Home သတင်း အမျိုးသမီးများအတွက် ရှေ့သို့ဆက်လှမ်းနေတဲ့ SWAN

အမျိုးသမီးများအတွက် ရှေ့သို့ဆက်လှမ်းနေတဲ့ SWAN

Photo: Ying Han Fah

မလိခ။             ။

၁၉၉၆-၉၈ ခုနှစ် (၂)နှစ်တာကာလ။

ကျေးရွာပေါင်း ၁၅၀၀ နီးပါး ဖျက်ဆီးခံခဲ့ရသည်။ လူပေါင်း ၃ သိန်းကျော်သည် နယ်စပ်ကို ဖြတ် ကျော်၍ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခဲ့ကြသည်။ မြန်မာအစိုးရ တပ်မတော်၏ ရှမ်းပြည်အတွင်း ထိုးစစ်၏ နောက်ဆက်တွဲများ ဖြစ်သည်။

“ဖြတ်လေးဖြတ်ကို အစိုးရက လုပ်ခဲ့တယ်။ လူ ၃ သိန်းကျော်ဟာ ဒီနယ်စပ်ကို ရောက်ရှိလာတယ်။ အဲဒီထဲမှာ အများဆုံးခံရတာက အမျိုးသမီးနဲ့ကလေးတွေဘဲ၊ သူတို့ကိုတွေကို ကူညီဖို့ ဘယ်အဖွဲ့ အစည်းမှ မရှိသေးဘူး။ ဒါကြောင့် ကျမတို့လူကြီးတွေက စဉ်းစားပြီးတော့ ဒီအမျိုးသမီးနဲ့ကလေး တွေကို ကူညီရမယ်။ သူတို့ကို ကူညီဖို့ အဖွဲ့အစည်းရှိမှဖြစ်မယ်ဆိုပြီးတော့ ကျမတို့ကို သူတို့က ခေါ်လိုက်တာ”

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN) ဖြစ်ပေါ်လာပုံကို အဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းဟန်ဖက ပြောပြနေခြင်းဖြစ်သည်။

မြန်မာအစိုးရ တပ်မတော်၏ ထိုးစစ်အတွင်း ဖြတ်လေးဖြတ်စံနစ်ကို ကျင့်သုံးခဲ့သလို လူ့အခွင့် အရေးချိုးဖောက်မှုများဖြစ်သည့် အတင်းအဓမ္မပြောင်းရွှေ့စေခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် အစီအစဉ်ချမုဒိန်းကျင့်ခြင်းများ ကျူးလွန်ခဲ့မှုများက ရှမ်းရွာသူ ရွာသားများကို အိမ်နီးချင်းထိုင်းနိုင်ငံသို့ ထွက်ပြေးစေခဲ့ခြင်းဖြစ်သည်ဟု SWAN အဖွဲ့က ပြောပြ သည်။

၎င်းတို့အား ကူညီနိုင်ရန်အတွက် ကျောင်းဆရာမများ၊ သူနာပြုဆရာမများ၊ လူမှုရေး၊ စာပေယဉ် ကျေးမှု လှုပ်ရှားသူများ စုစည်း၍ ၁၉၉၉ ခုနှစ် မတ် (၂၈) ရက်နေ့တွင် ချင်းမိုင်မြို့၌ ရှမ်းအမျိုးသမီး (၄၀) ကျော်နှင့် စတင်ဖွဲ့စည်းခဲ့သည်။

ယခုတော့ “စွမ်း”ဟု အတိုကောက်ခေါ်ဝေါ်ကြသည့် SWAN အဖွဲ့ဖွဲ့စည်းခဲ့သည်မှာ မတ်လ (၂၈) ရက်နေ့တွင် (၁၈) နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။

