Home ဆောင်းပါး စီးပွားရေးအလုပ်ကိုစွန့်ပြီး နိုင်ငံရေးအလုပ်ကို ရွေးချယ်လိုက်သူ ဒေါ်အေးသီတာမြင့်

စီးပွားရေးအလုပ်ကိုစွန့်ပြီး နိုင်ငံရေးအလုပ်ကို ရွေးချယ်လိုက်သူ ဒေါ်အေးသီတာမြင့်

Photo Credit: Moon Angel (Facebook)

မလိခ။            ။

“ကိုယ်က စီးပွားရေးလုပ်လို့အောင်မြင်နေတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာလည်း အစကတည်းက ကိုယ့်ဒေသခံလူမျိုးတွေကို ကူညီနေတော့ ဒီအာဏာရှင်စနစ်အောက်မှာ အခက်အခဲတွေ အများကြီးတွေ့ရတယ်။ ဖိနှိပ်မှုတွေလည်း အများကြီးရှိတဲ့ အခါကျတော့ ကိုယ့်အမျိုးသားရေး၊ နိုင်ငံရေးက ပိုပြီးတော့ အရေးကြီးတယ်လို့ မြင်လာတယ်။ ဒီအပြောင်းအလဲ အရွေ့ တခုမှာ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်နိုင်ငံအတွက် လုပ်မယ်ဆိုပြီးတော့ လုပ်ရင်းလုပ်ရင်းနဲ့ ကျမရဲ့ စီးပွားရေးလုပ်ငန်းတွေကို လှည့်မကြည့်နိုင်တော့ဘူး။ တကယ်လို့ စီးပွားရေးလုပ်ငန်းမှာ အချိန်ပေးနေတယ်ဆိုရင် လည်း ဒီဘက်မှာ လေ့လာချိန်မရဘူး။ သင်တန်းတွေ မတက်နိုင်ဘူး။ ဒီထဲမှာ ထဲထဲဝင်ဝင်လုပ်လိုက်တော့ စီးပွားရေး အရင်ကလို မလုပ်နိုင်တော့ဘူး၊ ကိုယ်ကလည်း လေ့လာလေ ပိုသိလာလေဆိုတော့ နောက်မဆုတ်နိုင်တော့ဘူး”

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့မှာ အောက်တိုဘာလ (၂၇)က (၂၈)ရက်အထိ ပြုလုပ်ခဲ့တဲ့ လားဟူအမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးပါတီ (LNDP) ရဲ့ တတိယအကြိမ်ညီလာခံမှာ ဥက္ကဌသစ်အဖြစ် ရွေးချယ်ခန့်အပ်ခံရတဲ့ ဒေါ်အေးသီတာမြင့် က ပြောပါတယ်။

သူမဟာ ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲမှာ မိုင်းပြင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင် စဉ်က အစိုးရလက်လှမ်းမမှီတဲ့ တောင်ပေါ်ဒေသ နေရာအနှံ့ သွားရောက်စည်းရုံးခဲ့ပြီး ကလေးငယ် အများအပြား ပညာ မသင်ကြားနိုင်ကြတာကို တွေ့မြင်ခဲ့ရတာကြောင့် သူရဲ့ ဥက္ကဌသက်တမ်းမှာ “ပညာရေး” ကို အဓိက ဦးစားပေးလုပ်ဆောင် သွားဖို့ စဉ်းစားထားတယ်လို့ ပြောပါတယ်။

“ကျမ ဥက္ကဌလုပ်တဲ့သက်တမ်းမှာ ပညာရေးပိုင်းကို အဓိကလုပ်မယ်။ ဘာလို့လဲဆိုတော့ ကျမတို့ လားဟူတိုင်းရင်းသား တွေဟာ တောင်ပေါ်ဒေသမှာ နေတာများတဲ့အတွက် အစိုးရ လက်လှမ်းမမီတဲ့ နေရာတွေမှာ ရှိနေတယ်။ ပညာမသင်နိုင်တဲ့ သူတွေ အများကြီးဘဲ။ ဒါကြောင့် ကျမက ဒီပညာရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရ မလုပ်နိုင်တဲ့ နေရာတွေမှာ ကျမတို့က ဆရာတွေ ရှာဖွေခန့်ပြီးတော့ လုပ်သွားဖို့ စဉ်းစားထားတယ်။ ပါတီက လူကြီးတွေကို ပြောပြီးတော့ ကျမတို့ ဒါကို ရှေ့လုပ် ငန်းစဉ်ချပြီးတော့ လုပ်ဖို့ရှိပါတယ်”

