Home သတင်း ညှင်းပမ်း နှိပ်စက်မှုဆန့်ကျင်ရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးရန် မြန်မာအစိုးရကို တောင်းဆို

ညှင်းပမ်း နှိပ်စက်မှုဆန့်ကျင်ရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးရန် မြန်မာအစိုးရကို တောင်းဆို

 

ပစ်တိုင်းထောင်မ (ရန်ကုန်)။       ။

လေးထောင့်ပတ်လည်ရှိတဲ့ အခန်းထဲမှာ စတိတ်စင်တခုရှိပြီး စတိတ်စင်ရဲ့အနောက်ဘက်မှာတော့ ဘီနိုင်းတခု ကပ်ထားပါတယ်။

ဆိုင်းဘုတ်မှာတော့……

“အပြည်ပြည်ဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုပပျောက်ရေးနေ့”

စတိတ်စင်ပေါ်မှာတော့ ထူးဆန်းတဲ့ မြင်ကွင်းတခုပါ။ ပုံမှန်အားဖြင့် စင်ပေါ်မှာထိုင်သူတွေဟာ အမျိုးသားတွေ သာ ဖြစ်လေ့ရှိပေမယ့် အခုကတော့ အမျိုးသမီး (၅) ဦးထိုင်နေတာပါ။

အမျိုးသမီး (၅)ဦးထဲမှာ တဦးကတော့ ဦးဆောင်ဆွေးနွေးပေးသူ။ ကျန် (၄)ဦးကတော့ နည်းမျိုးစုံနဲ့ သူတို့ဘ၀ တွေ ညှင်းပန်းနှိပ်စပ်ခံခဲ့ရပုံကို ပြောပြဖို့ပါ။ အမျိုးသမီးတွေ ညှင်းပန်းနှိပ်စက်မှုခံရတယ်ဆိုတာ ပုံပြင်မဟုတ် ပါဘူး။ တကယ်ကို ခံစားခဲ့ရသူတွေပါ။

 “ကျိုက္ကဆံစစ်ကြောရေးကို ရောက်တယ်။ ကျနော်မှတ်မိတယ်။ သူ့နာမည်က စည်သူတဲ့။ ထောက်လှန်းရေးက.. ကျန်သူတွေတော့ ကျနော်မသိဘူး။ သူကျနော့်ကိုပြောတာ ကျနော် မှတ်မိသေးတယ်။ ‘အဲကောင်မ ဖာသည်မ မင်းပါးစပ်ပိတ်’ ဆိုပြီး ကျနော့်ကို နှမချင်းမစာမနာ ပြောတယ်။ ကျနော်က နင်နှမချင်းမစာမနာပြောတယ်၊ နင့်နှမကို နင်ပြောပါလားလို့ ပြန်ပြောတော့ ကျနော်ကို ထိုးတယ်။ ဒုတ်နဲ့ရိုက်တယ်။ ညဘက်ဆိုလည်း အိပ် ကောင်းခြင်းမအိပ်ရဘူး။ လာခေါ်ပြီး ခေါင်းဆောင်ဘယ်သူလဲ၊ ပိုက်ဆံရလို့ လုပ်တာမဟုတ်လား၊ ဖွက်ထားတဲ့ စာရွက်စာတမ်းတွေ ဘယ်မှာလဲဆိုပြီး လာ လာမေးတယ်။ ကျနော်ကပြောတယ်။ ဘာစာရွက်လဲ မသိဘူးလို့ ပြောတော့ ပါးရိုက်တယ်။ ကျနော့်ဆံပင်က ရှည်တော့ ဆောင့်ဆွဲတယ်။ ရင်ဘက်ကို ဆောင့်ကန်တယ်။ ဒုတ်နဲ့ ကျောကိုရိုက်တယ်။ ခြေထောက်ကိုရိုက်တယ်။ ခေါင်းကိုလည်း အကြိမ်ကြိမ်ရိုက်တယ်”

