Home ဆောင်းပါး အမှိုက်ပုံကြားက အနာဂတ်ပန်းတစ်ပွင့်

အမှိုက်ပုံကြားက အနာဂတ်ပန်းတစ်ပွင့်

ခက်ဆစ်။              ။

တအားနံတယ် အန်လဲအန်တယ် စစရောက်တုန်းကဆို မလုပ်နိုင်ဘူး ကြာလာတော့လည်း ဒီအနံ့တွေကို ယဉ်သွားတာပါပဲ

ရောင်စုံပလပ်စတစ်အိတ်တွေ ပုပ်သိုးဆွေးမြေ့နေတဲ့ စားကြွင်းစားကျန်တွေနဲ့ အရွယ်အစားစုံ စွန့်ပစ်ပစ္စည်း တွေကြား ဂါဝန်အနီရောင်တလွှင့်လွှင့်နဲ့  ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တဦး ခပ်သွက်သွက်လမ်း လျှောက်လာပါတယ်။

သူ့နံဘေးပတ်ပတ်လည်မှာ ‘တဝီဝီ’ နဲ့  လိုက်နှောက်ယှက်နေတဲ့ ယင်ကောင်တွေကို လက်နဲ့ ခါယမ်းဖယ်ရှား ရင်း အသက် (၆၀)ကျော်အရွယ် နိုင်ငံခြားသားအမျိုးသားတဦးဆီကို လျှောက်သွားပါတယ်။

အဲဒီနောက်မှာတော့ သူတို့နှစ်ဦးဟာ အင်္ဂလိပ်လိုအပြန်အလှန်ပြောဆိုနေကြတာတွေ့ရပါတယ်။

တကယ်တော့ အဲဒီမိန်းကလေးငယ်ဟာ ဘာသာပြန်တယောက်မဟုတ်သလို ဘွဲ့ရပညာတတ်တယောက် လည်း မဖြစ်သေးပါ။ အမှိုက်ပုံကြားက အမှိုက်ကောက်ပြီး ဘဝကိုရုန်းကန်နေရတဲ့ အမှိုက်ကောက်သမလေး တယောက်သာဖြစ်ပါတယ်။

“သူက တအားတော်တယ်၊ အရမ်းလဲအားကိုးရတယ်၊ လိမ်မာတယ်၊ အင်္ဂလိပ်စကားလဲကောင်းကောင်း ပြောတတ်တယ်”  လို့ နိုင်ငံခြားသားကြီးက အမှိုက်ကောက်သမလေးကို ချီးကျူးစကားပြောပါတယ်။

အမှိုက်ကောက်သမလေး အိအိဟာ အသက် (၁၅)နှစ်သာရှိသေးပြီး မဲဆောက်အမှိုက်ပုံမှာ အမှိုက်ကောက်နေ တဲ့ မြန်မာပြည်မှလာရောက်ပြောင်းရွေ့နေထိုင်သူတဦးလည်းဖြစ်ပါတယ်။

“တအားနံတယ်၊ အန်လဲအန်တယ်၊ စစရောက်တုန်းကဆို မလုပ်နိုင်ဘူး၊ ကြာလာတော့လည်း ဒီအနံ့တွေကို ယဉ်သွားတာပါပဲ”

အိအိက သူမမဲဆောက်အမှိုက်ပုံကို ရောက်ရောက်ချင်း အမှိုက်ကောက်ခဲ့ရတဲ့ အကြောင်းပြောပြနေတာပါ။

လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်က မဲဆောက်မြို့ကို ရောက်ရှိခဲ့တာဖြစ်ပြီး ကြုံရာကျပန်း အလုပ်လုပ်နေရာကနေ မဲဆောက်အမှိုက်ပုံကို ရောက်ရှိခဲ့ပါတယ်။ မိသားစုလေးယောက်ဖြစ်တဲ့ အဖေ၊ အမေ၊ ညီမငယ်တို့နဲ့အတူ မွေး ရပ်ဇာတိဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့က ရွာတရွာမှ ပြောင်းရွေ့လာကြတာပါ။

“ရွာမှာ အိမ်လဲမရှိတော့ဘူး၊ ခြံလည်း မရှိတော့ဘူး။ ပြန်ချင်ရင်တောင် နေစရာမရှိဘူး” လို့  သူတို့အခက်အခဲကို ပြောပြပါတယ်။

နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့မှာ သူတို့ရွာက အမျိုးတွေလည်း အလုပ်လာလုပ်နေကြတာကြောင့် သူတို့ လည်း မိသားစုလိုက်လာရောက်လုပ်ကိုင်ဖို့ ရွေးချယ်ခဲ့ကြတာဖြစ်ပြီး ရောက်ခါစမှာတော့ အခက်အခဲမျိုးစုံကို ကြုံတွေ့ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်တံတားကို ဖြတ်သန်းခဲ့ချိန်မှာပဲ ဘာသာစကားနားမလည်တာကြောင့် စိတ်အားငယ်ခဲ့ရ သလို အသိမိတ်ဆွေတွေနဲ့ အဆက်အသွယ်မရရှိခဲ့တာကြောင့် တနေ့လုံးထမင်းမစားခဲ့ရပဲ ဖြတ်သန်းခဲ့ရတဲ့နေ့ တွေလည်း ရှိခဲ့ပါတယ်။

“ကြောက်တယ်။ ရောက်ရောက်ချင်းတုန်းက ငယ်လည်းငယ်သေးတော့ ဘာအလုပ်တွေ လုပ်ရမယ်မှန်းလည်း မသိဘူး။ ပြီးတော့ အလုပ်ရှင်တွေကလည်း လခတွေ၊ နေ့စားခတွေပေးမယ်ဆိုပြီး မပေးပဲ လိမ်သွားတာတွေ လည်းရှိတယ်။ နောက်တော့ ဒီအမှိုက်ပုံကို ရောက်လာတယ်၊ အမှိုက်ကောက်တယ်”

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အိအိတို့မိသားစုလို အလုပ်အကိုင် အခက်အခဲအမျိုးမျိုးကြောင့် အမှိုက်ပုံမှာ လာ ရောက်နေထိုင်သူတွေများပြားလာပြီး အခုအခါ တဲအိမ်ပေါင်း(၁၀၀)ကျော်ရှိနေပြီဖြစ်ပါတယ်။

အမှိုက်ပုံမှာ လာရောက်အမှိုက်ကောက်သူတွေဟာ မြန်မာနိုင်ငံသားများသာဖြစ်ပြီး ကရင်၊ ဗမာနဲ့ မွန်လူမျိုးတို့ အများဆုံးလာရောက်ပြောင်းရွေ့လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

ဒီထဲမှာတော့ အိအိတို့မိသားစုလည်း အပါအဝင်ဖြစ်သလို အိအိဟာ မိသားစုအတွက် အဓိကဝင်ငွေရှာပေးနေ သူတယောက်လည်းဖြစ်ပါတယ်။

“အဖေရော အမေရော ဘာမှမလုပ်ဘူး။ ညီမလေးကလည်း ငယ်သေးတော့မလုပ်ဘူး။ ကျမတယောက်တည်း အမှိုက်ကောက်ပြီး ရတဲ့ပိုက်ဆံနဲ့စားနေကြရတာ၊ အမှိုက်ကောက်တာက ကောက်နိုင်ရင် ကောက်နိုင်သ လောက်ရတယ်။ ထမင်စားဖို့အတွက် လုံလောက်တယ်” လို့ အိအိက သူ့မိသားစုအတွက် အမှိုက်ကောက်တဲ့ အလုပ်လုပ်ကာ ရှာဖွေကျွေးမွေးရပုံကိုပြောပါတယ်။

အမှိုက်ကောက်တဲ့အခါ တခါတရံ ပိုက်ဆံအကြွေများလည်း ရရှိတတ်ပြီး နာရီ၊ ဖုန်း အစရှိတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်း များလည်း ရရှိတတ်ပါတယ်။ ဒီလိုပစ္စည်းတွေ ကောက်ရတဲ့နေ့ကတော့ သူမတို့အတွက် အလုပ်က အပိုဆုငွေ ကြေးရသလို ပျော်ရွှင်စရာနေ့တနေ့ဆိုလည်း မမှားပါဘူး။

ဒါပေမယ့်လည်း အဲ့ဒီလိုကံကောင်းတဲ့နေ့ဆိုတာကလည်း တလမှတခါတောင်မရှိ။ ပုံမှန်ဆို အမှိုက်ပုံက ကောက်ရတဲ့ ပလက်စတစ်အိတ်၊ ပုလင်း၊ ဘူးခွံတွေကို ရောင်းချလို့ရတဲ့ ငွေအနည်းငယ်နဲ့သာ စားသောက် နေကြရတာပါ။

အိအိကတော့ ရွာမှာနေကတည်းက အတန်းပညာကို သင်ကြားခဲ့ရသူတယောက် ဖြစ်တာကြောင့် အမှိုက်ပုံမှာ အမှိုက်ကောက်ရင်း ပညာဆက်လက်သင်ကြားနိုင်ဖို့အတွက်လည်း အခွင့်အလမ်းရရှိခဲ့ပြန်ပါသေးတယ်။