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပြင်းဇာတိဖြစ်ပြီး မိုင်းဆတ်မြို့မှာ ကြီးပြင်းခဲ့သူ အသက် (၃၇) နှစ်အရွယ် ဒေါ်အေးသီတာမြင့် ဟာ အသက်(၁၀)နှစ်သမီးအရွယ်မှာ ဖခင်ဖြစ်သူဆုံးပါးသွားပြီး မိခင်နဲ့ မောင်နှမ(၃)ယောက်ရှိပါတယ်။ သူမဟာ အကြီးဆုံး သမီးဖြစ်ပြီး ပိုလီယိုဖြစ်နေတဲ့မသန်စွမ်းတဲ့ ညီမနဲ့ မောင်လေးတွေရှိပါတယ်။

အလယ်တန်းကျောင်းသူဘဝမှာတော့ ကြက်ခြေနီအသင်းမှာ ပါဝင်လှုပ်ရှားခဲ့ပြီး ၁၉၉၉ ခုနှစ်၊ မိုင်းပြင်းမြို့နယ်၊ လူငယ်ထူး ချွန် ကြက်ခြေနီဆုကို လက်ခံရရှိခဲ့ပါတယ်။ (၁၀)တန်းပထမနှစ်မှာ စာမေးပွဲကျခဲ့တဲ့အတွက် အစိုးရနဲ့ ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ချုပ် (ICRC) တို့က ဖွင့်လှစ်ခဲ့တဲ့ အရံသူနာပြုသားဖွားအထူး သင်တန်းကို (၆)လကြာ တက်ရောက်ခဲ့ပြီး ICRC ရဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ တောင်ပေါ်ဒေသမှာ သူနာပြုဆရာမ လုပ်ကိုင်ခဲ့ရပါတယ်။ အဲဒီက ရရှိလာတဲ့ လစာငွေတွေနဲ့ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့မှာ ကျူရှင်ပြန်တက်ရောက်ကာ(၁၀)တန်းကို အောင်မြင်အောင် ပြန်လည်ဖြေဆိုခဲ့ပြီး ၂၀၀၃ ခုနှစ်မှာ သမိုင်းဘာသာနဲ့ အဝေးသင်ဘွဲ့ ရရှိခဲ့ပါတယ်။

၂၀၀၁ ခုနှစ်က တပ်မတော်မှ အလုပ်သင် အပတ်စဉ်(၂၇)မှ အရာရှိတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ပြီး သားတစ်ဦး၊ သမီးတစ်ဦး ထွန်းကားခဲ့ပါတယ်။၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလမှာ အိမ်ထောင်နဲ့ကွာရှင်းပြတ်စဲခဲ့ပါတယ်။ အခု၂၀၁၇ နှစ်မှာတော့ လားဟူပါ တီလူကြီးများနဲ့ ဆွေမျိုးတွေရဲ့ ဆက်စပ်ညှိနှိုင်းပေးမှုနဲ့ လူမျိုးတူ၊ ဘာသာတူ၊ လားဟူအမျိုးသားတစ်ဦးနဲ့ ဒုတိယအိမ် ထောင်ထူထောင်ခဲ့လိုက်တာ (၆)လခန့်ပဲရှိပါသေးတယ်။

သူမဟာ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီထဲကို ၂၀၁၀ ခုနှစ်၊ ဇူလိုင်လကတည်းက စတင်ဝင်ရောက်ပြီး မြို့နယ် ဗဟိုကော်မတီစာရင်းစစ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ တန်ယန်းမြို့နယ်မှာ ကျင်းပတဲ့ညီလာခံကိုလည်း သွား တက်ရောက်ခဲ့ပါတယ်။ အစောပိုင်းက ပါတီအတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခဲ့ပေမဲ့ သူမဟာ ကလေးငယ်(၂)ဦးကို ငဲ့ပြီး တာဝန်မယူခဲ့ဘူးလို့ဆိုပါတယ်။

Photo Credit: Moon Angel (Facebook)

