Home ဆောင်းပါး နွံနစ်မခံ

နွံနစ်မခံ

နန်းဆိုင်နွမ်။     ။

ရှမ်းပြည်နယ် မြောက်ပိုင်းက တောင်ပေါ်မြို့လေးတမြို့။

မြို့ရဲ့နေရာအနှံ့  အစိမ်းရောင်၊ အနီရောင် ဆိုင်းဘုတ်တွေပေါ်မှာ ကချင်ဘာသာနဲ့  မူးယစ်ဆေးဝါး တိုက်ဖျက် ရေးစာသားတွေကို  လူအများမြင်အောင် စိုက်ထူထားပါတယ်။

တချိန်က ဒီနေရာဟာ မူးယစ်ဆေးဝါးတွေ အလွန်များပြားလှပြီး မိခင်တွေ၊ ဇနီးသည်တွေအတွက် နေ့စဉ် စိတ် သောကများစွာ ရင်ဆိုင်ခဲ့ရတဲ့ နေရာတစ်ခုပါ။

အဲဒီနေရာကတော့ အရင်က အနက်ရောင်နယ်မြေလို့ သတ်မှတ်ထားခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ် မုံးပေါ်ဒေသပါပဲ။

မုံးပေါ်ဒေသမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ သောက်သုံးမှုတွေက အိမ်တိုင်းရှိလာပြီး၊ ဆန်တစေ့တောင် ကိုယ့်အိမ်မှာ ထားလို့မရတဲ့အဆင့်ထိရောက်လာတဲ့အတွက် အမျိုးသမီးတွေအနေနဲ့ အခက်အခဲပေါင်းစုံရင်ဆိုင် လာရတာကြောင့် အမျိုးသမီးထုတွေ ဦးဆောင်ကာ မူးယစ်ဆေးဝါး တိုက်ဖျက်ခဲ့ရတဲ့ ဒေသတခုလည်း ဖြစ် တယ်”လို့ အမျိုးသမီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ဝင်တစ်ယောက်က ပြောပြပါတယ်။

အဲဒီ အမျိုးသမီးမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (ခမ်းရှာဖုန်) ကို ၂၀၁၂ ခုနစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး၊ အမျိုး သမီးတွေကိုယ်တိုင် ဦးဆောင်ကာ မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့အိမ်တွေ၊ မူးယစ်ဆေးဝါးသုံးစွဲတဲ့အိမ်တွေကို တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေခဲ့တာလို့ Hkam Sha Hpung (ခမ်းရှာဖုန်) မှ အထွေထွေ အတွင်းရေးမှူး ဒေါ်အက်စတာက ပြောပါတယ်။

အရင်က ကျမတို့ မုံးပေါ်ဒေသမှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူက အိမ်တိုင်းမှာရှိတယ်။ ဘယ်လောက်ထိ ဆိုး လဲဆိုရင် အိမ်မှာ ဆန်တောင်ထားလို့ မရအောင် သုံးကြတာ။ အဖေက သားကိ လက်ဆင့်ကမ်း အမွေပေးတဲ့ အတိုင်းပါပဲ။ အိမ်တအိမ်မှာ အဖေရော သားရော မူးယစ်ဆေးဝါး သုံးတဲ့အဆင့်ပါပဲ” အဲဒါတွေကြောင့် အမျိုး သမီးတွေက ဦးဆောင်ပြီး မူးယစ်ဆေး တိုက်ဖျက်ရတာလို့ ဒေါ်အက်စတာက ပြောပါတယ်။

မြန်မာနိုင်ငံဟာ  အာဖဂန်နစ္စတန် ပြီးလျှင် တရားမဝင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု  ဒုတိယအများဆုံး နိုင်ငံတခု ဖြစ်သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးထိန်းချုပ်ရေးရုံး (UNODC) ရဲ့ ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

အဓိကအားဖြင့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွေရှိ တောင်ကုန်းတွေ တောင်တန်းတွေပေါ် ဘိန်းစိုက်ပျိုးမှု များတဲ့နေရာဖြစ်ပြီး ဘိန်းစိုက်ပျိုးတဲ့ အိမ်ထောင်စုပေါင်း (၃) သိန်းခန့်ရှိကာ အများစုက ဆင်းရဲနွမ်းပါးမှုကြောင့် ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

နောက်ပိုင်းမှာ မြန်မာနိုင်ငံဟာ “ရာဘ” သို့မဟုတ် “ ရာမ” လို့ လူသိများတဲ့ အမ်ဖီတမင်း အမျိုးအစား စိတ်ကြွ ဆေးပြားကိုလည်း အများဆုံးထုတ်လုပ်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့တယ်လို့  မူးယစ်ဆေးဝါးမူဝါဒ ပြောင်းလဲခြင်း ထောက်ခံ ဆွေးနွေးရေးအဖွဲ့ (မြန်မာ) ရဲ့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီထုတ် အစီရင်ခံစာမှာ ရေးသားထားပါတယ်။