“ဒီအင်္ဂလိပ်ကြီးက သမီးကို ကျောင်းထားပေးထားတာ။ တခြားကလေးတွေကိုရောပဲ။ အခုအမှိုက်ကောက်စရာ တောင် သိပ်မလိုတော့ဘူး။ ဒီတခေါက်ကျောင်းပြန်ဖွင့်ရင် ၇ တန်းတက်ရမှာ” လို့  မလှမ်းမကမ်းမှာရှိတဲ့ နိုင်ငံ ခြားသားကြီးကို လက်ညှိုးညွှန်ပြရင်းပြောပါတယ်။

ပညာဆက်လက်သင်ကြားခွင့်ရခဲ့တာကြောင့် သူဖြစ်ချင်တဲ့အိပ်မက်တခုတော့ပြည့်ဝခဲ့ပြီလို့ဆိုပါတယ်။

ကျောင်းမှာ ထိုင်းစာနဲ့အင်္ဂလိပ်စာကို သင်ကြားရတာမို့ နိုင်ငံခြားသားကြီးနဲ့ စကားအပြန်အလှန် ပြောဆိုနိုင်တာ ပါ။

အခုတော့ အမှိုက်ပုံတွေကြားထဲက မိသားစုတွေရဲ့ လိုအပ်ချက်တွေကို နားထောင်ပြီး နိုင်ငံခြားသားကြီးကို ပြန်လည်ပြောပြကာ အမှိုက်ပုံထဲက သူတို့လိုမိသားစုတွေရဲ့အခက်အခဲကို တနိုင်တပိုင်ဖြေရှင်းဆောင်ရွက်ပေး နေသူ တယောက်လည်းဖြစ်ပါတယ်။

“တချို့အိမ်တွေက အခုမှရောက်လာပြီး ဆောက်ကြတာဆိုတော့ မပြည့်စုံကြဘူး၊ ရေတို့ မီးတို့ အိမ်ဆောက်ဖို့ ရော အဲ့ဒီတော့ သူတို့လိုအပ်တာတွေကို အလှူရှင်တွေဆီပြောဖို့ ဒီအင်္ဂလိပ်ကြီးကို ပြန်ပြောပြပေးရတယ်” လို့ အိအိက သူမလက်ထဲမှ ၂ပေအရွယ် လျှပ်စစ်မီးချောင်းတခုကို တဲအိမ်တအိမ်ထဲမှ အမျိုးသားတဦးကို လှမ်း ပေးရင်း ပြောပါတယ်။

အခုလို နိုင်ငံခြားသားကြီးနဲ့အတူ အမှိုက်ပုံကြီးကို တနေ့တကြိမ် ဆိုင်ကယ်တစီးဖြင့် တပါတ်ပါတ်ကာ မိသားစု တွေရဲ့အခြေအနေကို လိုက်လံကြည့်ရှုပေးရတာကြောင့် တခါတရံ ပတ်ဝန်းကျင်ရဲ့အထင်လွဲမှားမှုတွေကိုလည်း ခံနေရတယ်လို့ပြောပါတယ်။

“နင့်လူကြီး နင့်လူကြီးဆိုပြီး စသလိုနောက်သလိုနဲ့ ပြောကြတယ်။ အိမ်ကအမေကအစ..၊ ကျမ အဲလို ပြောတာ ကို မကြိုက်ဘူး၊ အမေ့ကိုလည်း ပြောထားတယ် နောက်အဲဒီလိုမပြောဖို့” လို့ သူ့ကို နိုင်ငံခြားသားကြီးနှင့် စနောက်တာကို မကြိုက်ကြောင်းပြောပြပါတယ်။

အမှန်တော့ သူမလို နေပူထဲမှာ တချိန်လုံးဆိုင်ကယ်တစီးနဲ့ပါတ်ပြီး အဖိုးအခ မရပါပဲ အမှိုက်ပုံထဲက လူတွေရဲ့ ဘဝအခက်အခဲကို သွက်သွက်လက်လက် လေ့လာနေဖို့ဆိုတာကလည်း လွယ်ကူတဲ့အလုပ်တခုတော့ မဟုတ် ပါဘူး။

အိအိအတွက်ကတော့ ပညာဆက်လက်သင်ကြားနိုင်တာနဲ့ မိသားစုစားဝတ်နေရေးအတွက် မပူပင်ရတာဟာ အကောင်းဆုံးဆုလာဒ်ကြီးတခုဖြစ်နေပါတော့တယ်။

“အရင်ကဆို အင်္ဂလိပ်စာလာသင်ပေးတယ်။ ဒီနားကကျောင်းမှာ။ နောက် ကွန်ပျူတာလည်း လာသင်ပေးတယ်။ နောက်ပိုင်းကျတော့ ဆရာတွေက မလာတော့ဘူး။ ဒီက ကျောင်းသားတွေကလည်း တအားဆိုးလို့လေ။ ကျောင်းပျက်တာတွေများတော့ ဆရာတွေက လာမသင်ပေးတော့ဘူး” လို့ ညီးညီးငြူငြူနဲ့ပြောပြပါတယ်။

