Home ဆောင်းပါး စစ်ပွဲတွေရပ်ဖို့ တညီတညွတ်တည်းတောင်းဆိုနေတဲ့ စစ်ဘေးရှောင်အမျိုးသမီးများ…

စစ်ပွဲတွေရပ်ဖို့ တညီတညွတ်တည်းတောင်းဆိုနေတဲ့ စစ်ဘေးရှောင်အမျိုးသမီးများ…

နန်းဆိုင်နွမ်။                   ။

တိတ်ဆိတ်ပြီး အေးချမ်းနေတဲ့ ဆောင်းနဲ့အတူ မီးခိုးနံ့တွေကလည်း တမြို့လုံးကို လွှမ်းခြုံနေပါတယ်။

မြို့ထဲမှာတော့ မီးလောင်ပြီး ပျက်စီးသွားတဲ့ ပြာပုံဘေးမှာရပ်ပြီး မျက်နှာညှိုးငယ်နေကာ တကိုယ်တည်း ရေရွတ်နေတဲ့ အမျိုးသမီးတွေ ရှိသလို အထုတ်ကိုယ်စီနဲ့ ကလေးတွေကို လက်ဆွဲကာ လမ်းပေါ်မှာ လျှောက်နေတဲ့ အမျိုးသမီးတွေ ကိုလည်း တွေ့ရပါတယ်။

ဒီအမျိုးသမီးတွေကတော့ တိုက်ပွဲကြောင့် ထွက်ပြေးသွားရပြီး မိမိနေအိမ်ကို ဝမ်းနည်းစွာ ပြန်လာကြတဲ့သူတွေပါပဲ။ သူတို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်မှာ နေထိုင်တဲ့ မုံးကိုးဒေသက အမျိုးသမီးတွေပါ။

မုံးကိုးဒေသဟာ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ (၂၀)ရက်နေ့မှာ အစိုးရတပ်မတော်နဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းမဟာမိတ်အဖွဲ့     (Northern Alliance Burma) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အရပ်သား(၄၀)ကျော် သေဆုံးခဲ့ကာ နေအိမ်ပေါင်း (၄၀)ခန့် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတဲ့ နေရာတခုပါပဲ။

“ ကျမတို့အတွက်ကတော့ ဒီတခါကြုံရတဲ့ တိုက်ပွဲကို အကြောက်ဆုံးပဲ။ ဒီလိုထပ်မဖြစ်ချင်ဘူး။ လေယာဉ်ကနေ လက် နက်တွေနဲ့ ပစ်ချတာမြင်ရတော့ ကိုယ့်ကိုယ်ထိမှာလည်း အရမ်းကြောက်တယ်။ ထွက်ပြေးတဲ့အချိန် ဘာမှ မသယ်နိုင်ခဲ့ ဘူး” ဟု မုံးကိုးဒေသ ရပ်ကွက်(၄)တွင် နေထိုင်တဲ့ မဟောင်နော်က ပြောပါတယ်။

နေအိမ်မီးရှို့ဖျက်ဆီးခံရသလို ကောက်ရိတ်သိမ်းထားတဲ့စပါးတွေကလည်း မီးရှို့ခံရတဲ့အတွက် မဟောင်နော်ရဲ့ အိမ် အပြန်လမ်းက ရင်နာစရာပါပဲလို့ ပြောပါတယ်။

“ ကျမအိမ်မီးလောင်သွားပြီ။ နေစရာမရှိတော့ဘူး။ ကလေးတွေ ကျောင်းကပြန်လာရင် ဘယ်လိုနေရမှာလဲ။ ကလေး တွေ စိတ်ထိခိုက်မှာ အရမ်းစိုးရိမ်တယ်။ ဘဝကို ဘယ်လိုပြန်စရမှန်းတောင် မသိတော့ဘူး” လို့ မဟောင်နော်က ဆိုပါ တယ်။

