရည်ကျငိုကြွေးခဲ့ရတာက အကြိမ်ကြိမ်ပါ”

Photo: http://divorceattorneytulsa.com/tulsa-domestic-violence-protective-order-attorney/

“ဒါပေမယ့် သူက မနက်မိုးလင်းတဲ့ အခါမှာတော့ သူမဟုတ်တဲ့ ပုံစံမျိုးနဲ့ ရုံးကိုသွား၊ ညနေ ရုံးက ပြန်လာတော့ ထုံးစံအတိုင်း ပြဿနာရှာ၊ သိပ်မူးလာရင် အသားနာအောင် ရိုက်နှက်တာမျိုးတွေနဲ့ပဲ သံသရာလည်နေတော့တာပဲ”

အမျိုးသမီးတွေအနေနဲ့ အိမ်တွင်းမှာ ရိုက်နှက်ခံရရင်၊ နာကျင်အောင် ပြုလုပ်ခံရရင် တရားစွဲလို့ရကြောင်း တရားလွှတ်တော် ရှေ့နေ ဦးရဲဟိန်းအောင်က ပြောပါတယ်။ သာမန်နာကျင်စေမှုအတွက် ပုဒ်မ ၃၂၃ နဲ့ တရားစွဲနိုင်သလို၊ အပြင်းအထန် နာကျင်စေမှုကို ပုဒ်မ ၃၂၅ / ၃၂၆ တို့နဲ့ တရားစွဲနိုင်ပါတယ်။

ပုဒ်မ ၃၂၅ က ထောင်ဒဏ်(၇)နှစ်အထိ ချမှတ်နိုင်ပြီး၊ ပုဒ်မ ၃၂၆ က ထောင်ဒဏ်(၁၀)နှစ်အထိ ချမှတ်နိုင်ပါတယ်။ တကယ် လို့ ခင်ပွန်းဖြစ်သူက သည်းခံလို့မရအောင် နှိပ်စက်နေမယ်၊ ကောင်းမွန်စွာ လုပ်ကိုင်ကျွေးမွေးမှုမရှိဘူးဆိုရင်တော့ –

“လင်မယားကွာရှင်းပေးစေလိုမှုနဲ့ ဇနီးဖြစ်သူက အဆိုလွှာရေးပြီး တရားရုံးတင်ရမယ်ဗျ။ အဲဒီမှာ ဘာကြောင့် ကွာရှင်းပေး စေလိုရသလဲဆိုတဲ့ အကြောင်းရင်းကိုပါ တင်ပြရမယ်။ တရားရုံးကနေ တရားစွဲတဲ့အဆင့်ရောက်သွားရင်၊ တကယ်လည်း ရိုက်နှက်နေတယ်၊ နှိပ်စက်နေတယ်ဆိုတာ သက်သေထင်ရှားပြနိုင်ရင်…၊ ဇနီးဖြစ်သူကို ခင်ပွန်းဖြစ်သူက ကွာရှင်းပေးဖို့ ရုံး တော်က ခွင့်ပြုတယ်” လို့ ဦးရဲဟိန်းအောင်က ဆက်ပြောပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာ ခင်ပွန်းသည်တွေရဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ လင်ယောက်ျားရဲ့ တာဝန်ဝတ္တရား မကျေပွန်မှုတွေ ကို တွေ့ကြုံခံစားနေရတဲ့ အမျိုးသမီးအများအပြား ရှိနေပါတယ်။ လင်နဲ့ မယားကြားမှာ တတ်နိုင်သလောက် ညှိနှိုင်းယူတာ၊ သည်းခံယူတာ၊ ပြင်ဆင်သင့်တာကို ပြင်ဆင်နိုင်တာ အကောင်းဆုံးပါပဲ။ အဲဒီလို မဟုတ်ဘဲ အဆိုးသံသရာထဲမှာ လည်နေ မယ်ဆိုရင်တော့ ကွာရှင်းပြတ်စဲတာကသာ အဖြေ ဖြစ်လာပါလိမ့်မယ်။

“စန္ဒီစိုးထက်” ကတော့ သူမကိုယ်သူမ ယုံကြည်မှုအပြည့်နဲ့ အခုလို ပြောပါတယ်။

“လူသစ်စိတ်သစ်နဲ့ ညီမဘဝကို တစ်ကပြန်စမယ်၊ တရားရုံးမှာ လျှောက်ထားပြီး ကွာရှင်းဖို့ပဲ ဆက်လုပ်သွားမယ်၊ ဘယ်သူ တွေ ဘာပြောပြော ကိုယ့်ဘဝက ကိုယ့်ဘာသာကိုယ် တည်ဆောက်ရတာပါ”

Related Articles