Home ဆောင်းပါး ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ

ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍ

ပစ်တိုင်းထောင်မ၊ ရန်ကုန် (၈ ရက် သြဂုတ်လ၊ ၂၀၁၇)။          ။

“ဖုန်းမော် ပြုံးပျော်ကာ သေသွား၊ မေ့မရခဲ့ဘူး လွမ်းမျက်ရည် ကြွေပါပေါ့လား”

မတ်လ ၁၃ ရက်နေ့ ၁၉၈၈ ခုနှစ်တွင် ကျဆုံးသွားတဲ့ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကို ဂုဏ်ပြုသီ ကုံးထားတဲ့ ကဗျာလေးရဲ့ တပိုင်းတစကို ပြန်လည်ရွတ်ပြခဲ့တာကတော့  ဒေါ်မေမေသန်း (၈၈ ကာလကတော့ မမေမေသန်း) ဖြစ်ပါတယ်။

ဒီကဗျာလေးကို ရွတ်ပြနေစဉ် သူ့မျက်နှာဟာ ညှိုးငယ်နေပြီး မျက်လုံးအိမ်တွင်း မျက်ရည်များဝိုင်းနေတာကို တွေ့ မြင်ရပါတယ်။

(၈)ရက် (၈)လ ၁၉၈၈ လို့ပြောရင် ဒါဟာ မြန်မာပြည်သားအားလုံးရဲ့ ရင်ထဲ၊ ဦးနှောက်ထဲ၊ နှလုံးသားထဲ စွဲမြဲ နေတဲ့ ရက်စွဲလေးတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်မေမေသန်းတို့လို ပါဝင်လှုပ်ရှားခဲ့သူတွေရဲ့ ခံစားနေ ရတဲ့ ခံစားချက်နဲ့ တူချင်မှတူပါလိမ့်မယ်။

ထိုအချိန်က ဒေါ်မေမေသန်းက ရန်ကုန်တက္ကသိုလ်မှာ ဂျူဒိုလက်ရွေးစင်တစ်ယောက်ပါ။ ကျောင်းသွားတယ်။ ကျောင်းပြန်တယ်။ ရိုးရိုးသာမန်ကျောင်းသူအဖြစ်နဲ့ ရပ်တည်နေသူပါ။ ကိုဖုန်းမော်ကျဆုံးပြီး နောက်ရက် ကျောင်းသွားတဲ့အခါမှာတော့ တောင်ငူဆောင်နားက သစ်ပင်တွေမှာ RIT (ရန်ကုန် စက်မှုတက္ကသိုလ် – Rangoon Institute of Technology) ကျောင်းသားတွေက ကဗျာလေးတွေ ကပ်ထားတာတွေ့လို့ ဝင်ဖတ်မိ ရာက မတရားမှုကို တွန်းလှန်ချင်တဲ့စိတ်က နိုးထလာပါတော့တယ်။

“ဖုန်းမော် ပြုံးပျော်ကာ သေသွား၊ မေ့မရခဲ့ဘူး လွမ်းမျက်ရည် ကြွေပါပေါ့လား” ကဗျာအစအဆုံးတော့ မမှတ်မိ တော့ဘူး။ ဒီကဗျာလေးတစ်ပုဒ်ထဲနဲ့ စိတ်ထဲနင့်ကနဲဖြစ်သွားတယ်။ တကယ်လည်း သေသွားပြီဆိုတာ သိလိုက် ရတယ်။ ကဗျာလေးကို ဖတ်နေတာ တစ်ယောက်စ နှစ်ယောက်စနဲ့ လူကများလာတယ်။ အဲဒီအချိန်မှာ RIT ကျောင်းသားတွေက အခြေအနေတွေ ပြောပြတယ်။ အဲဒီမှာတင် စိတ်ထဲမှာ ဒါမတရားပါလားဆိုတာ သိလိုက် တယ်”

