Blog Post

မိန်းကလေးများအတွက် အွန်လိုင်းအန္တရာယ်

Photo: HI

 သွေး (စစ်ကိုင်း)။         ။

“Profile မှာ လူပျိုလို့ ရေးထားတော့ … အဟုတ် ထင်တာပေါ့လေ။ အပြင်မှာ ချိန်းတွေ့တော့လည်း စကားပြောတာ အရမ်း သိမ်မွေ့တယ်၊ အခုကျ ဘယ်သူ့ကို အပြစ်တင်ရမှန်း မသိတော့ဘူး…”

“မာလာသက်မှူး” က အသက် ၂၁ နှစ် အရွယ် မိန်းကလေးတယောက်ပါ။ နာမည်နဲ့လိုက်အောင် ချောမော လှပပေမယ့် အခုတော့ နေထိပန်းလို နွမ်းလျနေပါပြီ။

ငယ်စဉ်ကတည်းက စာကြိုးစားသူမို့ ပညာရေးမှာလည်း ထူးချွန်သူပါ။

နိုင်ငံခြားဘာသာ တက္ကသိုလ်ကနေ အင်္ဂလိပ်စာ အဓိကနဲ့ ဘွဲ့ယူဖို့ပဲ ရှိတော့တဲ့ သူမဘ၀ကို ကံကြမ္မာက တဆစ် ချိုးမှာ ရိုက်ချိုးပစ်လိုက်သလို ဖြစ်သွားရတာက ဖေ့စ်ဘုတ်သုံးစွဲတာက စတင်တာပါပဲ။

လွန်ခဲ့တဲ့ ၁ နှစ်က စပြီး သူမဟာ ပရိုဖိုင်းအမှန်နဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်ကိုသုံးတဲ့အခါ ခပ်ချောချောအမျိုးသား တယောက်က သူမကို ချစ်ရေးဆိုခဲ့ပါတယ်။

Viber ကနေလည်း မကြာခဏ စကားပြောဖြစ်ခဲ့သလို အပြောကောင်းလွန်းသူတယောက်ရဲ့ စကားလုံး ရေလျင်ကြောမှာ မျောပါခဲ့တာပါ။

“မာလာက သိပ်ချစ်စရာကောင်းတဲ့ ပန်းကလေးတပွင့်…၊ ကိုယ်တန်ဖိုးထားရမယ့် ပန်းကလေးတပွင့်ပါ” လို့ သူမကို ပြောခဲ့တဲ့အကြောင်း မျက်ရည်တွေဝေ့သီနေရင်းနဲ့ ပြန်လည်ရင်ဖွင့်ပြောပြတယ်။

“သူက ညီမကို လူပျိုပါလို့ ပြောတယ်။ တသက်မှာ တယောက်ပဲ ချစ်မိတာတဲ့။ အပြင်မှာ တွေ့တော့လည်း လက်ကလေး ကိုင်တာတောင် မလုပ်ခဲ့တော့… သူ့သိက္ခာကို ယုံစားမိခဲ့တယ်”

သူမကို လက်ထပ်ချင်တယ်လို့ ပြောလာတဲ့အချိန်မှာ ထ,ခုန်မိမတတ် ၀မ်းသာပျော်ရွင်ခဲ့ရတဲ့ သူမရဲ့ ခံစားချက်ဟာ ၀မ်းနည်းပက်လက် ဖြစ်စရာတွေ အဖြစ် ပြောင်းလဲသွားလိမ့်မယ်လို့ သူမ လုံးဝကို မမျှော်လင့်ခဲ့ဘူးပေါ့။

အဒေါ်ဖြစ်သူက သူမရဲ့ မိဘနှစ်ပါး ကွဲကွာသွားခဲ့ပြီးတဲ့နောက် သမီးအရင်းလို စောင့်ရှောက်ပညာသင်ကြားပေးခဲ့ တာပါ။ မိဘနှစ်ပါး ကွဲကွာသလိုမျိုး မဖြစ်ချင်တဲ့ သူမက စံပြအိမ်ထောင်ရေးကို ထူထောင်ဖို့  မျှော်လင့်ခဲ့သူပါ။

