Home သတင်း ဆင်ပေါင်ဝဲကို ပျံတဲ့ချိုးငှက်

ဆင်ပေါင်ဝဲကို ပျံတဲ့ချိုးငှက်

ဓါတ်ပုံ: BWU

 ပစ်တိုင်းထောင်မ (ရန်ကုန်)။           ။

လမ်းဘေးအုတ်နံရံကို ဝါးနှစ်လုံးနဲ့မှီပြီး ဆိုင်းဘုတ်ကြီး နှစ်ခုထောင်ထားတယ်။  ဆိုင်းဘုတ်မှာတော့ ငြိမ်းချမ်း ရေး သင်္ကေတဖြစ်တဲ့ ချိုးငှက်ပုံနဲ့အတူ ဆောင်ပုဒ်တခုရေးထားပါတယ်။

လူ့ဂုဏ်သိက္ခာနဲ့အညီ နေနိုင်ဖို့  မတူကွဲပြားမှုကို လေးစားစို့

ဓမ္မာရုံအတွင်းမှာတော့ နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အခမ်းအနား  ကျင်းပနေကြပါတယ်။ ဓမ္မာရုံထဲက ကျယ် လောင်စွာ ထွက်ပေါ်လာတာကတော့ တောင်သူတယောက် ကဗျာရွတ်ဆိုနေတဲ့အသံပါ…

နိုင်ငံကိုကြည့် အဖြေမရှိ၊ အစိုးရနှစ်ရပ် အဖြေကြပ်..

သြော်… ငြိမ်းချမ်းရေးအတွက်မောပါတယ်။

ကိုယ်ချင်းမစာ ဒို့မြေယာ၊ ယူကာသိမ်းပိုက် ဓါးမြတိုက်

ခုခံပြန်တောင်း မရကြောင်း၊ အသိမ်းခံရ တောင်သူဘဝ

သြော်.. ငြိမ်းချမ်းရေးအတွက် မောပါတယ်။

တရားရေးစနစ်မပြောင်းလဲ၊ အရင်လိုဘဲလုပ်နေဆဲ

သြော်.. ငြိမ်းချမ်းရေးအတွက် မောပါတယ်။

စဉ်းစားစရာ ဒို့ပြည်ရွာမှာ ကိုယ်ချင်းစာတရား လူတိုင်းထားမှ

ငြိမ်းချမ်းရေးအသိ သတိရှိမည်၊ မြန်မာပြည် သာယာအေးစေမည်။

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်ပေါင်ဝဲမြို့၊ လက်ရှိ အမှတ်(၁)ရပ်ကွက်၊ မြို့မဓမ္မာရုံမှာ မြန်မာ့ အမျိုးသမီးသမဂ္ဂ (Burmese Women’s Union) က ဦးဆောင်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကျင်းပနေတာ ဖြစ်ပါတယ်။

ဒါဟာ ဆင်ပေါင်ဝဲလိုနယ်မြို့လေးမှာ ပထမဆုံးအကြိမ် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့အခမ်းအနား ကျင်းပတာ လည်း ဖြစ်ပါတယ်။

နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကို နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ(၂၁)ရက်နေ့မှာ သတ်မှတ်ထားပြီး တချို့နေရာ တွေမှာတော့ စက်တင်ဘာလအတွင်း အခြားရက်တွေမှာလည်း ပြုလုပ်လေ့ရှိပါတယ်။

ငြိမ်းချမ်းရေးနေ့အခမ်းအနား ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ဘာကြောင့် မကွေးတိုင်းဒေသကြီးထဲမှာ ဆင် ပေါင်ဝဲမြို့ကို ရွေးချယ်ပြုလုပ်ရသလဲဆိုတဲ့အကြောင်းကို မြန်မာ့အမျိုးသမီးသမဂ္ဂမှ စည်းရုံးလံှု့ဆော်ရေးတာဝန် ခံ မယဉ်မျိုးလှိုင်က အခုလို ပြောပါတယ်။

“နယ်မြို့တွေမှာရှိတဲ့ လူထုတွေကို ငြိမ်းချမ်းရေးနေ့နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို သိစေချင်တာရယ်၊ ပြီးတော့ အခုလက်ရှိအစိုးရက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း သိစေ ချင်တာရယ်၊ ပဋိပက္ခတွေကြောင့် လုံခြုံမှု မရှိတဲ့သူတွေဟာ ငြိမ်းချမ်းရေးနဲ့ ကင်းကွာမနေသင့်ဘူးဆိုတဲ့ အကြောင်းအရာတွေကို အသိပညာပေးချင်တာကြောင့် အခုလို ပွဲကိုပြုလုပ်ရခြင်းဖြစ်ပါတယ်”