စွမ်းသည် ထိုင်းနယ်စပ်တွင် ဖွဲ့စည်းသည့် ပထမဆုံးသော ရှမ်းအမျိုးသမီးအဖွဲ့ဖြစ်ခဲ့ပြီး ၂၀၀၂ ခုနှစ် က ထုတ်ပြန်ခဲ့သော မုဒိန်းကျင့်ခွင့်လိုင်စင် (License to Rape) အစီရင်ခံစာကြောင့် မြန်မာ နိုင်ငံတွင် အမျိုးသမီးများအပေါ် စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို လူထုက ပိုမိုသိရှိ လာခဲ့ပြီး နိုင်ငံတကာက စွမ်းအမျိုးသမီးအဖွဲ့ကို အသိအမှတ်ပြုလာခဲ့သည်ဟု ယိင်းဟန်ဖက ပြောပြ သည်။

“ဒီမုဒိန်းကျင့်ခွင့်ရလိုင်စင် အစီအရင်ခံစာနဲ့ ပတ်သက်လို့ ကျမတို့ ၂၀၀၂ ခုနှစ်ကတည်း SHRF နဲ့ တွဲပြီးတော့ ၂၀၁၀ ခုနှစ်ထိ ကျမတို့ အစိုးရရဲ့ နာမည်ပျက်စာရင်း (Black List) ထဲမှာ နေခဲ့ရပါ တယ်။ ၂၀၁၀ ငြိမ်းချမ်းရေး စတင်ဆောင်ရွက်လာတဲ့ နောက်ပိုင်းမှာမှ ကျမတို့ကို ပြည်ဝင်ခွင့်ပေးခဲ့ တယ်။ ကျမတို့ကို လက်ခံခဲ့ပါတယ်၊ ဒါကြောင့် ရိုက်ခတ်မှုတွေ အများကြီး ရှိခဲ့သလို အောင်မြင်မှု တွေ လည်း ရှိခဲ့ပါတယ်” (SHRF မှာ ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်း ဖြစ်သည်)

ယင်းအစီရင်ခံစာတွင် ပါဝင်သော အဓမ္မပြုကျင့်ခံခဲ့ရသည့် အမျိုးသမီးများအတွက် အမှန်တရား ဖော်ထုတ်ရန်နှင့် တရားမျှတမှု ရရှိရန်အတွက် စွမ်းအဖွဲ့မှ လုံခြုံသည့်နေရာတွင် ထားရှိ၍ ၎င်းတို့ အား စိတ်ပိုင်းဆိုင်ရာ ကုသပေးခြင်း၊ အလုပ်အကိုင်များ ရှာဖွေပေးခြင်းများ လုပ်ဆောင်ပေးသဖြင့် ယခုအချိန်တွင် လုပ်ငန်းကိုယ်စီ ရှိနေကြပြီဖြစ်ကြောင်း သူက ဆိုပါသည်။

သို့သော်လည်း လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားနေသော ဒေသများရှိ အမျိုးသမီး များ၏ ဘဝ လုံခြုံမှု မရှိသေးသဖြင့် စိမ်ခေါ်မှုများ ရှိနေဆဲ ဖြစ်သည်ဟု ယိင်းဟန်ဖက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံရှိ ရှမ်းအမျိုးသမီး အများစုက ပညာသင်ကြားခွင့် မရခြင်း၊ ပညာသင်ကြားခွင့် အပေါ် အားပေးမှုနည်းပါးခြင်း၊ အိမ်ထောင်ထိန်းသိမ်းရေးအပြင် မိသားစုဝင်ငွေအတွက် ရှာဖွေနေရ ဆဲဖြစ်၍ အမျိုးသမီးများ အသိပညာ၊ ဗဟုသုတများ အားနည်းမှုရှိနေဆဲ ဖြစ်သည်ဟု သူက ဆိုပါသည်။

