Home သတင်း ဟင်္သာတမြို့က နိုင်ငံတကာအမျိုးသမီးများနေ့နှင့် မုဒိန်းမှု ပပျောက်ရေး လှုပ်ရှားမှု

ဟင်္သာတမြို့က နိုင်ငံတကာအမျိုးသမီးများနေ့နှင့် မုဒိန်းမှု ပပျောက်ရေး လှုပ်ရှားမှု

ပစ်တိုင်းထောင်မ (ရန်ကုန်)။               ။

လမ်းဘေး အုတ်နံရံကို ဝါးနှစ်လုံးနဲ့မှီပြီး ဆိုင်းဘုတ်ကြီး တခုထောင်ထားတယ်။ ဗီနိုင်းဆိုင်းဘုတ်တခု ဖြစ်ပါ တယ်။ ဆိုင်းဘုတ်မှာတော့ ဆောင်ပုဒ်တခုရေးထားတာကို တွေ့ရတယ်။

လူမှုဘ၀ အေးချမ်းလုံခြုံရေးအတွက် မုဒိမ်းမှုများ ပပျောက်ရေးသည် လူသားတိုင်း၏ တာဝန်ဖြစ်သည်

အဆောက်အဦအတွင်းမှာတော့ လူပေါင်း (၅၀၀) ကျော်ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနား တခုကို ကျင်းပနေ ကြပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ပတ္တမြားလမ်း၊ လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကာကွယ်မြှင့် တင်သူများအဖွဲ့ (ရုံးချုပ်) မှာ မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union) က ဦးဆောင်ပြီး နိုင်ငံတကာ အမျိုးသမီးများနေ့ကို ၂၀၁၇ ခုနှစ်၊ မတ် ၈ ရက်နေ့မှာ ကျင်းပနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာအမျိုးသမီးများနေ့ကို နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်နေ့ကို သတ်မှတ်ထားပြီး တချို့နေရာတွေ မှာတော့ မတ်လဒုတိယအပတ်ထဲမှာ ကျင်းပလေ့ရှိပါတယ်။ နိုင်ငံတကာမှာ ကျင်းပခဲ့တာ ၁၀၆ ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ နိုင်ငံတကာအမျိုးသမီးများနေ့ကို ကျင်းပကြတာ သိပ်မကြာသေးပါ ဘူး။ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့မှာတော့ ဒါဟာ ပထမဆုံးအကြိမ်ကျင်းပတာ ဖြစ်ပါတယ်။

ဟင်္သာတမြို့အနီးဝန်းကျင်က အမျိုးသမီးတွေကို အမျိုးသမီး အခွင့်အရေးတွေ သိရှိလာစေဖို့ ရည်ရွယ်ပြီး နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားကို ဒီနေရာမှာ လာရောက်ကျင်းပတာ ဖြစ်တယ်လို့ မြန်မာ့အမျိုး သမီးသမဂ္ဂ (BWU) စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ မယဉ်မျိုးလှိုင်က ပြောပါတယ်။

“အရင်က ကျမတို့ BWU အနေနဲ့ ဟင်္သာတမြို့နယ်ထဲက ရွာတွေကို စကားဝိုင်းတွေ လိုက်လုပ်ပေးဖူးတာ ရှိတယ်။ အဲဒီအပေါ်မှာ ပြန်ပြီးခြုံငုံသုံးသပ်ကြည့်လိုက်တော့ ဟင်္သာတမှာရှိတဲ့ အမျိုးသမီးတော်တော်များ များဟာ အမျိုးသမီးအခွင့်အရေးတွေကို သိနားလည်မှုနည်းပါးနေသလိုရှိတာနဲ့ နောက်တခုက ကျမတို့ စကားဝိုင်းတွေ လိုက်လုပ်နေတဲ့ ရွာတွေမှာလည်း မုဒိမ်းမှုတွေရှိတယ်ဆိုတာကို သိလာတယ်။ ကျမတို့ပါဝင် ကူညီနေရတာ၂ မှု ၃မှုရှိတယ်”

သတင်းအချက်အလက်တွေအရ ဧရာဝတီတိုင်းဒေသကြီးဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေထဲမှာ မုဒိန်းမှု ဖြစ်ပွားတာ ဒုတိယအများဆုံးလည်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ အမျိုးသမီးများနေ့ကို မုဒိန်းမှု ပပျောက်ရေး စည်းရုံးလှုံ့ဆော် လှုပ်ရှားမှုတွေနဲ့အတူ ဟင်္သာတပတ်ဝန်းကျင်မှာ လုပ်ဆောင်တာဖြစ်ပါတယ် လို့ မယဉ်မျိုးလှိုင်က ပြောပါတယ်။