ဒီလိုနဲ့ ဒေါ်မေမေသန်းတယောက် ငါလည်းကျောင်းသူပဲဆိုပြီး ကိုဖုန်းမော်သဂြုႋလ်မယ့်နေရာကို လိုက်ပို့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အစိုးရဘက်ကလည်း  ဖုန်းမော်ကို ကြံတောသချိုႋင်းမှာ သြင်္ဂိုလ်မယ်လို့ ကြေငြာလိုက်တဲ့ အတွက် ဒေါ်မေမေသန်းတို့  ရန်ကုန်တက္ကသိုလ်ရဲ့အပြင် လှည်းတန်းမီးပွိုင့်၊ အခုထိရှိနေတဲ့နေရာမှာ စောင့်ခဲ့ပါ တယ်။  ဒါပေမယ့်လည်း သူမလိုပဲ စောင့်နေတဲ့ ကျောင်းသား/ကျောင်းသူတွေက များလာတဲ့အပေါ် အစိုးရ ဘက်မှ ကြံတောသချုႋင်းမှာ မသဂြုႋလ်တော့ပဲ တာမွေသချုႋင်းမှာ ပြောင်းရွေ့မီးသဂြုႋလ်လိုက်ပါတယ်။ ဒီအချိန်မှာ ကျောင်းသား၊ ကျောင်းသူအုပ်စုတွေကို စတင်ဖမ်းစီးတာတွေ၊ ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်မေမေသန်းကတော့ ကံအားလျော်စွာ ဖမ်းဆီးခြင်း မခံရပေမယ့် သူမရဲ့ မျက်စိရှေ့မှာ ကျောင်းသားတွေကို ဖမ်းဆီးရိုက်နှက်နေတာကို တွေ့မြင်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျောင်းပိတ်လိုက်ပြီး ဇွန်လကျောင်း ပြန်ဖွင့်ချိန်မှာတော့ ကျောင်းသားခေါင်းဆောင်(ဦး)မိုးသီးဇွန်နှင့် (ဦး)မောင်မောင်ကျော်တို့ ဦးဆောင်ပြီး ဟော ပြောတာကို နားထောင်ခဲ့ရတယ်။ ဇွန်လအရေးအခင်းဖြစ်ပြီးနောက်မှာတော့ ကျောင်းတွေ လုံးဝပိတ်သွားခဲ့လို့ သူ့ရဲ့အမေက ဒေါ်မေမေသန်းကို ရှမ်းပြည်နယ်၊ လားရှိုးမြို့သို့ ပို့ဆောင်ခဲ့ပါတယ်။ ဒီအချိန်မှာ ဒေါ်မေမေသန်း တစ်ယောက် လှုပ်ရှားမှုထဲ ပိုလို့ပါဝင်လာခဲ့ပါတော့တယ်။

ဒေါ်မေမေသန်း

“လားရှိုးမှာကလည်း ရန်ကုန်မှာ သွားတက်ကြတဲ့ ကျောင်းသားတွေ ပြန်လာကြတာရှိတော့ သူတို့ကနေစပြီး ဦးဆောင်တယ်။ ဆန္ဒပြတယ်ကြားလို့ အန်တီက သွားကြည့်တယ်။ ဖြစ်ချင်တော့ အန်တီက မသွားခင်မှာ ကိုယ် ပြောချင်တာလေးကို စာရွက်ပေါ်ရေးချပြီး အိတ်ကပ်ထဲ ထည့်ထားတာ။ ဘာရည်ရွယ်ချက်မှတော့ မရှိဘူး။ ဟို ရောက်တော့ ရန်ကုန်မှာ ကျောင်းတက်ခဲ့တဲ့ ကျောင်းသားတွေက အန်တီကိုသိတော့ သူတို့နဲ့အတူ လိုက်ခဲ့ဖို့ ခေါ်လို့ အန်တီလိုက်သွားတယ်”

“အန်တီက ရန်ကုန်ရဲ့ အခြေအနေကို သိစေချင်တာနဲ့ မှန်ဇူကွင်း (လားရှိုးမှာအကျယ်ဆုံး) ကို လိုက်သွားတယ်။ လားရှိုးမှာက ဂျစ်ကားတွေသုံးတယ်။ ဂျစ်ကားတွေ တန်းစီပြီး ရပ်ထားတယ်။ ကျောင်းသားတွေ၊ ဆရာဝန်တွေ၊ ရှေ့နေတွေပြောကြတယ်။ ပြောကြပေမယ့် ရန်ကုန်မှာ တကယ်ကြုံခဲ့တဲ့ ကျောင်းသားတွေက နည်းတယ်။  သူ တို့ကလည်း ပိုပြီးထိရောက်အောင် ကျောင်းသူထဲကလည်း ပြောပါဆိုတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသူ တစ်ယောက်အနေနဲ့ အန်တီက တက်ပြောပြတယ်။ လူဦးရေပေါင်း (၂) သောင်းကျော်တယ်”

