Home သတင်း ကချင်သူနာပြု ဆရာမတစ်ဦး ဓါးဒဏ်ရာ ၁၉  ချက်ဖြင့် သေဆုံး

ကချင်သူနာပြု ဆရာမတစ်ဦး ဓါးဒဏ်ရာ ၁၉  ချက်ဖြင့် သေဆုံး

Credit: Ah Gu Aung (Facebook)

 

နန်းဆိုင်နွမ်။             ။

ဖေဖော်ဝါရီ ၁၀၊၂၊၂၀၁၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကြက်ပေါင်ခြံ အနီးတွင် ယမန်နေ့(ဖေဖော်ဝါရီ ၉) ရက်နေ့ ညနေပိုင်းတွင် သူနာပြုဆရာမ Mali Pan San  ဓားထိုး သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

“ ဖြစ်စဉ်ကတော့ ကြက်ပေါင်ခြံ သူနာပြု ဆရာမ နေအိမ်မှာ ဖြစ်တာပါ။ ကျနော်တို့ သိတာတော့ ညနေ ၅နာရီခွဲမှာ သိရပါတယ်။ သူက ညနေဆိုဈေးရောင်း နေ့ခင်းနေအိမ် မှာတယောက်တည်း အိပ်တဲ့အချိန်ဖြစ်တာပါ။ ဓား ဒဏ်ရာ ၁၉ချက် ထိပါတယ်။ အဓမ္မ ကျင့်တာနဲ့ ပတ်သတ်ပြီး ဆေးစစ်ထားပါတယ်” ဟု မြစ်ကြီးနား ရဲစခန်း မှရဲအုပ် သစ်လွင် က ပြောသည်။

ဆက်လက်ပြီး သူနာပြု ဆရာမ ကို ဓားဖြင့် ထိုးသည့် တရားခံကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လက်ရှိမှာ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်းလည်း ရဲအုပ် သစ်လွင်က ဆိုသည်။ အဓမ္မ ပြုကျင့်မှု ရှိမရှိမှာ ဆေးစစ်ချက်ပြီးမှသာ သိရှိရမည်ဖြစ်သည်။

အခင်းဖြစ်ပွားသည့် ကြက်ပေါင်ခြံသည်  မြစ်ကြီးနားမြို့ပေါ်နှင့် ၃မိုင်ခန့်ဝေး ကွာပြီး၊ သူနာပြုဆရာမ ၏ ဝမ်းဗိုက်တွင် ဓားဒဏ်ရာ ၁၉ချက် နှင့် လည်ပင်းတွင်လည်း ဒဏ်ရာ ရထားကြောင်း လက်ရှိမှာ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံတွင် ထားထားကြောင်းလည်း မြစ်ကြီးနား ကချင်နှစ်ခြင်းအသင်းတော် အဖွဲ့ချုပ်(KBC) အထွေထွေ အတွင်းရေးမှူး ဦးလမာရော် က ပြောသည်။

“ မနေ့က ညနေ က ဖြစ်ပွားတာပါ။ မနေ့ည ကတည်းက ရင်ခွဲရုံပို့လိုက်တာပါ။ ဓားနဲ့၁၉ချက် ထိုးခံရတယ်။ လည်ပင်းမှာလည်း ညစ်ထားတဲ့ ဒဏ်ရာတွေ ရထားတယ်လို့ သွားကြည့်တဲ့သူက ကျနော်ကို ဖုန်းဆက်ပြောလာပါတယ်” ဟု ဦးလမာရော် က ဆိုသည်။

ထို အမှု အခင်းနှင့် ပတ်သတ်ပြီး KBC မှ မည်ကဲ့သို့ ပြုလုပ် ဆောင်ရွက်သွားမည်ကို ဆွေးနွေး တိုင်ပင်နေကြောင်း ဦးလမာရော် က ပြောသည်။

ကချင်သူနာပြု ဆရာမသည် ဗန်းမော်မြို့တွင် နေထိုင်သူ တဦးဖြစ်ပြီး၊ လက်ရှိတွင် မြစ်ကြီးနားရှိ ဆွေမျိုးများနှင့်အတူ လာရောက်နေထိုင်သူ တဦးဖြစ်ကြောင်း၊ သူမသည် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ တဦးလည်း ဖြစ်ကြောင်းသိရသည်။

ကချင်ပြည်နယ် လွှတ်တော် အမတ် တဦးဖြစ်သည့် ဒေါ်ဂျာဆိုင်းခွန် က ယမန်နေ့က သုူနာပြုဆရာမလေး တစ်ဦး သတ်ခံရသည့် သတင်းကို ကြားရသော်လည်း ဖြစ်စဉ်ကို သေချာ မသိရှိသေးကြောင်း ပြောသည်။

 

Related Articles