“ဒေသအတွင်းမှာရှိတဲ့ အမျိုးသမီးတွေကို ဥပဒေနဲ့အညီ အကာအကွယ်ရနိုင်ဖို့အတွက် ရှေ့နေတွေ မြို့နယ် ရဲတွေနဲ့ ပူပေါင်းပြီး လုပ်ပေးခြင်းဖြစ်ပါတယ်”

ဒီနှစ် ဟင်္သာတမှာလုပ်တဲ့ လှုပ်ရှားမှုဟာ အခမ်းအနား ကျင်းပရုံ မဟုတ်ပါဘူး။ ဟင်္သာတမြို့အပြင် ရွာ ၄ ရွာဖြစ်တဲ့ အုတ်ပုံ၊ ရွာသာရွာ၊ ကင်းမွန်ချောင်းနှင့် ကိုင်းချောင်းရွာတွေကို ဆင်းပြီး မုဒိမ်းမှုပပျောက်ရေး အကြိုဟောပြောပွဲကို ပြုလုပ်ခဲ့ကြတယ်လို့ မယဉ်မျိုးလှိုင်က ပြောပါတယ်။

“တကယ့် ရွာခံအခြေခံရွာတွေမှာရှိတဲ့ လူထုတွေက ဥပေဒအရ ဥပမာ ပြစ်မှုတစ်ခုခုဖြစ်လာရင် မုဒိမ်းမှုဖြစ် လာရင် ထုတ်ဖော်ပြောဖို့က အရမ်းသတ္တိနည်းကြတယ်၊ အရှက်အကြောက်တွေက ပိုလွှမ်းမိုးနေတယ်”။

အမျိုးသမီးတွေအတွက် ဥပဒေအရ အကာအကွယ်တွေက ဘာတွေလဲ၊ မုဒိမ်းမှုဖြစ်လာရင် ဘယ်လို လုပ် ဆောင်ရမလဲဆိုတဲ့ အသိတွေကို ကျေးလက်နေ အမျိုးသမီးတွေ သိအောင်ရယ် ရှေ့နေတွေ ရဲတွေနဲ့ တိုက် ရိုက် ချိတ်ဆက်နိုင်အောင်ရယ်ဆိုပြီး ရွာတွေမှာ စကားဝိုင်းလိုမျိုး ဟောပြောပွဲတွေလိုမျိုးမှာ ရှေ့နေတွေ ရဲတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သူက ပြောပြပါတယ်။

ရှေ့နေတွေကို  ခေါ်တယ်။ မြို့နယ်ရဲတွေကို ခေါ်သွားတယ်။ ရဲတွေရဲ့ လုပ်ဆောင်မှုတွေဘာတွေရှိလဲ  အမှု တခု လာတိုင်ပြီဆိုရင် ရဲတွေအနေနဲ့ ဘာတွေလုပ်ဆောင်ပေးနေတယ်ဆိုတာ သိရအောင်ရယ် ရှေ့နေတွေ ကလည်း အမျိုးသမီးတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေက ဘယ်လိုမျိုးရှိနေလဲ ထောင်ဒဏ်တွေက ဘယ်လောက်ထိ ကျနိုင်လဲ ပြီးရင် ပြည်သူတွေနဲ့ ရှေ့နေတွေ ရဲတွေနဲ့ ထိစပ်မှုရှိအောင်ဆိုတဲ့ ရည်ရွယ် ချက်တွေနဲ့ ကျမတို့က ရွာတွေကိုဆင်းပြီး စကားဝိုင်းလည်း ဟုတ်သလိုမျိုး ဟောပြောပွဲပုံစံမျိုးလည်း ကျမတို့ လုပ်ခဲ့တာပေါ့

အမျိုးသမီးတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေကို အမျိုးသမီးတွေ သိဖို့လိုတယ်လို့ ဥပဒေအပိုင်းကို ရွာတွေအထိဆင်းပြီး ဟောပြောပေးတဲ့ ဟင်္သာတမြို့ရဲ့ အထက်တန်းရှေ့နေ ဦးဝင်းဇော်မိုးက အခုလိုရှင်းပြ ပါတယ်။