တစ်ရက်မှာတော့ သူက ရုံးတက်လက်မှတ်ထိုးမယ်လို့ သူမကို ပြောလာခဲ့ပါတယ်။ သူမက အဒေါ်ဖြစ်သူကိုလည်း ပြောပြပြီးပါပြီ။ မကြာခင်မှာ မင်္ဂလာဧည့်ခံပွဲလုပ်မယ်လို့ ပြောလာတော့ သူမစိတ်ကူးနဲ့ ပျော်ရွှင်ကြည်နူးခဲ့ရတယ်။

လက်မှတ်ထိုးပြီးနောက် တပတ်မှာတော့ သတိုးသားလောင်းဟာ အိမ်ထောင်ရှိသူဆိုတဲ့ ခါးသီးတဲ့အမှန်တရားကို သိလိုက်ရပါတော့တယ်။

သူမနဲ့ သူမချစ်သူကို မျိုးစောင့်ဥပဒေနဲ့ တရားစွဲဆို တိုင်ကြားခံလိုက်ရပြီး သူတို့နှစ်ယောက်စလုံး အဖမ်းခံလိုက်ရ ပါတယ်။ ဆက်လက်ပြီးလည်း အမှုရင်ဆိုင်နေရဆဲပါ။ မျိုးစောင့်ဥပဒေနဲ့ တရားစွဲခံရရင် အာမခံပေးလို့ မရတာ ကြောင့် သူမရဲ့ ဘ၀ဟာ ပန်းကောင်း အညွှန့်ချိုး ခံလိုက်ရတာပါပဲ။

တစ်သက်နဲ့တစ်ကိုယ် ဘယ်လိုမှ တွေးမထင်ခဲ့ဖူးတဲ့အမှုမို့ သေသွားရင်တောင် ကောင်းမှာပဲလို့ စဉ်းစားမိတဲ့ အကြောင်း သူမက ရင်ဖွင့်ပြောပြပါတယ်။ တရားရုံးကို ရောက်လာတဲ့အချိန်မှာ ကြေကွဲဝမ်းနည်းစိတ်တွေနဲ့ အတူ နောင်တပါရမိပါတယ်လို့လည်း ရင်ဖွင့်တယ်။

မျိုးစောင့်ဥပဒေ ပုဒ်မ ၁၃ အရ အမြင့်ဆုံး ပြစ်ဒဏ်က ၁၀ နှစ်အထိ ချမှတ်နိုင်တာမို့ အွန်လိုင်းလူမှုကွန်ရက်ကို မှန်မှန်ကန်နဲ့ ယုံယုံကြည်ကြည် အသုံးပြုခဲ့သူ မိန်းကလေးတဦးအတွက် သားကောင်ဖြစ်သွားရတာက တကယ့်ကို ရင်နင့်ကြေကွဲစရာပါ။

အမျိုးသမီးတွေရဲ့ဘ၀ ရှင်သန်ရပ်တည်မှုအတွက် လုံခြုံမှုဟာ အလွန်အရေးကြီးပါတယ်။ အရင်ကနဲ့စာရင် နည်း ပညာတိုးတက်လာမှုနဲ့အတူ လူတိုင်းလိုလို ဖုန်းကိုင်နိုင်တဲ့ အနေအထားရောက်နေပါပြီ။ ဒါဟာ ကောင်းမွန်တဲ့ တိုးတက်မှုဖြစ်ပေမယ့် တဖက်ကလည်း နည်းပညာတိုးတက်မှုကို တလွဲအသုံးပြုသူတွေကြောင့် အမျိုးသမီးတွေရဲ့ ဘ၀အပေါ် ရိုက်ခတ်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေလည်း များပြားလာနေပါတယ်။

တကယ်တော့ “အယုံလွယ်ပြီး ရိုးသားတဲ့အမျိုးသမီးတွေအတွက်” အွန်လိုင်းပေါ်မှာ ထောင်ချောက်တွေက ဆီးကြို နေပါတယ်။ “မာလာသက်မှူး” လို အမျိုးသမီးတွေ ရှိနေသမျှ ရက်စက်ယုတ်မာတဲ့ ယောက်ျားတွေက ယုံအောင် ပြောပြီး သိမ်းသွင်းဖျက်ဆီးကြမှာပါ။ ဆင်ခြင်တုံတရားနဲ့ မှန်မှန်ကန်ကန် စဉ်းစားတတ်ခဲ့ရင် ဒီလိုအဖြစ်မျိုး အဖြစ် ဆိုးကို ကြုံရမှာ မဟုတ်ပါဘူး။