“အဲဒီတုန်းက ကျမကလေးတွေက ငယ်သေးတော့ ကျမဒီတာဝန်ကြီးကို ထမ်းထားတယ်ဆိုရင် မလုပ်နိုင်မှာစိုးတယ်။ ဘာ ဘဲဖြစ်ဖြစ် စာရင်းစစ်က အီးမေလ်းနဲ့လည်း စစ်လို့ရတယ်ဆိုတော့ အဆင်ပြေတယ်။ ကျမတတ်ကျွမ်းသလောက် အကုန် လုပ်မယ်ဆိုပြီး ဒီလိုရာထူးကို မယူခဲ့ဘူးပေါ့။ ဒါပေမဲ့ ဒီတာဝန်ယူပြီးနောက်ပိုင်း တောက်လျှောက် သင်တန်းတက်၊ အစည်း အဝေးတက်နဲ့ စီးပွားရေးဘက်ကိုလည်း အရင်ကလိုမလှည့်နိုင်တော့ဘူး”လို့ သူမက ပြောပါတယ်။

ဒေါ်အေးသီတာမြင့်ဟာ၂၀၀၈ နှစ်ကုန်ပိုင်းမှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီးနောက် (၂)လအရွယ်သားနဲ့ သမီး(၂)ယောက်ရဲ့ စားဝတ်နေရေးအတွက် အမျိုးသမီးတစ်ဦးအနေနဲ့ ခက်ခက်ခဲခဲရုန်းကန်ရင်း နိုင်ငံရေး လှုပ်ရှားမှုထဲ ဝင်ရောက်လာခဲ့သူဆို ရင်လည်း မမှားပါဘူး။ နိုင်ငံရေးခေါင်းဆောင်မှုနဲ့ ပတ်သက်လို့ ဆရာဖြစ်သင်တန်းတက်ရောက်သင်ကြားခဲ့ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်၊ ကျား-မတန်းတူရေး၊ လူ့အခွင့်အရေးဆိုင်ရာတွေနဲ့ ပတ်သက်လို့ Equality Myanmar နဲ့ ချိတ်ဆက်ပြီး သင်တန်းတွေ ပေးခဲ့တဲ့ သင်တန်းဆရာမတစ်ဦးလည်းဖြစ်ပါတယ်လို့ ဒေါ်အေးသီတာမြင့်က ပြောပါတယ်။

“ကျမက ကလေးတွေနဲ့ အချိန်ပြည့်မနေနိုင်ဘူး။ ကလေးတွေကို ညီမဆီမှာထားလိုက်၊ အဒေါ်တွေဆီမှာ ထားလိုက်နဲ့ သူ တို့ဝိုင်းပြီးတော့ ကြည့်ပေးထားတယ်။ ကျမလည်း ဒီကြားထဲမှာ သင်တန်းတွေ တက်ရင်းနဲ့ အလုပ်ကိုလည်းလုပ်၊ သင်တန်း တွေလည်းပေးတယ်။ ကလေးနှစ်ယောက်ကျောင်းတက်ချိန်မှာတော့ ညီမက ကြည့်ပေးတယ်။ ကျောင်းပိတ်တဲ့အချိန်ဆို သားရော၊ သမီးရော၊ ခေါ်သွားပြီးတော့ ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်ဒေသတွေမှာ ကိုယ့်ရဲ့ပါတီကလူတွေကို သင်တန်းတွေ လိုက်ပေးတယ်”လို့ သူမက ပြောပြပါတယ်။

တချိန်ထဲမှာဘဲ စားဝတ်နေရေးအတွက် ကုန်စုံဆိုင်ဖွင့်တာ၊ ဝက်မွေးမြူတာတွေ လုပ်ခဲ့ပေမဲ့ အဆင်မပြေခဲ့တဲ့အတွက် နောက်ပိုင်းမှာ ထိုင်းနိုင်ငံက စီးပွားရေးကုမ္ပဏီတစ်ခုမှာ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီး  ပစ္စည်းရောင်းတာ၊ အဖွဲ့ဝင်သစ်များ ခေါ်ယူပေးတာတွေ လုပ်ကိုင်ခဲ့ရင်း ၂၀၁၁ ခုနှစ်မှာ ကုမ္ပဏီက သတ်မှတ်ထားတဲ့ Diamond အဆင့်ထိ ရရှိခဲ့သူဖြစ်ပါတယ်။

