Home သတင်း အိမ်အကူ အမျိုးသမီးများ အကာအကွယ် မဲ့နေဦးမည်

အိမ်အကူ အမျိုးသမီးများ အကာအကွယ် မဲ့နေဦးမည်

ပစ်တိုင်းထောင်မ  (ရန်ကုန်)။         ။

မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၊ အိမ်အကူလုပ်သားဆိုင်ရာ ပြဌာန်းချက် အမှတ် (၁၈၉)ကို လက်မှတ်ရေးထိုးဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောလိုက်တဲ့အတွက် အမျိုးသမီးအများစုဖြစ်ကြ တဲ့ အိမ်အကူလုပ်သားများမှာ အကာအကွယ်ကင်းမဲ့တဲ့ အခြေအနေကို ဆက်လက်ဖြတ်သန်းကြရဦးမှာ ဖြစ် ပါတယ်။

ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အိမ်အကူ အလုပ်သမားများနေ့မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဒုတိယ ညွှန်ကြားရေမှူးချုပ် ဒေါ်ခင်နွေဦးက အိုင်အယ်အို ပြဌာန်းချက် ကို လတ်တလော လက်မှတ်ရေးထိုးမှာ မဟုတ်ဘူးလို့ ပြောလိုက်တာပါ။

“ILO ပြဌာန်းချက် (၁၈၉) ကို လက်မှတ်ထိုးဖို့ အစီအစဉ်မရှိသေးပါဘူး”

အိုင်အယ်လ်အို ပြဌာန်းချက်အမှတ် (၁၈၉) ဆိုတာကတော့ အိမ်အကူအလုပ်သမားများကို အခြားသော အလုပ် သမားများနဲ့ တန်းတူသတ်မှတ်ပြီး အလုပ်ချိန်၊ လုပ်အားခနဲ့ ကျား-မ ကွဲပြားမှုအပေါ် ခွဲခြားမှုမရှိစေရန်သာမက အိမ်အကူအလုပ်သမားများရဲ့ ထူးခြားတဲ့ လုပ်ငန်းခွင်အခြေအနေများကြောင့် အထူးကာကွယ် စောင့်ရှောက်မှု များကိုလည်း ပြဌာန်းထားတဲ့ အပိုဒ် (၂၇) ပိုဒ်ပါ သဘောတူညီချက် ဖြစ်ပါတယ်။

ဒီပြဌာန်းချက် (၁၈၉) ကို နိုင်ငံပေါင်း (၂၂) နိုင်ငံက လက်မှတ်ရေးထိုးထားပြီး ၂၀၁၇ အောက်တိုဘာလမှာ Jamaica နိုင်ငံနှင့် ၂၀၁၈ ဧပြီ တွင် Guinea နိုင်ငံတို့မှာ စတင်အသက်ဝင်တော့မှာလည်း ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(အိုင်အယ်အို)က မြန်မာနိုင်ငံအနေနဲ့ အိမ်ဖော်အလုပ်သမား သဘော တူညီချက် (၁၈၉) ကို လက်မှတ်ရေးထိုးရန်လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ငန်းလည်ပတ်နေတဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) အနေနဲ့ကတော့  အိမ် အကူအလုပ်သမားများ အကြမ်းဖက်မှုခံရပါက ဝန်ဆောင်မှုတွေ မရှိပေမယ့် အိမ်အကူအလုပ်သမားတွေက ဆက်သွယ်လာတယ်ဆိုရင် သူတို့အနေနဲ့ လုပ်ပေးနိုင်တာက အမှု (case) ကို အစိုးရရဲ့ တိုင်ကြားမှုယန္တယားကို လွဲပြောင်းပေးတာ ဒါမှမဟုတ် ကူညီနိုင်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို လွဲပြောင်းပေးတာတွေ လုပ်ပါတယ်လို့ ရန်ကုန်ရွှေ့ပြောင်း သွားလာခြင်းဆိုင်ရာ စီမံကိန်းရုံးက ပြောပါတယ်။

အိုင်အယ်လ်အိုအနေနဲ့ မြန်မာပြည်အတွင်း အိမ်အကူအလုပ်သမား ဘယ်လောက်ရှိသလဲဆိုတာကို တိုင်းတာပြီး အချက်အလက်ကောက်ယူဖို့ အင်မတန်ခက်ခဲတဲ့ အလုပ်လို့လဲ Ms. Jacqueline Pollok က အခုလို ပြောပါ တယ်။

“မြန်မာနိုင်ငံမှာ အိမ်အကူအလုပ်သမားတွေကို အိမ်အကူ အလုပ်သမားအဖြစ် မသတ်မှတ်ကြဘူး။ များသော အားဖြင့်က ဒါဟာ ဆွေမျိုးသားချင်းထဲက လာပြီး နေထိုင်ပြီး ကူညီပေးတဲ့သူလို့ပဲ သတ်မှတ်ကြတယ်။ ဒါကြောင့် အချက်အလက်ကောက်ယူဖို့က အင်မတန်မှ ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့အိမ်အကူလုပ်နေ တဲ့သူတွေကို အများစုက အိမ်အကူအလုပ်သမားအဖြစ် မသတ်မှတ်ကြလို့ပါ။ တိကျတဲ့သတင်းအချက်အလက် ဘယ်နှစ်ယောက် အိမ်အကူလုပ်နေသလဲဆိုတာ ရဖို့ အင်မတန်ခက်ခဲပါတယ်”

ILO အနေနဲ့ အိမ်အကူအလုပ်သမားတွေကို အချက်အလက် ကောက်နိုင်ဖို့ဆိုရင်တော့ အိမ်အကူအလုပ်သမ တွေကို အလုပ်သမားအဖြစ် အသိအမှတ်ပြုပြီး အလုပ်မားကဒ်လိုမျိုး ထုတ်ပေးနိုင်ရင် သူတို့တွေအနေနဲ့လည်း သူတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရနိုင်သလို ILO အနေနဲ့လည်း အိမ်အကူအလုပ်သမား ဘယ်လောက် ရှိသလဲဆိုတာကို အချက်အလက်နဲ့ တိတိကျကျ သိရမှာဖြစ်ပါတယ် လို့ Ms. Jacqueline Pollok ပြောပါတယ်။

၁၆ ရက်နေ့တွင် ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အိမ်အကူအလုပ်သမားများနေ့အခမ်းအနားကို ဗဟန်းမြို့ နယ်၊ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမတွင် ယနေ့ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။  အိမ်အကူအလုပ် သမားများနဲ့ ပတ်သတ်လို့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးပြုလုပ်တာလည်းဖြစ်ပါတယ်။

Related Articles