Home ဆောင်းပါး စစ်ပွဲကြားက ဆေးဆရာမများ

စစ်ပွဲကြားက ဆေးဆရာမများ

Photo Credit: BPHWT

နန်းဆိုင်နွမ်။           ။

`စစ်ပွဲကြောင့် မွေးလူနာတဦးကို  ဆေးရုံလွှဲပြောင်းလို့မရ၊ သွေးတွေကလည်း သွန်နေပြီ၊ သတိလစ်ပြီး နောက်ဆုံး တော့ ကျမလက်လွှတ်ဆုံးရှုံးခံလိုက်ရတယ်”။

နော်ဆာမူးနာထူးက နှစ်(၂၀)ကျော်ကြာခဲ့ပြီဖြစ်ပေမယ့် ဘယ်တော့မှ မေ့မရနိုင်တဲ့ ကရင်ပြည်နယ်အတွင်း ကရင့် အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ကျေးရွာက သူ့အတွေ့အကြုံကို ပြောပြတာပါ။

အဲဒီတိုက်ပွဲကတော့ ကရင်အမျိုးသားအစည်းအရုံး( KNU)နဲ့ အစိုးရတပ်အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲပါ။

“အဲဒီနေ့က ဆေးရုံလွှဲပြောင်းခွင့်သာရခဲ့မယ်ဆိုရင် ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေး၊ နှစ်ဦးစလုံး အသက်ရှင်နိုင်မှာ ပါ”  လို့လည်း သူကပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့အခါ ကိုယ်ဝန်အရင့်အမာနဲ့ အမျိုးသမီးတွေအနေနဲ့ သေမင်းခံတွင်းဝကို တိုးဝင်ရသလိုပါပဲ။ တိုက်ပွဲ ကြားထဲက စစ်သားတွေ၊ ကျည်ဆန်တွေ၊ ဗုံးဆံတွေက မီးဖွားခါနီး ကိုယ်ဝန်ဆောင်ရယ်လို့ ကရုဏာသက်တတ် ကြတာမဟုတ်တော့ သန်သန်မာမာလူတွေနဲ့အပြိုင် ဘေးလွတ်ရာ ပြေးကြရပါတယ်။

စစ်ပွဲကြောင့် သေနတ်ဒဏ်ရာနဲ့ သေဆုံးမှုတွေရှိသလို ဒဏ်ရာကြောင့် သွေးလွန်မှုတွေ၊ မသေဆုံးသင့်ဘဲ သေရတဲ့ အဖြစ်အပျက်တွေကို ကိုယ်တိုင်ကြုံတွေ့ရတာကြောင့် စစ်ပွဲဆိုတဲ့အသံကို မကြားချင်တော့ဘူးလို့ ဆရာမ နော်ဆာ မူးနာထူးက ပြောပါတယ်။

“စစ်ပွဲကြောင့်ဖြစ်လာတဲ့ ဆိုးကျိုးပြဿနာတွေက အများကြီးပါဘဲ။ ဒီတိုင်းပြည်၊ ဒီဒေသမှာ စစ်ပွဲသာ မရှိဘူး။ အစိုး ရစစ်တပ်သာ မရှိဘူးဆိုရင်၊ ထိုးစစ်တွေလည်းမရှိခဲ့ရင် ကျမတို့ ရွာတွေ သဘာဝအတိုင်း သူဖာသာသူရှိနေမှာပါ”

ငယ်စဉ်အရွယ်ကတည်းက စစ်ပွဲကြောင့် မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်ပွဲတွေကြား  မသေသင့်ဘဲ သေကြတဲ့ ပြည်သူတွေဟာ သူ့ကိုဆေးမှူးတဦး ဖြစ်လာဖို့ တွန်းအားပေးခဲ့တယ်လို့ ဆိုပြန်ပါတယ်။

