Home သတင်း မြန်မာအိမ်အကူတွေအတွက် တရားကို နတ်စောင့်တော့မလား

မြန်မာအိမ်အကူတွေအတွက် တရားကို နတ်စောင့်တော့မလား

သေဆုံးသူ၏ မိခင်နှင့် အစ်မတို့မှ အလုပ်သမားသံအရာရှိ ဦးအောင်မိုးခိုင်အား အမှုမှန်ဖော်ထုတ်ပေးရန် အကူအညီတောင်းစာပေးအပ်ပုံ

မလိခ။        ။

“အလောင်းကို ဆံပင်တွေရိတ်ပြီးတော့ ကျည်ဆံဝင်တာတွေကို သေချာစစ်ဆေးပြီးပြီ။ မုဒိမ်းကျင့်ခံရမှုရှိမရှိလည်း စစ်ဆေး ထားတယ်။ ဒါပေမဲ့ အဖြေတော့ မပေးသေးဘူး။ သေချာတဲ့အဖြေတစ်ခုတော့ရတယ်။ ကျည်ဆံက အရင် ရဲသုံးသပ်ချက်က ညာဘက်ကဝင်တာတဲ့။ အခု ဒီထိုင်းအမျိုးသားရဲဆေးရုံ စစ်ချက်ထွက်လာတာက ကျည်ဆံက ဘယ်ဘက်က ဝင်တယ်တဲ့။ အတိအကျတော့ ရဲတွေက မပြောသေးဘူး”

နိုဝင်ဘာလ ၇ ရက်နေ့က နယ်မြေခံရဲတပ်ဖွဲ့နဲ့အတူ ထိုင်းနိုင်ငံ၊ လပ်ဘူရီခရိုင်၊ ဘန့်ပုန်းဒေသမှာရှိတဲ့ ထိုင်းအလုပ်ရှင်ရဲ့ နေအိမ်ကို မြန်မာအိမ်အကူ မညိုညိုအေးသေဆုံးမှုနဲ့ပါတ်သက်တဲ့ အခင်းဖြစ်ပွားမှုတွေကို စစ်ဆေးမှုတွေ ပြန်လည်ပြုလုပ်ခဲ့ ရာမှာ သံသယဖြစ်စရာ အချက်တွေ ထပ်မံတွေ့ရှိရပေမဲ့ အသေးစိတ်စစ်ဆေးနေဆဲ ဖြစ်တယ်လို့ AAC က အထွေထွေ တာဝန်ခံ ကိုရဲမင်းက ပြောလိုက်တာဖြစ်ပါတယ်။

သြဂုတ်လ (၆)ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ပုလောပုလောက်မြို့နယ်ခွဲ၊ ကထောင်းနီကျေးရွာကနေ ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ အသက်(၁၇)နှစ်အရွယ် ကရင်တိုင်းရင်းသူ အိမ်အကူဟာ ဦးခေါင်းမှာ သေနတ်ဒဏ်ရာ နှစ်ချက်နဲ့ ထိုင်းအလုပ်ရှင်နေအိမ်မှာ သေဆုံးခဲ့ပြီး အစောပိုင်းက နယ်မြေခံ ခရိုင်ရဲတပ်ဖွဲ့က ကိုယ့်ကိုကိုယ် သတ်သေ ကြောင်း အတည်ပြုကာ အမှုကို ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် သေဆုံးမှုကို သံသယရှိလို့ ပြန်လည်စီစစ်ပေးဖို့ သေဆုံးသူရဲ့မိခင်နဲ့ အစ်မဖြစ်သူတို့က အကူအညီ တောင်းခံ ခဲ့တာကြောင့် ဒီအမှုကို ထိုင်းမှုခင်းတိုက်ဖျက်ရေးအထူးအဖွဲ့ (CSD) ပါဝင်တဲ့ အဖွဲ့နှစ်ဖွဲ့က ပြန်လည်စုံစမ်းဖော်ထုတ်နေ တာဖြစ်တယ်လို့ CSD အဖွဲ့ခွဲ(၅)မှ ထိုင်းရဲမှူးကြီး ဖူမင်းဖန်ဖဟန်မောင် (Phumin Phmphanmuang) က ထိုင်းသတင်း ထောက်များကို ပြောဆိုထားပါတယ်။