အဲဒီနောက်မှာတော့ အစိုးရရဲ့ ပစ်ခတ်မှုတွေအောက်မှာ သေသူသေ၊ အဖမ်းခံရသူခံရဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်မေမေသန်းတို့အနေနဲ့ တိတ်တဆိတ် ကျောင်းသားတပ်ပေါင်းစုကို ဖွဲ့စည်းနိုင်ခဲ့ပြီး ဒုဥက္ကဌ တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။ ၁၈ ရက်၊ ၉ လ၊ ၁၉၈၈ မှာတော့ အာဏာသိမ်းလိုက်တဲ့အတွက် ဒေါ်မေမေသန်းနှင့်အတူ အခြား သူငယ်ချင်းများပါ တောခိုခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၉၁ ခုနှစ်မှာတော့ ရန်ကုန်မြို့ကို ကျောင်းသား တပ်မတော်ရှိကြောင်း သတင်းပို့ဖို့ ပြန်လာခဲ့ပါတယ်။ သူမပြန်လာချိန်မှာလည်း အခက်အခဲတွေများစွာ ကြုံတွေ့ ခဲ့ရတယ်လို့ အခုလို ပြောပါတယ်။

“အပြန်လမ်းတလျှောက်လုံး အတားအဆီးတွေ၊ ပိတ်ဆို့မူတွေကို ဖြတ်ကျော်ရတယ်။ အန်တီတို့ ထွက်လာ တယ်ဆိုတဲ့သတင်းက တဆင့်တဆင့် အစိုးရဆီရောက်သွားတော့ လမ်းတွေ ပိတ်ထားလိုက်တယ်။ အန်တီတို့ ကလည်း မရပ်နားပဲ ဆက်သွားရင်း လွှတ်သွားတယ်။ ရန်ကုန်ရောက်တော့ ကိုယ်နဲ့အဖွဲ့တူတူ မတူတူ ကျောင်း သားတွေကို ရှာတယ်။ ကိုယ်အဖမ်းခံရမှာကို မတွက်ဘူး။ နောက်ပိုင်းတော့ အန်တီ သမိုင်းမှာ လက်ဖက်ရည် ဆိုင်ဖွင့်တယ်။ အဓိကတော့ ကျောင်းသားတွေရှာရလွယ်အောင်၊ လူစုနိုင်အောင်နဲ့ အဲဒီက ရတဲ့ငွေကို ကျောင်း သားတွေကို ထောက်ပံ့နိုင်အောင်ပေါ”့

“နောက်ပိုင်းတော့ ထောက်လှန်းရေးက အန်တီကို တွေ့ချင်တယ်ဆိုတော့ အန်တီသိလိုက်ပြီ။ လိုအပ်တဲ့ ပစ္စည်း ယူပြီး မြန်မြန်လိုက်သွားလိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီနေ့က အန်တီအိမ်မှာ ကျောင်းသားတချို့ မန္တလေးတက်ဖို့ ခဏဝင်နေတော့ သူတို့ကို သိမှာစိုးလို့။ ဟိုရောက်တော့ စစ်ကျောရေးဝင်ရတယ်။ ရိုက်နှက်တာ မခံရပေမယ့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေတော့ အများကြီးခံရတယ် ၁၇/၁ နဲ့ ထောင် ၂ နှစ်ကျခဲ့တယ်”

ဒေါ်ချော

အလားတူပဲ ဒေါ်ချော (တချိန်ကတော့ မချော) ဆိုသူကလည်း ၁၉၈၈ ခုနှစ်က ရူပဗေဒအဓိကနဲ့ ရန်ကုန်တက္က သိုလ်မှာ တက်ခဲ့သူပါ။ မတ်လ (၁၃)ရက်နေ့မှာ ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်မှာ ဖြစ်တဲ့ကိစ္စနဲ့ ကိုဖုန်းမော် ဆုံးတယ်။ နောက် ဇွန်လအရေးအခင်းဖြစ်တဲ့အထိ ဒေါ်ချောတစ်ယောက် မပါခဲ့သေးဘူးလို့ ဆိုပါတယ်။ ၈ လ ပိုင်းရောက်တဲ့ အခါမှာတော့ ဒေါ်ချောတယောက် မ.က.ဒ အဖွဲ့နဲ့ ချိတ်ဆက်မိပြီး ပူပေါင်းပါဝင်ခဲ့ပါတယ်။

