Home ဆောင်းပါး (၂)နှစ်ပြည့်ပေမယ့် ဝေးလွှင့်နေသေးတဲ့ ဆရာမလေးနှစ်ဦးအတွက် အမှန်တရားပေါ်ပေါက်မှုနဲ့ တရားစီရင်ရေး

(၂)နှစ်ပြည့်ပေမယ့် ဝေးလွှင့်နေသေးတဲ့ ဆရာမလေးနှစ်ဦးအတွက် အမှန်တရားပေါ်ပေါက်မှုနဲ့ တရားစီရင်ရေး

မြစ်ကြီးနား၊ ကချင်ပြည်နယ်၊ မြစ်ကြီးနား KTC ကျောင်းဝန်းသို့ ရုပ်ကလာဒ်ရောက်ရှိပြီး အသုဘချ ဆုတောင်းဝတ်ပြုအစီအစဉ်

ကချင်မလေး (ရန်ကုန်)။       ။

“အခုဆို ၂ နှစ်တောင်ပြည့်တော့မယ်…ဘာတရားမျှတမှုမှလည်း မရသေးဘူး…အသင်းတော်က ဆရာတွေ ကြိုးစားပေးနေတယ်လို့ ကြားပေမယ့် ဘယ်အခြေအနေဖြစ်နေပြီလဲဆိုတာ ကျမတို့ကို ဘယ်သူကမှ ရေရေရာရာ မပြောပြကြပါဘူး…ကျွန်မတို့လည်း မမေးရဲပါဘူး” လို့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ ကောင်း ခါးကျေးရွာမှာ အုပ်စုဖွဲ့မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက်အသတ်ခံခဲ့ရတဲ့ ကချင်ဆရာမလေးနှစ်ဦးမှ ဆရာမ တန်ဘောင်ခေါန်နန်စင်ရဲ့မိခင် ဒေါ်မရစ်လုဘူဟာ စကားပြောရင်း စီးကျလာတဲ့ မျက်ရည်ကို သုတ်ရင်း အသံတိုးဝင် သွားခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်ရင် တရားဥပဒေစိုးမိုး သော တိုင်းပြည်အဖြစ်ပြောင်းလဲကာ ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရတဲ့ သမီးလေးအတွက် အမှုမှန်ဖော် ထုတ်နိုင်မယ်လို့ မျှော်လင့်ချက်များစွာထားခဲ့ပေမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေး ကာလတွင် မေးခွန်းတခုမေးခဲ့စဉ် ရရှိဖူးတဲ့တုန့်ပြန် မှုတခုကိုလည်း သူကအမှတ်ရနေခဲ့ပါတယ်။

“တကယ်လို့ ဆရာတို့ ပါတီနိုင်ခဲ့မယ်ဆိုလို့ရှိရင် ကောင်းခါးကျေးရွာမှာဖြစ်တဲ့ ဆရာမနှစ်ဦးရဲ့အမှုကို ဘယ်လိုတာဝန်ယူပြီး လုပ်ဆောင်ပေးနိုင်မလဲ” ဟု မေးလိုက်စဉ်တွင် “ဒီလိုအဖြစ်တွေက တောင်ပေါ်ဒေသကျေးရွာမှာ ကချင်ဆရာမ ဖြစ်လို့၊ ကချင်လူမျိုးဖြစ်လို့၊ ကချင်အမျိုးသမီးဖြစ်လို့ပဲ ဖြစ်တာမဟုတ်ဘူး၊ သူများ စစ်တိုက်တဲ့နိုင်ငံတိုင်း၊ တခြားနိုင်ငံတွေမှာလည်း ဒီလိုမျိုးက ထုံးစံအတိုင်း ဖြစ်နေကျပဲ”လို့ ပြန်ဖြေတာကိုကြားခဲ့ရတဲ့ တပြိုင်နက်ထဲ သူမ ရင်ထဲ “လူကြီးမင်းတို့ရဲ့သားသမီးတွေကိုရော ကျမသမီးလို ဖြစ်ခဲ့ရင် ဖြစ်နေကျလို့ သတ်မှတ်ပြီး နေ လိုက်ကြမလားလို့” မေးလိုက်ချင်ပေမယ့် ဗမာစကားကောင်းစွာ မပြောတတ်တဲ့အတွက်ကြောင့် စိတ်ထဲကပဲ အခေါက်ခေါက်အခါခါ မေးခွန်းထုတ်ခဲ့ရတယ်လို့ ဒေါ်မရစ်လုဘူက ပြန်ပြောင်းပြောပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၉)ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း မြို့နယ်၊ နမ့်တောင်းကျေးရွာ၊ ကောင်းခါးတွင် ကျောက်မဲအခြေစိုက် ခြေမြန်တပ်ရင်းခမရ(၅၀၃)မှ တပ်သား (၅၀)ခန့်ပါဝင်တဲ့တပ်ဖွဲ့က ဆရာမတို့နေအိမ်မှကိုက်(၁၀၀)ခန့်သာ ကွာဝေးတဲ့ရွာသားများ၏ နေအိမ် လေး အိမ်တွင် ယာယီတပ်စွဲစခန်းချခဲ့ပြီး၊ ဆရာမတို့နေအိမ်ကလည်း စစ်တပ်ကလုံခြုံရေးချထားတဲ့ ကိုက်(၂၀၀) ဧရိယာအတွင်းတွင် ကျရောက်တယ်လို့ (၁)နှစ်ပြည့် သတင်းစာရှင်းပွဲတွင်ထုတ်ပြန်ခဲ့တယ်။ အဲဒီညမှာပဲ KBC စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး သူတို့ နေအိမ်ထဲမှာ ရက်စက်စွာမုဒိန်းပြုကျင့်သတ်ခံလိုက်ရတယ်။ ထိုညဟာ (၂)နှစ်ဆိုတဲ့ အချိန်ပြည့်လာပြီဖြစ်ပေမယ့် အမှုမှန်ပေါ်ရန် အလှမ်းဝေးနေဆဲဟု ဆရာမတန်ဘောင်ခေါန် နန်စင်ရဲ့မိခင် ဒေါ်မရစ်လုဘူကတော့ အခုလို “ကျွန်မသမီးလေးကို ကျူးလွန်ပြီး သတ်ဖြတ်ခဲ့တဲ့သူတွေကို ခန့်မှန်းကြည့်လို့ရပါတယ်…ဒါပေမယ့် ဘယ်သူကမှ ထုတ်မပြောရဲကြပါဘူး..”

