Home ဆောင်းပါး စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများနဲ့တွေ့ဆုံပွဲမှာ..

စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများနဲ့တွေ့ဆုံပွဲမှာ..

Photo: Gettyimages (Lauren DeCicca)

 

နန်းဆိုင်နွမ်။               ။

“မုန့်ကိုရောင်းပြီး မောင့်ကိုကျွေးမယ်..”

“သားကိုသခင် လင်ကိုဘုရား..”

အဲဒီစကားလုံးတွေ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ခေတ်စားသွားခဲ့ပါတယ်။

ဒါကတော့ လွန်ခဲ့တဲ့ ပြီးခဲ့တဲ့ မတ်လ(၆)ရက်နေ့ ဝန်းကျင်မှာပဲ ဖြစ်ပါတယ်။

မတ်(၈)ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့  နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေ မတ်လ (၆) ရက်နေ့က တွေ့ဆုံချိန်မှာ ဒီစကားတွေ ထည့်သွင်းပြောဆိုခဲ့တဲ့အတွက် ရေပန်းစားသွားတာပါ။

မြန်မာနိုင်ငံက အမျိုးသမီးတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေထဲမှာ အလုပ်လုပ်နေသူတွေလည်း တာ ဝန်ယူမှုကိုတော့ အဓိကထားစေချင်ကြောင်း၊ အမျိုးသမီးတွေဟာ မိမိတို့ရဲ့  အခွင့်အရေးတွေ တောင်းရုံသာ မက မိမိတို့ရဲ့တာဝန်တွေကိုလည်း ကျေပွန်စွာ ထမ်းဆောင်ဖို့ စိတ်အားထက်သန်သင့်တယ်လို့ ဒေါ်အောင် ဆန်းစုကြည်က မတ်လ(၆)ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာအမျိုးသမီးများ၏ရက်သတ္တပတ်ဖိုရမ် ဖွင့်ပွဲ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဟာ ၁၉၀၀ အစောပိုင်းနှစ်တွေတုန်းက အမေရိကန်နိုင်ငံ၊ နယူး ယောက်မြို့မှာ အမျိုးသမီး (၁၅,၀၀၀) ခန့်က မဲပေးပိုင်ခွင့်နဲ့ လုပ်အားခလစာ ပိုမိုကောင်းမွန်ရေးအတွက် ချီ တက်ဆန္ဒပြခဲ့ကြတဲ့အပေါ် အသိအမှတ်ပြု သတ်မှတ်ခဲ့တဲ့နေ့ရက်ဖြစ်ပါတယ်။

ဒီနှစ်မှာ အပြည်အပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကမ္ဘာတဝှမ်းမှာ (၁၀၆)ကြိမ်မြောက် ကျင်းပခဲ့ကြပြီး ဖြစ်ပေမယ့် မြန်မာပြည်မှာတော့ အခုလို လူသိရှင်ကြား ကျင်းပလာခဲ့တာ (၅)နှစ်ခန့်သာ ရှိပါသေးတယ်။

အဲဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသမီးလုပ်ငန်းရှင်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့အမျိုးသမီးလုပ်ငန်းရှင်တွေကတော့ ကမ္ဘောဇအလင်းတန်း၊ City Mart, PMG, ပင်လုံဆေးရုံ၊ စီးပွားရေးနဲ့လူမှုလုပ်ငန်းများ ဦးဆောင်လုပ်ကိုင်နေတဲ့အမျိုးသမီး(၉)ဦးဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ ကျမတို့အမျိုးသမီးများဟာ ဒီနေရာမှာ စံနမူနာဖြစ်စေချင်ပါတယ်။ တကမ္ဘာလုံး သိအောင်လို့ ကျမတို့အမျိုးသမီးများဟာ အခွင့်အရေး တောင်းလာတာနဲ့အမျှ တာဝန်ယူဖို့ မတွန့်တိုဘူး၊ တာ ဝန်ယူဖို့ သတ္တိရှိတာကိုပြဖို့ အင်မတန်မှအရေးကြီးပါတယ်” လို့ အမျိုးသမီးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့စဉ်က ပြောဆိုခဲ့ပါတယ်။

