Blog Post

ခွဲခြားဆက်ဆံခံနေရတဲ့ ရှမ်းရှေ့သွားတောလား…

နန်းဆိုင်နွမ်။          ။

“ မှတ်ပုံတင်ပါလား၊ အသက် ၁၈ နှစ်ပြည့်လား” လို့ ကားဆရာက ထူးဆန်းတဲ့မေးခွန်းတွေ မေးပါတယ်။

အောက်တိုဘာလ (၁၅)ရက်နေ့၊ နံနက်(၉)နာရီခွဲ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ကနေ ရှမ်းရှေ့တာချီလိတ် သွားတဲ့ ကားသမားတစ်ဦးဖြစ်တဲ့ စိုင်းလုံက မေးလိုက်တဲ့မေးခွန်းပါ။

ခရီးသည်အမျိုးသမီးတစ်ဦးကတော့ (၁၈)နှစ်ပြည့်လားဆိုတဲ့မေးခွန်းကြောင့် ဝမ်းသာအားရနဲ့ “ ကားဆရာ ကျမက (၁၈)နှစ်မပြည့်သေးတဲ့ ရုပ်ပေါက်နေလို့လား” လို့ စနောက်ပြီး ပြန်မေးလိုက်ပါတယ်။

“ ကျွန်တော်ဆိုလိုတာ (၁၈)နှစ်မှတ်ပုံတင်ပါလားလို့ မေးတာပါ။ လမ်းမှာ ရုပ်ကိုမကြည့်ဘူး။ မှတ်ပုံတင်မှာ (၁၈)နှစ် ပြည့်မပြည့်ဘဲကြည့်တယ်” လို့ပြန်ဖြေလိုက်တဲ့အဖြေကတော့ တော်တော်ထူးဆန်းတဲ့ အဖြေပါပဲ။

အမျိုးသမီးတစ်ဦး ရှမ်းရှေ့ကိုသွားမယ်ဆိုရင် ပထမဦးဆုံး(၁၈)နှစ်ပြည့် မှတ်ပုံတင် ကိုင်ဆောင်ထားသလားဆိုတာ သိဖို့လိုအပ်ပြီး (၁၈)နှစ်မပြည့်ဘဲ ခရီးသွားလာရင် စစ်ဆေးရေးဂိတ်မှာ ငွေပေးဆောင်ရတယ်လို့ စိုင်းလုံက ပြောပြ ပါတယ်။

ရှမ်းရှေ့တကြောမှာ  အသက်(၁၈)နှစ်မပြည့်ရင် အမျိုးသမီးတွေ ခရီးသွားခွင့်မရသလို၊ မဖြစ်မနေ ခရီးသွားမယ်ဆို ရင်လည်း ကျောင်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာတွေ ယူဆောင်ပြီး မိဘအုပ်ထိန်းသူတွေနဲ့သာ သွားရမယ် လို့  ရှမ်းရှေ့ပြည်သူတွေ ပြောဆိုတာ ကြားဖူးပါတယ်။

(၁၈)နှစ်ပြည့်မှတ်ပုံတင်လိုအပ်ရတဲ့အကြောင်းရင်းက လူကုန်ကူးမှုကို တားဆီးကာကွယ်ချင်လို့ ပြုလုပ်ဆောင်ရွက် တာပါလို့  ကားသမား စိုင်းလုံက ပြောပြပါတယ်။

ရှမ်းရှေ့ကို ခရီးဆက်ရင်း ညနေ(၄)နာရီ၊ တာဂေါ်တံတားစစ်ဆေးဂိတ်ကို ရောက်တဲ့အချိန်မှာ ကားသမားစိုင်းလုံက ဆင်းသွားပြီး ပြန်တက်လာတော့“ အသက်(၁၈)နှစ်မပြည့်သေးတဲ့သူ တစ်ယောက်ပါတယ်၊ ကျွန်တော်မသိလိုက် ဘူးဗျာ။ လဝကကို ၅၀၀၀ ကျပ်ပေးလိုက်ရတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး သူက “ ကျိုင်းတုံ၊ တာချီလိတ် စစ်ဆေးရေးဂိတ်တွေမှာလည်း ဆက်ပြီးပေးရမယ်” လို့ ဆိုပါတယ်။

အဲဒီအသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်မလဲရသေးတဲ့ ပအိုဝ်းအမျိုးသမီးဟာ မိုင်းပွန်မြို့ကနေ ထိုင်းနယ်စပ် တာချီ လိတ်ကို သွားရောက် အလုပ်လုပ်မယ့်သူဖြစ်ပါတယ်။

“ ဒီလမ်းမှာတော့ အသက်(၁၈)နှစ်ပြည့်မှတ်ပုံတင် မကိုင်ရင်ရစ်တယ်။ ငွေယူတယ်။ တကယ်လို့ လူကုန်ကူးမှု တား ဆီးတယ်ဆိုရင် အမျိုးသမီးတွေအပြင် တခြားအသက် မပြည့်တဲ့သူတွေကိုပါ စစ်ဆေးရ တားရမှာပေါ့။ အခုက အမျိုးသမီးတွေကိုပဲစစ်တာ” လို့ ပအိုဝ်းအမျိုးသမီးနန်းမို့က ပြောပါတယ်။