ရန်ကုန်တွင် ကျင်းပခဲ့သော၁နှစ်ပြည့် သတင်းစာရှင်းလင်းပွဲ မှဆရာမခေါ်န်နန်စင်မိခင်မှ ခံစားချက်ကိုပြောကြားစဉ်

ဆရာမလေးနှစ်ဦး၏ အမှုမှန်ပေါ်ပေါက်လာစေရေးအတွက် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့(CID)၊လားရှိုး ရဲတပ်ဖွဲ့နှင့် မူဆယ်ရဲတပ်ဖွဲ့များမှ ဖြစ်စဉ်အား အမှုမှန်ဖော်ထုတ်ရေးအတွက် အဓိက တာဝန်ယူထားပြီး၊ KBC မှ အဖွဲ့ဝင်(၁၅)ဦးပါသည့် ကော်မတီဖွဲ့ကာ စုံစမ်းမှုများပြုလုပ်နေဆဲဖြစ်ပါတယ်။ နောက်ဆုံး စုံစမ်းစစ်ရေးအခြေ အနေကို တရားလွှတ်တော်ရှေ့နေဦးဘရန်ဒီး(ကချင်ရှေ့နေများကွန်ရက်အဖွဲ့ဥက္ကဌ)က “အဲဒီနေ့က စစ်ကြောင်း မှူး၊ အရာရှိ၊ တပ်သားတွေအားလုံးကို တွေ့ပြီးမေးမြန်းချင်တယ်၊ မေးမြန်းခွင့်ပေးပါဆိုပြီး ပြည်ထဲရေးနဲ့ ကာကွယ်ရေးဦးစီးချုပ်ထံသို့ တင်ပြခဲ့ပေမယ့် သူတို့ရဲ့လုပ်ထုံးလုပ်နည်းအရလုပ်တဲ့အတွက် အားလုံးနဲ့ ပေးတွေ့ဖို့ မဖြစ်နိုင်ကြောင်းသာ အကြောင်းပြန်ရခဲ့တယ်” ဒါကြောင့် ရှေ့နေအဖွဲ့တို့မှ “အမှုဖြစ်ချိန်ရှိခဲ့တဲ့(၅၀၃)မှ သက်ရှိ တပ်သားအားလုံးကို တွေ့ဆုံနိုင်တဲ့အချိန်ထိ ကြိုးစားမယ်ဆိုပြီး လုပ်ဆောင်နေပါတယ်” ဆက်ပြီး ရှေ့နေမှ “အမှု မှန်ပေါ်ထွက်ဖို့ အချိန်ကို ကန့်သတ်ထားတာမျိုး မရှိဘူး၊ တရားခံအစစ်အမှန် ပေါ်ထွက်ရေးကိုပဲ အဓိကထား လုပ်ဆောင်နေပါတယ်”လို့ ပြောပါတယ်။