အမျိုးသမီးများအခွင့်အရေး ရရှိတဲ့အခါ နိုင်ငံတနိုင်ငံရဲ့ စံနှုန်း၊ စံထားတွေဟာ မြင့်မားလာမှာဖြစ်ပြီး အခွင့် အရေးသာ တောင်းပြီးတော့ တာဝန်ဖက်ကျတော့ အစိုးရက အားလုံးလုပ်ဆိုတာ ဒီမိုကရေစီ စံနှုန်း၊ စံထား တွေနဲ့ မကိုက်ညီဘူးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သုံးသပ်ချက်ဟာ လူမှုကွန်ရက်စာမျက်နှာတွေကို လှုပ် ခတ်လူးလွန့်စေခဲ့ပါတယ်။

“ အမျိုးသမီးတွေ စီးပွားရေးအားကောင်းမှလည်း ဒီအမျိုးသမီးတွေအတွက် ပိုမိုလုပ်ဆောင်နိုင်မယ်ဆိုတာ ကို ကျမအနေနဲ့ နှစ်သက်တယ်။ အမျိုးသမီးတွေကတော့ ကိုယ့်အခွင့်အရေး တောင်းဆိုကတည်းက ကိုယ့် တာဝန်ယူမှု၊ တာဝန်ခံမှုကတော့ အမျိုးသမီးတိုင်း အသိစိတ်မှာ တော်တော်ရှိပြီးသားပါ” လို့ Myanmar Institute of Gender Studies ရဲ့ ဒါရိုက်တာ ဒေါ်မာမာချိုက ပြောပါတယ်။

အမျိုးသမီးတွေဟာ အခွင့်အရေးပဲတောင်းနေတာ မဟုတ်ကြောင်း၊ ကိုယ်တိုင်ဦးဆောင်ပြီးတော့ လုပ်နေကြ ကြောင်း၊ အစိုးရပဲလုပ်ပေးဖို့လည်း အတင်းတောင်းဆိုနေတာ မဟုတ်ကြောင်း ဒေါ်မာမာချိုက ဆိုပါတယ်။

“အမျိုးသမီးထုတရပ်လုံးနဲ့ အစိုးရ၊ အတူတကွလက်တွဲပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးရအောင်လုပ်ဖို့ ကျမတို့တောင်းဆိုတာပါ။ အမျိုးသမီးတွေ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ကြိုးစားနေပါတယ်လို့ ပြောချင် ပါတယ်” လို့ ဒေါ်မာမာချိုကပြောပါတယ်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်(၉)ဦးတွေ့ဆုံချိန်မှာ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ အမျိုးသမီးတွေရဲ့ လုံခြုံရေးနဲ့ အမျိုးသမီးတွေ အလုပ်လုပ်တဲ့နေရာမှာ အလုပ်ဝန်းကျင် ဖော်ဆောင်ပေးရေးတွေ ဆွေးနွေးခဲ့ကြပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေး နွေးခဲ့တဲ့ Sunflowers လူမှုစီးပွားလုပ်ငန်းတည်ထောင်သူ ဒေါ်ဖြူအိသိမ်းက ပြောပါတယ်။