ဆင်ပေါင်ဝဲလို စစ်ပွဲတွေမရှိတဲ့ ဒေသတွေဟာလည်း ငြိမ်းချမ်းရေးအတွက် အရေးပါတဲ့အကြောင်း သိစေချင်လို့ အခုလို ရွေးချယ်တာလို့ သူက ဆက်ပြောပါတယ်။

“ လူတော်တော်များများဟာ ငြိမ်းချမ်းရေးလို့ပြောလိုက်ရင် ပြည်တွင်းစစ်ဖြစ်တဲ့ နေရာဒေသတွေနဲ့ပဲ သက်ဆိုင် တယ်လို့ မြင်ကြပြောကြတယ်၊ အဲဒီတော့ ပြည်တွင်းစစ်မဖြစ်တဲ့ မန္တလေးတို့ မကွေးတို့မှာရှိတဲ့သူတွေက ငြိမ်း ချမ်းရေးနဲ့ မသက်ဆိုင်သလိုဖြစ်နေတော့ ကျမတို့က ဒီမှာရှိတဲ့ ပြည်သူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေကို ငြိမ်းချမ်းရေးဟာ နိုင်ငံထဲမှာ နေထိုင်ကြတဲ့လူတွေ အားလုံးနဲ့ သက်ဆိုင်တယ်ဆိုတာကို ပြောပြချင်တာရယ်၊ ဟောဒီဒေသမှာရှိတဲ့ ဒေသခံတွေကိုလည်း အသိပညာပိုင်းနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ ဖလှယ် ပေးချင်တာကြောင့် ဒီဆင်ပေါင်ဝဲမြို့မှာ လုပ်ဖို့ရွေးချယ်လိုက်တာပါ”

မြန်မာ့အမျိုးသမီးသမဂ္ဂက ပညာပေးလုပ်ငန်းတွေလုပ်ဖို့ ရွေးချယ်ထားတဲ့ ပစ်မှတ်နေရာ (၉)ခုထဲမှာ ဆင်ပေါင်ဝဲ ကလည်း တစ်ခုပါဝင်ပါတယ်။

ဓါတ်ပုံ : BWU

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားတောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်တဦးလည်းဖြစ်၊ မကွေးတိုင်း ဒေသ ကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဘောမြင့်ကျေးရွာမှာနေထိုင်သူ ဒေသခံတစ်ဦးလည်းဖြစ်တဲ့  ဦးပေါ်ဦးက နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့အခမ်းအနားနဲ့ ပတ်သက်ပြီး နယ်မြေတွေမှာ အသိဉာဏ်ဖွင့်ဖို့ လိုအပ်နေသေးသလို ငြိမ်းချမ်း ရေးဆိုတာ လူတိုင်းသိသင့်သိထိုက်ပြီး အားလုံးနဲ့ သက်ဆိုင်တယ်လို့ အခုလိုပြောပါတယ်။

 “ကျနော်တို့ နယ်မြေတွေမှာဆို ကာကွယ်ရေးစစ်လက်နက်ထုတ်ပစ္စည်းစက်ရုံ (ကပစ) က မြေသိမ်းတာတွေ ရှိတယ်။ ဒါတွေဟာ အသိပညာမရှိလို့၊ ကြောက်ပြီး ပြန်မပြောရဲကြလို့ အသိမ်းခံရတဲ့သူတွေက စိတ်ဆင်းရဲရ တယ်။ နောက်ပြီး သိမ်းသွားတဲ့နယ်မြေတွေကို လျော်ကြေးတစုံတရာမရတဲ့အပြင် သူတို့တောင်းတဲ့ စားနပ် ရိက္ခာတွေလည်း ပေးနေရသေးတယ်။ ဒါကတော့ ၁၉၉၈ – ၁၉၉၉ ခုနှစ်လောက်ထဲက သိမ်းထားတာ အခုထိ ပြန်မရသေးဘူး။ ဒါတွေကြောင့် ရွာသူရွာသားတွေ စိတ်ဆင်းရဲတာဟာလည်း မငြိမ်းချမ်းနိုင်ခြင်းရဲ့ အခြေခံတခု ပဲလို့ ကျနော်တော့ မြင်တယ် ဒီပြသနာတွေဟာ မငြိမ်းချမ်းလို့ အခုလိုတွေဖြစ်နေတာ”

တခြားဒေသတွေမှာ ငြိမ်းချမ်းရေး မရှိတာဟာ စစ်မဖြစ်တဲ့ ဒေသတွေကို သက်ရောက်မှုရှိတယ်လို့ သူက ပြော ပါတယ်။

