Home ဆောင်းပါး ဇနီးသည်လား…ပြေးနိုင်မှလွှတ်ရသူတွေလား…

ဇနီးသည်လား…ပြေးနိုင်မှလွှတ်ရသူတွေလား…

ပစ်တိုင်းထောင်မ၊ ရန်ကုန်။              ။

 

“သူနဲ့ဝေးတဲ့ရာနေရာကို သွားချင်တယ်။ ရဲတိုင်ဘာတိုင်လည်းမလုပ်ချင်ဘူး။ ရဲလာမဖမ်းခင် သူက အစ်မကို အရင်သတ်မှာ”

 

နေရာက ကရင်ပြည်နယ်၊ ကရင့်အမျိုးသား အစည်းအရုံး တပ်မဟာ (၃) တပ်ရင်း (၈) ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်က ရွာလေးတစ်ရွာမှာပါ။ အဲဒီရွာလေးဟာ ကရင်အမျိုးသားအစည်းရုံး(KNU)လို့ ခေါ်ကြတဲ့ ကရင့် လက်နက်ကိုင်နယ်မြေလည်းဖြစ်ပါတယ်။ ကရင်နယ်မြေဖြစ်တဲ့အတွက် ကရင်လူမျိုးအများစုနေထိုင်ကြတဲ့ နေ ရာလေးတစ်ခုပါ။

ဝါးနဲ့တိုင်ထူ၊ ဝါးနဲ့ကာ၊ အခင်းကလည်းဝါး၊ အမိုးကိုတော့ အင်ဖက်နဲ့မိုးပြီး ဆောက်ထားတဲ့ အိမ်လေးကတော့ ကရင့်အမျိုးသမီးအစည်းအရုံး (KWO) ရုံးပဲဖြစ်ပါတယ်။

ရုံးထဲမှာ ခန္ဓာကိုယ် ပိန်ပိန်ပါးပါး အသက် (၃၇)နှစ်အရွယ် အမျိုးသမီးတစ်ယောက် ကျောပေးပြီး ထိုင်နေတာကို တွေ့ရပါတယ်။ သူဟာ အဲဒီရွာခံမဟုတ်ဘူးလို့ ပြောနိုင်တာကတော့  ကရင်စကားမပြောတတ်၊ နားလည်း မလည်၊ အခြားသူများနဲ့လည်း ရင်းနှီးကျွမ်းဝင်မှုမရှိပဲ ရုံးထဲမှာ တစ်ယောက်ထဲ ညိုုးငယ်စွာ နေလေ့ရှိလို့ပါ။

မျက်နှာလေးညှိုးငယ်နေသလို စကားပြောတဲ့အခါမှာလည်း ခပ်တိုးတိုးနဲ့ မပွင့်တပွင့်ပြောတတ်ပါသေးတယ်။ သူ့နာမည်က တော့ မကြည်စန်းလို့ခေါ်ပါတယ်။

မကြည်စန်းကို ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မီးတိုင်တောကျေးရွာအုပ်စု၊ ကျောင်းစုရွာမှာ မွေးဖွား ခဲ့ပြီး အသက်(၂၀)ကျော်မှာ အိမ်ထောင်ကျခဲ့ပါတယ်။ အိမ်ထောင်ကျပြီး လအနည်းငယ်လောက်ကစလို့ ခင်ပွန်း ဖြစ်သူ ဇော်ကြီးက ရိုက်နှက်တာကို အမြဲတမ်းခံရလေ့ရှိတယ်လို့ ပြောပြပါတယ်။

“ညားပြီးလအနည်းငယ်ကြာတဲ့နောက်ပိုင်း အမြဲတမ်းရန်ဖြစ်တယ်။ တကိုယ်လုံးမှာရှိတဲ့ ဒါဏ်ရာတွေက သူလုပ် ထားတာပဲ။ ဂုတ်မှာဆိုလည်း ဓါးနဲ့ ကြိတ်လှီးထားတာရှိတယ်။ အခုတော့ ဒါဏ်ရာပဲ ရှိတော့တယ်။ ဓါးဦးနဲ့ ဟို နားထိုး ဒီနားထိုး၊ ဒါဏ်ရာအကြီးကြီးဖြစ်အောင်လည်း မလုပ်ဘူး။ ဒါဏ်ရာသေးသေးလေးတွေက တကိုယ်လုံး မှာရှိတယ်”