စစ်ပွဲနယ်မြေမှာ ကြုံခဲ့တဲ့ အဓိကအခက်အခဲကတော့ လမ်းပန်းခက်ခဲမှု၊ ဆက်သွယ်ရေးခက်ခဲမှု၊  သယ်ယူပို့ဆောင် ရေး ခက်ခဲမှုတွေပါပဲ။

တိုက်ပွဲကြောင့် ကျေးရွာတွေမှာ  ဆေးဝါးပစ္စည်းပြတ်လပ်မှုတွေ၊ မလုံလောက်မှုတွေ ဖြစ်ခဲ့သလို လူနာတွေ အချိန်မှီ ဆေးရုံလွှဲပြောင်းရမယ့်နေရာမှာ အခက်အခဲတွေကြောင့် အသက်မသေဆုံးသင့်ဘဲ သေခဲ့တာတွေကို နော်ဆာမူး နာထူးဟာ လွန်ခဲ့တဲ့ နှစ်(၂၀)အတွင်း အများအပြားတွေ့ကြုံခဲ့ရပါတယ်။

“ ကလေးတယောက် ဦးနှောက်ထဲငှက်ဖျားပိုးဝင်တယ်။ သတိမေ့နေတဲ့ကလေးကို ဆေးထိုးဖို့ ပစ္စည်းမလုံလောက် တာ။ ကလေးကို အကြောရှာမတွေ့တာ။ နောက်ဆုံး ကျမသင်တန်းတက်တုန်းက ရခဲ့တဲ့အပ်သေးလေးကြောင့် ကလေးကို အကြောဆေးသွင်းနိုင်ခဲ့ပြီး သတိပြန်ရလာတယ်” လို့ ရှားရှားပါးပါး ဝမ်းသာစရာဖြစ်ရပ် ကြုံခဲ့ရတာကို လည်း ပြောပြပါတယ်။

ပဋိပက္ခဖြစ်နေတဲ့နေရာတွေမှာ အမျိုးသမီးတွေ  နည်းမျိုးစုံနဲ့ ခံစားနေရပြီး တိုက်ပွဲကြောင့် မိခင်တွေ၊ ကလေးတွေ အမြဲရွှေ့ပြောင်းနေရတဲ့အတွက် ကလေးတွေနဲ့ မိခင်တွေရဲ့  အစာအဟာရ လုံလောက်မှုမရှိပဲ ကျန်းမာရေးထိခိုက် မှု ရှိကြောင်းကိုလည်း စစ်ပွဲနယ်မြေမှာ ဆေးလိုက်လံကုသပေးတဲ့ ဆေးမှူးဆရာမတွေက ဆိုပါတယ်။

၂၀၁၅ ခုနှစ်မှာထုတ်တဲ့ မြန်မာနိုင်ငံ အရှေ့ဖက်ဒေသ ကျန်းမာရေး အစီရင်ခံစာအရ  ပဋိပက္ခဖြစ်ပွားတဲ့ နေရာဒေ သတွေမှာ မွေးကင်းစ ကလေးငယ်နဲ့ အသက်(၅)နှစ်အောက် ကလေးငယ်သေဆုံးမှုနှုန်းက မြင့်တက်နေသေး ကြောင်း သိရပါတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်း လူမျိုးစုတွေ နေထိုင်တဲ့ဒေသတွေမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ တိုက်ပွဲတွေ သိသာထင်ရှားစွာလျော့ကျလာပေမယ့် ပဋိပက္ခဖြစ်ပွားတဲ့နေရာမှာ နေထိုင်တဲ့အသိုက်အဝန်းကတော့ တိုက်ပွဲကြောင့် ထိခိုက်သေကြေတာတွေ လျော့သွားတာကလွဲလို့ နေ့စဉ်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခြေ အနေကတော့ ပြောင်းလဲမှု မရှိသေးပါဘူး။

တဘက်က မြန်မာနိုင်ငံတောင်ပိုင်းမှာ တိုက်ပွဲတွေ လျော့ကျလာနေချိန်မှာပဲ ၂၀၁၀ ခုနှစ်နောက်ပိုင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်ကြားတိုက်ပွဲ ဆက်တိုက် ဖြစ်ပွားလာပါတယ်။