“လက်နက်ကိုင်ပြီး တိုက်နေမှ မငြိမ်းချမ်းတာ မဟုတ်ဘူး။ ကိုယ်နယ်မှာရော အခြားဒေသအသီးသီးမှာဖြစ်တဲ့ အကြောင်းအရာတွေရော ဆက်စပ်မယ်ဆိုရင် မငြိမ်းချမ်းရင် ဘာမှလုပ်လို့မရဘူး။ ငြိမ်းချမ်းမှသာလျှင် အေး အေးဆေးဆေး လုပ်ရကိုင်ရမယ်။ အေးအေးဆေးဆေးသွားလာရမယ်။ အေးအေးဆေးဆေး ကျန်းမာရေး စောင့် ရှောက်မှုတွေရမယ်။ ရွာမှာက မြို့နဲ့လည်း အလှမ်းဝေးတာရော၊ လမ်းပန်းဆက်သွယ်ရေးက မကောင်းတော့ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အခက်ကြုံရတာတွေရှိတယ်။ ဒါဟာ ငြိမ်းချမ်းရေးနဲ့ ချိတ်မယ် ဆိုရင် နိုင်ငံက မငြိမ်းချမ်းတော့ ဒေသဖွံ့ဖြိုးမှုကလည်း မရှိဘူး။ ဒါကြောင့် အားလုံးက ငြိမ်းချမ်းရေးဆိုတဲ့ အနှစ် သာရကို သိဖို့လိုတယ်လို့လည်း မြင်ပါတယ်”

အခမ်းအနားကို တက်ရောက်လာသူ စီးပွားရေးနောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသူ မမြသင်ဇာဝေကလည်း သူမရဲ့ခံစားချက်ကို အခုလို ပြောပါတယ်။

“အရင်က ငြိမ်းချမ်းရေးဆိုတာကို နားမလည်ဘူး။ အခုတော့ ငြိမ်းချမ်းရေးဆိုတာ ကိုယ့်အိမ်အတွင်းကစလို့ တစ်နိုင်ငံလုံး အတိုင်းအတာအရ ငြိမ်းချမ်းမှ လူတွေ အေးအေးဆေးဆေးနေနိုင်ပြီး ငြိမ်းချမ်းမယ်ဆိုတာ ကိုယ် သိလာတယ်”

အခမ်းအနားမှာ အဖွင့်အမှာစကားပြောကြားခြင်း၊ ငြိမ်းချမ်းရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ဒေသခံ တစ်ဦးမှ ငြိမ်းချမ်းရေးနေ့အတွက် ကဗျာရွတ်ဖတ်ခြင်း၊ ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုအဖွဲ့အစည်းမှ အမှတ် တရ စကားပြောကြားခြင်း၊ ထုတ်ပြန်ကြေငြာချက် ဖတ်ကြားခြင်း၊ တက်ရောက်လာသူများမှ ငြိမ်းချမ်းရေးနေ့ အမှတ်တရ စာရေးသားခြင်းနှင့် ဆုတောင်းခြင်းတို့ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို လူဦးရေ (၂၂၀)တက် ရောက်ခဲ့ပြီး ရွာပေါင်း(၇) ရွာမှ လာကြတာလည်းဖြစ်ပါတယ်။

ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) ကလည်း ပင်လောင်းမြို့နယ်(ပေါင်းလောင်းဒေသ)၊ ရှမ်းပြည်နယ်မှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကို ကျင်းပခဲ့သလို စက်တင်ဘာ (၂၁)ရက်နေ့မှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာ နိုင်ငံ)နဲ့ ကရင်အမျိုးသမီးလူ့အခွင့်အရေးအဖွဲ့တို့ ပူးပေါင်းပြီး ဘားအံမြို့မှာလည်း ကျင်းပခဲ့ပါတယ်။ ထားဝယ် အမျိုးသမီးသမဂ (TWU) ကလည်း ထားဝယ်မြို့မှာပြုလုပ်ခဲ့သလို လာမယ့် ၃၀ ရက်နေ့မှာတော့ အမျိုးသမီး များအတွက် တရားမျှတမှုအဖွဲ့ (Women’s for Justice) က ကလေးမြို့မှာ ပြုလုပ်မှာဖြစ်ပြီး အဲဒီနေ့မှာပဲ ကူကီးအမျိုးသမီးများလူ့အခွင့်အရေးအဖွဲ့(KWHRO)ကလည်း တမူးမြို့မှာ အခမ်း အနားများကျင်းပကြမယ်လို့ သိရပါတယ်။

 

Related Articles