ဒေါ်စိန်ထွေးဟာ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှာ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့လို့ အဖမ်းခံရပြီး ၂၀၀၆ ခုနှစ်ကလည်း ကျူးကျော်ရပ်ကွက်ပြဿနာနဲ့ မှန်ကန်တဲ့ တရားဥပဒေရရှိဖို့ တိုက်ပွဲဝင်ခဲ့လို့ အဖမ်းခံရ တာဖြစ်ပါတယ်။ ဒေါ်စိန်ထွေးဟာ ယခင်က မရမ်းကုန်မြို့နယ်မှာ နေထိုင်ပြီး ၂၀၀၆ ခုနှစ်ကစလို ပညာရေးဝန် ထမ်းရိပ်သာဘေးက လမ်းဘေးအမှိုက်ပုံမှာ ချဉ်ဖတ်ရောင်းပြီး နေထိုင်နေတယ်လို့ ဆိုပါတယ်။

ဒေါ်စိန်ထွေးလို အကျဉ်းထောင်ထဲမှာ အနှိပ်စက်ခံရသူကတော့ ဒေါ်သန်းသန်းဌေး (AAPP) က ဖြစ်ပါတယ်။

“စစ်ကြောရေးမှာ ကျမကို ဘာလုပ်လဲဆိုရင် ရိုက်တယ်။ ဆံပင်တွေ ဆောင့်ဆွဲတယ်။ နောက်တခါ ဘာပြော လဲဆိုရင် ကျမ မောင်ကို ဘာတွေလုပ်ခိုင်းခဲ့သေးလဲဆိုပြီး သစ်သားပြားနဲ့ အချက်ပေါင်း မရေတွက်နိုင်အောင် ပေါင်ကို ရိုက်တယ်။ ကျမရဲ့ ညာဘက်ပေါင်တလျှောက်လုံးကို ရိုက်တာ ကျမကိုရိုက်တဲ့ လူက ဘယ်သန်။ ပြီးတော့ ကျမကို ဘာပြောလဲဆိုရင် နင့်အမေက မှာခဲ့တယ်။ နင့်မှာ ကျောက်ကပ်ရောဂါရှိတယ်လို့ ပြောတယ်။ ဒါကြောင့်မို့ နင့်ကိုကုပေးချင်တယ်ဆိုပြီး ကျမကို မျက်စိစီးပြီး မတ်တပ်ရပ်ခိုင်းထားတယ်။ ပြီးတော့ အနောက် ကနေ သူပြေးကန်တယ်။ အဲဒီချိန်မှာ ကျမက မျက်စိစီးထားတော့ အငိုက်မိပြီး အရှေ့ကို မှောက်ရက်ကြီးလဲကျ သွားတယ်။ အဲဒီလိုမျိုးတွေ နှိပ်စက်ခံခဲ့ရတယ်”

ဒေါ်သန်းသန်းဌေးဟာ နိုင်ငံရေးအကျဉ်းသူဟောင်းတယောက်ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလထဲက စနေနေ့ညမှာ သူမကို လာဖမ်းဆီးခဲ့ပါတယ်။ သူမကြောင့် အမေတွေ၊ အမတွေကိုပါ ဖမ်းဆီးနှိပ်စက်ခြင်း ခံခဲ့ရ တယ်လို့လည်း ပြောပြပါတယ်။

ကျန်(၂)ဦးကတော့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး၊ မိုင်တောကျေးရွာက ရွာသူကြီးမဖြစ်ပြီး နောက်တဦးက မဇေညွယ် ကချင်ပြည်နယ် မြစ်ကြီးနာမြို့၊ ဂျမိုင်ကောင်း စစ်ရှောင်စခန်းမှာ နေထိုင်သူပါ။ ရွာသူကြီးမနာမည်က တော့ ဒေါ်စုဖြစ်ပြီး သူမတွေ့ကြုံခံစားခဲ့တဲ့ တိုက်ပွဲအတွင်းက အခက်အခဲတချို့ကို ပြောပြတာဖြစ်ပြီး၊ မဇေညွယ် ကတော့ သူမအမျိုးသား ထောင်ကျချိန်မှာ ထောင်ဝင်စာတွေ့ဖို့၊ ထောင်မကျခင်မှာ ရုံးချိန်းတွေ သွားရောက်ဖို့ အခက်အခဲများစွာနဲ့ ငွေရှာခဲ့ရပုံကို ပြောခဲ့တာဖြစ်ပါတယ်။