မဟောင်နော်တွင် ကလေး (၂)ယောက်ရှိပြီး သမီးကြီးမှာ (၁၀)တန်းကျောင်းသူဖြစ်ကာ မူဆယ်မြို့ပေါ်ရှိ အဆောင် တွင် သွားထားရကြောင်း၊ သားငယ်မှာ (၇)တန်းကျောင်းသားဖြစ်ပြီး စစ်ကြောင့် ဆွေမျိုးများရှိရာ မူဆယ်မြို့နယ် နမ့် အွန်ကျေးရွာတွင် သွားထားရကြောင်း ပြောပြပါတယ်။

ဆက်လက်ပြီး တိုက်ပွဲအတွင်း ထွက်ပြေးခဲ့ရသည့် ရပ်ကွက် (၅)တွင် နေထိုင်သည့် ဒေါ်ခွန်ရှောင်က “ မုံးကိုးဒေသက တိုက်ပွဲတွေ အမြဲလိုလိုဖြစ်တဲ့အတွက် ကျမတို့အတွက်တော့ မထူးဆန်းပါဘူး။ ဒါပေမယ့် ဒီတခါဖြစ်တဲ့ တိုက်ပွဲကတော့ တော်တော်ဆိုးရွားတယ်။ ကျမက အရင်လို တိုက်ပွဲတွေလိုပဲထင်ပြီး ပုံမှန်လုပ်နေကျ၊ လုပ်ငန်းကို ဆက်လုပ်နေချိန်မှာ လေယာဉ်က ကျမအိမ်ပေါ်လာဝဲပြီး ခဏနေတော့ ဗုံးတွေကျဲချတော့ ကျမလည်း ကြောက်ကြောက်နဲ့ တရုတ်ပြည်ကို ထွက်ပြေးရတယ်” ဟု ပြောပြပါတယ်။

တိုက်ပွဲတွေ ရပ်ဆိုင်းနေပေမယ့် နေအိမ်တွေ မီးရှို့ခံရ၊ ရိတ်သိမ်းထားတဲ့ စပါးတွေ မီးရှို့ခံရပြီး စားဝတ်နေရေးအတွက် အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း၊ မိသားစုစားဝတ်နေရေးအတွက် တောင်ယာတွေလည်း ပြန်မလုပ်ရဲကြောင်း ဒေါ်ခွန်ရှောင်ကဆိုပါတယ်။

“ တောထဲမသွားရဲသေးဘူး။ တောင်ယာတွေ မလုပ်ရဲသေးဘူး။ ဟင်းချက်ဖို့ ထင်းမခွေရဲသေးဘူး။ အစစအရာရာ စိုးရိမ်နေရတယ်။ အိမ်မှာနေတာတောင် ကြောက်နေရတယ်။ တိုက်ပွဲပြန်ဖြစ်မှာလည်း စိုးရိမ်တယ်” ဟု ဒေါ်ခွန်ရှောင် က သူမ၏ ခံစားချက်ကို ပြောပါတယ်။

တိုက်ပွဲတွေ ရပ်တန့်ပေမယ့် မိမိနေရပ်ပြန်နေထိုင်တဲ့ အမျိုးသမီးတွေအတွက်ကတော့ လုံခြုံမှုတွေ မရှိသေးသလို တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြရတယ်လို့ မုံးကိုးဒေသခံအမျိုးသမီးတွေက ဆိုကြပါတယ်။