တကယ့်လက်တွေ့မှာတော့ နိုင်ငံတကာ အစီရင်ခံစာတွေမှာ မပါဝင်တဲ့ ဒုက္ခတွေကို ဒေသခံတွေ ခံစားကြရ ပါတယ်။ မူးယစ်ဆေးဝါးရဲ့ ရိုက်ခတ်မှုဟာ လူတဦးချင်း ထိခိုက်မှုထက် အများကြီးပိုများခဲ့တာပါ။

“ မူးယစ်ဆေးဝါးကြောင့် လူတွေပျက်စီးတာများလို့ အိမ်ထောင်တွေလည်း ပျက်လာတာများတယ်။ လူငယ်တွေ လည်း သုံးစွဲလာတာများတယ်။ အဲ့ဒါကြောင့် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး မလုပ်လို့ မရတော့ဘူးဆိုတဲ့ စိတ်နဲ့ ပါဝင်ခဲ့တယ်” လို့ ခမ်းရှာဖုန် အမျိုးသမီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ ဒေါ်ထုဆိုင်က ပြောပါတယ်။

အမျိုးသမီးတွေ ဦးဆောင်ပြီး လုပ်ဆောင်ရတဲ့အတွက် အခက်အခဲများစွာ ကြုံရကြောင်း၊ မူးယစ်ဆေးဝါးကို သွားရောက်ဖမ်းဆီးသည့်အခါ အမျိုးသမီးတွေသာ သွားရသဖြင့် တခါတလေ မူးယစ်ဆေးရောင်းသည့်သူများ ခြိမ်းခြောက်မှုကိုလည်း ခံရကြောင်း ဒေါ်ထုဆိုင်က ပြောပြပါတယ်။

“အခက်အခဲကတော့ အများကြီးပါပဲ။ တောင်ပေါ်တက် အိမ်တွေ လိုက်ရှာတာတော့ အခက်အခဲတွေ များပါ တယ်။ အိမ်ရှင်အမျိုးသမီးတွေကိုယ်တိုင် ပူးပေါင်း ရှာပေးတာတွေရှိတယ်” ဟု ဒေါ်ထုဆိုင်က ဆိုပါတယ်။

“နောက်လာမယ့် သားသမီးတွေ မူးယစ်ဆေးစွဲသွားမှာစိုးလို့ မိခင်တွေ မပါရင်မရတော့ဘူးဆိုတဲ့ အနေအထားနဲ့ ပါဝင်လုပ်ဆောင်ခဲ့တာပါ” ဟု ဒေါ်ထုဆိုင်က ဆိုပြန်ပါတယ်။

နိုင်ငံတကာ မူးယစ်ဆေးဝါး အစီရင်ခံစာတွေမှာလည်း ဆိုးရွားလာနေတဲ့ အခြေအနေတွေကို ထင်ဟပ် ဖော်ပြ ထားပါတယ်။

ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာ မူးယစ်ဆေးဝါး သုံးစွဲမှု အများဆုံးဖြစ်ပြီး၊  မူးယစ်ဆေးဝါး အကြောထိုးသွင်းသုံးစွဲသူတွေအတွင်း အိတ်ချ်အိုင်ဗွီ ပိုးကူးစက်ပျံ့ပွားမှုကို ကိုယ်တွယ်ဖြေရှင်းရန် ကြိုးပမ်းအား ထုတ်မှုတွေ လိုအပ်နေကြောင်း၊ မြန်မာနိုင်ငံမှာ အသက် (၁၅)နှစ်အထက် မူးယစ်ဆေးဝါးကို အကြောတွင်း ထိုးသွင်းသုံးစွဲသူ အရေအတွက် (၈၃၀၀၀) လောက်ရှိနေတယ်လို့လည်း UNAIDS  အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးဆိုင်ရာ ပြသာနာတွေကတော့ ဆင်းရဲနွမ်းပါးမှု၊ စားနပ်ရိကာမဖူလုံမှု၊ ဖွံ့ဖြိုးမှု နောက်ကျခြင်း၊ မြေယာလက်လှမ်းမီသုံးစွဲနိုင်မှု နည်းပါးခြင်းနဲ့ အားနည်းတဲ့ အုပ်ချုပ်စီမံရေး၊ တရားဥပဒေ စိုးမိုးမှု အားနည်းခြင်းတို့ ဖြစ်ပါတယ်လို့လည်း အစီရင်ခံစာမှာ ရေးထားပါတယ်။

