Home ဆောင်းပါး စနစ်သစ်မှာ ပိုခက်ခဲ လာတဲ့ ဘတ်စ်ကားစီး အမျိုးသမီး ခရီးသည်များ

စနစ်သစ်မှာ ပိုခက်ခဲ လာတဲ့ ဘတ်စ်ကားစီး အမျိုးသမီး ခရီးသည်များ

Photo: Tayzar Aung (Facebook)

နန်းဆိုင်နွမ်။            ။

“ကားပေါ်ကနေ ဆင်းဆင်းချင်း ကိုယ့်ကိုယ်ကိုယ် မလုံတော့ အနောက်ကနေ လမ်းလျှောက်လာတဲ့ အမျိုးသမီး ပြောမှ ဘောင်းဘီ ဖင်ပြဲနေတာ သိလိုက်ရတယ်”

 

အချိန်ကတော့ အလုပ်ဆင်းချိန် ညနေ ၆နာရီ။

“ယောကျ်ားပဲရမယ်၊ ယောကျ်ားပဲရမယ်”

ဆူးလေမှတ်တိုင်မှာ YBS ခရီးသည်တင် ယာဉ်လိုင်းကား စပယ်ယာက အော်နေပါတယ်။

ဘတ်စ်ကားတွေ အားလုံး ခရီးသည်တွေနဲ့ ပြည့်ကြပ်နေပါတယ်။

ရန်ကုန်မြို့ရဲ့ YBS ခရီးသည်တင်လိုင်းကား စနစ်ကို ဇန်နဝါရီ ၁၆ ရက်နေ့ ကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကဦးဆောင်ပြီး ပြုပြင်ပြောင်းလဲမှုတွေ စတင် ပြုလုပ်ခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲမှုလုပ်လို့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာတော့ ဘတ်စ်ကား စီးနင်းတဲ့ ခရီးသည်တွေ အတွက် အထူးသဖြင့်တော့ အမျိုးသမီးတွေအတွက်ကတော့ အခက်အခဲတွေ၊ အန္တရာယ်တွေ ပိုပြီးကြုံတွေ့နေကြရတယ် လို့ ဘတ်စ်ကား စီးတဲ့ အမျိုးသမီးထုတွေက ဆိုကြပါတယ်။

“ယောကျ်ားလေးပဲ ရမယ် ဆိုပြီး စပယ်ယာတွေက အော်တော့ ကျမတို့ မိန်းကလေးတွေ ဘယ်လို တက်မှာလဲ။ ယောကျ်ားလေးတောင် တိုးလို့ ခက်တာ။ ကျမတို့ မိန်းကလေးဆိုရင်ဘယ်လို တက်ရမှာလဲ။ ခြေချစရာတောင် မရှိဘူး။” ဟု မြို့တော်ခန်းမ ရှေ့တွင် ယုဇန ဥယျာဉ်သို့ပြန်ရန် ရပ်စောင့်နေတဲ့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။ “လိုင်းကားစနစ်ပြောင်းကတည်းက အိမ်ပြန်နောက်ကျတယ်။ လိုင်းကားပေါ်မှာလည်း တိုးကြပ်နေတော့ ကျမတို့ အတွက် အဆင်မပြေဘူး။”

ရန်ကုန်ဘတ်စ်ကားလိုင်းတွေ ပြုပြင်မှု ပြောင်းလဲပြီး တစ်ပတ် ကျော်မှာတော့ ခရီးသည် အမျိုးသမီး တစ်ဦး ဘတ်စ်ကားပေါ်မှာ ဓားနဲ့ ဘောင်းဘီ ဖြဲခံရတဲ့ ဖြစ်စဉ်တစ်ခု ကြုံရသလို ဘတ်စ်ကားလူကြပ်တဲ့အတွက် အမျိုးသမီးတွေ ရဲ့ အိန္ဒြေ ပျက်ပြားစေတဲ့ အပြုအမူတွေ မျိုးစုံ ကြုံတွေ့နေရပါတယ်။

