Home ဆောင်းပါး ဂျာနန်လထော် (သို့မဟုတ်) ငြိမ်းချမ်းရေးအတွက် ဇွဲမလျော့သူ

ဂျာနန်လထော် (သို့မဟုတ်) ငြိမ်းချမ်းရေးအတွက် ဇွဲမလျော့သူ

မလိခ။         ။

“တခါတလေကျရင် အမှောင်ထဲမှာ လုပ်နေသလို ခံစားရတဲ့အချိန်တွေရှိတယ်..”

မကြာသေးခင်က ဥရောပသမဂ္ဂမှပေးအပ်သော Schuman ငြိမ်းချမ်းရေးဆုရသူတဦးဖြစ်သည့်  ဂျာနန်လ ထော်က သူပါဝင်လုပ်ဆောင်နေရသော ငြိမ်းချမ်းရေးဖြစ်စဉ်သည် အလွယ်တကူလုပ်ဆောင်နေရခြင်း မဟုတ်ကြောင်း ပြောပြသည်။

ဂျာနန်လထော်သည် မြန်မာနိုင်ငံ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် အကျိုးဆောင်လုပ်ငန်းကို လုပ်ဆောင်နေ သော အမျိုးသမီးအနည်းစုထဲက အမျိုးသမီးတဦးလည်း ဖြစ်သည်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မြန်မာစစ်အစိုးရတို့အကြား ၁၉၉၄ ခုနှစ်က လက်မှတ်ရေး ထိုးနိုင်ခဲ့သည့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ဖြစ်သူ ကချင်နှစ်ခြင်းခရစ်ယာန် အ ဖွဲ့ချုပ်(KBC)၏ ညွှန်ကြားရေးမှူးချုပ်ဟောင်း သိက္ခာတော်ရဆရာတော်စဘွဲဂျွမ်မှာ ဂျာနန်လထော်၏ ဖခင်ဖြစ် သည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မြန်မာ့တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေးအတွက် အကျိုး ဆောင်ရန် ဖွဲ့စည်းခဲ့သော Shalom Foundation ကို ဖခင်ဖြစ်သူ နာမကျန်းဖြစ်ချိန် ၂၀၀၀ ခုနှစ်တွင် ဂျာနန် လထော်က တာဝန်လွဲပြောင်းရယူခဲ့သည်။

ထို့ကြောင့်လည်း ဂျာနန်လထော်မှာ ငယ်စဉ်ကပင် ငြိမ်းချမ်းရေးလုပ်ငန်းများနှင့် မဝေးကွာခဲ့ပေ။

“ကျမ ၅ တန်းလောက်ကတည်းက ငြိမ်းချမ်းရေးအကြောင်း ကြားနေရတယ်။ အခက်အခဲတွေကအစ ဖြေရှင်း ရတဲ့အဆုံးကြားခဲ့တော့ အဲဒီကတည်းက ကိုယ့်ရဲ့စိတ်အတွင်းမှာ ရှိနေတယ်လို့ထင်တာ..” ဟု ပြောပြသည်။

ဂျာနန်လထော်သည် ဖခင်ဖြစ်၏ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းခဲ့စဉ်က အခြေအနေ၊ အခက်အခဲများများကို ငယ်စဉ်ကတည်းကပင် သိရှိနားလည်ခဲ့သလို၊ ငြိမ်းချမ်းရေးတွင်သာမက ပြည်တွင်းစစ်ကြောင့် ပဋိပက္ခဒဏ် ခံခဲ့ရသည့် အတွေ့အကြုံများလည်းရှိသဖြင့် လက်ရှိ သူမငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လုပ်ဆောင်နေရမှုကို ပိုမိုစိတ်အားထက်သန်စေခဲ့သည်ဟုဆိုသည်။

လက်ရှိတွင် ဂျာနန်လထော်သည် ငြိမ်းဖောင်ဒေးရှင်း၏ ညွှန်ကြားရေးမှူးဖြစ်သလို၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ နည်းပညာပိုင်းဆိုင်ရာ အကြံပေးအဖြစ် စတင်ပါဝင်အကျိုးဆောင် ခဲ့သူဖြစ်သည်။