နိုဝင်ဘာလ(၂)ရက်နေ့က မညိညိုအေးရဲ့ ဂူသွင်းသဂြိုလ်ထားတဲ့ရုပ်အလောင်းကို ပြန်လည်ဖော်ထုတ်ခဲ့ကာ ထိုင်းအမျိုး သား ရဲဆေးရုံမှာ ထိန်းသိမ်းထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြန်လည်ပြုလုပ်နေတယ်လို့ သိရပါတယ်။

မညိုညိုအေးသေဆုံးမှုနဲ့ပါတ်သက်လို့ အမှန်တရားပေါ်ပေါက်ဖို့ သံသယရှိတဲ့ အချက်(၂၀)ကျော်ကိုလည်း အစီရင်ခံစာရေး သားပြီး မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ (DSI)၊ မှုခင်းဆိုင်ရာဌာနဗေဒ စစ်ဆေးရေးအဖွဲ့များအပါအဝင် အဓိကနေရာ (၅)ခုကို သေဆုံးသူရဲ့မိသားစုဝင်များ၊ မြန်မာသံရုံးနဲ့ အလုပ်သမားအရေး ဆောင်ရွက်နေသူများက နိုဝင်ဘာ(၂၃)ရက်နေ့က သွားရောက်ပေးပို့ခဲ့ကြပါတယ်။

“ဒီအမှုအပေါ်မှာ သံသယရှိတဲ့ အချက်(၂၀)ကျော်ကို ထိုင်းဘာသာနဲ့ မြန်မာဘာသာ၊ (၂)ဘာသာနဲ့ရေးထားတာပါ။ ဒါကို DSI ဘက်ကလည်း တကယ်လှိုက်လှိုက်လဲလဲ ကြိုဆိုလက်ခံပါတယ်။ အကြံဉာဏ်လည်း ပေးပါတယ်။ ထို့အတူဘဲ ထိုင်း တော်ဝင်ရဲတပ်ဖွဲ့ကလည်း ဒါကို သေချာအကြံဉာဏ်ပေးပြီးတော့ ဆက်လက်ဆောင်ရွက်ဖို့အတွက် အားပေးပါတယ်။ သူတို့ဘက်က စာကို လက်ခံရရှိကြောင်းနဲ့ စစ်ဆေးတွေ့ရှိချက်အပေါ်မှာ အကြောင်းပြန်မယ်ဆိုတဲ့အကြောင်းကို ပြန်စာပေး လိုက်ပါတယ်”လို့ အမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။