ဘတ်ကားပေါ် ဘောင်းဘီဖင် ကို ဓားနဲ့ ခွဲခံရတဲ့ အင်းစိန်မြို့နယ် အသက် ၂၁နှစ်အရွယ် အမျိုးသမီး မနော်လဲပွဲထူး က “ ဇန်နဝါရီ ၂၅ ရက်နေ့ ညနေ ၃နာရီ မှာ အင်းစိန်ကနေ မြေနီကုန်း ဘက်သွားတာပါ။ မြေနီကုန်း မှတ်တိုင်နားရောက်တော့ မှတ်တိုင်ဆင်းဖို့ ရပ်နေချိန်မှာ အနောက်ကနေ အမျိုးသားတယောက် ကပ်လာတာတော့ သိလိုက်တယ်။ ဒါပေမယ့် ဓားနဲ့ ဘောင်းဘီ ဖင်ကို ခွဲလိုက်တာတော့ ကားပေါ်ကနေ ဆင်းမှ သိလိုက်ရတယ်။ ကားပေါ်ကနေ ဆင်းဆင်းချင်း ကိုယ့်ကိုယ်ကိုယ် မလုံတော့ အနောက်ကနေ လမ်းလျှောက်လာတဲ့ အမျိုးသမီး ပြောမှ ဘောင်းဘီ ဖင်ပြဲနေတာ သိလိုက်ရတယ်”

ဘတ်စ်ကားကို အရင်ကတည်း က စီးဖူးသော်လည်း ယခုကဲ့သို့ ဘောင်းဘီဖင်ကို ဓားနဲ့ ခွဲသည့် ဖြစ်စဉ် မကြားဖူးကြောင်း အရင်က အမျိုးသမီးတွေကို ကာအိန္ဒြေ ပျက်အောင် လုပ်တာတွေတော့ ကြားဖူးကြောင်း ထိုကဲ့သို့ ဘောင်းဘီ ဖင်ကို ဓားနဲ့ ခွဲမှုသည် အလွန်ပင် စိတ်ပျက်စရာ ဖြစ်ပါတယ်လို့ မနော်လဲပွဲထူး က ဆိုပါတယ်။

ဆက်လက်ပြီး မနော်လဲပွဲထူး က “ ဘောင်းဘီကို ဓားနဲ့ခွဲတာ အသားထိ ခြစ်ရာ ဖြစ်တယ်။ ဂျင်းဘောင်းဘီ ဝတ်လို့ တော်သေးတယ်။ ကျမကတော့ အမျိုးသမီးတွေ နောက်ထပ် မဖြစ်ဖို့ လည်း သတိနဲ့ ကားစီးဖို့ ၊ ကိုယ့်နားမှာ အမျိုးသားတွေ လာရပ်ရင် သတိထားဖို့ ပဲ ပြောချင်ပါတယ်။ ပြီးတော့ လိုင်းကားပေါ်မှာ CCTV တပ်ထားရင်တော့ အရမ်းကောင်းပါတယ်” ဟု ထပ်မံ ပြောပါတယ်။

YBS ပြေးဆွဲချိန်ကို မနက် ၅ နာရီ မှ စတင်ပြီး ည ၉ နာရီအထိ သတ်မှတ်ထားကြောင်း၊ ဒါပေမယ့် တချို့ယာဉ်လိုင်း တွေက သတ်မှတ်ချိန်ထက်စောပြီး ည ၇နာရီလောက်မှ ကားသိမ်းတဲ့အတွက် ကုန်တိုက်မှာ အလုပ်လုပ်တဲ့ အမျိုးသမီးတွေ၊ ညနက်ထိ အလုပ်လုပ်တဲ့ အမျိုးသမီးတွေ အတွက် အိမ်ပြန်ဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ ရန်ကုန်မြို့တွင်းသို့ အလုပ်လာလုပ်တဲ့ အမျိုးသမီးတွေက ပြောကြပါတယ်။