ယနေ့ခေတ် ဖေ့စ်ဘုတ် သုံးနေတဲ့ မိန်းကလေးတွေထဲမှာလည်း ရည်းစားစကား ပြောတာ၊ sex chat လုပ်ဖို့ ဆွဲ ဆောင်ဖိတ်ခေါ်တာ၊ အပြင်မှာတွေ့ပြီး တည်းခိုခန်းကို ခေါ်သွားတာ… စတဲ့ အကြောင်းတွေ ကြားနေရပါတယ်။ Onlie Abuse လို့ ခေါ်တဲ့ အွန်လိုင်းတလွဲအသုံးပြုပြီး သိက္ခာမဲ့၊ တန်ဖိုးမဲ့ ဖြစ်လာစေနိုင်တဲ့ အခြေအနေ အကြောင်း တရားတွေ ရှိနေတာကို သတိကြီးကြီးထားဖို့လိုသလို ပြစ်မှုကျူးလွန်တဲ့ အမျိုးသားတွေကိုလည်း ထိထိရောက် ရောက် အရေးယူဖို့ လိုအပ်ပါတယ်။

“ဒေါ်နှင်းရီ” ကတော့ သိပ်မကြာသေးခင်ကမှ သူမသိပ်ချစ်ရတဲ့ သမီးလေးတယောက် ဆုံးရှုံးခဲ့ရသူပါ။ ရုပ်ရည် ချောမောသလို လိမ္မာရေးခြားရှိတဲ့ “ကျော့ကျော့ကေခိုင်” ဆိုတဲ့ သမီးလေးဟာ သူမရဲ့ဘ၀၊ သူမရဲ့ မျှော်လင့် အိပ် မက်ပါ။ ဖခင် မရှိတော့ကတည်းက ဖခင်လိုတမျိုး၊ မိခင်လိုတသွယ် ချစ်မြတ်နိုး စောင့်ရှောက်လာခဲ့ရတာ ဖြစ်ပြီး ပညာတတ်တယောက် ဖြစ်အောင် ကြိုးစားမြေတောင်မြှောက် ပေးခဲ့ပါတယ်။

“ကျမ သမီးလေးကို အပြင်လောကနဲ့ ထိတွေ့ခွင့် မပေးခဲ့တာ ကျမအမှားပါ။ ရည်းစားထားမှာ စိုးရိမ်လွန်းလို့။ Facebook မှာ တွေ့တဲ့သူတဦးနဲ့ ရည်းစားဖြစ်ကြတယ်။ ငွေညှစ်တာလည်း ခံရတယ်…၊ ဟော နောက်ဆုံး အသက် ပါ ပေးလိုက်ရပြီ…”

အသက် ၂၃ နှစ်သာ ရှိသေးတဲ့ သမီးလေးဟာ အွန်လိုင်းမှာ တွေ့ဆုံပြီး ချစ်သူရည်းစား ရှိနေတာကို သူမ မသိခဲ့ ပါဘူး။ ဘွဲ့ရတဦး ဖြစ်သလို အလုပ်ခွင်ဝင်ရောက်နေတဲ့ သမီးငယ်အပေါ် ယုံကြည်မှု လွန်ကဲတာလည်း ပါပါတယ်။ ဒေါ်နှင်းရီရဲ့ စိတ်ထဲမှာတော့ သမီးလေးဟာ အိမ်နဲ့ အလုပ်ခွင်မှာပဲ ပျော်မွေ့နေသူလို့ မှတ်ထင်ခဲ့ပါတယ်။

သမီးဖြစ်သူက ရည်းစားသနာ မထားဖူးသလို သမီးဖြစ်သူ ရည်းစားထားမှာ ကြောက်လို့ “သမီး ရည်းစားမထား ရဘူးနော်” လို့ မကြာခဏ တားမြစ်တာကြောင့်လည်း သမီးဖြစ်သူက ပွင့်ပွင့်လင်းလင်း ရင်ဖွင့် မပြောတာလည်း ဖြစ်နိုင်ပါတယ်။