အလုပ်သမားရေးဆိုင်ရာမြန်မာသံအရာရှိက ဒီအမှုကို အမှန်အတိုင်း ထိုင်းဥပေဒအရ ဆောင်ရွက်ပေးဖို့ စာပေးပို့ခဲ့တာကို သက်ဆိုင်ရာ ဌာနများဘက်ကလည်း စာကို လက်ခံရရှိပြီး စစ်ဆေးတွေ့ရှိချက်တွေကို အကြောင်းပြန်ပါ့မယ်လို့ တရားဝင် အကြောင်းပြန်စာ ပြန်လည်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်ပွားစဉ်က သေဆုံးသူအနီးမှာ ကျည်ဆံခွံ(၂)ခုတွေ့ရပြီး သေဆုံးသူဟာ ဇစ်ပိတ်ထားတဲ့အိတ်အတွင်းက သေနတ် ကို ထုတ်ယူခဲ့ပါတယ်လို့ ပြောဆိုခဲ့ပေမယ့် အိတ်ကိုစစ်ဆေးရာမှာတော့ လက်ဗွေရာမတွေ့ခဲ့ရတဲ့အချက်အပါအဝင် သေ ဆုံးတဲ့နေ့မှာ မိသားစုဝင်များ သွားတွေ့ခွင့် မရခြင်း၊ ရဲစခန်းမှာ မိသားစုဝင်များ မပါဘဲ အမှုကို ပိတ်သိမ်းလိုက်ခြင်း၊ ဆေးရုံ မှာ အလောင်းကို အချိန်ကြာမထားဘဲ ထိုင်းနယ်စပ်မှာရှိတဲ့ သေဆုံးသူရဲ့ ဆွေမျိုးများရှိရာကို အမြန်ပို့လိုက်ခြင်း၊ သြင်္ဂိုလ် ခွင့်ပြုမိန့်ပါမလာခြင်း၊ သေဆံုံးသူရဲ့ သေမှုသေခင်းမှတ်တမ်းများ မတွေ့ရခြင်း စတဲ့အချက်တွေအပါအဝင် သံသယဖြစ်စရာ အချက်ပေါင်း (၂၀)ကျော်ကို တင်ပြထားတယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ကျည်ခွံ(၂)ခု သေတဲ့လူအနားမှာ တွေ့တယ်။ ထိုင်းရဲတွေက သတင်းစာရှင်းလင်းပွဲပြောတာက ပထမကျည်ဆံတစ်ခုက စမ်းသပ်တယ်လို့ ထင်တယ်။ နောက်ကျည်ဆံက ခေါင်းကိုပစ်တယ်လို့ ပြောတယ်။ ဒါက ကိုယ့်ကိုကိုယ် သတ်သေမဲ့ လူ တစ်ယောက် ဒီလောက်အားပြင်းတဲ့ ၉ မမသေနတ်ကို အရင်ဆုံး စမ်းပစ်တာတို့၊ ပြီးတော့မှ ကိုယ့်ခေါင်းကို ပစ်တာတို့ ဆိုတာ ဖြစ်နိုင်စရာ အကြောင်းမရှိဘူးဆိုတဲ့ အချက်တချက်တွေ့ပါတယ်။ သေဆုံးတဲ့ကလေးမလေးက ကိုယ့်ကိုကိုယ် သတ်သေချင်တယ်ဆိုရင် သူနေတဲ့အခန်းမှာတင် ဆွဲကြိုးချသေတာတို့ ဘာတို့ လုပ်လို့ရပါတယ်။ ဒါပေမဲ့ အပေါ်ထပ်မှာ အိမ်ရှင်သူဌေးမနဲ့ သူ့သမီးနဲ့ သူရှိတယ်။ သေနတ်ယူပြီး၊ အောက်ပြန်ဆင်းလာပြီးတော့ ကိုယ့်ကိုကိုယ်ပစ်တယ်ဆိုတဲ့ အချက်ကလည်း သံသယရှိတဲ့အချက်ပါ။ နောက်တခုက ဒီသေနတ်က ဇစ်ပါတဲ့ အနက်ရောင်လေးထောင့်အိတ်ထဲ ထည့် ထားတယ်လို့ ပြောပါတယ်။ ဒီအိတ်ကို စစ်ဆေးတဲ့အခါမှာ ဘယ်သူ့ရဲ့ လက်ဗွေရာကိုမှ မတွေ့ဘူးဆိုတဲ့အချက်၊ ဒါက အကြမ်းမျဉ်းပြောလို့ရတဲ့ ထင်ရှားတဲ့အချက်တွေပါ” လို့ပြောပြပါတယ်။