Photo: Ying Han Fah

ရှမ်းပြည်နယ် လားရှိုးမြို့ရှိ ကြီးမားသည့် ခန်းမကျယ်တခုထဲမှာ ရောင်စုံရှမ်းရိုးရာဝတ်စုံများ ဝတ်ဆင် ထားသော ရှမ်းအမျုးိသမီးများသည် ပျော်ရွှင်တက်ကြွမှုများဖြင့် ကြိုဆိုနှုတ်ဆက်နေသည်။ ထိုအ ခန်းကျယ်ကြီးထဲတွင် (၁၈) နှစ်အတွင်း ရှမ်းအမျိုးသမီးများ၏ လှုပ်ရှားမှုဓါတ်ပုံများ ပြသထားပြီး တက်ရောက်လာသူ အများအပြားကြည့်ရှုနေကြသည်။

၁၈ နှစ်အတွင်း စွမ်း၏ အဓိက လုပ်ငန်းစဉ်ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးဘဝ ဖွံ့ဖြိုး တိုးတက်ရေး၊ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေးနှင့် သတင်းနဲ့ ပြန်ကြားရေးဟူသော လုပ်ငန်းစဉ် ၄ ရပ်ကို ဦးစားပေးလုပ်ဆောင်ခဲ့ရာ ထိုအထဲမှ အမျိုးသမီးများ ကျန်းမာရေးနှင့် အမျိုးသမီး စွမ်းရည် မြှင့်တင်ရေးကို ပိုမိုလုပ်ဆောင်ခဲ့သည်။

စွမ်းမှ ကျန်းမာရေးနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း (၇၀) ကျော်သို့ အသိ ပညာပေးမှုများ လုပ်ဆောင်ခဲ့ပြီး ယခုဆိုလျှင် ကျေးရွာပေါင်း (၁၀၀) ကျော်သည်အထိ ကျန်းမာရေး အသိပညာပေးမှုများ လုပ်ဆောင်လာနိုင်ခြင်းသည် အောင်မြင်မှုတခုဖြစ်သည်။

ထို့ပြင် စွမ်းမှ ၁၉၉၉ ခုနှစ်မှ ယခုထိ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေးအတွက် ရှမ်းအမျိုးသမီး များကို အလုပ်သင် အစီအစဉ်များ ဖွင့်လှစ်ပေးခြင်း၊ ၂၀၁၄ ခုနှစ်တွင် အမျိုးသမီးငယ် ခေါင်းဆောင် မှုကျောင်းနှင့် တက်သစ်စ အမျိုးသမီးခေါင်းဆောင်မှုသင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် အရည်အသွေး ရှိသော အမျိုးသမီး အများအပြားကို မွေးထုတ်ပေးနေသည်။

ပညာရေးတွင်လည်း ထိုင်း-မြန်မာနယ်စပ်မှာ ကျောင်းပေါင်း (၁၀) ကျောင်းကျော် ဖွင့်လှစ်နိုင်ပြီး ကျောင်းသားပေါင်း (၂၀၀၀) ကျော်အတွက် ထောက်ပံ့ကူညီမှုများနှင့် သင်ကြားပို့ချပေးမှုများ လုပ် ဆောင်ပေးနေသည့် အဖွဲ့ဖြစ်သည်။

“ပြည်ပမှာက ကျမတို့ရဲ့ ရွှေပြောင်းအလုပ်သမားတွေရှိတယ်။ နောက်ပြီး IDP တွေ၊ Refugee တွေ ရှိတယ်။ သူတို့တွေကို ကူညီထောက်ပံ့တဲ့အဖွဲ့တွေ အရမ်းနည်းတယ်။ ဒါကြောင့်မို့လို့ သူတို့တွေကို ဆက်ကူညီပေးနိုင်ဖို့ ကျမတို့ ပြည်ပမှာဆက်ရှိနေတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာလည်း ထိုနည်း လည်းကောင်း ဆက်လုပ်ပါ့မယ်”ဟု သူကပြောသည်။

