Home ဆောင်းပါး သက်ငယ်မုဒိမ်းမှုတွေအတွက် နွေးထွေးတဲ့ဝန်းကျင်နဲ့ ကုစားရေးအစီအစဉ်များ ဖန်တီးရေး

သက်ငယ်မုဒိမ်းမှုတွေအတွက် နွေးထွေးတဲ့ဝန်းကျင်နဲ့ ကုစားရေးအစီအစဉ်များ ဖန်တီးရေး

  

ပစ်တိုင်းထောင်မ (ရန်ကုန်)။           ။

ရေဝပ်တဲ့ အိမ်လေးမို့ အိမ်ရှေ့မှာ သစ်သားတံတားလေးခင်းထားပြီး အိမ်အဝင်ရဲ့ ဘယ်ဘက်မှာဆိုရင်တော့ ငွေ ပန်းပင်လေးတွေ စိုက်ထားပါတယ်။

အိမ်ပုံစံကို ရှည်မျောမျောတည်ဆောက်ထားပြီး အခန်းကတော့ နှစ်ခန်းပဲရှိပါတယ်။

အိမ်ထဲဝင်သွားလိုက်တာနဲ့ အသက်(၇၂)အရွယ် အဖွားအိုတစ်ယောက်ထိုင်နေပြီး သူ့ရဲ့ဘေးမှာတော့ ဆံပင်တို တို၊ မျက်လုံးဝိုင်းဝိုင်း၊ မျက်တောင်ကော့ကော့လေးနဲ့ ဂါဝန်အစိမ်း၊ အင်္ကျီအဖြူရောင်အပေါ်မှာ အဝါရောင် အ နွေးထည်ထပ်ဝတ်ထားတဲ့ အသက်(၇)အရွယ် ချစ်စရာကလေးငယ်တယောက်ကို တွေ့ရပါတယ်။

ပုံမှန်ကြည့်ရင်တော့ သာမန်ကလေးတယောက်ပါ။

ဒါပေမယ့် အဲဒီကလေးဟာ လွန်ခဲ့တဲ့ (၂)လလောက်က အသက် (၇၃)နှစ်အရွယ် ဦးထွန်းအေးဆိုသူရဲ့ သား မယားပြုကျင့်ခြင်းခံခဲ့ရသူပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အဖွားဖြစ်တဲ့ ဒေါ်တင်ညွန့်(အမည်လွဲ)က အခုလို ပြော ပြပါတယ်။

“မြေးကပြောတယ် သူ့ကို အရုပ်ဝယ်ပေးမယ်ဆိုပြီး ပန်းခြံကို ခေါ်သွားတယ်။ (ဝေဘာဂီပန်းခြံ၊ ဗိုလ်ချုပ်ပန်းခြံလို့ လည်း လူသိများတယ်) ဟိုရောက်တော့ ဘောင်းဘီချွတ်ပြီး လုပ်တယ်”

ပြောပြနေတဲ့အဖွားအိုရဲ့ မျက်ဝန်းမှာတော့ မျက်ရည်တွေ ထိန်းထားမရအောင် စီးကျလို့နေပါတယ်။

အဖွားဒေါ်တင်ညွန့်ဟာ မြေးသုံးယောက်နဲ့အတူ မြောက်ဥက္ကလာပမြို့နယ်က ရပ်ကွက်တစ်ခုမှာ နေထိုင်ပါ တယ်။ ကလေးတွေရဲ့မိဘများကတော့ ထိုင်းနိုင်ငံဘက်မှာ အလုပ်သွားလုပ်တယ်လို့ ပြောပါတယ်။ လက်ရှိမှာ တော့ တရားရင်ဆိုင်နေပြီး ရုံးချိန်း(၃)ချိန်းရှိနေပြီလို့လည်း ပြောပြပါတယ်။

ကလေးကတော့ သားမယားပြုကျင့်ခံရပြီးကတည်းက တရှောင်ရှောင်နဲ့ ကျန်းမာရေးမကောင်းဘူးလို့ ပြောပြပါ တယ်။

အမှုမဖြစ်ခင်က ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းဆက်ဆံရတာအဆင်ပြေပေမယ့် အခုလို အမှုဖြစ်ပြီးနောက်ပိုင်းမှာ တော့ ပတ်ဝန်းကျင်က သူ့တို့အပေါ် တမျိုးမြင်ကြတယ်လို့ ဆိုပါတယ်။

“အဖွားကို ပတ်ဝန်းကျင်က ပြောကြတယ် အသက်ကြီးပြီး အချိန်မစီးဘူး။ ပိုက်ဆံလိုချင်လို့ လုပ်တာပေါ့။ ဒီအဖိုး ကြီးလုပ်တာ မဖြစ်နိုင်ဘူးပေါ့။ အပေါင်းအသင်းတွေ အိမ်လည်လာတာတို့ ဘာတို့လည်း သိပ်မရှိတော့ဘူး”

