Home သတင်း NCA လက်မှတ်ထိုးနိုင်ရေးအတွက် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် ဆွေးနွေးနေသည့် UNFC ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာကိုယ်စားလှယ်အဖွဲ့(DPN) အသစ် ပြန်လည်ဖွဲ့စည်းမှုတွင် အမျိုးသမီးကိုယ်စားလှယ်တဦး ပါဝင်လာ

NCA လက်မှတ်ထိုးနိုင်ရေးအတွက် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် ဆွေးနွေးနေသည့် UNFC ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာကိုယ်စားလှယ်အဖွဲ့(DPN) အသစ် ပြန်လည်ဖွဲ့စည်းမှုတွင် အမျိုးသမီးကိုယ်စားလှယ်တဦး ပါဝင်လာ

မလိခ။             ။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်နှင့် ဆွေးနွေးနေသော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကိုယ်စား လှယ်အဖွဲ့ (DPN)အသစ် ပြန်လည်ဖွဲ့စည်းမှုတွင် အမျိုးသမီးတဦးပါဝင်လာသည်။

ဇူလိုင်လ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၏ ဒုတိယအကြိမ် ညီလာခံပြီးနောက် ကျင်းပသော ကောင်စီဝင်အစည်းအဝေးတွင် DPN ကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်ရာ လားဟူဒီမိုကရက်တစ်အဖွဲ့ (LDU)မှ အမျိုးသမီးခေါင်းဆောင်တဦး ဖြစ်သည့် နာဗစ်ဘွန်သည် ကိုယ်စားလှယ်တစ်ဦးအဖြစ် ပါဝင်လာခြင်း ဖြစ်သည်။

DPN အဖွဲ့သစ်ကို UNFC အဖွဲ့ဝင် ၅ ဖွဲ့မှ (၁)ဦး သို့မဟုတ် (၂)ဦးနှုန်းပါဝင်ရန် လက်ရှိ DPN ၏ လုပ် ငန်းစဉ်များ နားလည်သူ၊ ပါဝင်နိုင်သူများကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု နာဗစ်ဘွန်က ပြောသည်။

“ဒီပီအန်မှာ ကျမတု့ိကောင်စီအဖွဲ့ဝင် ရွေးတဲ့အချိန်မှာ တဖွဲ့မှာ ၅ ယောက်နဲ့ ၂၄ ယောက်ရတာပေါ့နော်။ အဲဒီမှာ ကျမတို့ ဒီပီအန်ကို ပြန်ရွေးတဲ့အချိန်မှာ ဥက္ကဌ၊ အတွင်းရေးမှူး မပါတဲ့ အခြားကောင်စီဝင် အဖွဲ့ ဝင်တွေကို ပြန်ရွေးတဲ့အခါ အဖွဲ့အစည်းအကုန်လုံး ပါဝင်နိုင်အောင် တဖွဲ့ချင်းစီ တယောက်ပါနိုင် အောင်လို့ ရွေးကြတာပါ”ဟု နာဗစ်ဘွန်က ပြောသည်။

DPN အဖွဲ့၏ ခေါင်းဆောင် ခူးဦးရယ်၊ ဒုတိယခေါင်းဆောင် နိုင်အောင်မငေး၊ အဖွဲ့ဝင်များအဖြစ် LDU မှ နာဗစ်ဘို၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ဗိုလ်မှူးကြီး ဆေအွန်၊ မွန်ပြည်တစ်ပါတီ(NMSP) မှ ဒေါက်တာ နိုင်ရွှေသိန်း၊ ရခိုင်အမျိုးသားကောင်စီ (ANC)မှ ဗိုလ်မှူးကြီး မင်းထွန်းနှင့် ဦးထွန်းဇော်၊ က ရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)မှ ဗိုလ်မှူးကြီးဘုန်းနိုင်နှင့် အမည်စာရင်း မပေးသေးသော SSPP မှ (၁)ဦး အပါအဝင် (၉)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

လက်ရှိ LDU မှ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ရခြင်းသည် မိမိအဖွဲ့အစည်း စတင်ဖွဲ့စည်းစဉ် ကတည်းက အမျိုးသမီး၊ လူငယ်အဖွဲ့မှ ကိုယ်စားလှယ် နေရာထားပေးထားသဖြင့် ယခုကဲ့သို့ UNFC ညီလာခံတွင် အမျိုးသမီး ကိုယ်စားလှယ်အဖြစ် ပါဝင်လာခြင်း ဖြစ်သည်ဟု နာဗစ်ဘွန်က ပြောသည်။

“အဲဒီကတည်းက ကျမတို့က တဖက်မှာ LDU ရဲ့ လုပ်ငန်းတွေကို ကျမတို့ ပံ့ပိုးပေးရတာပေါ့နော်။ တဖက်မှာဆိုရင်လည်း အမျိုးသမီးကိုယ်စားလှယ်အဖြစ်သော်လည်းကောင်း တခြားစိတ်ဝင်စားတဲ့ အမျိုးသမီးတွေကို ကျမတို့က လက်တွဲခေါ်နိုင်တာတွေ ကျမတို့ လုပ်ခဲ့တာတွေရှိတယ်။ အခုကျမက DPN မှာစပြီးမှ ပါလာရပြီဆိုတော့ ကျမအနေနဲ့လည်း သူတို့ရဲ့လုပ်ငန်းစဉ်ကိုတော့ အများကြီး လေ့ လာရတာပေါ့နော်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီလိုမျိုးနေရာမှာ အမျိုးသမီးတွေ ပါဝင်လာနိုင်အောင်တော့ ကျမအနေနဲ့ ကြိုးပမ်းရမယ်”ဟု သူက ပြောသည်။