အသက် (၃၀)ကျော်အရွယ် ရပ်ကွက် (၂)တွင် နေထိုင်သည့် အမျိုးသမီးတဦးက “ ကျမတို့ အိမ်ဝန်းထဲမှာ လက်နက် ကြီးကျထားတယ်။ မပေါက်ကွဲသေးဘူးလို့ ယူဆရတယ်။ တပ်ကိုသွားပြောတော့ ကွဲပြီးပြီတဲ့။ ကျမတို့ ကြောက် ကြောက်နဲ့ နေနေရပါတယ်။ မြို့ပေါ်မှာလည်း မကွဲသေးတဲ့ဗုံးတွေ ကျည်တွေရှိနေတယ်လို့ ပြောကြတာပဲ” ဟု စိုးရိမ်စိတ်နဲ့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် အမျိုးသမီးတွေ၊ ကလေးတွေ၊ ထွက်ပြေးတိမ်းရှောင်ရတာ အလွန်စိတ်ပင်ပန်းကြောင်း၊ ကလေး တွေကို ကျည်ထိမှန်မှာ စိုးရိမ်သလို စစ်ရှောင်သည့်အခါ ကလေးငယ်တွေ အစာစားရဖို့အတွက်လည်း စိတ်ပူပန်နေ ရကြောင်း တိုက်ပွဲပြန်ဖြစ်မှာကို ကြောက်လန့်နေကြသည်ဟု မုံးကိုးဒေသခံ အမျိုးသမီးတွေက ဆိုကြပါတယ်။

“ တိုက်ပွဲက ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ တိုက်ပွဲဖြစ်လာရင် ကလေးနဲ့ ကျမတို့ အမျိုးသမီးတွေအတွက် ပိုပြီး အခက်ကြုံစေပါတယ်။ တောထဲမှာ ပုန်းရင်လည်း ဖမ်းမိမှာ ကြောက်ရပြန်တယ်” ဟု မုံးကိုးဒေသခံ မခေါင်နော်က ပြောပါတယ်။

လက်ရှိမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး တိုက်ပွဲတွေ ကြောင့် အမျိုးသမီးတွေ ကလေးငယ်တွေအများစု ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်စခန်းတွေ၊ ဆွေမျိုးအိမ် တွေမှာ ခိုလှုံနေထိုင်နေကြရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်တလျှောက်ဖြစ်တဲ့ ကြူကုတ်(ပန်ဆိုင်း)နှင့် မုံးကိုးဒေသတွင် နိုဝင်ဘာ(၂၀) ရက်နေ့က တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားမှုကြောင့် ဒေသခံများ တရုတ်နယ်စပ် ဝမ်တိန်နှင့် မန်ဟိုင်းဒေသသို့ ထွက် ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ယခုအချိန်တွင် တိုက်ပွဲများရပ်ဆိုင်းနေသဖြင့် ဒေသခံတွေ မိမိနေရပ်ကို ပြန်နေထိုင်နေကြသော်လည်း တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားမည်ကို ဒေသခံအမျိုးသမီးတွေက စိုးရိမ်နေကြပါတယ်။

တိုက်ပွဲကြားက ထွက်ပြေးတိမ်းရှောင်နေရပြီး ဘဝရပ်တည်နေထိုင်ဖို့ ခက်ခဲနေကြတဲ့အတွက် စစ်ပွဲတွေရပ်တန့်ဖို့ စစ်ဘေး ရှောင်အမျိုးသမီးတွေက တညီတညွတ်တောင်းဆိုနေကြပါတယ်။

“ အရပ်သားအစိုးရလက်ထက်မှာ တိုက်ပွဲတွေ ပိုဖြစ်လာတယ်။ အရင်က ကျမတို့ မုံးကိုးမြို့ပေါ်ကို လေယာဉ်နဲ့ ဗုံးကြဲ တာ မရှိခဲ့ဘူး။ တိုက်ပွဲတွေ ထပ်မဖြစ်ဖို့ တောင်းဆိုချင်ပါတယ်။ တိုက်ပွဲဖြစ်လာရင် ကျမတို့အမျိုးသမီးတွေနဲ့ ကလေး တွေ တအားဒုက္ခရောက်ပါတယ်” ဟု မုံးကိုးရပ်ကွက်(၄)တွင်နေထိုင်သည့် မဟောင်နော်က ဝမ်းနည်းစွာဖြင့် ပြော ပါတယ်။

 

Related Articles