တဖက်မှာလည်း ဒေါ်အေးသီတာမြင့်ဟာ လားဟူလူမျိုးအရေး၊ အမျိုးသမီးရေး၊ ဘာသာရေး၊ လူငယ့်အရေး လှုပ်ရှားမှု တွေမှာ တက်တက်ကြွကြွပါဝင်နေသူတစ်ဦးဖြစ်သလို ဘာသာစကားတွေ ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပြီး လားဟူ အရေးကိစ္စမှာလည်း လူကြီးတွေကို ပြောရဲဆိုရဲရှိလို့ ပါတီလုပ်ငန်းတွေမှာလည်း အများကြီး အထောက်အပံ့ပေးနိုင်တယ် လို့ UNFC ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ (DPN) အဖွ့ဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ လားဟူအမျိုးသမီးအစည်း အရုံး(LWO)မှ ရံပုံငွေရှာဖွေရေး တာဝန်ခံ နာဗစ်ဘိုက ပြောပါတယ်။

“သူကပါတီမှာက အမျိုးသမီးခေါင်းဆောင်တယောက် ဖြစ်လာတဲ့အတွက် နောက်ပိုင်းမှာ ကျမတို့လားဟူအမျိုးသမီးတွေ ကို အများကြီး ဆွဲခေါ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ သူက စည်းရုံးရေးလည်း သိပ်ကောင်းတယ်။ အပြောကောင်းတယ်။ သူ့ရဲ့ကျွမ်းကျင်မှုတခုက အောက်ခြေလူထုနဲ့ သွားတွေ့ရင် ဘယ်လိုစကားပြောရမလဲ၊ အလယ်အလတ်လူတွေကို ဘယ်လို စကားပြောရမလဲ။ ပြီးတော့ အခုဆိုရင် သူက UPDJC လုပ်ငန်းကော်မတီမှာလည်း ပါတီကိုယ်စားလှယ်အနေနဲ့ ပါတယ် ဆိုတော့ လူကြီးတွေနဲ့ ဘယ်လိုစကားပြောရမလဲဆိုတာမျိုးသိတယ်။ ဒါတွေက သူရဲ့ အရည်အချင်းလို့လည်း ပြောလို့ ရတယ်ပေါ့နော်”လို့ သူက ပြောပါတယ်။

ဒေါ်အေးသီတာမြင့်ဟာ လက်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)က နိုင်ငံရေးပါတီ အစု အဖွဲ့ကိုယ်စားလှယ်အနေနဲ့ လူမှုရေးကဏ္ဍ၊ လုပ်ငန်းကော်မတီမှာ ပါဝင်နေသူလည်း ဖြစ်ပါတယ်။

သူမဟာ ပါတီဥက္ကဌမဖြစ်ခင် မိုင်းပြင်းမြို့မှာလည်း ကချင်၊ လားဟူ၊ ကရင် စတဲ့ လူမျိုးပေါင်းစုံပါဝင်တဲ့ အမျိုးသမီးအားမာန် ဆိုတဲ့ အမျိုးသမီးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ အဲဒီအဖွဲ့ဟာ သာရေးနာရေး၊ လူမှုရေးလုပ်ငန်းတွေ၊ ရှမ်းလူထုအခြေ ပြုအဖွဲ့အစည်း (CSO) တွေနဲ့ အဖွဲ့ဝင်အဖြစ် ဒေသအလိုက် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင် လုပ်ဆောင်နေပါတယ်။

သူမဟာ အရင်ကတည်းက အမျိုးသမီးအရေးနဲ့ပတ်သက်လို့ လားဟူအမျိုးသမီးအဖွဲ့နဲ့ အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB တို့နဲ့ ချိတ်ဆက်ပြီး အမျိုးသမီးတွေကို အမြင်ဖွင့်သင်တန်းတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ ပညာပေး တာတွေလည်း လုပ်ဆောင်ခဲ့သူဖြစ်ပြီး အခုလည်း အမျိုးသမီးရေးကိုဆက်လုပ်သွားမယ်လို့ ဒေါ်အေးသီတာမြင့်က ပြောပါ တယ်။