“သေဆုံးတဲ့အချိန်မှာ ကာယကံရှင်သေသူရဲ့ မိဘနဲ့အစ်မတွေက လာခဲ့မယ်လို့ပြောတယ်။ ဒါပေမဲ့ ထိုင်းသူဌေးမက မလာ နဲ့။ ဒီမှာ ရဲတွေရှုပ်နေတယ်ဆိုပြီး မလာခိုင်းဘူး။ ဒါတွေတင်မကဘဲ ရဲစခန်းမှာ အမှုဖွင့်ပြီးတဲ့အချိန်မှာလည်း ရဲစခန်းကို သွားဖို့အတွက် မခေါ်ဘူး။ သေတဲ့သူဘက်က ဆွေမျိုးသားချင်းတစ်ယောက်မှ မရှိဘဲနဲ့ နောက်ဆုံး ကိုယ့်ဖာသာ သတ် သေတယ်ဆိုပြီးတော့ အမှုပိတ်သိမ်းလိုက်တယ်။ နောက်ဆုံး(၈)ရက်နေ့မှာ အလောင်းကို နယ်စပ်ဒေသဖြစ်တဲ့ ကလေးမရဲ့ ဦးလေးရှိနေတဲ့ မြို့ကိုပို့လိုက်တာ။ အဲဒီလို ပို့တဲ့အခါမှာလည်း ထိုင်းနိုင်ငံ ဥပဒေအရ လူတယောက် သြင်္ဂိုလ်မယ်ဆိုရင် သြင်္ဂိုလ်ခွင့်ပြုမိန့်လိုပါတယ်။ အဲဒါလည်း ပါမလာပါဘူး။ ဒါ့အပြင် ရဲစခန်းမှာ နေ့စဉ်မှတ်တမ်းခေါ်တဲ့ ဒီကလေးမလေး သေ မှုသေခင်းနဲ့ မှတ်တမ်းတွေကိုလည်း မိဘတွေအနေနဲ့ လုံးဝမမြင်တွေ့ခဲ့ရဘူး။ ဒီအချက်တွေက သံသယဖြစ်စေတဲ့ အချက် တွေ သံသယတွေကို ပိုမိုအားကြီးစေပါတယ်”လို့ ရှေ့နေ ဦးအောင်မျိုးသန့်က သူတို့တွေ့ရှိချက်တွေကို ပြောပြခဲ့တာ ဖြစ်ပါ တယ်။

အိမ်အကူမညိုညိုအေးဟာ မိမိကိုယ်ကို သတ်သေတယ်ဆိုပြီး ထိုင်းအလုပ်ရှင်က ရဲစခန်းမှာ အမှုဖွင့်ကာ သူမရဲ့ရုပ်အ လောင်းကိုလည်း ထိုင်းမြန်မာနယ်စပ်၊ ကရင်ရွာက ဆွေမျိုးများရှိရာကို လျော်ကြေးငွေဘတ် (၅၀၀၀)နဲ့အတူ ပို့ဆောင်ပေး ခဲ့တာတွေ၊ ဖုန်းများပြန်လည်ဆက်သွယ်လို့မရဘဲ ပိတ်ထားတာတွေ၊ စတဲ့သံသယဖြစ်စရာအချက်တွေ အများကြီးရှိလို့ အမှန်တရားပေါ်ရန် ကြိုးပမ်းခဲ့တာ ဖြစ်တယ်လို့ အလုပ်သမားမဟာမိတ်အဖွဲ့ (AAC)က အထွေထွေတာဝန်ခံ ကိုရဲမင်းက ပြောပါတယ်။

သေဆုံးသူ၏ မိခင်နှင့် အစ်မတို့မှ အလုပ်သမားသံအရာရှိ ဦးအောင်မိုးခိုင်အား အမှုမှန်ဖော်ထုတ်ပေးရန် အကူအညီတောင်းစာပေးအပ်ပုံ

မညိုညိုအေးသေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် မြန်မာသံရုံးမှအလုပ်သမားရေးဆိုင်ရာသံအရာရှိ ဦးမိုးအောင်ခိုင်၊ ထိုင်းရောက် ရွေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ မဟာမိတ်အဖွဲ့ (AAC) မှ တာဝန်ရှိသူများ၊ ထိုင်းမှုခင်း တိုက်ဖျက်ရေး အထူးအဖွဲ့ (CSD)တို့ ပူးပေါင်းလုပ်ဆောင်နေတဲ့အတွက် အမှုမှန်ဖော်ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထား တယ်လို့လည်း သူက ပြောပါတယ်။

မညိုညိုအေး သေဆုံးမှုအမှန်တရားပေါ်ပေါက်ရန်အတွက် သူမရဲ့မိခင်နဲ့အစ်မဖြစ်သူတို့က မြန်မာသံရုံးကို လာရောက် အကူအညီတောင်းခံခဲ့အတွက် မြန်မာသံရုံးက နိုဝင်ဘာလ(၁၀)ရက်နေ့က ရှေ့နေဦးအောင်မျိုးသန့်ကို ကူညီဆောင်ရွက် ပေးဖို့ တာဝန်ပေးခဲ့ပြီး ထိုင်းရှေ့နေခွန်းနာလုံနဲ့ ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ AAC အဖွဲ့တို့က ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အိမ်အကူအမျိုးသမီးများ အသတ်ခံရမှုတွေနဲ့ပါတ်သက်ပြီး သုံးနှစ်အတွင်း AAC သို့လာရောက်တိုင်တန်းမှု (၁၂)မှုရှိခဲ့ပြီး အမှုမှန်ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအိမ်အကူအမျိုးသမီးတွေ သေဆုံးမှုတွေအတွက် အမှန်တရားပေါ်ပေါက်ဖို့ လုပ်ဆောင်ရာမှာ အခက်အခဲများစွာရှိသလို ဖုန်းနဲ့ချိန်းခြောက်ခံရတာ၊ တဆင့်စကားနဲ့ချိန်းခြောက်ခံရတာနဲ့ သေနတ်နဲ့ချိန်ပြီး ချိန်းခြောက် တဲ့အထိ ကြုံတွေ့ခဲ့ရပေမယ့် အခုမညိုညိုအေးသေဆုံးမှုအတွက် အမှန်တရားဖော်ထုတ်နေတာဟာ နောက်နောင်တခြား မြန်မာအိမ်အကူတွေ အခုလိုဖြစ်ရပ်မျိုး ဆက်လက်မဖြစ်ရလေအောင် ကြိုးပမ်းနေတာဖြစ်တယ်လို့ ကိုရဲမင်းက ပြောပြပါ သေးတယ်။

“အမှန်တရားပေါ်ပေါက်ဖို့လုပ်တဲ့နေရာမှာ အခက်အခဲအများကြီးရှိပါတယ်။ ဒါပေမယ့် နောက်ဆိုရင် မြန်မာအိမ်အကူအမျိုး သမီးတွေကို ဒီလိုမတရားလုပ်လို့ မရတော့ဘူးဆိုတာ သိအောင်လို့ ကျနော်တို့က လုပ်ပြတာပါ။ ဖိအားတွေ အများကြီး ရှိတာပေါ့ဗျာ။ ထိုင်းသူဌေးတွေရဲ့ အန္တရာယ်ပေးမှု၊ ချိန်းခြောက်မှု၊ ထိုင်းရဲတွေရဲ့ မုန်းတီးမှုတွေကြောင့် ကျွန်တော်တို့အပေါ် ဖိအားတွေ အများကြီးဝင်နေပါတယ်။ အန္တရာယ်ရှိနေတာတော့ သေချာတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကြောက်ရွံ့ပြီး တော့ မလုပ်ဘဲထားရင် ဒီအမှုတွေ လိုက်မဲ့လူ မရှိတော့ဘူး။ ထိုင်းမှာလုပ်နေတဲ့ တချို့အဖွဲ့တွေက ဒါမျိုးတွေ လက်ရှောင် ကြတာရှိတယ်”

Related Articles