မုံးပေါ်ဒေသမှာတော့ အသက် (၁၂)နှစ်အရွယ် ကလေးကအစ မူးယစ်ဆေးဝါး သုံးစွဲလာတဲ့အတွက် ဓလေ့ထုံးစံ အရ သောက်သုံးနေကြသလို ဖြစ်နေခဲ့ကြောင်း၊ နောင်လာမည့် ကိုယ့်သားသမီးတွေ မူးယစ်ဆေးဝါး သုံးစွဲသွား မှာကို စိုးရိမ်မိသောကြောင့် မိခင်တယောက်အနေဖြင့် ပါဝင်လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ ဒေါ်မာရွယ်က အမျိုး သမီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ဝင်လာရပုံကို ပြောပြပါတယ်။

“ တိုက်ဖျက်တဲ့အခါ တချို့တွေဆို ဓားနဲ့ရွယ်တာတွေ၊ ပြီးတော့ ခြိမ်းခြောက်တာတွေ ရှိပါတယ်။ အမျိုးသား တွေက ကျမတို့ မူးယစ်ဆေးဝါးတွေ တိုက်ဖျက်တာ မကြိုက်ကြဘူး။ သူတို့တွေကိုယ်တိုင်က သုံးစွဲနေလို့လေ” ဟု ဒေါ်မာရွယ်က ပြောပြပါတယ်။

အမျိုးသမီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဟာ မူးယစ်ဆေးရောင်းဝယ်သူတွေ၊ သုံးစွဲသူတွေကို သွားရောက် ဖမ်းဆီးသည့်အခါ အခက်အခဲမျိုးစုံကြုံခဲ့ရကြောင်း၊ ရွာများကို သွားရောက်ဖမ်းဆီးတဲ့အခါ တောထဲမှာ အိပ် စောင့်ကာ ဖမ်းခဲ့ရကြောင်းလည်း ခမ်းရှာဖုန် အမျိုးသမီးအဖွဲ့က ပြောပြပါတယ်။

“ ကျမတို့အဖွဲ့က တနေ့လုပ်တနေ့စားသမားတွေ များတယ်။ ရွာကို ခြေလျင်နဲ့ သွားရတယ်။ သွားဖမ်းတဲ့ အချိန် မှာလဲ တောထဲအိပ်ပြီး မနက်မိုးမလင်းခင် အိမ်ထဲဝင်ဖမ်းတာ ဆိုင်ထဲဝင်ဖမ်းတာ။ ပြီးတော့ လမ်းမှာ ကားတွေ တားပြီး ဖမ်းရတယ်။ အဲ့ကို သွားချိန်တွေဆို မရှိတဲ့သူအတွက် ရှိတဲ့သူက ထမင်း ပိုထုတ်ပေးရတယ်” ဟု အဖွဲ့ လုပ်ဆောင်ချက်ကို ခမ်းရှာဖုန်း အမျိုးသမီး ဥက္ကဌ ဒေါ်နန်ဆွယ် ကပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးရသည့် ဘိန်းတွေကို မီးရှို့ဖျက်ဆီးခြင်း၊ ဘိန်းရောင်းဝယ်သူများကိုဖမ်းကာ ကိုယ်တိုင် အချုပ် ဖြင့် ချုပ်နှောင်ထားခြင်းကိုလည်း ပြုလုပ်ကြောင်း သိရပါတယ်။

“ဖမ်းရတဲ့သူတွေကို ကိုယ့်ဥပဒေ ကိုယ့်ပုဒ်မနဲ့ လုပ်တယ်။ အစိုးရဥပဒေ အစိုးရပုဒ်မနဲ့ လုပ်လို့မရ ကိုင်လို့မှ မရတာ။ ကြိုးလည်း မချည်ရဘူး။ ခြောက်ပေါက်လည်း မထည့်ရဘူးဆိုတော့ ကိုယ့်ဟာကိုယ် ထည့်လိုက်တယ်”  ဟု ဒေါ်အက်စတာက ပြောပြပါတယ်။

အချုပ်ခံရသည့် မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေကို အမျိုးသမီးအဖွဲ့မှ အလှည့်ကျကင်းစောင့်ပေးပြီး၊ ထမင်းကို လည်း အမျိုးသမီးအဖွဲ့က ချက်ကျွေးကြောင်း၊ ဘိန်းဖြတ်ချင်သူများကိုလည်း မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန်များနှင့် ဆွေးနွေးကာ ဖြတ်ပေးကြောင်း ဒေါ်အက်စတာက ဆိုပါတယ်။