“၈လပိုင်းရောက်တော့မှ အန်တီ မ.က.ဒ ဆိုတဲ့အဖွဲ့အစည်းနဲ့ ဆက်သွယ်မိပြီး စည်းရုံးလှုံ့ဆော်ပေးတာ၊ စာရွက် စာတမ်းဝေပေးတာ၊ ချီတက်ပွဲပါဝင်တာတွေ လှုပ်ရှားခဲ့တယ်။ စာရွက်စာတမ်းတွေ ဖြန့်ရတာခက်တယ်။ လက်ထဲ မိရင်အသေပဲ။ ဖမ်းဆီးမယ်၊ ထောင်ချမယ်၊ အန်တီ့အနေနဲ့က ဒီဘက်ဗိုလ်ချုပ်ဈေး၊ ဆေးရုံကြီး၊ တောင်ဥက္ကလာ ဘက်စည်းရုံးဆင်းတယ်။ စာရွက်တစ်ရွက် သူများဆီရောက်ဖို့၊ ဝေဖို့ဆိုတာ အဲဒီအချိန်က မလွယ်တဲ့အလုပ်”

“၈ ရက်နေ့ကျတော့ အန်တီမပါလိုက်ရဘူး။ (၁၈)ရက်နေ့ (၉)လ  အာဏာသိမ်းပြီး နောက်ပိုင်း လူတွေက သိုသို သိပ်သိပ်ဖြစ်သွားကြပြီ။ တချို့ကိုလည်း ဖမ်းသွားကြပြီ။ အဖမ်းမခံရသေးတဲ့ လူတွေစုပြီး ဘာဆက်လုပ်ကြမ လဲပေါ့။ ဒီအတိုင်းဆိုရင် အဖမ်းခံရနိုင်တယ်။ ကိုယ်တွေရဲ့ ဉာဏ်မှီသလောက်ပေါ့။ ကဲ အဲဒါဆိုရင် ငါတို့တွေ ထိုင်းနယ်စပ်ဘက်ထွက်မယ်၊ အကူအညီတောင်းကြမယ်ဆိုတော့ ကိုယ်တွေလည်းလိုက်မယ်ဆိုပြီး သွားကြ တယ်။  နိုဝင်ဘာလ(၅)ရက်နေ့မှာ အန်တီတို့ စထွက်တယ်။ မြိတ်၊ ကော့သောင်းဘက်ကနေ ဘုရားသုံးဆူ ဘက်ကို တောခိုသွားတာပေါ”့။

လုပ်သားကောလိပ်မှာ တက်ရောက်နေတဲ့ မအေးယုနွယ်ဆိုသူကလည်း ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့သူတယောက်ပါ။ သူမရဲ့ ပါဝင်ခဲ့ပုံကို အခုလို ပြောပြပါတယ်။

“မဆလ စနစ်ကို မကြိုက်တာကို ကိုယ်က အလုပ်မှာရော၊ ကျောင်းမှာရော စည်းရုံးတယ်။ အလုပ်လုပ်ပြီး တော် တော်ကြာမှ လုပ်သားကောလိပ်တက်တာ။ ကျောင်းပိတ်တော့ ကိုယ့်အဖေက ဘဏ်မန်နေဂျာ (မြန်မာ့စီးပွားရေး ဘဏ်) ဘဏ်မှာ အလုပ်ဝင်လိုက်တယ်။ တစ်ပါတီစနစ်ဖြုတ်ချဖို့ ပြောကတည်းက ဘဏ်မှာစပြီး စည်းရုံးပြီ။ ဘဏ်မှာဆို ကိုယ်က အငယ်ဆုံးလည်းဖြစ် ရုပ်ရည်လေးကလည်း ရှိပြန်ဆိုတော့ စည်းရုံးတာတို့ စာကပ်တာ တို့ဆို ကိုယ်လုပ်တယ်လို့ ဘယ်သူမှမထင်ကြဘူး။ ရုံးမှာ စာကပ်တာတွေ့ရင် အခြားလူတွေကိုပဲ ထင်ကြတယ်”