အိအိကတော့ အင်္ဂလိပ်သာသာစကားကိုလည်း ဆက်လက်သင်ယူချင်သေးသလို ကွန်ပျူတာပညာရပ်ကို လည်း စိတ်ဝင်စားတာကြောင့် သင်ယူချင်သေးတယ်လို့ဆိုပါတယ်။

ဒါပေမယ့် သူတို့လို အမှိုက်ပုံထဲက လူငယ်တွေအတွက်တော့ နည်းပညာတွေ၊ အတတ်ပညာ၊ အခွင့်အလမ်း တွေ ရယူနိုင်ဖို့ဆိုတာ လိုအပ်ချက်တခုအနေနဲ့ပဲ ရှိနေပါသေးတယ်။

အမှိုက်ပုံဟာ မဲဆောက်မြို့အစွန်မှာ တည်ရှိနေတာကြောင့် သင်တန်းတက်ဖို့၊ ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့ အတွက်  မြို့ထဲကို တခေါက်တခေါက်သွားဖို့ မလွယ်ကူလှပါဘူး။

“ကျောင်းပြီးရင်တော့ မြို့ထဲမှာနေပြီး အလုပ်လုပ်ချင်တယ်၊ ဘယ်နေရာမှာရရ၊ ဈေးဆိုင်လေးတွေမှာ ဈေးပဲ ရောင်းရရောင်းရ၊ ပိုက်ဆံစုမယ်၊ ပြီးရင် ရွာပြန်ချင်တယ်” လို့ အိအိက သူကျောင်းပြီးရင် အလုပ်လုပ်ချင်တဲ့ အကြောင်းကို ပြောပါတယ်။

အခြားဆယ်ကျော်သက်လေးတွေ မိဘတွေရဲ့အရိပ်အောက်မှာ အေးအေးလူလူ  ကျောင်းစာတွေ လုပ်နေရတဲ့ အချိန်မှာ အိအိတယောက်ကတော့ ကျောင်းစာတဖက်နဲ့ မိသားစု စားဝတ်နေရေးအတွက်လည်း ရုန်းကန်နေရ ပါတယ်။ ဒါ့အပြင် ဒီအမှိုက်ပုံကြားထဲမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက်ကိုလည်း အမြဲလေ့လာ ကြည့်ရှုပေးနေရသူလည်းဖြစ်နေပါသေးတယ်။

“နွေရာသီဆို သိပ်မနံဘူး။ မိုးရာသီဆို အရမ်းစိတ်ညစ်ဖို့ကောင်းတာ၊ နံ့လဲတအားနံတယ်။ ပိုပြီးလဲ ညစ်ပတ် တယ်။ အမှိုက်ပုံမှာကော လမ်းတွေကော အိမ်တွေမှာကော စိုစိစိုစိနဲ့ နေလို့မကောင်းဘူး” လို့ သူ့အိမ်နားက အမှိုက်ပုံကြီးကို ကြည့်ရင်းပြောပါတယ်။

တဖက်မှာ ခက်ခဲတဲ့ဘဝကို ရုန်းကန်နေရသလို တဖက်မှာတော့  တခြားဆယ်ကျော်သက်တွေလို သူမမှာလည်း အိပ်မက်တွေ၊ ရည်မှန်းချက်တွေ ရှိနေပါသေးတယ်။ အဲဒါကတော့..

“ငယ်ငယ်ကတည်းက အမြဲတွေးတာ ကြီးလာရင် အဆိုတော်ဖြစ်ချင်တာ၊ အသံကောင်းမကောင်းတော့ မသိဘူး၊ အိမ်မှာတော့ သီချင်းတွေ အော်ဆိုပလိုက်တာပဲ” လို့  အိအိက ရယ်မောရင်း သူမရဲ့အိပ်မက်တခုကို ဖွင့်ဟပြော ပါတယ်။

အဲဒီနောက်တော့ သူမရဲ့အကြည့်တွေဟာ လူ့တရပ်ထက် မြင့်မားလှတဲ့ ရောင်စုံအမှိုက်တောင်ကုန်းကြီးကို ကျော်ဖြတ်ပြီး ဟိုးအဝေးကြီးဆီက သဘာဝတောင်တန်းစိမ်းစိမ်းကြီးတွေရဲ့အလှတွေဆီကို စူးစိုက်လို့ ငေးမော နေတာတွေ့လိုက်ရပါတယ်။    ။

Related Articles