၁၈ နှစ်ကြာကာလပတ်လုံး အခက်အခဲများစွာဖြတ်သန်းခဲ့ရာတွင် မြန်မာနိုင်ငံတွင် ဓလေ့ထုံးတမ်း၊ ကျားမ ခွဲခြားဆက်ဆံရေး၊ ကျားမတန်းတူညီမျှမှု မရှိသေးသည့် နေရာဒေသများတွင် အမျိုးသမီး အဖွဲ့အစည်း ထူထောင်၍ လှုပ်ရှားလာခဲ့ကတည်းက အခက်အခဲနှင့် စိန်ခေါ်မှုများစွာကို ဖြတ်သန်း နိုင်ခဲ့သည်ဟု စွမ်း၏ အတိုင်ပင်ခံအဖွဲ့ဝင် တစ်ဦး နန်းမွန်းကိန်က ပြောသည်။

“ထိုင်းမှာဆိုတော့ ကိုယ်ရဲ့ နိုင်ငံလည်းမဟုတ်ဘူး။ လှုပ်ရှားမှုတွေ လွတ်လွတ်လပ်လပ် လုပ်လို့ မရတာတွေ ရှိခဲ့တယ်။ အခုလည်း မြန်မာနိုင်ငံမှာလိုဘဲ ၂၀၁၀ ကျမတို့ စဝင်လုပ်တုန်းက စွမ်းဆို ပြီးတော့ မိတ်ဆက်ဖို့ အရမ်းခက်ခဲတယ်။ စွမ်းဆိုတဲ့ နာမည်ကို စစ်တပ်ဘက်က အမည်မဲစာရင်းမှာ ထည့်ထားတယ်။ အခုနောက်ပိုင်းမှာ NLD အစိုးရတက်လာတဲ့ နောက်ပိုင်းမှ နည်းနည်း လှုပ်ရှားလို့ ရလာတယ်လို့ ပြောလို့ရတယ်”

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်၏ ထိုးစစ်ဆင်မှုများရှိနေဆဲ ဖြစ်၍ အမျိုးသမီး များ၏ လုံခြုံမှုအတွက် စိုးရိမ်နေရဆဲဖြစ်ပြီး ရှမ်းအမျိုးသမီးများသာမက မြန်မာနိုင်ငံရှိ တိုင်းရင်းသူ အမျုးိသမီးများအားလုံး စည်းလုံးညီညွတ်စွာဖြင့် အမျိုးသမီးများကို ကာကွယ်ပေးနိုင်သည့် ဥပဒေ များ ရရှိရန်နှင့် ကျားမတန်းတူရေးနှင့် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးတို့ကို လက်တွဲ ကြိုးပမ်း သွားကြရန် နန်းမွန်းကိန်က တိုက်တွန်းလိုက်သည်။

“ကျမတို့ အမျိုးသမီးတွေ စုစုစည်းစည်းနဲ့ အမျိုးသမီးတွေရဲ့ကဏ္ဍနဲ့ ပတ်သက်တဲ့ ကျားမတန်းတူ ရေး၊ ကျားမခွဲခြားဆက်ဆံမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တနိုင်ငံလုံးမှာ ရှိနေသေး တယ်။ ကျမတို့ အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေ မရှိသေးဘူး။ ကျူးလွန်တဲ့ လူ တွေကိုလည်း ခုံရုံးတင်ပြီးတော့မှ စစ်ဆေးအရေးယူတာတွေ မရှိသေးဘူး၊ ဒါတွေအများကြီး ကျမ တို့ လုပ်ဆောင်ရဦးမယ်။ အဲဒါကို ကျမတို့ အမျိုးသမီးတွေ အတူတကွပူးပေါင်း လက်တွဲပြီးတော့ လုပ်ဆောင်သွားဖို့ရယ်၊ အမျိုးသားတွေကလည်း အမျိုးသမီးတွေလုပ်၊ အမျိုးသမီးအရေးဘဲ ဆိုတာ မျိုး မဟုတ်ဘဲ ပူးပေါင်းပြီးတော့ ကူညီပံ့ပိုးပြီးဆောင်ပေးရမယ်။ ဒါမှ နိုင်ငံတခုလုံးက ဖွံ့ဖြိုးမယ်”

 

 

 

Related Articles