သူက ဆက်ပြီး “ကိုယ်က ဒီလိုမျိုးနေရာမှာ တာဝန်ယူရတယ်ဆိုတော့ တဖက် ကြည့်မယ်ဆိုရင်တော့ ဒီအလုပ်အပေါ်မှာတော့ ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ကျမအနေနဲ့ အများကြီး ကြိုးပမ်းရမှာပါ။ ကျမ အနေနဲ့ အခုကျမပုခုံးပေါ်မှာ ကျလာတဲ့တာဝန်ပေါ့နော်။ ကျမလုပ်ရမဲ့ လုပ်ငန်းအပေါ်မှာတော့ အတတ် နိုင်ဆုံး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရဖို့၊ ကိုယ့်လူမျိုးတွေ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့အတွက် ကျမတတ် နိုင်သလောက် လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားပါတယ်”ဟု သူက ပြောသည်။

နာဗစ်ဘိုသည် လားဟူအမျိုးသမီးအဖွဲ့အစည်းမှ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB တွင် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သူတဦးဖြစ်ပြီး လက်ရှိ အမျိုးသမီးများငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပိုမိုပါဝင်လာရေး၊ အမျိုးသမီးများ အခွင့်အရေးအတွက် ဆက်လက်၍လည်း ကြိုးပမ်းသွား မည်ဟု သူက ပြောသည်။

“ကျမအခွင့်အရေးရရင် ရသလိုပေါ့နော်။ ကျမတို့ LDU အပြင် အခြားအဖွဲ့အစည်းက အမျိုးသမီးတွေ ကိုလည်း ကိုယ်စားလှယ်အဖြစ် ပါဝင်လာနိုင်ဖို့အတွက် ကျမ ဒီ UNFC အဝန်းအဝိုင်းက ကျမတို့ လူကြီးတွေကိုလည်း တိုက်တွန်းသွားရမှာ ကျမရဲ့တာဝန်ဖြစ်တယ်လို့ ခံယူတယ်။ အခုလက်ရှိမှာ ကျမ တယောက်ထဲ ရှိတယ်ဆိုတော့ နောက်ပိုင်း ဒီနေရာမှာ အမျုးိသမီးတွေ ပိုမိုပါဝင်လာနိုင်ဖို့အတွက် တော့ ကျမမှာ တာဝန်ရှိတယ်လို့ ခံယူပါတယ်”ဟု သူက ပြောသည်။

ဇွန်လ ၂၀ ရက်မှ ၂၉ ရက်ထိ ကျင်းပခဲ့သော UNFC ဒုတိယအကြိမ် ညီလာခံတွင် ကချင်လွတ် လပ်ရေးအဖွဲ့ (KIO) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၄ ဖွဲ့ နှုတ်ထွက်ခဲ့သဖြင့် UNFC ဥက္ကဌအဖြစ် နိုင်ဟံသာကို ရွေးချယ်တင်မြောက်ခဲ့ပြီး ကောင်စီဝင် ၂၄ ဦးဖြင့် ဖွဲ့စည်းခဲ့သလို၊ DPN ကိုလည်း အသစ်ပြန်လည် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးကို လက်ခံထားသော်လည်း လက်ရှိ UNFC အဖွဲ့တွင် အမျိုးသမီးပါဝင်မှု နည်းနေခြင်းသည် ၎င်းတို့အဖွဲ့အစည်းများ၏ မူနှင့် လုပ်ဆောင်မှုအပေါ် အမျီုးသမီးပါဝင်လာမှု နည်းပါးနေခြင်း ဖြစ် သည်ဟု နာဗစ်ဘွန်က သုံးသပ်သည်။

“UNFC အလုပ်အမှုဆောင်မှာတော့ အမျိုးသမီးမပါဘူး။ ရာခိုင်နှုန်းက အရမ်းနည်းပါတယ်။ သူတို့ အဖွဲ့ အစည်းရဲ့ မူအပေါ်မှာ သက်ဆိုင်တယ်ထင်တယ်။ တချို့က နိုင်ငံရေးအဖွဲ့အစည်းဖြစ်တယ်။ ဒါက တပ် ပေါင်းစုတွေ ဖြစ်တယ်ဆိုပြီးမှ တောက်လျှောက်သူတို့ ပါလာတဲ့နေရာမှာ အမျိုးသမီးတွေ ကိုယ်စားပြု မှုထည့်မလာဘူးဆိုတော့ သူတို့အဖွဲ့အစည်းမှာ အမျိုးသမီးက တကယ့် ကိုယ်စားပြုမှုဆိုတဲ့ အချိန်မှာ ပါမလာတော့ဘူး”ဟု သူက ပြောသည်။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော DPN သည် အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် မူလက အဆိုပြု ခဲ့သော အချက် ၈ ချက်ကိုသာ ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကာ Deep Of Comitment -DOC ကတိကဝတ်ပြုလုပ်နိုင်ရေးကိုလည်း ဆက်လက်ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း DPN ခေါင်းဆောင် ခူးဦးရယ်က ဇူလိုင်လ ၂ ရက်နေ့က သတင်းထောက်များကို ပြောဆိုခဲ့သည်။

ဇူလိုင်လ ဒုတိယပတ်တွင် တွေ့ဆုံရန် ပြီးခဲ့သည့် မေလ (၁၀)ရက်နေ့၊ နောက်ဆုံးတွေဆုံပွဲတွင် သ ဘောတူညီခဲ့သော်လည်း ယခုထိ အစိုးရဘက်မှ တစုံတရာ ပြောဆိုလာခြင်း မရှိသေးကြောင်း သိရ သည်။

 

Related Articles