“ကျေးလက်နေ လူထုတွေက အခြေခံလူထုတွေက အသိပညာအားဖြင့် အားနည်းကြတယ်။ စားဝတ်နေရေး ကိုပဲ လုံးပမ်းနေကြရတယ်။ စားဝတ်နေရေး လုံးပမ်းနေရတဲ့အတွက် ဥပဒေဆိုတာ သူတို့အနေနဲ့ လက်လှမ်း မမှီနိုင်ဘူး။ ငွေကြေးဆင်းရဲတဲ့အတွက် အစော်ကားခံရပြီ အနိုင်ကျင့်ခံရပြီဆိုရင် ဒီ တရားရုံးတွေ ရဲတွေဆီ သွားရမှာ အရမ်းကြောက်တယ်” လို့ ရှေ့နေဦးဝင်းဇော်မိုးက ပြောပါတယ်။  တဆက်ထဲမှာပဲ “အခုလို ဟော ပြောရတဲ့ အကျိုးကျေးဇူးကြောင့် အကြမ်းဖက်ခံရရင် အစော်ကားခံရရင် ဘယ်လို ဘယ်မှာ တိုင်ကြားရမလဲ ဘယ်လို လုပ်ရမလဲဆိုတာတွေ သူတို့တွေ သိလာပြီး ဒီလိုအမှုတွေလည်း ကျဆင်းစေချင်တာကြောင့် ဟောပြောပေးနေတာဖြစ်ပါတယ်”

ကျေးရွာတွေမှာ အမျိုးသမီးတွေအပေါ် စော်ကားမှုနဲ့ ပတ်သက်တဲ့ မတူညီတဲ့ပြစ်မှုတွေအကြောင်းကို ရှေ့နေ တွေက ရှင်းပြခဲ့ပါတယ်။ အထူးသဖြင့် ကိုယ်ထိလက်ရောက်စော်ကားမှု၊ ကာမလိမ်လည်ရယူမှု၊ မုဒိန်းမှု၊ မိဘအုပ်ထိန်းသူအောက်ရှိ မိန်းကလေးကို ခိုးယူပေါင်းသင်းမှု စတာတွေရဲ့ ကွာခြားမှုနဲ့ အပြစ်ပေး အရေးယူ နိုင်မှုတွေကို ရှင်းပြခဲ့တာလို့ သူက ရှင်းပြပါတယ်။

ဟင်္သာတမြို့ရဲ့ မြို့တော်ဝန်တဦးလည်းဖြစ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးလှမြင့်မှ အခမ်းအနားဖွင့် ပွဲမှာ စကားပြောကြားခဲ့ပြီး နိုင်ငံတကာအမျိုးသမီးများနေ့သမိုင်းကြောင်းကိုလည်း ရှင်းပြသွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟင်္သာတမြို့နယ်ရဲ့ အလုပ်အမှုဆောင်လည်းဖြစ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ဒေါ်ဆွေဆွေနွယ်ကတော့  မုဒိမ်းမှုတွေ လျှော့ကျဖို့ အဓိကလုပ်ဆောင်ရာမှာ ဥပဒေ ပိုင်းက အရေးကြီးတယ်လို့ ပြောပါတယ်။

“တရားဥပဒေစိုးမိုးရေးကတော့ အစိုးရပိုင်းက တတ်နိုင်တဲ့ အဓိက နံပါတ် (၁)ပေါ့ ။ တရားဥပဒေစိုးမိုးရေး မှာဆို ဥပဒေရဲ့အထက်က တခြားဖိအားတွေ ပယောဂတွေ ဝင်လာမယ့်အရာတွေကို ဖယ်ရှားနိုင်ဖို့ အခွင့် အာဏာရှိတာက အစိုးရဖြစ်တယ် ဥပေဒကို ဥပဒေအတိုင်းသွားနိုင်ဖို့ အစိုးရက လုပ်ဆောင်ရမှာဖြစ်တယ်”။ သူကပဲ ဆက်ပြီး “ဒီအခမ်းအနားက CSOs တွေ လုပ်တာဖြစ်တယ်။ အခုလိုပဲ CSOs လုပ်ငန်းတွေ ထိထိရောက်ရောက်လုပ်နိုင်ဖို့ အားပေးချီးမြှောက်ပြုပြီး ပံ့ပိုးနိုင်တာက အစိုးရဖြစ်တယ်။ ဒါကြောင့် အစိုးရ အနေနဲ့ အားပေးချီးမြှောက်မှုတွေ လုပ်ပေးသင့်တယ်လို့ အန်တီက မြင်တယ်”။

တဖက်မှာလည်း အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို ကိုင်တွယ်ရာမှာ ရဲဌာနတွေမှာ အမျိုးသမီး ရဲတွေရှိရင် ပိုပြီး အဆင်ပြေမယ်လို့ ဒေါ်ဆွေဆွေနွယ်က ပြောပါတယ်။

