Home သတင်း ဆွံ့အနားမကြားသင်္ကေတဖြင့် စီဒေါ အချက်အလက်များ ဖြန့်ဝေမည်

ဆွံ့အနားမကြားသင်္ကေတဖြင့် စီဒေါ အချက်အလက်များ ဖြန့်ဝေမည်

asl_photo

Photo: http://www.niu.edu/forlangs/languages/american-sign-language.shtml

ပိုးဝါ (ရန်ကုန်)

အမျိုးသမီးများအား နည်းမျိုးစုံနှင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ပါ အချက် အလက်များနှင့် ရပိုင်ခွင့်များကို ဆွံအနားမကြားသူများ နားလည်ရန်အတွက် လက်သင်္ကေတဖြင့် ပြောင်းလဲ ရေးဆွဲပြီး ဖြန့်ဝေရန် ဆောင်ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများဖွံဖြိုးတိုးတက်ရေး ဌာနခွဲမှ ထုတ်ဖော်ပြောကြားသည်။

“ကိုယ်ခန္တာမသန်စွမ်းသူတွေနဲ့ မျက်မမြင်တွေက သူတို့ရဲ့ဆန္ဒတွေကို ထုတ်ဖော်ပြောကြားဖို့လွယ်ပါတယ်။  ဆွံ့အ နားမကြားသူတွေက ထုတ်ဖော်ပြောကြားဖို့ ခက်ခဲတဲ့အတွက်ကြောင့် ဦးစားပေးအနေနဲ့ လက်သင်္ကေ တပြ ရုပ်သံရိုက်ကူးထုတ်ဝေဖို့ စီစဉ်တာပါ” ဟု လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဌာနခွဲမှ ညွန်ကြားရေးမှူး ဒေါ်နော်သဝါးက ပြောသည် ။

ယင်းသို့ လက်သင်္ကေတဖြင့် စီဒေါပါအချက်အလက်များကို ရေးသားနိုင်ရန်အတွက် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း နှင့် ချင်းပြည်နယ်တို့ရှိ ဆွံအနားမကြားကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများအား စီဒေါပါ အချက်အလက်များကို မြန်မာနိုင်ငံဆွံ့အနားမကြားသူများအဖွဲ့၊ ကျား-မတန်းတူညီမျှရေးအဖွဲ့နှင့် လူမူဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ နှစ်ရက်တာသင်တန်းပို့ချခဲ့ပြီးဖြစ် သည်။

ထိုသို့  စီဒေါပါအချက်အလက်များအား (၂)ရက်တာသင်တန်းတွင် အပြန်အလှန်ဆွေးနွေးခြင်းမှ ရရှိလာသည့် လက်သင်္ကေတေများအား ရုပ်သံဖိုင်ရိုက်ကူးပြီး လူမူဖူလုံရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ထံသို့ တင်ပြသွားမည်ဟုဆိုသည် ။

လူမူအသိုင်းအဝိုင်းတွင် ပိုမိုခွဲခြားဆက်ဆံခံနေရသည့် ဆွံ့အနားမကြားသူများအား စီဒေါပါအချက်အလက်များ နှင့် ရပိုင်ခွင့်များကို နားလည်သဘောပေါက်ရန် လူမူဝန်ထမ်းဦးစီးဌာန၊ မြန်မာနိုင်ငံဆွံ့အနားမကြားသူများအဖွဲ့  နဲ့ ကျားမတန်းတူညီမျှရေးအဖွဲ့(GEN)တို့ ပထမဆုံးအကြိမ်အဖြစ် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျားမ တန်းတူညီမျှရေးအဖွဲ့မှ မနန်းဖြူဖြူလင်းကပြောသည် ။

ထိုပြင် နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းများမှ ဆွံ့အနားမကြားသူများ ပါဝင်နိုင်ရန်နှင့် ဥပဒေရေးရာများအား နားလည် ရန်အတွက် ယခုကဲ့သို့ လက်သင်္ကေတဘာသာစကားဖြင့် ပြောင်းလဲရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ၊ ဆွံ့အနားမကြားသူများအသင်းမှ အကြံပေးဆလိုင်းဗေးဒစ်ကပြောသည်။

အမျိုးသမီးများအားနည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်(စီဒေါ) သည် အမျိုးသမီးများအတွက် အစိုးရမှ အကာအကွယ်ပေးရမည့်စည်းမျည်းများနှင့် လိုက်နာကျင့်သုံးရမည့် စည်းကမ်းများအပါအဝင် အရပ်ဖက်လူမူအဖွဲ့အစည်းများ လိုက်နာရမည့် ကျင့်ဝတ်ဆိုင်ရာ စုစုပေါင်းအချက် (၃၀) ပါဝင်ပြီး မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည်။

ထိုသို့လက်မှတ်ရေးထိုးထားသော်လည်း အမျိုးသမီးများအား စီဒေါနှင့်ပါတ်သက်သည့် အသိပညာပေးမှုများ အားနည်းနေသည့်အပေါ် ယခင်အစိုးရအဆက်ဆက်တွင် အမျိုးသမီးအဖွဲ့အစည်းများက ဝေဖန်ထောက်ပြမှု များပြုလုပ်ခဲ့ကြပြီူ လက်ရှိအစိုးရလက်ထက်တွင် ယခုကဲ့သို့ ဆွံ့အနားမကြားသင်္ကေတဖြင့် စီဒေါပညာပေးမှု များ လုပ်ဆောင်မည့်အစီအစဉ်သည် အပြုသဘောဆောင်သည့် အစီအစဉ်တခုဖြစ်သည်ဟု အမျိုးသမီးအဖွဲ့ အစည်းများက ပြောဆိုလျက်ရှိကြသည်။

 

Related Articles