ဒီလိုပဲ အသက်(၁၈)နှစ်ပြည့်မှတ်ပုံတင် မရှိတဲ့အတွက် စစ်ဆေးရေးဂိတ်မှာ ငွေကျပ်(၃)သောင်းပေးရပြီး ငွေမပေး ရင် ခရီးသွားခွင့်ပိတ်ပင်တယ်လို့ ကျိုင်းတုံဒေသခံ အမျိုးသမီးတစ်ဦးဖြစ်တဲ့ နန်းတစ်က  ပြောပြပါတယ်။

“ ကျမ မိုင်းလားကို သွားအလုပ်လုပ်ဖို့လာတုန်းက၊ မိုင်းယောင်းစစ်ဆေးရေးဂိတ်မှာ အသက်မပြည့်လို့ဆိုပြီး ပေး မသွားဘူး။ အဲဒီတုန်းက (၁၆)နှစ်ပါ။ အဖေနဲ့အတူလာတာပါ။ နောက်ဆုံးငွေပေးလိုက်တော့ သွားလို့ရတယ်” လို့ နန်းတစ်ကဆိုပါတယ်။

ရှမ်းရှေ့ဒေသဟာ လူကုန်ကူးမှုအဖြစ်များတဲ့ဒေသဖြစ်ခဲ့သလို အလုပ်အကိုင်၊ အခွင့်အလမ်းရှားပါးတဲ့အတွက် ရှမ်း ရှေ့ပြည်သူအများစုဟာ မိုင်းလားမြို့နဲ့ ထိုင်းနိုင်ငံနယ်စပ်တွေကို သွားရောက်အလုပ်လုပ်ကိုင်ကြရပါတယ်။

မိုင်းယောင်းဒေသခံအမျိုးသမီးတစ်ဦးကလည်း “ ကျမတို့ဖက်မှာ အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်မဟုတ်ရင် ခရီး သွားလာခွင့်မရဘူး။ ဒါပေမယ့် ငွေပေးရင်တော့ သွားလို့ရတယ်။ ငွေမပေးရင်တော့ မိဘတွေပါရင်တောင် သွားလို့ မရဘူး” လို့ ပြောပြပါတယ်။

ရှမ်းရှေ့ခရီးလမ်းတွေမှာ အမျိုးသမီးတွေရဲ့ မှတ်ပုံတင်ကိုသာ အဓိကစစ်ကြပြီး အမျိုးသားတွေကိုတော့ သေချာစစ် ဆေးမှု မပြုလုပ်ဘူးလို့လည်း သိရပါတယ်။

လူကုန်ကူးမှုမှာ အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ် ဘယ်အသက်အရွယ်မဆို ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါ တယ်။

ကလေးသူငယ် ကာကွယ်ရေး ဥပဒေအရ အသက်(၁၆)နှစ်အောက် ကလေးငယ်တိုင်း မိဘအုပ်ထိန်းသူတွေနဲ့သာ ခရီးသွားသင့်ပြီး အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်ကိုင်ဆောင်ထားရင် ခရီးသွားတဲ့အချိန်မှာ ပိုမိုလုံခြုံမှုရှိတယ်လို့  ဥပဒေရေးရာ ပညာပေးမှုတွေ ပြုလုပ်နေတဲ့ ကျွန်းတထောင်မြေဖောင်ဒေးရှင်းတည်ထောင်သူ နန်းဝါနုက ပြောပါ တယ်။

“ ရှမ်းရှေ့ ထိုင်းနယ်စပ်ဖက်သွားရင် အသက်(၁၈)နှစ် မပြောနဲ့၊ အသက်(၂၅)နှစ်လည်း စစ်ဆေးပါတယ်။ နိုင်ငံခြား ကို တရားမဝင်နည်းလမ်းနဲ့ ထွက်အလုပ်လုပ်ကြတယ်။ ဒါကြောင့် နိုင်ငံတော်စီမံချက်အနေနဲ့လုပ်ကြတာ၊ ဒါက ကလေးသူငယ်တွေအတွက် လိုအပ်လို့ လုပ်သင့်ပါတယ်”လို့ နန်းဝါနုက ဆိုပါတယ်။

ဒါပေမယ့် မှတ်ပုံတင်ဟာ လူကုန်ကူးမှုတားဆီးကာကွယ်ဖို့အတွက် အဓိကကျတဲ့အရာ မဟုတ်ဘူးလို့လည်း သူမက ဆိုပြန်ပါတယ်။

လူကုန်ကူးမှုနဲ့ပတ်သက်ပြီး ခရီးသွားလာမှုတွေမှာ အမျိုးသမီးတွေကို သီးသန့်ကန့်သတ်ထားတယ်ဆိုရင် လူကုန် ကူး တားဆီးကာကွယ်ရေး မဟုတ်တော့ဘဲ အမျိုးသမီးများကို ခွဲခြားဆက်ဆံတဲ့ပုံစံ ဖြစ်သွားနိုင်တယ်လို့ နန်းဝါနု က ဆက်ပြောပါတယ်။