ကလေးငယ်လေးတွေ သားမယားပြုကျင့်ခံနေရတာဟာ တစ်နေရာထဲ ဖြစ်နေတာတော့ မဟုတ်ပါဘူး။

အသက်(၃)နှစ်ခွဲသာရှိသေးတဲ့ သမီးလေးကို အသက်(၃၅)နှစ်အရွယ်ရှိ မောင်ထူးဆိုသူမှ သားမယားပြုကျင့်ခဲ့ တာကို မွန်သံဝဲ၀ဲနဲ့ အဒေါ်ဖြစ်သူ ဒေါ်စန္ဒာအေး(နာမည်လွဲ)က ပြန်ပြောပြခဲ့ပါတယ်။

“သမီးကို ပါးရိုက်တယ်။ သမီးဘောင်းဘီကို ချွတ်ပြီး သူရဲ့ဂွေး(လိင်တံ)နဲ့ ထိုးထည့်တယ်။ သမီးနာလို့ သမီး အော်ငိုတယ်” လို့ သမီးလေးကပြောပြကြောင်း အဒေါ်က ပြောပြခဲ့တာပါ။

ဒေါ်စန္ဒာအေးတို့ မိသားစုက မွန်ပြည်နယ်၊ ရေးမြို့နယ်က ကျေးရွာတစ်ခုမှာ နေထိုင်ကြပါတယ်။ တူမလေးက သွက်သွက်လက်လက်ရှိပြီး ချစ်စရာကောင်းလို့ ပတ်ဝန်းကျင်က လူတွေကလည်း ချစ်ကြတယ်လို့ ဆိုပါတယ်။ မေလ(၁၅)ရက်နေ့ ညနေ(၅)နာရီလောက်မှာတော့ ကလေးကို ဒဏ်ရာတွေနဲ့အတူ တွေ့လိုက်ရတယ်လို့ ပြော ပြပါတယ်။

“ကလေးက ပါးရောင်နေတယ်၊ နားမှာသွေးတွေ စို့နေတယ်။ ပါးစပ်ကွဲခဲ့တယ်”

မောင်ထူးဆိုသူမှာ မစန္ဒာအေးတို့အိမ်ကို အဝင်အထွက်ရှိပြီး ကလေးကိုလည်း အမြဲတမ်း စနောက်နေကျလို့ ပြောပါတယ်။ တူမလေးအနေနဲ့ ပြောပြတာတွေကို အဒေါ်ဖြစ်တဲ့ ဒေါ်စန္ဒာအေးမှ မယုံသလိုဖြစ်ပြီး ကလေးရဲ့ အဝတ်တွေကို လှန်ကြည့်တော့ ကလေးရဲ့အင်္ဂါမှာ သွေးတွေတွေ့လို့ ရွာလူကြီးထံ တိုင်ကြားခဲ့သော်လည်း ငွေနဲ့ သာ ဖြေရှင်းဖို့ပြောပြီး ကလေးကို ဆေးခန်းပြတာတို့ ဆေးရုံပို့တာတို့ မလုပ်ဆောင်ဖို့ ပြောခဲ့တဲ့အတွက် ဆေး ခန်းမပြပဲနေခဲ့ရပါတယ်။ (၁၀) ရက်မြောက်နေ့မှာတော့ ကလေးဟာ ဗိုက်ကြီးပူလာပြီး တအားငိုလို့ ဆေးရုံပြခဲ့ ပေမယ့် ဆရာဝန်မှ ရဲထောက်ခံချက် မပါတဲ့အတွက် လက်မခံလို့ ဒီအတိုင်းပြန်လာခဲ့ရာ လမ်းမှာ အသိတစ် ယောက်နဲ့တွေ့ပြီး သူ့အကူအညီနဲ့ ရဲစခန်းတိုင်ကြားနိုင်ခဲ့ပြီး ကလေးကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဆေး ကုခဲ့ရတယ်လို့ ပြောပြပါတယ်။ လက်ရှိမှာတော့ မောင်ထူးဆိုသူကို ရဲများ ဖမ်းဆီးထားပြီ ဖြစ်ပါတယ်။

အသက်မပြည့်သေးတဲ့သူတွေ မုဒိမ်းပြုကျင့်မှုတွေခံရတဲ့အခါ ပြုကျင့်သူကို ဥပဒေအရ ထောင်ဒဏ်ဘယ်ရွေ့ ဘယ်မျှ ချမှတ်လိုက်တယ်ဆိုတာတွေ တွေ့ရပေမယ့် ဒီလိုပြုကျင့်ခံခဲ့ရတဲ့ကလေးတွေရဲ့ နောက်ဆက်တွဲ ပြဿနာ တွေကိုတော့ ဖော်ပြတာ မတွေ့ရပါဘူး။