ကျောင်းတွေပြန်ဖွင့်ချိန်မှာလည်း ဒေါ်အေးယုနွယ်တစ်ယောက် အမျိုးသမီးအဆောင်သွားပြီး စည်းရုံးလှုံ့ဆော် မှုတွေ ပြုလုပ်ခဲ့ပုံကို ပြောပါသေးတယ်။

“အမျိုးသမီးအဆောင်လေးတွေရှိတယ်။ အဲဒီမှာ ကျောင်းသူတွေရှိသလို အလုပ်သမားတွေလည်း ရှိတယ်။ လုပ် သားကောလိပ်ဆိုတော့။ ကိုယ်က အဲဒီချိန်က ပထမနှစ်ကျောင်းသူ တတိုင်းပြည်လုံးပါဝင်တဲ့ လှုပ်ရှားမှုမဖြစ်ခင် ကျောင်းသားလှုပ်ရှားမှုဖြစ်တော့ ကျောင်းသားတွေက စတာ။ အဲဒါနဲ့ ကျောင်းသူ တစ်ယောက်အနေနဲ့ သွား တယ် စည်းရုံးတယ်”

ဒေါ်အေးယုနွယ်

၈ ရက်နေ့အရောက်မှာတော့ ဒေါ်အေးယုနွယ်စည်းရုံးထားတဲ့ ဘဏ်ဝန်ထမ်းများနှင့်အတူ အခြားလူများပါ ပါဝင် ချီတက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ညီမလေး ရော့ အလံဆိုတော့ အလံကိုင်ပြီး အော်တယ်။ မြို့ထဲဘက်ကိုအဝင် မြို့ထဲမှာ ပစ်ခတ်နေပြီ။ မိုးက လည်းရွာတယ်။ အဲဒီနေ့က အဲဒီမှာ လူတစ်ယောက်က ကန်စွန်းရွက်တစ်စည်းကိုင်ပြီး မသွားနဲ့ ဟိုဘက်မှာ ပစ် နေတာ အကုန်လဲကုန်ပြီပေါ့။ အဲဒီအချိန်မှာပဲ သွေးတွေနဲ့ တစ်ယောက်ပြေးလာတယ်။ ကုန်သွယ်ရေးရုံးရှေ့မှာ အန်တီက လူကြားထဲညှပ်နေပြီ။ အလံကိုလည်း မကျစေရအောင် ကိုင်ထားပြီး အော်ကလည်း အော်ရသေး တယ်”

ဒီအဖြစ်အပျက်ကို ပြောနေရင်းမှ မျက်လုံးအိမ်မှာလည်း မျက်ရည်တွေခိုတွဲနေတဲ့ ဒေါ်အေးယုနွယ်ဟာ အဲဒီနေ့ က အဖြစ်အပျက်ကို ပြောပြတာထက် ကိုယ့်ရင်ထဲမှာ ခံစားရတယ်။ ဘဝမှာ ဒီလိုအဖြစ်အပျက်မျိုးကို ကျန်တဲ့လူ တွေကို ပြောပြရင် ဘယ်လိုမှ ဝင်ခံစားပေးလို့ ရမှာမဟုတ်ဘူးလို့ ပြောပါတယ်။

အရေးအခင်းဖြစ်ပွားပြီးနောက်ပိုင်း ထွက်ပြေးကြရင်း ဟိန္ဒူကုလားတိုက်ကြီးပေါ်မှာ (၄)ရက်နဲ့(၄)ညနေခဲ့ရသလို ထမင်းထုပ် (၁၀)ထုပ်လောက်ရတယ်ဆိုရင် လူက အယောက် (၄၀)၊ အဲဒီအချိန်က မိန်းကလေးတွေချည်း ရှိတာမို့ ထမင်းကို တစ်လုပ်ဘဲ စားရစားရ ဝိုင်းပြီးစားခဲ့ရတယ်။ ဘယ်နေ့ဘာဖြစ်မလဲဆိုတာ ကိုယ့်ကိုကိုယ် တကယ်မသိကြဘူး။ ယောကျ်ားလေးတွေ အဲဒီအချိန် မတွေ့ရတော့ဘူးလို့ ပြောပြပါတယ်။

“လုပ်သားကောလိပ်က ကိုမောင်မောင်ကြီးတို့၊ ကိုချာလီအေးကျော်တို့က ၁၈ ရက် ၉လ ၁၉၈၈ အာဏာသိမ်းပြီး ၄ ၊ ၅ ရက် အကြာမှာ သူတို့တောခိုသွားကြတယ်။ သူတို့က နောက်ထပ် ၆ လနေရင် ပြန်လာမယ်လို့ပြော သွားတာ အခုတာ့ ၂၉ နှစ် တောင်ရှိပြီ။ နှစ် ၃၀ မှာတောင် ပြန်ဆုံကြပါ့မလားမသိဘူး”