ဖခင်ပါဝင်ကြိုးပမ်းခဲ့သော အပစ်အခတ်ရပ်စဲရေးမှာ (၁၇)နှစ်အကြာတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာ ခဲ့ပြီး ကချင်ပြည်နယ်အတွင်း ပြည်တွင်းစစ်မီး တဖန်တောက်လောင်ခဲ့ရာ ဂျာနန်လထော်အတွက် ကြီးမား သော စိမ်ခေါ်မှုများနှင့် ကြုံတွေ့လာခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တလျှောက်တွင်လည်း မကြာခဏ ပျက်ပြားတော့မည့် (သို့မဟုတ်) ရပ်ဆိုင်းသွား တော့မည့် အခြေအနေများနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဂျာနန်လထော်က ပြောပြသည်။

“ငြိမ်းချမ်းရေးဖြစ်စဉ်ကို EAOs (တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ) ဖက်ကရော၊ အစိုးရဖက်က ရော မပျက်သွားစေချင်တဲ့ အနေအထားတော့ ရှိတယ်။ အဲဒါကြောင့် တခါတလေ အရမ်းအခက်အခဲတွေ့တဲ့ အခြေအနေ ရောက်နေပေမယ့်လည်း လုံးဝရပ်ဆိုင်းသွားတာမျိုးမဟုတ်ဘဲ ဆက်သွားနိုင်ဖို့ နည်းလမ်းတွေ ထပ်ခါထပ်ခါ ရှာကြရတယ်..”

သူမသည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထိပ်ပိုင်းလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ပါဝင်ခွင့်ရနေသော အမျိုးသမီးအနည်းငယ်ထဲမှတဦးလည်း ဖြစ်သည်။

လက်ရှိ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ဝင် (၁၆)ဦးထဲတွင် နိုင်ငံရေး ပါတီများဖက်မှ အမျိုးသမီးတဦးမှ ပါဝင်ခြင်း မရှိပေ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖက်တွင် စောမြရာဇာလင်းနှင့် မိဆူးပွင့်တို့ပါဝင်ပြီး အစိုးရဖက်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်ရှီလာနန်တောင်တို့ နှစ်ဦးသာ ပါဝင်လျက်ရှိသည်။

အမျိုးသမီးများ ပိုမိုပါဝင်လာရေးအတွက် နည်းလမ်းရှာရန် လိုအပ်နေသေးကြောင်း သူမက ပြောသည်။

“အမျိုးသမီးပါဝင်ရေးလို့ ပြောတဲ့အခါမှာ အဆင့်တိုင်း ကဏ္ဍတိုင်းမှာ UPDJC ဆိုလို့ရှိရင် နည်းနည်းမြင့်တဲ့ အဆင့်ထဲမှာပါတယ်။ အဲဒီမှာ အမျိုးသမီးများ ပါဝင်လာရမယ်။ တခြားလုပ်ငန်းကော်မတီအဆင့်တိုင်းမှာ အမျိုးသမီးတွေ သူ့ကဏ္ဍအလိုက် ပါဝင်လာဖို့တော့ လိုပါသေးတယ်..”

ဂျာနန်လထော်သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၈)ဖွဲ့တွင် နည်းပညာဆိုင်ရာ အကြံပေးအနေဖြင့် လုပ် ဆောင်နေသလို၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာမူဘောင် သုံးသပ်သည့် အစည်းအဝေးများနှင့် NCA လက်မှတ်မထိုးသေးသော အဖွဲ့အစည်းများ အနက် UNFC မှဖွဲ့စည်းထားသော DPN နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့၏ အစည်းအဝေးများတွင် တွဲဖက်အကျိုးဆောင်အဖြစ် တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။

ဒေါ်ဂျာနန်၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်လုပ်ဆောင်မှုများကြောင့် ၂၀၁၅ ခုနှစ်ကလည်း နိုင်ငံတကာ အသိအမှတ်ပြု N-Peace ငြိမ်းချမ်းရေးဆုချီးမြှင့်ခံခဲ့ရသည်။