“ လိုင်းကားတွေက ည၇ နာရီ ဆိုရင် သိမ်းကြပြီ။ ကားတွေ နည်းတော့ လူတွေက အတင်းတိုး ကြတယ်။ ကားတွေလူပြည့်ကြပ်တော့ မိန်းကလေးတွေက မလိုက်ချင်ကြတော့ဘူး။ နောက်ကားကိုစောင့်ကြ နဲ့ နောက်ဆုံး လိုင်းကားတွေ မရှိတော့ Taxi ငှားရတဲ့ အဆင့် ရောက်သွားတယ်။ Taxi တွေကလည်း ဘတ်စ်ကားအခြေအနေ သိတော့ အရင်ကထက် ပိုက်ဆံပိုတောင်းကြတယ်။ နေ့တိုင်း Taxi ငှား လို့ကလည်း မဖြစ်ဘူးလေ။ တနေ့တနေ့ လိုင်းကားစီးရတာ စိတ်ညစ်လာပြီ” လို့ ရွှေပြည်သာမြို့နယ် မှ ရန်ကုန်မြို့တွင်းသို့ အလုပ်လာလုပ်သည့် မအိဖြူ က ပြောပါတယ်။

ရွှေပြည်သာ ဘက်မှ မြို့ထဲသို့ ကား၂ဆင့် စီးရသဖြင့် ယခင်က ထက် ငွေပိုကုန်ပြီး ပိုပင်ပန်းကြောင်း၊ အချိန်လည်း ပိုပေးရသလို ကားပေါ်မှာလည်း တိုးဝှေ့စီးရသဖြင့် အမျိုးသမီးတွေအတွက် “အရမ်း ခက်ခဲပါတယ်” ဟု မအိဖြူက ပြောပါတယ်။

လိုင်းကား အစီးရေ အလွန် နည်းပါးတဲ့အတွက် ညအလုပ် နောက်ကျတဲ့သူများ အတွက် အဆင်မပြေမှုတွေ ကြုံတွေ့နေရပြီး အဝေးပြန်မယ့် အမျိုးသမီးတွေ အတွက်က ပိုပြီး ဒုက္ခ ဖြစ်စေတယ်လို့ ရန်ကုန်နေ အမျိုးသမီး တွေက ဆိုကြပါတယ်။

၂၀၁၄ခုနစ် သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးမှာ လူဦးရေ ၆သန်းခန့်ရှိပြီး ရန်ကုန်မြို့ တွင်းလိုင်းကား စီးလူဦးရေ ၂သန်းကျော် ရှိတယ်လို့ သိရပါတယ်။

YBS စနစ်သစ်မှာ ယာဉ်လိုင်းပေါင်း ၇၀ ကျော်ပြေးဆွဲပြီး၊ လမ်းကြောင်းရှည် ယာဉ်လိုင်းတခုစီ အတွက် စီးရေ ၁၁၇ စီး၊ လမ်းကြောင်းတို ပြေးဆွဲတဲ့ ယာဉ်လိုင်း စီးရေ ၅၀ ကျော်နဲ့ ပြေးဆွဲနေပါတယ်လို့ သိရပါတယ်။

YBS လိုင်းကား စနစ်သစ်ပြောင်းလဲ မှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ နိုင်ငံရဲ့ အရေးကြီးတဲ့ အပြောင်းအလဲတခုကို ပြည်သူတွေ အနေနဲ့ စိတ်ရှည် သည်းခံကြပါ။ ဒီထက် အဆင့်မြင့်မားတဲ့ စနစ်သစ်ဆီ တက်လှမ်းနိုင်ဖို့၊ ဘယ်သူမှ မနစ်နာဘဲ အားလုံး ပါဝင်နိုင်အောင် ဆောင်ရွက်သွားမယ်” လို့ မီဒီယာတွေကို ဇန်နဝါရီ ၁၇ ရက်နေ့မှ ပြောဆိုခဲ့ပါတယ်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေ တချို့ ညဘက်မှာ ပြေးဆွဲမှုတွေ မရှိတဲ့အတွက် ညဘက် ပိုင်း သွားလာတဲ့ ခရီးသည် ပြည်သူတွေ အဆင်ပြေစေဖို့ ညကြီးပိုင်း ပြေးဆွဲပေးမည် ဖြစ်ပြီး၊ ကားတွေကိုလည်း သီးသန့် စီစဉ်ထားကြောင်း ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