“အမျိုးသမီးရဲတွေရှိသင့်တယ်၊ ထားသင့်တယ်၊ အမျိုးသမီးရဲ ဖြစ်တဲ့အခါကျတော့ တယောက်နဲ့ တယောက် ပွင့်ပွင့်လင်းလင်းချဉ်းကပ်မယ်။ ဒီအမှုကို ဖော်ထုတ်အမိန့်ချဖို့ လုပ်တဲ့အခါမှာ တရားခံဖြစ်သူက (yes) or (no) လောက်ပဲ ဖြေ ရတော့မယ်ဆိုရင် သူ့အတွက်လည်း ခံသာတယ်။ အမျိုးသမီး ရဲတွေက ပိုပြီးတော့ ဒီလိုအမှုမှာ ထဲထဲဝင်ဝင် ကြင်ကြင်နာနာနဲ့ ဖော်ထုတ်စွမ်းဆောင်နိုင်မယ့် လူတွေဖြစ်တဲ့အတွက် သူတို့ကို အသုံးပြုသင့်တယ်။”

အခမ်းအနားမှာ ရွာခံအမျိုးသမီး သုံးဦးက သူတို့ကြုံတွေ့ရတဲ့ အဖြစ်မှန်အခက်အခဲများကိုလည်း ပြောခဲ့ ပါတယ်။ ဒီအထဲမှ ရွာခံတဦးဖြစ်တဲ့ ဒေါ်နီလာအောင်မှ အမျိုးသမီးတွေ ခေါင်းဆောင်မှုအပိုင်းမှာ ပိုမိုပါဝင်နိုင်ဖို့ အမျိုးသားတွေအနေနဲ့ ကူညီပံ့ပိုးမှုတွေ ရှိစေချင်တယ်လို့ အခုလို ပြောထားပါတယ်။

“ကျမတို့ နေထိုင်ရာ ပတ်ဝန်းကျင်မှာ  အမျိုးသမီးတွေ အကြမ်းဖက်ခံနေရတာ နှစ်စဉ်နှစ်တိုင်းဖြစ်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးတွေ လိင်ကွဲပြားတာနဲ့ တာဝန်ယူမှုတွေက အစပြုပြီးတော့ စိတ်ပိုင်းဆိုင်ရာ၊ လိင် ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အမျိုးမျိုးအကြမ်းဖက်ခံနေရတာဖြစ်ပါတယ်။ ပြုလုပ်တဲ့လူတွေက ဥပဒေကို မသိ လို့ လုပ်ရင်လည်း ခံစားနေရတာက အမျိုးသမီးတွေဖြစ်ပါတယ်” လို့ ပြောပါတယ်။

သူကပဲ အခု ဟောပြောပွဲတွေနဲ့ လှုပ်ရှားမှုတွေကြောင့် ဗဟုသုတတွေ အများကြီးရခဲ့တယ်လို့ ပြောပါတယ်။

“ကျမတို့ အမျိုးသမီးတွေ ဥပဒေပိုင်းအရ အကာအကွယ်ပေးထားတာတွေရှိပါတယ်။ ဒါကို ကျမတို့ အမျိုး သမီးတွေက မသိဘူး။ နိုင်ထက်စီးနင်းစိတ်ရှိတဲ့ ယောကျ်ားတွေ လုပ်သမျှကို အခန်းထောင့်မှာ ထိုင်ငိုပြီး ခံနေမယ့်အစား ကိုယ်မသိရင် သိတဲ့လူကို မေးမယ်၊ မတတ်ရင် တတ်တဲ့လူကိုမေးတယ်ဆိုရင် အသိပညာ တွေက အများကြီး တိုးပွားလာပြီး ဖြေရှင်းနိုင်မှာဖြစ်ပါတယ်”။

ဒီနှစ်ကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကို အမျိုးသမီးတွေက အသိရှိရှိ တက်တက် ကြွကြွ ပါဝင်လာကြတာ တွေ့ရလို့ ဝမ်းသာတယ်လို့ ရှေ့နေ ဦးဝင်းဇော်မိုးက ပြောပါတယ်။

“ဒီနေ့လုပ်ခဲ့တဲ့ ပွဲလေးကို အရမ်းအားရတယ်။ ကျနော်တို့ ရွာတွေမှာ လိုက်ဟောပြောခဲ့တာတွေက အမျိုး သမီးထုကြားထဲမှာ ဥပဒေတွေနဲ့ ဘယ်လိုအကာအကွယ်ယူမလဲဆိုတာ မျက်စိပွင့် နားပွင့်ဖြစ်လာစေတယ်။ ဒီနေ့ကျင်းပတဲ့ ပွဲဟာလည်း ရွာတွေမှာ ပြောခဲ့တဲ့ သာမန်ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို ဒီနေ့ နိုင်ငံတကာ အမျိုးသမီးများနေ့အခမ်းအနားမှာ တခဲနက်တက်ရောက်လာတဲ့အမျိုးသမီးတွေကို ကြည့်ခြင်းအားဖြင့် ပွဲမ တိုင်ခင်က ဟောပြောခဲ့တဲ့ အကျိုးကျေးဇူးတွေလည်းပါတယ်လို့ ကျနော်မြင်တယ်။”

 

Related Articles