သုံးနှစ်ခွဲ ကလေးလေးကတော့ မုဒိန်းကျင့်ခံရပြီးနောက်မှာ အပြုအမူ၊ အနေအထိုင်တွေ ပြောင်းလဲသွားခဲ့တယ် လို့ အဒေါ်ဖြစ်သူက ပြောပြပါတယ်။

“အခုဆို ကလေးက အရင်တုန်းကလိုမျိုး မဟုတ်တော့ဘူး။ အရင်ကဆို ဗိုက်ဆာရင်လည်း တောင်းစားတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ခုန်ပေါက်ပြီးဆော့တယ်။ အခုဆို ထမင်းခေါ်ကျွေးလည်း သူမစားဘူး။ စကားပြောရင်လည်း ပြန်မဖြေဘူး။ သူဖာသာသူနေတယ်။ သူဖာသာသူအိပ်တယ်။ မယုံရင် လာကြည့်ပါ။ ဓါတ်ပုံလာရိုက်ပါ”

ဒီလို အသက်မပြည့်ပဲ အဓမ္မပြုကျင့်ခံရတဲ့ ကလေးငယ်တွေကို ပတ်ဝန်းကျင် အသိုင်းအဝိုင်းကကော ဘယ်လို သဘောထားကြပါသလဲ။

ရန်ကုန်၊ လှိုင်သာယာမှာ နေထိုင်တဲ့ မစိုးစိုးအေးကတော့ သူ့ကလေးတွေကို အဲဒီလိုကလေးတွေနဲ့ မပေါင်းစေ ချင်ဘူးလို့ ပြောပါတယ်။

“မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးတွေနဲ့ ကိုယ့်သမီးကို အပေါင်းအသင်း မလုပ်ခိုင်းဘူး။ အဲဒီလို အပြုကျင့်ခံရတဲ့ သူတွေဟာ မိဘအုပ်ထိမ်းမှုအောက်က လွှတ်နေတယ်လို့ ထင်တယ်။ ဒါကြောင့်မို့လည်း သူများရဲ့ အဓမ္မ ကျင့်ခြင်း ခံရတာပေါ့”

ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်က မယုကတော့ ကလေးတွေကို သတိပေးထားတယ်လို့ ပြောပါတယ်။

“တချို့မိန်းကလေးတွေကျတော့ ရှပ်ပျာရှပ်ပျာနဲ့ အနေအထိုင်မတတ်ဘူး။ အဲဒီလို မိန်းကလေးမျိုးတွေ မုဒိမ်း ကျင့်ခံရတာဆို ကိုယ့်သားသမီးနဲ့အပေါင်းအသင်းပေးမလုပ်ဘူး။ တချို့ကျတော့ သက်သက်မုဒိမ်းကျင့်ခံရတာ အဲဒါမျိုးဆိုရင်တော့ အပေါင်းအသင်းပေးလုပ်မယ်”

သက်ငယ်မုဒိမ်းကာကွယ်ကူညီပေးနေတဲ့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊ အမျိုးသမီးများအပေါ်အကြမ်း ဖက်မှုလုပ်ငန်းစဉ် (Women Against Violence) တာဝန်ခံ နန်းခမ်းသီထွန်းကတော့ ပတ်ဝန်းကျင်အနေနဲ့ အဲဒီကလေးတွေကို ဖယ်ကျဉ်တာမျိုး မလုပ်သင့်ဘူးလို့ အခုလိုပြောပါတယ်။

“ပတ်ဝန်းကျင်က ပိုအရေးကြီးပါတယ်၊ လုံးဝမပစ်ထားသင့်ပါဘူး။ ပြီးတော့ ခံရသူကလေးကို အပြစ်ထပ်တင်တဲ့ အပြောအဆို အပြုအမူတွေ လုံးဝမလုပ်သင့်ဘူး။ ကိုယ့်သားသမီးလို ကိုယ်ချင်းစာနာစိတ်ထားပြီး အားပေး ဖေးမသွားသင့်ပါတယ်”

မုဒိမ်းမှုတွေဖြစ်လာတဲ့အခါ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာတွေအနေနဲ့ ဆိုးကျိုးတွေ အများကြီးပိုဖြစ်စေ တယ်လို့လည်း သူကပြောပါတယ်။