“အသက်(၁၈)နှစ်ပြည့်မှတ်ပုံတင်မကိုင်ထားတဲ့ အမျိုးသမီးတွေကိုမှ  စစ်ဆေးတာဆိုရင်တော့  ခွဲခြားမှုဖြစ်သွားပြီ။ (၁၈)နှစ် ပြည့်မပြည့် အမျိုးသားရော အမျိုးသမီးရော အားလုံးစစ်ဆေးရမယ်။ အမျိုးသမီးပဲ စစ်ဆေးတာမျိုး မဖြစ် သင့်ဘူး” လို့ နန်းဝါနုက ဆိုပါတယ်။

ဆက်လက်ပြီးတော့လည်း အမျိုးသမီးတွေကို စစ်ဆေးပြီး အသက်(၁၈)နှစ်ပြည့်မှတ်ပုံတင်မဟုတ်လို့ ခရီးသွား အမျိုးသမီးတွေကို ငွေတောင်းတယ်ဆိုရင်တော့ အဂတိလိုက်စားမှု ဖြစ်သွားပြီ။ ငွေတောင်းတာဟာ  ဥပဒေချိုး ဖောက်တာပဲလို့ သူက မှတ်ချက်ပြုလိုက်ပါတယ်။

“ (၁၈)နှစ်မပြည့်ရင် ခရီးမသွားရဘူး၊ ထောက်ခံစာနဲ့ သွားလာရမယ်ဆိုတာတွေ မရှိတော့ဘူး။ အရင်တုန်းကတော့ ရှိပါတယ်။ အခုနောက်ပိုင်းတော့ မရှိတော့ပါဘူး။ သံသယရှိရင်တော့ စစ်ဆေးတာရှိပါတယ်” လို့ တာချီလိတ်ခရိုင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ရဲမှူးဒေါ်ရင်ရင်အေးက ပြောပါတယ်။

ဘယ်သူမဆို လွတ်လပ်စွာ သွားလာလို့ရပြီး အသက်မပြည့်လည်း ခရီးသွားလာနိုင်ပါတယ်။ အသက်(၁၈)နှစ် မပြည့်သေးတဲ့ အမျိုးသမီးတိုင်း ခရီးသွားပါက စစ်ဆေးခံရတာမျိုး မဟုတ်ပါဘူးလို့ ရဲတပ်ဖွဲ့ရဲမှူး ဒေါ်ရင်ရင်အေးက ဖြည့်စွက်ရှင်းလင်းပါတယ်။

အမျိုးသမီးတိုင်းဟာ လွတ်လပ်စွာ သွားလာခွင့်ရှိပြီး၊ အမျိုးသမီးတွေ လုံလုံခြုံခြုံသွားလာနိုင်ဖို့ အကာအကွယ်ပေး ကြသလိုနဲ့ တခါတလေမှာ ဖိနှိပ်တာတွေ ဖြစ်သွားကြတယ်လို့ အမျိုးသမီးရေးကို တက်တက်ကြွကြွဆောင်ရွက် နေတဲ့ နန်းမြဦးကလည်း ပြောပါတယ်။

အမျိုးသမီးတိုင်းဟာ အမျိုးသားများလို လွတ်လပ်စွာ ခရီးသွားနိုင်ခွင့်ရှိတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်သူ များက ပြောကြတာပါ။

အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်မကိုင်ဆောင်တဲ့ အမျိုးသမီးများ ခရီးသွားလာတာကို ကန့်သတ်တာဟာ လူကုန် ကူးမှုကို မကာကွယ်နိုင်ကြောင်းနဲ့ လူကုန်ကူးမှုဆိုတာ နည်းလမ်းပေါင်းစုံရှိကြောင်း၊ အမျိုးသမီးအရေး ဆောင်ရွက် လှုပ်ရှားသူများက ဆိုကြပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်းကို ကားလမ်းနဲ့ ခရီးသွားလာနေကြရတဲ့ အမျိုးသမီးတွေဟာ ဥပဒေရေး၊ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့အခွင့်အရေးတွေ သိနားလည်မှု အားနည်းနေတဲ့အတွက် အခုအချိန်အထိ ခေါင်းပုံဖြတ်ခံနေရဆဲပါလို့  ရှမ်းပြည်နယ်က အမျိုးသမီးရေး ဆောင်ရွက်နေတဲ့သူတွေက ပြောဆိုနေကြပါတယ်။

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

ရေကာတာ ရပ်တန့်ရေး လှုပ်ရှားသူ ရွှေ့ပြောင်းဒုက္ခသည် မိသားစုများ ကုမ္ပဏီထောက်ပံ့မှု ဖြတ်ခံရ

ဆိုင်း(HI)။ ၂၇၊ ဇွန်၊၂၀၁၄။ မြစ်ဆုံရေကာတာ လုံးဝရပ်တန့်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် ရွှေ့ပြောင်း ဒေသခံအမျိုးသမီး (၂) ဦးနှင့် မိသားစုဝင် (၁၈) ဦးကို (CPI)