အကြိမ်ကြိမ်အခါခါ ရန်ဖြစ်၊ ထိုးကြိတ်၊ ရန်ရှာ၊ ပြဿနာရှာ လုပ်ခဲ့ပေမယ့် တနေ့နေ့ ကောင်းလာနိုးနဲ့ ပေါင်းလာ ရာကနေ အခုဆိုရင် ကလေး(၄)ယောက်ရှိနေပါပြီ။ ကလေးသာ(၄)ယောက်ရလာပေမယ့် နောင်တမရပဲ ပိုပို ဆိုးလာတယ်လို့ ဆိုပါတယ်။

“အရက်သောက်တယ်။ သူပြန်လာရင် လုပ်တော့မယ်ဆိုတာ သိလို့ နေမရ ထိုင်မရဖြစ်နေပြီ။ ဖြစ်တဲ့အတိုင်း လုပ်တာပါပဲ။ သူများအိမ်သွားရှောင်နေလည်း သူကလိုက်ပြီး ပြဿနာရှာတာကိုး။ ညီအစ်ကို မောင်နှမတွေနဲ့ ယှဉ်ပြီး ပြဿနာရှာတယ်။ သူပြောလို့ အစ်မက ပြန်ခံပြောရင် ဘာလဲ မိဘတွေရှိလို့ မောင်နှမတွေရှိလို့ အားကိုး ရှိလို့ ပြန်ခံပြောတာလား ဘာညာဆိုပြီး အစ်မကို လုပ်တော့တာပဲ”

အခုလို သူမအပေါ် ကိုယ်ထိလက်ရောက်နှိပ်စက်နေတာဟာ နှစ်ပေါင်းများစွာ အကြိမ်ပေါင်းများစွာလို့ ဆိုပါ တယ်။ တဖက်မှာလည်း ကလေး(၄)ယောက်ကို ရှာကျွေးနေရတဲ့ သူမဘဝက လွယ်တော့မလွယ်ပါဘူး။ အမျိုးသားက တဖက်တလမ်းက ငွေရှာပေမယ့်လည်း လုံလောက်မှုမရှိဘဲ နေ့တိုင်းလို ရန်ဖြစ်၊ ပြဿနာ အရှာခံ နေရပြီး သူမ ဘာလုပ်လုပ်  အကောင်းမြင်ခြင်း မခံရဘူးလို့ဆိုပါတယ်။

 “ဒီနှစ်က လုပ်စားရတာ အဆင်မပြေဘူးညီမရယ်။ တယောက်ထဲလည်း လုပ်ရတာဆိုတော့ ဆန်တပြည်ကို (၉၀၀)၊ (၁၀၀၀)လေ။ အစ်မက ဥယျာဉ်ခြံထဲသွားပြီး ကွမ်းသီးသွားကောက်တော့ ခြံထဲက ကောင်လေးက အစ်မကို ဆန်လေးနို့ဆီဗူး (၄) ဗူးပေးလိုက်တယ်။ နင့်ကို သနားလို့ မဟုတ်ဘူး။ ကလေးတွေကို သနားလို့နော်။ ကလေးတွေကို ချက်ကြွေးလိုက်ပါ့။ အဲဒါ ချက်ပြီးတော့ သူလည်း စားတာပဲ။ မူးလည်းလာရော သူတောင်းစားမ သူများဆီက လိုက်တောင်းစားတယ်ဆိုပြီး အစ်မကို ရန်လုပ်တော့တာပဲ”

ကြိမ်ဖန်များစွာ ယောကျ်ားရဲ့ရန်ပြုခြင်းခံရပေမယ့် ဘာလို့ မတိုင်ကြားတာလဲဆိုတာကိုတော့ အခုလို ပြောပြပါ တယ်။

“သူနဲ့ဝေးတဲ့ရာနေရာကို သွားချင်တယ်။ ရဲတိုင်ဘာတိုင်လည်းမလုပ်ချင်ဘူး။ ရဲလာမဖမ်းခင် သူက အစ်မကို အရင်သတ်မှာ”