စစ်ပွဲတွေ ဆက်တိုက်ဖြစ်ပွားတဲ့အတွက်  မွေးလူနာတွေရှိရင် ပြေးဖို့မလွယ်ကူတာ၊  စစ်ပွဲကြောင့် အမျိုးသမီးတွေ ဒုက္ခမျိုးစုံကြုံနေကြတာတွေကို တအာင်းအမျိုးသမီးဆေးမှူးတဦးဖြစ်တဲ့ မိခင်နဲ့ကလေး ကျန်းမာရေးကူညီနေတဲ့ ဆရာမ Lway Katwe Nyime က ပြောပါတယ်။

Photo Credit: BPHWT

“တိုက်ပွဲဖြစ်နေချိန် လေယာဉ်နဲ့ပစ်နေချိန် မွေးလူနာက ကိုယ့်ကိုလာခေါ်ပြီး ကလေးလာမွေးပေးဦးဆိုရင်  သွားမွေး ပေးရတာရှိတယ်” လို့ Lway Katwe Nyime က ဆိုပါတယ်။

“ဆေးကုနေချိန် ကိုယ့်အနား ဗုံးတွေ ကျည်ဆံတွေ ဘယ်အချိန် ရောက်လာမှာလဲဆိုတာ တွေးပြီး ကြောက်နေရ တယ်။ လူနာကုရင်လည်း စိတ်က စစ်ပွဲတွေ သေနတ်တွေဆီပဲ ရောက်နေတာ” လို့  ဆိုပါတယ်။

တိုင်းရင်းသားတပ်တွေနဲ့ အစိုးရတပ်အကြား စစ်ပွဲတွေဖြစ်နေချိန်မှာ လူနာကလည်း အသည်းအသန်ဖြစ်လို့ မြို့ ပေါ်ပို့ချင်ပေမယ့် စစ်ပွဲကြောင့် သွားလာမှု အဆင်မပြေလို့ မသေသင့်ဘဲ သေဆုံးသွားတဲ့သူတွေ အများကြီးရှိပါ တယ်လို့ တအာင်းဆရာမက ပြောပါတယ်။

“တခါတလေမှာ စစ်ပွဲတွေကြောင့် မွေးလူနာက မသေသင့်ဘဲ သေရတယ်၊ ရောဂါသည်ဆိုလည်း ဆိုးရွားတဲ့ အခြေ အနေ မရောက်သင့်ပဲ ရောက်သွားရတယ်”

စစ်ပွဲတွေဖြစ်တဲ့နေရာ မငြိမ်းချမ်းနေရာတွေမှာ ပြည်သူတွေက ကျန်းမာရေးကို ဂရုမစိုက်နိုင်ဘဲ စားဝတ်နေရေးပဲ ရုန်းကန်နေရပါတယ်။

စစ်ပွဲကြောင့်  စီးပွားရေးက အဆင်မပြေတော့ အမျိုးသားတွေ၊ အလုပ်လုပ်နိုင်တဲ့သူတွေ တရုတ်ပြည်ကို သွားကြရ ပြီး၊  ရွာတွေမှာ အမျိုးသမီးနဲ့ ကလေးတွေပဲ ကျန်ခဲ့ကြောင်း၊ ထွက်ပြေးလာရင် အမျိုးသမီးတွေနဲ့ ကလေးတွေ အများဆုံးဖြစ်ကြောင်း တအာင်းဆေးမှူးက ပြောသည်။

“ တချို့ရွာဆို အမျိုးသမီးနဲ့ ကလေးတွေပဲရှိတယ်။ အမျိုးသမီးတွေပဲကျန်ခဲ့တဲ့အိမ်ဆိုရင် ကလေးတွေကိုလည်း ကြည့်ရ တိုက်ပွဲဖြစ်ရင် ကလေးတွေကို ချီရ၊ ကလေးတွေရဲ့ပစ္စည်းတွေသယ်ရ။ နေမကောင်းရင်လည်း ကလေးကို ကြည့်ရ ပြုစုရနဲ့…”