အတူတိုက်ပွဲဝင်ခဲ့တဲ့လူတွေ တောခိုသွားပြီးနောက် အမျိုးသမီးဖြစ်ပေမယ့် မလျှော့သောဇွဲတွေနဲ့ သူမဘယ်လို ဆက်လုပ်ခဲ့သလဲဆိုတာကို အခုလိုပြောပြပါတယ်။

“တောခိုတဲ့လူက တောခိုသွားကြတော့ မိန်းကလေးတွေက ငါတို့ ဘာလုပ်မလဲဆိုပြီး ဆွေးနွေးကြတယ်။ သူတို့ ပြောသွားတဲ့ ၆ လ၊ တစ်နှစ်မှာ လူစုမယ်၊ သူတို့ပြန်လာရင် ပေါင်းတိုက်မယ်။ နိုင်ကိုနိုင်ရမယ်ဆိုပြီး စာတွေ ပြန်ဝေ၊ ကိုယ့်သူငယ်ချင်းတွေပြန်ခေါ်၊ ဟိုကအစ်ကိုတွေပြန်လာရင် လူစုပြီသားဖြစ်အောင်ပေါ့။ အဲဒီကြားထဲ ဘဏ်မှာ အလုပ်ပြန်ဝင်၊ ရတဲ့လစာကို လုပ်သားကောလိပ်အဖွဲ့ကိုပေး အဲဒါပုံမှန်။ စနေ တနင်္ဂနွေ အိမ်ကပေးတဲ့ မုန့်ဖိုးကိုစု ဘာမှမစားနိုင်ဘူး။ အဲဒီလိုမျိုးလုပ်ခဲ့တာ ၃ နှစ်လောက်ကြာတယ်။ အရှေ့ကို မထွက်တော့ပဲ ငွေရှာ တာတမျိုး၊ စာတွေဝေရတာတမျိုး၊ စည်းရုံးရတာတမျိုးနဲ့ နားရက်ဆိုတာ မရှိခဲ့ဘူး။ နောက်တော့ တောခိုသွားတဲ့ အစ်ကိုတွေဆီက စာလာတော့ အဲဒီစာကိုမိပြီး နောက်တော့ စည်းရုံးရေးဘာရေး ညာရေးဆိုပြီး ခေါင်းစဉ်တပ် လိုက်တော့ ထောင် ၅ နှစ်ကျရော”။

သူမ ထောင်(၅)နှစ်ကျပြီး ပြန်ထွက်လာချိန်မှာလည်း ဆန္ဒပြတဲ့အထဲ မပါဝင်ခဲ့ပေမယ့် တဖက်တလှမ်းက သူမ လုပ်နိုင်တဲ့ အလုပ်တွေ ဝိုင်းကူလုပ်ခဲ့တယ်လို့ ပြောပါတယ်။ နောက်ပိုင်းမှာတော့ ထင်ထင်ပေါ်ပေါ် မဖြစ်စေပဲ နောက်ကနေပဲ ပံ့ပိုးပေးတယ်လို့ပြောပါတယ်။

ဘာပဲလုပ်လုပ် ဘာပဲဖြစ်ဖြစ် နောက်ကနေ ပံ့ပိုးပေးမှုကလည်း အင်မတန်မှ အရေးကြီးပါတယ်။ အဲဒီ အရေးကြီး လှတဲ့ အခန်းကဏ္ဍကို တာဝန်ယူဆောင်ရွက်ခဲ့သူကတော့ ဒေါ်စန်းစန်းတင်ဆိုသူပါ။ ၁၉၈၈ မှာ ဒေါ်စန်းစန်း တင်ဟာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးပါ။ သူမရဲ့ ပံ့ပိုးမှုတွေကို အခုလို ပြောပြလာပါတယ်။