“ ဆေးဖြတ်တာကတော့ မက်သတုံး မသုံးဘူး။ အစိမ်းပဲဖြတ်တယ်။ မူဆယ်က စိတ်ဆရာဝန် ညွန်ကြားတဲ့ အတိုင်း ညှိပြီးလုပ်တယ်။ စားဖို့ကတော့ သူတို့ အိမ်က ဆန်၊ ဆီတွေ ပေးတယ် လာပေးတယ်။ မပေးရင်တော့ ငွေကျပ် (၃)သောင်းပေးရပါတယ်။ ကျမတို့က အလှည့်ကျ ချက်ကျွေးပါတယ်” ဟုလည်း ဒေါ်အက်စတာ က ဆိုပြန်တယ်။

မူးယစ်ဆေးဝါးသုံးစွဲတဲ့သူများသည် အိမ်ကပစ္စည်း ဖြစ်သည့် ဓားများ၊ ကချင်ရိုးရာပစ္စည်းများနှင့် ကျွဲအဆုံး ပေါင်ပြီး သုံးစွဲကြတာကို တွေ့ရကြောင်းလည်း ယင်းအဖွဲ့မှ ပြောဆိုပါတယ်။

မူးယစ်ဆေးဝါးတိုက်ဖျက်မှု ပြုလုပ်သည့်အတွက် ဒေါ်အက်စတာ၏အိမ်ရှေ့တွင် မိုင်းလာရောက်ချိတ်သည့် ဖြစ်စဉ်အထိ ခြိမ်းခြောက်ခဲ့ကြောင်းလည်း  မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ဝင်များ က ပြောကြပါတယ်။

လက်ရှိမှာ မုံးပေါ်ဒေသအတွင်း တိုက်ပွဲတွေ ဖြစ်ပွားတဲ့အတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို မလုပ် ဆောင်နိုင်ခဲ့သည်မှာ လနှင့်ချီရှိလာပြီဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်မှု မလုပ်နိုင်သည့်အတွက် မူးယစ် ဆေးဝါး ပြန်ပြီး ထွန်းကားလာမည်ကို အမျိုးသမီးအဖွဲ့က စိုးရိမ်နေကြသည်။

“ တိုက်ပွဲတွေကြောင့် မူးယစ်ဆေးဝါး မတိုက်ဖျက်နိုင်တဲ့အတွက် မူးယစ်ဆေးဝါးသုံးစွဲတဲ့သူ ပိုများလာနိုင်တယ်။ တောထဲသွားတဲ့လူတွေကလည်း အရက်သောက်ကြတယ်။ မသောက်ရင်လည်း မခံနိုင်ဘူးဆိုတာလည်း ရှိ တယ်။ တခါဖြတ်ပြီးတဲ့သူလည်း ပြန်သောက်လာနိုင်တယ်” ဟု ဒေါ်နန်ဆွယ် က ဆိုပါတယ်။

ဆက်လက်ပြီး ဒေါ်နန်ဆွယ်က “ ကျမတို့က  ဘိန်းသုံးစွဲတဲ့သူ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူ မရှိတဲ့အထိ တားဆီး ရေးကို လုပ်ရမယ်လို့ ဆုံးဖြတ်ထားတယ်။ တသက်လုံးကြိုးစားရမယ်” ဟု ပြောပါတယ်။

ယခင်တွင် မုံးပေါ်ဒေသ လူဦးရေ (၂၀၀၀)ကျော်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ (၆၀၀) ကျော်ရှိပြီး အိမ်တိုင်းနီးပါး မူးယစ်ဆေးဝါး ရောင်းဝယ်မှုပြုလုပ်ကြပြီး၊ ယခုနှစ် မူးယစ်ဆေးဝါး သုံးစွဲသူမှာ အလွန်နည်းပါးလာကြောင်း လည်း ခမ်းရှာဖုန်း အမျိုးသမီးအဖွဲ့က ဆိုပါတယ်။

နိုင်ငံတော်အနေဖြင့် ငြိမ်းချမ်းရေးနဲ့ မူးယစ်ဆေးဝါးပပျောက်ရေးကို အကောင်းဆုံး လုပ်စေချင်ကြောင်း၊ အစိုးရ က မူးယစ်ဆေးဝါး လုံးဝမရှိအောင် ကူညီပံ့ပိုးမှု လိုချင်ကြောင်းနှင့် မူးယစ်ဆေးဝါး ကင်းစင်တဲ့ တိုင်းပြည် ဖြစ်စေ ချင်ပါတယ်လို့လည်း အမျိုးသမီးတွေ တပြိုင်နက်ပြောဆိုကြပါတယ်။

အကူအညီရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ မုံးပေါ်ဒေသက အမျိုးသမီးတွေကတော့ မူးယစ်ဆေးဝါးကြောင့် “နွံနစ်မခံပဲ” ကိုယ့်နည်းကိုယ့်ဟန် ဆက်လက်ကြိုးစားသွားမှာပဲ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

 

 

Related Articles