ဒီနယ်မြေက ကရင့်လက်နက်ကိုင်ထိမ်းချုပ်နယ်မြေဖြစ်သလို အစိုးရရဲ့ထိမ်းချုပ်နယ်မြေတခုလည်း ဖြစ်ပြန်ပါ တယ်။ ဒါပေမယ့် လူမှုရေးပြဿနာ တစုံတခု ဖြစ်လာရင်တော့ ရပ်ရွာထဲမှာပဲ ပြီးဆုံးလေ့ရှိသလို တိုင်ကြားဖို့ အတွက်လည်း ရဲစခန်းနဲ့ အလှမ်းကွာဝေးလှပါတယ်။

ဒါတွေကြောင့် လင်ယာက်ျားက နှိပ်စက်ရိုက်နှက်နေပေမယ့် သူမအနေနဲ့ သည်းခံပေါင်းသင်းခဲ့တာပါ။ ဒါပေမယ့် အခုတော့ ဘယ်လိုမှ လက်မခံနိုင်တော့လို့ သူမအနေနဲ့ သူနဲ့ဝေးရာမှာပဲ နေချင်တယ်လို့ ဆိုပါတယ်။ အခုနှစ် သြဂုတ်လ(၁)ရက်နေ့မှာ သူမရဲ့ယောကျ်ားဟာ သစ်တုံးတွေကို ချောင်းထဲမှာ သွားဆယ်လာပြီး ရောင်းချရာက ကျပ်ငွေ(၁၀၀၀၀) ရပါတယ်။ အဲဒီ ကျပ်တစ်သောင်းထဲက ငွေတစ်ထောင်ကိုယူပြီး အရက်သွားဝယ်သောက်ခဲ့ တယ်လို့ ဆိုပါတယ်။

 “မူးရူးပြီး ပြန်လာတော့ စပြီးထိုးတော့တာပဲ ဟောဒီနဖူးကို..၊ ကိုယ်ကလည်း သူမူးလာတော့ ဖိုးဇော်ရယ် မလုပ် ပါနဲ့ပေါ့။ နောက်တော့ ဆံပင်ကို ဆောင့်ဆွဲတာ။ အစ်မဆံပင်က အရမ်းကောင်းတာ။ ပြီးတော့ ထိပ်က ဆံပင်ကို ဓါးနဲ့သပ်သလိုလုပ်တော့ နဖူးနားက ဆံပင်တွေ အထွေးလိုက် ပါကုန်တာပေါ့။ ပြီးတော့ ဓါးနဲ့ အစ်မသွားတွေကို ကလော်ပြီး ချိုးတာ သွေးတွေ ထွက်လာတာဆိုတာ မပြောပါနဲ့၊ ပေါင်ကိုလည်း ဓါးဦးနဲ့ထိုးတယ်”

မကြည်စန်းတယောက် သူ့ယောကျ်ားထံက လွှတ်မြောက်ဖို့ ဘယ်လိုရုန်းကန်ခဲ့ရသလဲဆိုတာကိုတော့ သူ့ကို အကူအညီပေးခဲ့တဲ့ ကျောင်းစုရွာက ခဲအိုဖြစ်သူ(ဦးဌေးလွင်)က အခုလို ပြောပြပါတယ်။

“မပို့ရင်လည်း ရွာထဲမှာ တစ်ညကို တစ်အိမ်လိုက်ပို့၊ လိုက်ပုန်းအိပ်နေရတော့ လက်ခံတဲ့ အိမ်တွေကလည်း သူ့ ယောကျ်ားရန်ကို ကြောက်လို့ တစ်ရက်ထက် ပိုလက်မခံကြဘူး။ ရွာထဲမှာ တပတ်လောက်ကြာတယ်။ သူ့ ယောကျ်ားကလည်း လိုက်ပါတ်ရှာနေတော့ အနေကျဉ်းကျုံ့၊ အစားကျဉ်းကျုံ့နဲ့လေ။ အဲဒါကြောင့် သွားအပ်ပေး လိုက်တာ”

ကရင်အမျိုးသမီးရုံးကို အခုလို သွားရောက်အပ်နိုင်ဖို့အတွက်လည်း အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရ တယ်လို့ ခဲအိုဖြစ်သူက ပြောပါတယ်။