ဒေါ်အေးသီတာမြင့်ရဲ့အဖိုးဖြစ်သူဦးဒါရေဟာ ၁၉၉၀ ရွေးကောက်ပွဲက မိုင်းပြင်းမြို့နယ်၊ လားဟူအမျိုးသားဖွံ့ဖြိုးရေးပါတီ၊ အတွင်းရေးမှူးဖြစ်ခဲ့ပြီး အခုမြေးဖြစ်သူ ဒေါ်အေးသီတာမြင့်က ပါတီဥက္ကဌ ဖြစ်လာခြင်းကို ကြိုဆိုကြောင်းနဲ့ သူမဟာ အမျိုးသားရေးအပြင် အမျိုးသမီးရေးရာများ ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်နေတဲ့အတွက် အားပေးထောက်ခံကြောင်း UNFC အဖွဲ့ဝင်ဖြစ်တဲ့ လားဟူဒီမိုကရက်တစ်ပါတီ (LDU) ဒု ဥက္ကဌ ဗိုလ်မှူးကြီးဆော်လမွန်က ပြောပါတယ်။

Photo Credit: Moon Angel (Facebook)

“သူနဲ့က ပထမကြိမ် ပင်လုံညီလာခံမှာလည်း တွေ့နေကျ။ သူ့အဖိုးလည်း အရင်က မြို့နယ်အတွင်းရေးမှူးဖြစ်ခဲ့တယ်။ အခု သူ ဥက္ကဌပြန်ဖြစ်တော့ ကျနော်တို့က အားပေးတယ်။ ထောက်ခံတယ်။ နောက်ပြီး သူက အမျိုးသမီးရေးရော၊ လူမျိုးရေး ရော၊ နိုင်ငံရေးရော နည်းနည်းကျွမ်းကျင်မှုရှိတယ်။ ပညာလည်းတတ်တယ်။ ကျွန်တော်တို့သူ့ကိုအားလုံးထောက်ခံတယ်။ သူတော်တော်လုပ်ဆောင်နိုင်မယ်လို့ ယူဆတယ်။ အမျိုးသမီးကဏ္ဍမှာလည်း ကျွမ်းကျွမ်းကျင်ကျင်ရှိတယ်”လို့ သူက ပြော ပါတယ်။

ဒါတွေအပြင် သူမဟာ အရည်အချင်းရှိသူတစ်ဦးဖြစ်လို့ လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်လာနိုင်တယ်လို့ မျှော်လင့်နေကြပေမယ့်လည်း သူမ ဥက္ကဌ သက်တမ်းတွင် လုပ်ပိုင်ခွင့် ဘယ်လောက်ရှိမလဲ ဆိုတာနဲ့ ဘယ်လောက်လုပ်နိုင်မလဲဆိုတာ ကို စောင့်ကြည့်သွားရဦးမှာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ဆော်လမွန်က ပြောပါ တယ်။

“လောလောဆယ် သူ့ရဲ့ လုပ်ပိုင်ခွင့်ကို စောင့်ကြည့်ရဦးမယ်။ တော်မယ်လို့ထင်တာဘဲ။ နောက်ပြီး သူစိတ်ဓါတ်က အမျိုး သားအရေးအတွက် ဦးစားပေးလုပ်ကိုင်ဖို့ ပိုများသလိုဘဲ။ အဲဒါကြောင့် ကျွန်တော်တို့က သူ့ကို စောင့်ကြည့်နေတဲ့ အနေ အထားဘဲ ရှိပါသေးတယ်။ တစ်နှစ်တောင် မပြည့်သေးဘူးလေ” လို့ သူက ဆက်ပြောပြပါသေးတယ်။

ဘယ်လိုပဲ ပြောဆိုသုံးသပ်နေကြပါစေ၊ ဒေါ်အေးသီတာမြင့်ကတော့ သူ့ကိုယ်သူယုံကြည်မှုရှိတဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ အတွက် အခုလိုပြောဆိုလိုက်ပါတယ်။

“ကျမရဲ့လုပ်ဆောင်ချက်တွေကို သူတို့(ပါတီကလူကြီးတွေ) ကြည့်ပြီးမှ ဒီထက်မက ပိုပြီးကြိုးစားခွင့်ရအောင် ရွေးချယ် လိုက်ကြတယ်လို့ ခံယူပါတယ်။ သူတို့ကိုယ်တိုင်လည်းပြောပါတယ်။ အရင်(၇)နှစ်လုံးလုံး ကျမရဲ့ လုပ်ဆောင်ချက်တွေ၊ ပြုမူပြောဆိုချက်တွေ၊ အကုန်လုံးကို ကြည့်ပြီးတော့၊ ပိုပြီးအလုပ်လုပ်နိုင်မယ်လို့ သူတို့ကထင်တယ်ပေါ့နော်”

Related Articles