“၈၈ မတိုင်ခင် မတ်လလောက်ထဲက အန်တီသားက အဖမ်းခံရတယ်။ ပြန်လွှတ်လာတော့ ဇူလိုင်လမှာ မ.က.ဒ တည်ထောင်တော့ အန်တီရော၊ အန်တီသားရော ပါဝင်ခဲ့တယ်။ ၈၈ အရေးအခင်းကြီး စလာတော့ အန်တီတို့က ချက်ပြုတ်ကျွေးမွေးတဲ့အပိုင်းမှာ လုပ်ခဲ့တယ်။ အန်တီကတော့ ပံ့ပိုးကူညီတယ်ပဲပြောရမှာပေါ့။ မ.က.ဒအဖွဲ့ကို ထမင်းထုပ်လိုချင်ရင် ထမင်းထုပ်၊ မုန့်လိုရင်မုန့်၊ ဆေးလိုရင်ဆေး၊ ဒုက္ခရောက်နေတဲ့လူတွေကို အိမ်ခေါ်ထား တယ်။ အဲဒီတုန်းက အန်တီတို့ အိမ်မှာလူ(၃၀) လောက်ရှိတယ်။ အဲဒီတုန်းက အိမ်က အကျယ်ကြီးကို..။ အန်တီတို့က ငွေကြေးပြည့်စုံတယ်။ အန်တီတို့ မိဘလက်ထက်ထဲက ပြည့်စုံတော့ အဲဒီလို အရေးအခင်းဖြစ်ချိန် မှာ အန်တီတို့အိမ်ကို ရောက်လာတဲ့လူတိုင်းကို အန်တီတို့က ကူညီနိုင်ခဲ့တယ်”

ကျောင်းသား/ကျောင်းသူတွေ လိုအပ်တာမှန်သမျှ ကူညီပံ့ပိုးပေးသလို ကျောင်းသားတွေ ကိုယ်တိုင် လာယူတာ တွေရှိပြီး သွားလည်းပို့ပေးတယ်လို့ဆိုပါတယ်။ ကျောင်းသားတွေများလာတဲ့အပေါ်မှာ ဈေးသွားဝယ်၊ မီးဖိုခန်း ဆို မနက်မီး ညမီးဆက်နေတယ်လို့လည်း ပြောပြပါတယ်။ အဲအချိန်တုန်းက အိမ်ဖုန်းရှိတော့ ဆက်သွယ်လို့ရနေ တာပေါ့။ ဘယ်နေရာ ဘယ်ဒေါင့်မှာ ဘာဝတ်ပြီးစောင့်နေမယ်ဆို ထမင်းထုတ်တွေသွားပို့၊ မကဒတွေ အကုန်နီး ပါး အန်တီတို့ကို သိတယ်လို့ ပြောပြပါတယ်။ နောက်ပိုင်းက ကူညီပံ့ပိုးမှုတွေလုပ်ရင်းနဲ့ (၈)ရက်နေ့ (၈)လပိုင်း မှာတော့ ကိုယ်တိုင်အရှေ့ကို ထွက်ခဲ့တယ်လို့ ဆိုပါတယ်

“၈ ရက်နေ့ မနက်ရောက်တော့ အကုန်လုံးကို အိုးတွေ ခွက်တွေ တီးခိုင်းတာ၊ တီးတီး ဆိုပြီးတော့ အန်တီတို့က စပြီး လုပ်လိုက်တော့ အကုန်လုံးက လိုက်လုပ်တယ်။ ထွက်ထွက်ဆိုပြီး အန်တီတို့အရှေ့က ထွက်တော့ သူတို့ က လိုက်ထွက်တယ်”

“လမ်းဘေးတလျှောက်က လူတွေလည်း ခေါ်တယ်။ ဘုန်းကြီးတွေကိုပါခေါ်တာ၊ အဲဒီအချိန်မှာ ဘုန်းကြီးက အလံကိုင်ပြီးတော့ အရှေ့ကတက်တာ (ဘုန်းကြီးဦးသောမနတို့ ဦးရိန္ဒကတို့)။ ၁၃ မင်္ဂလာလမ်းကနေ လမ်း လျှောက်ပြီး ဆူးလေက မြို့တော်ခန်းမရှေ့မှာ ရပ်လိုက်တယ်။ လူတွေကလည်း စုံပြီဆိုတော့ ဟုတ်ပြီ ငါတို့ အောင်ပြီပေါ့။ ညနေရောက်တော့ အန်တီတို့က သိထားတယ် မှောင်ရင် ပစ်တော့မယ်ဆိုတာ၊ အဲဒါနဲ့ အခြား လူတွေ၊ ကလေးတွေကို ပြန်ကြတော့ဆိုပြီး အန်တီတို့က ကားတစ်စီးနဲ့ ခေါ်တင်တယ်၊ ကမ်းနားလမ်းကနေ ဘားဂရာလမ်းကြီးကို ကားမောင်းမယ်၊ နီးတဲ့နေရာ ဆင်းကြဆိုပြီး တတ်နိုင်သလောက် လုပ်ပေးခဲ့တယ်၊ အ ကြော်သယ်တွေဆီက တစ်ဗန်းလုံးဝယ်ပြီး လိုက်ဝေ၊ အဲဒီလိုလုပ်တာ။ တချို့ကလေးတွေကလည်း ကျန်ခဲ့တာ ပေါ့။ အန်တီတို့လည်း အိမ်ရောက်ရော ပစ်သံကြားရတာပဲ” လို့ ဒေါ်စန်းစန်းတင်က ရှင်းပြပါတယ်။