YBS ခရီးသည် လိုင်းကား စနစ်ပြောင်းလာပြီး ခရီးသွားပြည်သူတွေ အခက်အခဲမျိုးစုံ ကြုံတွေ့ရတဲ့အတွက် အခမဲ့ စေတနာ ဝန်ထမ်း ကားကြိုပို့တဲ့ လူမှုအဖွဲ့အစည်းတွေလည်း ခရီးသွားပြည်သူတွေ အတွက် အဆင်ပြေ အောင် ကူညီဆောင်ရွက်နေတာကိုတွေ့ရပါတယ်။

ဒါပေမယ့်လည်း ယခုထက်တိုင်တော့ YBS လိုင်းကား စနစ်သစ်မှာ နေ့စား အလုပ်သမား အမျိုးသမီးတွေ လခစားအမျိုးသမီးတွေ အတွက် ငွေပိုကုန်ပြီး၊ မိသားစု ကို ပေးရမယ့် အချိန် မှာနည်းပါးလာကြောင်း အမျိုးသမီးတွေက ဆိုကြပါတယ်။

“ကားလုံလောက်မှု မရှိလို့ စနစ်သစ်ပြောင်းတာ သေချာ မလုပ်လို့ ပါ။ စစ်တမ်းသေချာ ကောက်မယ်ဆိုရင် ဒီလို ဖြစ်လာမယ်လို့မထင်ဘူး။ ပြီးတော့ အခုက မြို့ထဲလာဖို့ ကား၂ဆင့်စီးရတော့ ကျမတို့ ပိုက်ဆံပိုကုန်တယ်။ အချိန်ကုန်တယ်။ စနစ်သစ်ပြောင်းကတည်းက လိုင်းကားနေရာမရ လူတွေကြပ်နေလို့ Taxi စီးရတာ ငွေပိုကုန်တယ်” ဟု အရှေ့ဒဂုံ နေထိုင်သူ ဒေါ်သူဇာ က ပြောပါတယ်။

မြို့ထဲတွင်နေ့စဉ် ရုံးတက်ရတဲ့အတွက် စနစ်သစ်လိုင်းကား စီးရတဲ့အခါ အဆင်မပြေမှုကြောင့် မိသားစုရှိတဲ့အမျိုးသမီး တွေအတွက် ပိုပြီးဝန်လေးမှုတွေ ဖြစ်စေတယ်လို့ ဒေါ်သူဇာ က ပြောပြပါတယ်။

“ ကျမ အိမ်ကို အလုပ်ပြီးလို့ အစောကြီးပြန်ချင်ရင်တောင် ပြန်လို့မရဘူး။ လိုင်းကားမှာ လူတွေပြည့်ကြပ်နေလို့။ ကျမတို့ မှာ ကလေးနဲ့ ဆိုတော့ အိမ်ကို စောပြန်ချင်တယ်။ Taxi နဲ့ကတော့ တခါတလေ ငှားလို့ရပေမယ့် လခစား ဝန်ထမ်းအနေနဲ့ နေတိုင်းငှားရင် ကလေး မုန့်ဖိုးကို ထိပြန်ရော” ဟု ဒေါ်သူဇာက ဆိုပါတယ်။

လခစား ဝန်ထမ်း အမျိုးသမီးတွေကတော့ လိုင်းကား သစ်တွေ အမြန်ဆုံး တိုးချဲ့ပြေးဆွဲပေးဖို့၊ ခရီးသွားပြည်သူတွေ ရဲ့ အခက်အခဲကို သက်ဆိုင်ရာက သေချာ ကြည့်ရှုပေးဖို့ နဲ့ အမျိုးသမီးတွေ ဘဝ လုံခြုံစွာ အိမ်အစောကြီး ပြန်ရောက်ချင်ကြပါတယ်လို့ YBS လိုင်းကားစီးတဲ့ အမျိုးသမီးထုတွေက တောင်းဆိုနေကြပါတယ်။

Related Articles