တစ်ရက်မှာတော့ သမီးဖြစ်သူ အပြင်ထွက်သွားပါတယ်။ အဲဒီနေ့က စနေနေ့ပါ။ “မေကြီးရေ… ညနေကျရင် ပြန် လာမယ်။ ဘာမုန့်စားမလဲ။ ၀ယ်ခဲ့မယ်နော်…” ဆိုတဲ့ ဖုန်းထဲက အသံဟာ သမီးလေးဆီကနေ နောက်ဆုံး ကြားခဲ့ရတဲ့ စကားသံပါ။ ညမိုးချုပ်တဲ့အထိ ပြန်ရောက်မလာတဲ့ သမီးအတွက် အမျိုးမျိုးသော သောကတွေ ပွေနေ မိရင်း နောက်ဆုံးရဲစခန်းမှာ လူပျောက်တိုင်ကြားခဲ့ပါတယ်။

နောက်တစ်နေ့မှာတော့ သမီးဖြစ်သူရဲ့အလောင်းကို လမ်းဘေးတနေရာမှာ တွေ့တယ်လို့ ရဲစခန်းက အကြောင်း ကြား လာပါတယ်။ မယုံနိုင်စရာ အဖြစ်အပျက်က သူမရဲ့ သမီးလေး ၀တ်ဆင်ထားတဲ့ ငွေနဲ့ ရွှေထည် ပစ္စည်းတွေ ယူသွားတဲ့အပြင် သမီးလေးရဲ့ ခန္ဓာကိုယ်အနှံ့မှာလည်း ဓားဒဏ်ရာ ၆ ချက်၊ ၇ ချက်တွေ့ရတာပါပဲ။

သူမအတွက်တော့… သူမရဲ့ ဘ၀၊ သူမရဲ့ မျှော်လင့် အိပ်မက် တစ်စစီ တစ်စစီ ဖြစ်သွားရပါပြီ။

အွန်လိုင်းကနေ ရည်းစားဖြစ်သူနဲ့ အပြန်အလှန် ပြောဆိုထားတဲ့ မှတ်တမ်းကို ဖုန်းကနေ တဆင့် ခြေရာခံမိပြီး၊ နောက် သတင်း (၂)ပတ်အကြာမှာ သမီးကို သတ်ဖြတ်ပြီး ငွေနဲ့ ရွှေထည်တွေ ယူသွားတဲ့ တရားခံကို ဖမ်းမိခဲ့ ပါတယ်။

ဒါပေမယ့် သူမရဲ့ မျှော်လင့်အိပ်မက် ဖြစ်တဲ့ သမီးလေးကိုတော့ အပြီးတိုင် ဆုံးရှုံးခဲ့ရပါပြီ။

နောက်ကြောင်း မသိတဲ့၊ ကောက်ကျစ်ယုတ်မာတဲ့ ယောက်ျားတယောက်နဲ့ ဘယ်အချိန်က ရည်းစားဖြစ်ခဲ့တယ် ဆိုတာ မသိအောင်ညံ့ဖျင်းခဲ့လို့ ကိုယ့်ကိုယ်ကို အပြစ်တင် မဆုံးဘူးလို့ ဒေါ်နှင်းရီက မျက်ရည်လည်ရွှဲ ပြောပြ ပါတယ်။

“ဒီအကောင်… ထောင်ကျသွားလည်း အနှစ် (၂၀)ထက် ပိုမှာမဟုတ်ဘူး။ အန်တီ့ဘ၀မှာ သမီးလေးကို ဘယ်တော့ မှ ပြန်ရတော့မှာ မဟုတ်ဘူး”