“သူတို့က မသိနားမလည်သေးတဲ့အရွယ်ဖြစ်သလို ခံခဲ့ရတဲ့ပုံစံအနေအထားကလည်း အသက်အရွယ်နဲ့ မလိုက် အောင်ကို ဆိုးဆိုးရွားရွားဖြစ်သွားတာတွေ ကျမတို့ဆီမှာရောက်လာတဲ့အမှုတွေမှာ ဥပမာသာဓကနဲ့ ရှိပါတယ်။ သူတို့မှာ လူကြီးတွေလို ပြန်လည်တွန်းလှန် ရုန်းကန် အကူအညီတောင်းတာ၊ ထွက်ပြေးနိုင်တဲ့ အင်အား မလုံ လောက်ဘူး၊ တချို့ကလေးတွေဆို စကားမပြောတော့တာတွေရှိတယ် တချို့ကျတော့ တချိန်လုံးငိုနေတာမျိုး တွေလည်း ရှိတယ်။ ဒါက အပေါ်ယံအပိုင်း နောက်ပြီး သူတို့ရဲ့ကိုယ်ခန္ဓာ တည်ဆောက်ပုံက မဖွံ့ဖြိုးသေးဘူး အဲဒီအပေါ်မှာ ဘယ်အတိုင်းအတာအထိ ထိခိုက်သွားမလဲ ဆိုတာလည်း ရှိသေးတယ်”

ဒါအပြင် သူတို့တွေကို ပြန်လည်ကုစားဖို့အတွက်ဆိုရင်တော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကပဲ ကူညီနေ ရင် တနိုင်လုံး အတိုင်းအတာအထိ ခြုံငုံမှုရှိမှာမဟုတ်သလို လုံလောက်မှုမရှိဘူးလို့လည်း ပြောပြပါတယ်။ ပတ်ဝန်းကျင်က နားလည်မှုပေးဖို့ လိုသလို အစိုးရဖက်ကလည်း ပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ နန်းခမ်းသီထွန်းက ပြောပါတယ်။

ပတ်ဝန်းကျင်အနေနဲ့ကတော့ “ကိုယ့်မိသားစုနဲ့ အနီးဆုံးပတ်ဝန်းကျင်က နားလည်မှုပေးပြီး မဖြစ်ခင် ကြိုတင် ဝိုင်းဝန်းတားဆီးစေချင်တယ်။ ဖြစ်ပြီးချိန်မှာလည်း ကလေးငယ်ကို ကူညီအားပေးသင့်တယ်။ နားလည်ပေးသင့် တယ်။ ခံရသူကလေးနဲ့ မိဘကို အပြစ်တင်တဲ့စကားမျိုးမပြောပဲ ကျူးလွန်သူကိုသာ အပြစ်ပေးအရေးယူဖို့ တွန်း အားပေးသင့်တယ်။  ခံရသူကလေးဖက်က မားမားမတ်မတ်ရပ်ပေးဖို့လိုမယ်”လို့ ပြောပြပါတယ်။

အစိုးရရဲ့ပံ့ပိုးမှုနဲ့ပတ်သက်လို့ “အစိုးရကနေ နိုင်ငံတကာစံချိန်နဲ့ညီတဲ့ ပြန်လည်ကုစားရေးအပြင် ခံရသူကလေး ငယ်တွေအတွက် သီးသန့်အထူးအစီအစဉ်နဲ့ ပံ့ပိုးမှုတွေ လုပ်ဆောင်ပေးသင့်တယ်လို့ မြင်ပါတယ်။ အဓိက အရေးကြီးတာက သူတို့ရဲ့ပညာရေးအပိုင်းဖြစ်ပါတယ်”

မုဒိမ်းမှုဖြစ်တိုင်း အပြစ်ကျူးလွန်သူကို အပြစ်ပေးအရေးယူနိုင်ဖို့နဲ့ အကျူးလွန်ခံရတဲ့သူတွေကို ကူညီမှုပေးမယ့် ပတ်ဝန်းကျင်၊ အသိုင်းအဝန်း၊ စာနာပေးမယ့်သူတွေ၊ သူတို့လေးတွေရဲ့ ဘဝရှေ့ရေးအတွက်၊ ပညာရေး၊ ကျန်း မာရေး၊ လူမှုရေး အစစအရာအရာအတွက် အာမခံပြီး လုံခြုံတဲ့နေရာလေးတခု ဖန်တီးပေးနိုင်ဖို့ လိုအပ်နေ ပါတယ်။

မုဒိန်းကျင့်ခံရတဲ့ သုံးနှစ်ခွဲအရွယ် ကလေးငယ်ရဲ့အခြေအနေကို သူ့အဒေါ်က အခုလိုပြောပြပါတယ်။

“ကလေးက အစားမစားတော့ ပိန်ပိန်ပဲကျန်တော့တယ်။ အရင်က ဝကစ်နေတာ။ အခု ယောကျ်ားလေးတွေ့ ရင်လည်း သူပြေးတယ်”

Related Articles