စစ်ပွဲဖြစ်ရင်  ဆေးပြတ်တာတွေ၊ စစ်ပွဲကြောင့် မြို့ပေါ်တက် ဆေးမယူနိုင်တဲ့အခါ ဆေးပြတ်လပ်မှုတွေ ဖြစ်ပွားပြီး ဆေးမကုလိုက်ရတာတွေလည်း ကြုံဖူးကြောင်း နယ်လှည့်ကျောပိုးအိတ်အဖွဲ့မှ အမျိုးသမီးဆေးမှူးတွေက ပြောပြ ပါတယ်။

ဒါ့အပြင် စစ်ပွဲအတွင်း အများဆုံးကြုံရတဲ့ အခက်အခဲကတော့ မိခင်တွေအဟာရပြတ်လပ်မှုနဲ့ ကလေးတွေ အဟာရ ရှိတဲ့ အစားအစာတွေ မစားရတဲ့ပြဿနာကိုလည်း ကြီးမားစွာ ရင်ဆိုင်နေရတယ်လို့ တအာင်းဆရာမ Lway Katwe Nyime က ဆိုပါတယ်။

“ မွေးလူနာတွေ အားပြတ်ပြီး မမွေးနိုင်တာတွေ၊ ကိုယ်ဝန်ဆောင်တယောက်အနေနဲ့ ဘာစားရမယ်၊ ဘယ်လိုစား ရင် အဟာရရှိမယ်ဆိုတာသိပေမယ့် မရှိတော့ မစားနိုင်ကြဘူးလေ” လို့ စစ်မြေပြင်က ကိုယ်ဝန်သည်တွေ အကြောင်းကို ပြောပြပါတယ်။

နှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ ရပ်တန့်စေလိုပြီး စစ်ပွဲအတွင်းမှာ အမျိုးသမီးတွေရဲ့ ခံစားချက်တွေ၊ အခက်အခဲတွေကို မမေ့သင့်သလို စစ်ပွဲဆိုတဲ့အသံကို မကြားချင်တော့ဘူးလို့လည်း  စစ်မြေပြင်မှာ ဆေးကုသပေး နေတဲ့ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သား အမျိုးသမီးဆေးမှူးတွေက ပြောပြပါတယ်။

“ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါ အမျိုးသမီးကဏ္ဍက အရေးကြီးပါတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ အမျိုးသမီး တွေကို ကာကွယ်စောင့်ရှောက်တာ၊ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုတွေမရှိဘဲ အမျိုးသမီးတွေ အကြောက် တရားက လွတ်မြောက်ဖို့က အလွန်အရေးကြီးပါတယ်” လို့ ကရင်ဆရာမကြီး နော်ဆာမူးနာထူးက ပြောပါတယ်။

အမျိုးသမီးတွေကို အမျိုးသားတွေက လစ်လျူရှုမထားဘဲ ပံ့ပိုးဖို့လည်း လိုအပ်နေကြောင်း၊ အမျိုးသမီးအရေး၊ အမျိုး သမီးဘဝကို သိဖို့လည်း လိုအပ်ကြောင်း ကရင်ဆရာမကြီး နော်ဆာမူးနာထူးက ပြောပါတယ်။

“ ပထမဆုံး အရေးကြီးဆုံးက ငြိမ်းချမ်းရေးပါပဲ။ တကယ်ငြိမ်းချမ်းတဲ့ဝန်းကျင်ရှိမှ လူတွေလည်း ငြိမ်းချမ်းမယ်၊ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်မယ်။ ကျန်းမာရေးတွေ လူမှုရေးတွေလည်း ပိုဂရုစိုက်လာနိုင်မယ်”

Related Articles