“သြဂုတ် (၆)ရက်ညရောက်တော့ ည(၁၂)နာရီ ဟိုဘက်ကမ်းမှာရှိတဲ့ မြောင်းဦးရွာကို သွားပို့ရတယ်။ နေ့ဖက် ဆို သွားပို့လို့ မရဘူး။ သူယောကျ်ားက လိုက်ရှာနေတာကိုး။ မိုးတွေကလည်းရွာ၊ ချောင်းရေကလည်း များနေ တာ၊ လှေနဲ့ကူးရင် အခြားလူတွေသိပြီး သူယောကျ်ားပြန်ကြားမှာစိုးလို့၊ ကြားရင် လိုက်ပို့တဲ့လူကို ပြဿနာရှာ မှာ။ ချောင်းကိုဝါးနဲ့ ဖြတ်ကူးတာ ကံကောင်းလို့ သေတော့မလို့၊ ဖိနပ်တွေမျော၊ ဝါးလုံးတွေမျော၊ ကျွန်တော် တောင် ရေအောက်က မိုးမခ(မြက်ပင်)ကို ခြေနဲ့နင်းမိလို့၊ သူ့ကြည့်တော့ ရေနစ်နေပြီ။ သူ့လက်ကို လမ်းဆွဲတာ ခါးက ထမီတွေ ဘာတွေကျွတ်ပြီး ရေထဲမျောကုန်တာ။ လက်နဲ့ လှမ်းဆွဲတာမြန်လို့။ သူ့ခမျာလည်း လင်သတ်လို့ သေမှာ ကြောက်နေပါတယ်ဆို ရေနစ်ပြီး သေတော့မလို့”

သွားအပ်မပေးခင်က ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မီတိုင်တောကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးကို သွားပြောပြသေးတယ်လို့ ဆိုပါတယ်။ အုပ်စုမှူးက ရဲတိုင်ဖို့ ပြောခဲ့ပေမယ့် သူတို့အနေနဲ့ ရဲတိုင်ကြားဖို့ အဆင့် ထိ မလုပ်ဆောင်ခဲ့ပြန်ပါဘူး။

“ဦးလေးရယ်၊ ကိုသန်းထွန်းရယ်၊ ဇော်ဝင်းတင်(မောင်ဖြစ်သူ)ရယ်၊ ရွာရဲ့ အုပ်စုမှူးကို သွားပြောတယ်။ အုပ်စုမှူး ကလည်း ပြောတယ်။ ရဲတိုင်ပေါ့။ ဒါပေမယ့် ဦးတို့က ရဲကို မတိုင်ချင်ဘူး။ သူ့မောင်လေး (ဇော်ဝင်းတင်) အတွက် စိုးရိမ်တာရော၊ လင်မယားကြား မဝင်ချင်တာရော လူမိုက်နဲ့လိုက် မမိုက်ချင်တာရောပေါ့။ လင်မယားချင်း ပြန် တည့်ရင် ကိုယ်တွေပဲ အမုန်းခံရမှာ။ မိန်းကလေးကိုပဲ လုံခြုံတဲ့နေရာရောက်ရင် ရပြီဆိုပြီး ကိုသန်းထွန်းက (KNU)ကို အပ်တော့ ဟိုမှာ ကရင် အမျိုးသမီးအစည်းအရုံး ရှိတယ်ဆိုတာနဲ့ အဲဒီမှာ အပ်ခဲ့တယ်”

ကရင်အမျိုးသမီးအစည်းအရုံး၊ မုန်းမြို့နယ်ဥက္ကဌ တာဝန်ယူထားတဲ့ နော်ရက်ဖော်ကတော့ ကရင်သံဝဲ၀ဲနဲ့ အခု လို လင်မယားချင်း ရန်ဖြစ်တဲ့အမှုမျိုး တခါမှ လက်မခံဖူးသလို အခုအမှုဟာ ပထမဆုံးအမှုဖြစ်တယ်လို့ ပြောပြ ပါတယ်။