KBC မှ ၂၀၁၆ခုနှစ်၊ ဇွန်လ၊ (၁၃)ရက်နေ့တွင် နိုင်ငံတော်သမ္မတအား လိပ်မူပြီး သက်ဆိုင်ရာ ဝန်ကြီး ဌာနအသီးသီး၊ အစိုးရရုံးများသို့ ဖြစ်စဉ်အစအဆုံး၊ ရှမ်းပြည်နယ်၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် အပြန် အလှန် အဆက်သွယ်ဆောင်ရွက်မှုများကလည်း အကောင်အထည်မဖော်နိုင်ဘဲရှိနေတဲ့အကြောင်းနှင့် (၁)နှစ် ကျော်ကြာခဲ့တဲ့အချိန်ထိ မည်သည့်အဖြေမှမရခဲ့တဲ့အခြေအနေကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့ကြောင်းကို “အိတ် ဖွင့်ပေးစာ ပေးပို့ခဲ့တယ် ဒါပေမယ့်ဘာမှအကြောင်းပြန်မှု မရခဲ့ဘူး”လို့ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်ကပြောပါတယ်။

ဆရာမခေါ်န်နန်စင်မိခင်ကတော့ နောက်နောင် ထိုကဲ့သို့အဖြစ်ဆိုးများကို ဘယ်သူ့သားသမီးဖြစ်ဖြစ် မကြုံရပါစေနဲ့လို့ ဆုတောင်းရင်း၊ အဖြစ်ဆိုးတွေအကြောင်း မကြားချင်ကြောင်းနှင့် ငြိမ်းချမ်းစွာနေလိုကြောင်းကို “ကျမတို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်ပါတယ်”

သို့ပေမယ့် သူမကတော့ “ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရမှ အမှန်တရားရရှိအောင် အမြန်ဆုံး လုပ်ပေးစေချင်ပါတယ်”“ကျမသမီးတို့ရဲ့အမှု တရားမျှတမှုရအောင် ကျမတို့မိသားစုကတာ့ ဘာမှမလုပ်တတ်ပါဘူး။ လုပ်တတ်တဲ့သူတွေကပဲ ဝိုင်းဝန်းလုပ်ဆောင်ပေးကြပါ၊ အကြံပေး၊ လက်တွဲကူညီပေး ကြပါလို့ ပြောချင်ပါတယ်”

ဆရာမခေါ်န်နန်စင်မိခင် က WLB ကစီစဉ်တဲ့ women exchange တွင် သမီးအဖြစ်နဲ့ပတ်သက်ပြီး မိခင်၏ခံစားချက်ကိုရှင်းပြစဉ်

လာမယ့် ၁၉ ရက်နေ့ဟာ ဆရာမလေး(၂)ဦး ရက်စက်စွာ သတ်ခံလိုက်ရတာဟာ (၂)နှစ်တင်းတင်း ပြည့်တော့မှာ ဖြစ်တယ်။ KBC မှ ကောင်းခါးတွင် အောက်မေ့သတိရအခမ်းအနား လုပ်ဆောင်သွားမှာ ဖြစ်တဲ့အတွက် မီဒီယာများအားလုံးကို ဖိတ်ကြားကြောင်းနှင့် လူထုအားလုံးကိုလည်း “ဒီကိစ္စက တရား မျှတမှု၊ အမှန်တရားလိုအပ်တဲ့အတွက် အားလုံးပူးပေါင်းပါဝင်ဖို့ ပြောချပါတယ်” လို့ KBC အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန် ပြောပါတယ်။

ဆရာမတန်ဘောင်ခေါ်န်နန်စင်ဟာ ဦးမရူဂမ်နှင့် ဒေါ်မရစ်လုဘူတို့ သမီးဦးဖြစ်ပြီး၊ အသက်(၂၀)သာရှိပါသေးတယ်။ စစ်ပွဲမစခင် ၂၀၁၁ ခုနှစ် အချိန်တုန်းကဆို သူမတို့ကျေးရွာရှိ ကလေးငယ်များကို စာသင်းပေးရင်း မူကြိုကျောင်း မှာလည်း ဆရာမအဖြစ်လုပ်ကိုင်ခဲ့တယ်။ ၂၀၁၁ ခုနှစ် ဇူလိုင်က သူမတို့ရွာသို့ တိုက်ပွဲများဖြစ်ပွားလာခဲ့ခြင်း ကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ဂျန်မိုင်ကောင်း နှစ်ခြင်းခရစ်ယာန်အသင်းတော်သို့ စစ်ရှောင် မိသားစုအဖြစ် ရောက်ရှိခဲ့ကြပြီး၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ ဝေးလံခေါင်ပါးတဲ့တောင်ပေါ်ဒေသ၊ ကျေးရွာများသို့ နှစ်စဉ်ပြုလုပ်နေကျ ပညာဒါနအစီအစဉ်မှ ၂၀၁၄ – ၂၀၁၅ ခုနှစ် ပညာသင်နှစ်အတွက် စေတနာ့ ဝန်ထမ်းအဖြစ် ထမ်းဆောင်ရင်း သူမဘဝကို ရင်နှင့်ဖွယ့်အဖြစ်ဆိုးကြီးနဲ့ ကောင်းခါးကျေးရွာတွင် ပေးဆပ်ခဲ့ရ သူလေးဖြစ်ပါတယ်။

Related Articles