ယခုနှစ် ၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်ရုံးမှ ပထမဆုံးအကြိမ် ချီးမြှင့် သည့် ချူမန် Schuman Award ဆုကို မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းတွင် ပါဝင်လှုပ်ရှားနေသော ကချင်အမျိုး သမီး ဂျာနန်လထော်အပါအဝင် (၃)ဦး ရရှိခဲ့ပြန်သည်။

“ဒီဆုကို ကျမက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင်ပါတယ်။ နောက်ကွယ်ကနေ ပါတယ်။ ဒါပေမဲ့ လူတွေ လည်း သိပ်မသိဘူးပေါ့နော်။ အဲဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ပြီးတော့ နောက်ကွယ်ကနေ ပံ့ပိုးပေး သူအနေနဲ့ နောက်ပြီး အမျိုးသမီး ပါဝင်မှုကိုလည်း အားပေးတဲ့အနေနဲ့ ပေးအပ်တယ်လို့ ကျမ နားလည်ပါ တယ်၊ အမျိုးသမီးတဦးအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်တယ်။ အမျိုးသမီးပါဝင်ရေးကိုလည်း ဝိုင်းပြီး တော့ ဆောင်ရွက်နေတယ်ဆိုတဲ့ အချက်တချက်ရှိတယ်။ အဲဒါကိုလည်း အသိအမှတ်ပြုပေးတဲ့အနေနဲ့ ဒီဆုကို ချီးမြှင့်တယ်လို့ အခမ်းအနားမှာ ပြောပါတယ်”

၁၉၆၅ ခုနှစ်တွင် ဂျာနန်လထော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မွေးဖွားခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့သည်။ ထို့နောက် နိုင်ငံခြားသို့ အဆင့်မြင့်ပညာသင်ယူရန် အမေရိကန် ပြည်ထောင် စု Eastern Mennonite University မှ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ အဖြေရှာရေးအထူးပြု ဘာသာရပ်ဖြင့် မာစတာဘွဲ့ ရရှိခဲ့သလို ဘာသာရေးနှင့် ပတ်သက်၍လည်း music study and bible counseling ဘွဲ့ကို ရရှိခဲ့သည်။

မိသားစု၏ ပံ့ပိုးမှုများကြောင့်လည်း အမျိုးသမီးတဦးအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ယခုကဲ့သို့ ထဲထဲ ဝင်ဝင် ပါဝင်နိုင်ခြင်းဖြစ်သည်ဟု ဆယ်ကျော်သက်အရွယ် ကလေး(၃)ယောက်မိခင် ဂျာနန်လထော်က ပြော ပြသည်။

“ကျမခရီးသွားနေရတဲ့အခါ ကျမအမျိုးသားက မိသားစုအရေး လုပ်ဆောင်ရတာပေါ့နော်။ ကျမအမျိုးသား အနေနဲ့လည်း သူကိုယ်တိုင်က ကျောင်းသားဘဝတုန်းက အမျိုးသားရေးကိစ္စမှာ စိတ်ဝင်စားခဲ့ ပါဝင်ခဲ့တယ်။ သူကိုယ်၌သာ ရှေ့တန်းမှာ မနေပေမယ့် သူ့သူငယ်ချင်းတွေအားလုံးက အခုလက်ရှိဖြစ်စဉ်မှာ ပါဝင်နေတာ ရှိတယ်။ သူ့ စိတ်ခံကိုက အဲဒီလိုရှိတယ်။ အဲဒါကြောင့် ကျမ ဒီကိစ္စလုပ်နေတာက သူ့အတွက် ကန့်ကွက်စရာ မဟုတ်ဘူး။ အားပေးပါတယ်။ ငြင်ငြင်မှုတွေ မရှိဘူး။”

ယခုအခါ အသက် (၅၂)နှစ်အရွယ်ရှိပြီဖြစ်သော ဂျာနန်လထော်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တ စိုက်မတ်မတ် ဆက်လက်လုပ်ဆောင်ရန် သဓိဌာန်ချထားပြီး Schuman Award ကဲ့သို့ ငြိမ်းချမ်းရေးဆု များရရှိခြင်းက သူမအား တာဝန်ပိုမိုယူစေရန် တွန်းအားပေးလျက်ရှိသည်ဟု ပြောပြပါသည်။

Related Articles