မိန်းကလေးတွေရဲ့ ဓာတ်ပုံကို ဖေ့စ်ဘုတ်ပေါ်တင်ပြီး အရှက်ခွဲတာ၊ ငွေညှစ်တာ၊ အပြင်မှာ ချိန်းတွေ့ပြီး ဖျက်ဆီး တာ၊ အဆင်မသင့်ရင် သတ်ဖြတ်ပစ်တာ၊ သမီးရည်းစား အတူနေတာကို ဗီဒီယို ရိုက်ပြီး အွန်လိုင်းမှာ တင်တာ… စတဲ့ ကိစ္စတွေကို ဥပဒေကြောင်းအရ အရေးယူဖို့ လိုနေပါပြီ။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အရေးယူ တိုင်ကြားနိုင်ပေမယ့် တကယ့်လက်တွေ့မှာတော့ သက်သေ အထောက်အထား မခိုင်မာရင် မလွယ်ကူပါဘူး။ မိန်းကလေးတွေဘက်က သိက္ခာကျ အရှက်ရမှာ စိုးရိမ်ပြီး အမှု မဖွင့်တာတွေလည်း ရှိနေတော့ သားကောင်ရှာနေတဲ့ မုဆိုးတွေအတွက် အခွင့်ကောင်းကြီး ဖြစ်လို့ နေပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ ဘာတွေ ဆောင်ရွက်နိုင်သလဲဆိုတာကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်စူစန်နာလှလှစိုးက ပြောပြတာက –

“ကျမသိသလောက်တော့ အွန်လိုင်း ဥပဒေက သိပ်မပြည့်စုံဘူး။ အသရေဖျက်မှုနဲ့တော့ စွဲလို့ရမယ်။ ပြီးတော့ နာမည်ကြီး ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ပေါ့။ အခု ဥပဒေသစ်ထဲမှာ ပါအောင်တော့ ကြိုးစားနေပါတယ်” တဲ့။

နောက်တခုက “အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေ” ပြဋ္ဌာန်းနိုင်ဖို့ လွှတ်တော်မှာ ကြိုးစား နေတယ်လို့လည်း သိရပါတယ်။ ဒီ ဥပဒေ ပြဋ္ဌာန်းပြီးရင်တော့ မိန်းကလေးတို့ဘ၀ လုံခြုံမှုအတွက် အတိုင်းအတာ တစ်ခုအထိ အကာအကွယ်ပေးနိုင်မှာပါ။

အမျိုးသမီးတွေအနေနဲ့ ကိုယ်နဲ့ အပြင်မှာ မသိကျွမ်းသူအပေါ်မှာ အယုံလွယ်တာဟာ ကိုယ့်အန္တရာယ်ကို ဖိတ်ခေါ် နေတာနဲ့ အတူတူပါ။ ချစ်သူရည်းစားထားတယ်ဆိုတာ တယောက်နဲ့ တယောက် သိကျွမ်းမှ၊ တယောက်ရဲ့ နောက်ကြောင်းကို တယောက်က သိထားမှ ရေရှည်ဘ၀ထူထောင်ရာမှာ အဆင်ပြေမှာပါ။ အဲဒီလို မဟုတ်ဘဲ တဒင်္ဂ စိတ်လှုပ်ရှား သာယာမှုကို ဆင်ခြင်တုံတရား မရှိဘဲ တလွဲအသုံးပြုမယ်ဆိုရင် နစ်နာရမှာက မိန်းကလေး တွေဖြစ်တယ် ဆိုတာ သတိပြုကြရမှာပါ။

ဒေါ်နှင်းရီကတော့ သူ့သမီးလို အဖြစ်အပျက်မျိုး အခြားမိန်းကလေးတွေကို မကြုံစေချင်ဘူးလို့ ပြောပါတယ်။

“အွန်လိုင်းကတွေ့တဲ့ ယောက်ျားတွေကို အလွယ် မယုံကြပါနဲ့လို့ တခြား သမီးမိန်းကလေးတွေကို စာနာပြီး အန်တီ ပြောချင်ပါတယ်”

Leave a Reply

Your email address will not be published. Required fields are marked *

Related Posts

ရေကာတာ ရပ်တန့်ရေး လှုပ်ရှားသူ ရွှေ့ပြောင်းဒုက္ခသည် မိသားစုများ ကုမ္ပဏီထောက်ပံ့မှု ဖြတ်ခံရ

ဆိုင်း(HI)။ ၂၇၊ ဇွန်၊၂၀၁၄။ မြစ်ဆုံရေကာတာ လုံးဝရပ်တန့်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် ရွှေ့ပြောင်း ဒေသခံအမျိုးသမီး (၂) ဦးနှင့် မိသားစုဝင် (၁၈) ဦးကို (CPI)