Home သတင်း သက်ငယ်မုဒိန်းကာကွယ်ရေး ပြဇာတ်ဖြင့် ပညာပေး

သက်ငယ်မုဒိန်းကာကွယ်ရေး ပြဇာတ်ဖြင့် ပညာပေး

ကချင်မလေး။

သက်ငယ်မုဒိန်း ကာကွယ်တားဆီးရေးအတွက် ပြဇာတ်သရုပ်ဖော်တင်ဆက်ခြင်းကို အခရာအမျိုးသမီးအဖွဲ့က ဦးဆောင်ပြီး ဇန်နဝါရီ (၂၄) ရက်နေ့က ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်တွင် ပြုလုပ်ခဲ့ရာ ပရိသတ်များ၏ စိတ် ဝင်စားမှုကို ရရှိခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှုတခုအား မိဘပြည်သူ ရပ်ရွာလူထု ပူးပေါင်း ဖော်ထုတ်ခဲ့သည့် အဖြစ်အပျက်ကို အခြေခံထားသည့် ပြဇာတ်ကို မြောက်ဥက္ကလာပ (ဌ) ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးတွင် တင်ဆက်ခဲ့ခြင်းဖြစ်သည်။

ဒီပြဇာတ်မှာ လူထု၏ပူးပေါင်းပါဝင်မှု အရေးကြီးသည့်အပေါ် ပညာပေးသည့်အနေဖြင့် အဓိကတင်ဆက်ခြင်းဖြစ် သည်ဟု အခရာ အမျိုးသမီးအဖွဲ့ တာဝန်ခံတစ်ဦးဖြစ်သူ ဒေါ်ပပက ပြောသည်။

ဒီရပ်ကွက်လေးဟာ အရမ်းအားကျဖို့ကောင်းတယ်၊ ဖြစ်လာတဲ့အမှုအပေါ်မူတည်ပြီးတော့ ကလေးရော၊ မိဘ ကိုရော အပြစ်မတင်ဘူး၊ မိဘကိုယ်တိုင်ကလည်း စာပေကြီးကြီးကျယ်ကျယ်တတ်တဲ့ မိဘမဟုတ်ပေမယ့်လည်း ကိုယ့်သားသမီးကို အပြစ်မတင်ဘူး၊ နားလည်မှုပေးတယ်။ ဒီ့ပြင်ရပ်ကွက်က လူကြီးတွေ၊ ရပ်မိရပ်ဖတွေကလည်း နားလည်မှုပေးပြီးတော့ လက်တွဲပြီး ပူးပေါင်းပါဝင် လုပ်ဆောင်ကြတာ တွေ့ရတယ်။ ဒီလိုမျိုးပဲ ရပ်ကွက်တိုင်း၊ မြို့ နယ်တိုင်းမှာ ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ ခံစားရတဲ့သူက ခံစားရပေမယ့်လည်း လွယ်လွယ်ကူကူ ကျော်လွှားနိုင် မယ်ပေါ့နော် အဲဒီအတွက်ကို အဓိကပေးတာပါ

ပြဇာတ်တွင် မတရားပြုကျင့်ခံရလျှင် ကာယကံရှင်မိဘများမှ နှုတ်ဆိတ်မနေဘဲ အမှုမှန်ကို တိုင်တန်းရဲလာရန်၊   ကျူးလွန်ခံရသူအား လူမှုပတ်ဝန်းကျင်နှင့် ကျောင်းများတွင်လည်း ပြစ်တင်ဝေဖန်ခြင်းမျိုး၊ လူမှုအသိုင်းအဝိုင်း အတွင်းမှ ဖယ်ကျဉ်ခြင်းမျိုး မပြုလုပ်ဘဲ သူမအား နှစ်သိမ့်အားပေးခြင်းများပြုလုပ်ရန်၊ မိဘပြည်သူများ ပူးပေါင်း ပြီး ကျူးလွန်သူကို ဖော်ထုတ်သွားရန် ပညာပေးသောပြဇာတ်ဖြစ်ပါသည်။

မြောက်ဥက္ကလာ (ဌ)ရပ်ကွက် အမျိုးသမီးရေးဥက္ကဌ ဒေါ်အေးအေးသန်းက သက်ငယ်မုဒိမ်းတားဆီးရေးကို မျက် ခြေမပြတ် စောင့်ကြည့်ကာကွယ်သွားရန် လိုအပ်သည်ဟု ပြောသည်။

ဒီလိုမဖြစ်အောင်လို့ ဒီလိုအဖွဲ့တွေနဲ့ ပူးပေါင်းမယ်၊ အုပ်ချုပ်ရေးမှူးတွေနဲ့အတူူတူ၊ ရပ်ကွက်တင်မကဘူး၊ မိဘ၊ ပြည်သူ၊ ပတ်ဝန်းကျင်အားလုံးက ကလေးသူငယ်လေးတွေကို ပြုစုစေချင်တယ်၊ စောင့်ကြည့်စေချင်တယ်၊ ကြည့်နေစေချင်တယ်၊ မျက်ခြေမပြတ်ကြည့်နေစေချင်တယ်၊ ဒီလိုအဖြစ်မျိုး မဖြစ်အောင် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်သင့်တယ်

အုပ်ချုပ်ရေးရုံးအဖွဲ့ဝင် ဦးမြင့်အောင်က ထိုပွဲနှင့်ပတ်သက်ပြီး အများကြီးကျေနပ်အားရပါတယ်၊ နောက်တခါဆို ဒီထက်ကျယ်ဝန်းတဲ့ နေရာတွေမှာ ဒီအဖွဲ့ကလာလုပ်ပေးမယ်ဆိုရင် ထပ်စီစဉ်ပေးလို့ရပါတယ်လို့ ဆိုပါသည်။

ထိုကဲ့သို့ သမရိုးကျအစီအစဉ်မျိုးမဟုတ်ဘဲ ပြဇာတ်၊ အက၊ အမေးအဖြေကဏ္ဍများဖြင့် ပညာပေးမှုများသည် ထူးခြားမှုရှိသဖြင့် လူထုအကြား ပညာပေးရာတွင် ပိုမိုထိရောက်မှုရှိသည်ဟု အခရာအမျိုးသမီးအဖွဲ့မှ ဒေါ်ပပက ပြောပါသည်။

Related Articles