၈၈ အရေးအခင်းဖြစ်ပြီး သားနှစ်ယောက်ကတောခိုသွားတော့ သူတို့ပြန်ဝင်လာချိန်မှာလည်း အစိုးရက ခဏ ခဏ ဖမ်းဆီးစစ်ဆေးတာတွေ ခံရတယ်လို့ ဆိုပါတယ်။ နောက်ဆုံး ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ မိသား စု ၅ ဦးစလုံးအဖမ်းခံလိုက်ရပြီး ၂၀၁၁/၂၀၁၂ မှ ထောင်က မိသားစု (၅)ဦးစလုံး ပြန်လွှတ်လာတယ်လို့ ပြောပြ ပါတယ်။

တချိန်က ဒေါ်စန်းစန်းတင်တို့အိမ်ဟာ ကျောင်းသားပေါင်း(၃၀)ကျော်ကို ကျွေးမွေးထားနိုင်ခဲ့ပေမယ့် အခုဆိုရင် တိုက်ခန်း(၅)လွှာမှာ နေနေကြရပါတယ်။ မိဘလက်ထက်ပိုင်ဆိုင်ခဲ့သမျှ အမွေတွေဟာလည်း မိသားစု (၅)ဦး ထောင်ကျစဉ်က တယောက်နေရာစီထားလို့ ထောင်ဝင်စာတွေ့ရင်း ကုန်ခဲ့ရသလို တချို့ခြံ၊ အိမ်ရောင်းရာ ငွေ ကျပ်သိန်း (၁၀၀)ကိုလည်း အစိုးရက သိမ်းထားတာ အခုထိ ပြန်လည်ရရှိခြင်းမရှိသေးဘူးလို့ ပြောပြပါတယ်။

သမိုင်းဝင်ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ အခုလို ကျရာနေရာက ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေ အများကြီးရှိပြီး သူတို့တွေရဲ့ပါဝင်မှုကို တတ်နိုင်သလောက်ပြန်လည်ဖော်ထုတ်မှတ်တမ်းတင်ဖို့လိုအပ်တယ်လို့ မြန်မာ့အမျိုး သမီးသမဂ္ဂ (BWU) မှ လေ့ကျင့်ပညာပေးရေးလက်ထောက်တာဝန်ခံ ဇူးပဒုမာက အခုလိုပြောပါတယ်။ “အမျိုး သမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့ လေ့ကျင့်ပညာပေးရာမှာ အများစုက အမျိုးသမီးတွေ နိုင်ငံရေးနဲ့ မဆိုင်ဘူးလို့ ယူဆနေကြတုန်းပဲရှိပါတယ်။ တကယ်တမ်း ကျမတို့နိုင်ငံရဲ့ အရေးကြီးတဲ့သမိုင်းအချိုးအကွေ့တိုင်းမှာ အမျိုး သမီးတွေရဲ့ပါဝင်မှုနဲ့ အခန်းကဏ္ဍက တကယ်ပဲ ကြီးကျယ်ခဲ့တာတွေ့ရတယ်။ ဒါကြောင့် ဒီလိုပါဝင်ခဲ့တဲ့ အမျိုး သမီးတိုင်းရဲ့လှုပ်ရှားမှုကို သမိုင်းမှတ်တမ်းတင်ထားနိုင်အောင်လုပ်ဖို့ ကျမတို့မှာ တာဝန်ရှိပါတယ်”

 

Related Articles