ဇွန်လ (၂၆) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုပပျောက်ရေးနေ့ အခမ်းအနားမှာ Women League of Burma (အမျိုးသမီးများအဖွဲ့ချုပ် – မြန်မာနိုင်ငံ) က “မြန်မာပြည်မှာ ညှင်းပန်းနှိပ်စက်မှုခံရ သူတွေလို့ဆိုလိုက်ရင် အများအားဖြင့် အမျိုးသားတွေကိုသာ ပြေးမြင်ကြပြီး အမျိုးသားတွေပဲ တွေ့ကြုံနေကြရ တယ်လို့ မြင်ကြတယ်။ အထူးသဖြင့် အမျိုးသမီးတွေကို လစ်လျှူရှုနေတာကို တွေ့ရတယ်။ အမျိုးသမီးတွေ ဟာလည်း ညှင်းပန်းနှိပ်စက်မှုနဲ့ ပတ်သက်ပြီး အများကြီး ခံစားနေရတယ်ဆိုတာ  ဘယ်ဒေသမှာပဲ ကြည့်ကြည့် အမျိုးသမီးတွေက ညှင်းပန်းနှိပ်စက်မှုနဲ့ပတ်သက်ပြီး ခံစားနေကြရတယ်” လို့ အထွေထွေအတွင်းရေးမှူး လိုည်း ပိုးငယ်က ပြောပါတယ်။

အမျိုးသမီးနဲ့ ကလေးတွေကို လစ်လျူမရှုပဲ အစိုးရအနေနဲ့ ပြန်လည်ပြုစုပျိုးထောင်တဲ့နေရာမှာ အမျိုးသမီးတွေ အတွက် ပြန်လည်ကုသမှုတွေ လိုအပ်တယ်။ ဒါကြောင့် အစိုးရအနေနဲ့ ပြန်လည်ပြုစုပျိုးထောင်ရေး အစီအစဉ် တွေမှာ အမျိုးသမီးအခန်းကဏ္ဍတခု ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ ပြောသွားပါတယ်။

နည်းမျိုးစုံနဲ့ ညှင်းပန်းနှိပ်စက်ခံရတဲ့ အမျိုးသမီး (၄) ဦးကလည်း အခုလို အကြံပြုတိုက်တွန်းလိုက်ပါတယ်။

၁- တခုခုလုပ်တော့မယ်ဆိုရင် ကိုယ့်အတွက်ပဲမကြည့်ပါနဲ့ တိုင်းရင်းသားတွေအတွက် အားလုံးအတွက် ကြည့် ပေးပါ။

၂- စစ်ပွဲအတွင်း အသက်ရှင် ကျန်ရစ်ခဲ့သူ မိသားစုတွေကို ကူညီ ထောက်ပံ့မှု ပေးပါ။

၃- ကျန်ရှိနေသေးတဲ့ အကျဉ်းထောင်ထဲမှ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါ။

၄- ညှင်းပန်းနှိပ်စက်မှုနဲ့ အခြားရက်စက်မှုတွေကို ကာကွယ်၊ ကုစားနိုင်ရန်အတွက် ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက် မှုဆန့်ကျင်ရေး သဘောတူစာချုပ် (United Nation Convention Against Tourture) ကို မြန်မာအစိုးရမှ လက်မှတ်ရေးထိုးပေးပါ စတဲ့အချက်တွေကို တောင်းဆိုအကြုံလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုပပျောက်ရေးနေ့ အခမ်းအနားကို ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင် တော်ဝင် နှင်းဆီခန်းမတွင် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma, နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) , အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB, ဝိမုတ္တအမျိုးသမီးအဖွဲ့ (VWO)၊ အာရှတရားမျှတမှုနှင့်အခွင့်အရေး (AJAR)  တို့ပူပေါင်းပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Related Articles