“သြဂုတ်လ(၈)ရက်နေ့က အညား(အဒေါ်)ဆီ ရောက်လာတယ်။ အညားဘာမှမသိဘူး။ သူတို့မောင်နှမကို လာ ပို့တယ်။ ဖြစ်စဉ်ကို အညားကို ပြောပြတယ်။ သူ့ယောကျ်ား သူ့ကိုနိုင်တယ်ပေါ့။ အရက်မူးတဲ့အခါ သူ့သွားကို ဓါးနဲ့ ကလော်တယ်တဲ့။ သူ ၆ ရက် ၇ ရက်လောက် ရှောင်ပုန်းပြီးတော့မှ အညားဆီရောက်တယ်။ သူ့အစ်ကို တွေက အညားဆီ လာပို့တယ်လေ။ အခုတော့ အညားနဲ့အတူနေ၊ အတူတူစား၊ ကူညီစောင့်ရှောက်ထားပေး တယ်။ အညား အခုလို အမှုမျိုးတော့ မကူညီဖူးသေးဘူး။ ဒီတစ်ယောက်ပဲ ရှိသေးတယ်”

နော်ရက်ဖော်အတွက် ပထမဦးဆုံးအမှုဖြစ်ပေမယ့် အကောင်းဆုံးဖြစ်အောင် တခုခုလုပ်သွားပေးမယ်လို့ ဆိုပါ တယ်။

“သူနေတဲ့ရွာက ဥက္ကဌ (ရွာလူကြီး) က မလာသေးဘူးလေ။ လာရင် စုံစုံညီညီ ညှိနှိုင်းစကားပြောကြဆိုကြပြီးရင် ခရိုင်ကို ပို့မယ်လေ။ အခု သူလာနေတာ ၂ ပတ်တော့ရှိပြီ။ ရွာလူကြီးတွေ ရောက်လာရင်တော့ ဘယ်လိုပုံ ဘယ် လိုနည်း သူ့ကို ဘယ်လိုကူညီမလဲ၊ သူယောကျ်ားဖက်ကလည်း ဘယ်လိုလုပ်ပေးမလဲ။ သူယောကျ်ားက နောင် တရပြီး ဝန်ခံရင် တမျိုးစီစဉ်မယ်လေ။ အစည်းအဝေးထိုင်ပေးမယ်။ တခုခုတော့ လုပ်ပေးမယ်လေ။ အခုက ရွာ လူကြီးမှာထားတာ မရောက်သေးဘူး။ ဒါကြောင့် ဘာမှမလုပ်ရသေးဘူး”

အဲဒီဒေသမှာ တချို့ရွာတွေဟာ လမ်းပန်းဆက်သွယ်ရေးလည်းမကောင်း၊ ဖုန်းလိုင်းတွေလည်း ကောင်းကောင်း မမိတဲ့နေရာတွေဖြစ်လို့ အထူးသဖြင့် အသက်အန္တရာယ်နဲ့ကြုံတဲ့ ပြဿနာဖြစ်လာရင် မတွေးဝံ့စရာဖြစ်သလို အမျိုးသမီးတွေကို ကူညီပေးမယ့် အဖွဲ့အစည်းတွေလည်း မရောက်ပေါက်ပြန်ပါဘူး။

အခုအချိန်မှာတော့ သူမဟာ ကရင်အမျိုးသမီးအစည်းအရုံးရှိတဲ့ တောင်ပေါ်ရွာလေးမှာ ခိုလှုံနေဆဲပါ။ သူမ အိမ်ကို မပြန်ချင်ဘူးလို့ ဆိုပါတယ်။ အမျိုးသားနဲ့ကွဲဖို့ သူမအနေနဲ့ အဆင်သင့်ပဲလို့လည်း ပြောပါတယ်။ ကလေး (၄)ယောက်ရှိတဲ့အတွက် သူမအနေနဲ့ (၂)ယောက်ကို ပိုင်ဆိုင်ချင်တယ်လို့လည်း ပြောပါတယ်။

မကြည်စန်းဟာ ကလေးတွေကို လွမ်းရင်း၊ စိတ်ပူရင်း၊ ပြဿနာဖြေရှင်းပေးနိုင်မယ့်သူတွေကို ခုချိန်ထိစောင့် မျှော်နေဆဲပါ။

Related Articles