“ကျမကတော့ တောရွာတွေ မြို့တွေရဲ့ အမျိုးသမီးတွေအကြောင်းကို အများကြီးပြောဖြစ်တယ်။ အဲဒီထဲမှာ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်တဲ့ အမျိုးသမီးတွေအကြောင်းနဲ့ အကျဉ်းထောင်ထဲမှာ ရောက်ရှိနေတဲ့ အမျိုးသမီးတွေအကြောင်းကို ပြောပါတယ်” လို့ ဒေါ်ဖြူအိသိမ်းက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းနဲ့ အကျဉ်းထောင်အတွင်းနေထိုင်တဲ့ အမျိုးသမီးတွေရဲ့ကိစ္စလည်း အရေးကြီးကြောင်း၊ အဲဒီနေရာများမှာ နေထိုင်နေရတဲ့အမျိုးသမီးတွေဟာ မျှော်လင့်ချက်ကုန်ဆုံးနေကြကြောင်းလည်း ဒေါ်ဖြူအိ သိမ်းက ဆိုပါတယ်။

စစ်ဘေးရှောင်စခန်းနဲ့  အကျဉ်းထောင်စခန်းတွေမှာ နေထိုင်နေကြတဲ့ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိတဲ့အတွက် သူတို့ကို အစိုးရနဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင် တွေ ပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်းသင်တန်းတွေ၊ လက်မှုလုပ်ငန်းတွေ သင်ပေးနိုင်ရင် စိတ်ပိုင်းဆိုင် ရာတွေ၊ စိတ်ဓာတ်မြှင့်တင်ပေးမှုတွေ ပြုလုပ်ပေးနိုင်မယ်လို့ ဒေါ်ဖြူအိသိမ်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံချိန်မှာ ပြောဆိုခဲ့တာပါ။

“ လမ်းထိပ်တိုင်းမှာ ကွမ်းယာဆိုင်နဲ့ အရက်ဆိုင်ရှိသလိုမျိုး ရပ်ကွက်တိုင်းမှာ ကလေးထိန်းကျောင်း ရှိသင့် တယ်လို့လည်း ပြောဖြစ်ပါတယ်။ အမျိုးသမီးတွေအများကြီး အလုပ်လုပ်နေတဲ့နေရာတွေမှာ သူတို့မှာ အခက် အခဲတွေရှိနေတယ်၊ မိခင်တွေ အလုပ်လုပ်နိုင်ဖို့လည်း အလုပ်ဝန်းကျင်ကို ဖန်တီးပေးဖို့ ပြောခဲ့ပါတယ်” လို့ ဒေါ်ဖြူအိသိမ်းက ဆိုပါတယ်။

အမျိုးသမီးတွေရဲ့ကဏ္ဍဆိုတာဟာ ကျမတို့နိုင်ငံတင်မကဘဲ တကမ္ဘာလုံးအတွက် အင်မတန်မှ အရေးကြီး ကြောင်း၊ မြန်မာနိုင်ငံက အမျိုးသမီးတွေကတော့ တတ်နိုင်တဲ့ဖက်ကနေပြီး အမျိုးသားတွေနဲ့ တန်းတူရင် ဘောင်တန်းပြီး လုပ်ခဲ့တာရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က မတ်လ(၆)ရက်နေ့တွင် ပြောဆိုခဲ့ပါတယ်။

“နိုင်ငံတနိုင်ငံမှာ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ဘယ်လိုမှ စီးပွားရေး ရေရှည်ဖွံ့ဖြိုး တိုးတက်နိုင်မှာ မဟုတ်ပါဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

အမျိုးသမီးများရဲ့အခွင့်အရေးတွေကို စဉ်းစားမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးကိုလည်း အဓိကထားပြီးတော့ စဉ်းစားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးမှုမရှိဘဲ အမျိုးသမီးတွေ တန်းတူညီတူ အခွင့် အရေးရဖို့ ဘယ်လိုဥပဒေတွေပဲ ပြဌာန်းပြဌာန်း၊ ဒီဥပဒေတွေဟာ စက္ကူပေါ်မှာပဲရှိပြီးတော့ ကျမတို့ရဲ့ လူထု အသိုင်းအဝိုင်းအပေါ်မှာ အကျိုးသက်ရောက်မှု ရှိနိုင်မှာမဟုတ်ပါဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

 

Related Articles