Home ဆောင်းပါး ကချင် ထိုးစစ် နောက်တန်းမှ အင်အားများ

ကချင် ထိုးစစ် နောက်တန်းမှ အင်အားများ

women-in-technology-face-uphill-battle-pop_8545

Photo: https://pinstripepumps.com/2012/07/16/women-v-s-the-workforce/

မလိခ။    ။
“ကျမတို့ အမျိုးသမီးတွေက ပြည်တွင်းက ကချင်အမျိုးသမီးတွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ပွဲရပ် တန့်ပေးဖို့ ကြေငြာချက်တွေ ထုတ်ပြီးတော့ တောင်းဆိုတာတွေ လုပ်တယ်။ စစ်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကို ဆေးရုံတွေမှာ သွားရောက် ကြည့်ရှုတာတွေ ဆုတောင်းပေးတာ တွေလုပ်တယ်။ သေဆုံးသူတွေရဲ့ မိသားစုကို သွားရောက်အားပေးတာတွေ လုပ်နေပါတယ်”

သုံးလကျော်ကြာလာပြီဖြစ်တဲ့ လတ်တလော ကချင်ပြည်နယ် ထိုးစစ်အတွင်း အမျိုးသားတွေ ရှေ့တန်းမှာ ခုခံတိုက်ခိုက်နေစဉ်မှာ အမျိုးသမီးတွေက ဘယ်လိုပါဝင်နေတယ်ဆိုတာကို Kachin Women Association (ကချင်အမျိုးသမီးအစည်းအရုံး-KWA) က လုပ်ငန်းတာဝန်ခံ ဒေါ်လဖိုင် ဆိုင်းရော်က ပြောပြပါတယ်။

တိုက်ပွဲမှာ တိုက်ရိုက်ပါဝင်နေတဲ့ အမျိုးသားတွေရဲ့ အခန်းကဏ္ဍကို လူတွေမြင်သာပေမယ့် နောက်တန်းမှာ အရေးကြီးတဲ့ ကဏ္ဍတွေကနေ အမျိုးသမီးတွေရဲ့ ပံ့ပိုး ကူညီမှုတွေ ရှိနေတာကို တော့ လူတွေက သိနိုင်မှာမဟုတ်ပါဘူး။

ပုံမှန်အားဖြင့် KWA က ကလေးနှင့် အမျိုးသမီးအရေးတွေကို လုပ်ဆောင်နေပြီး တိုက်ပွဲအတွင်း မိဘမဲ့ ကလေးတွေကို ထောက်ပံ့ပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ (၅) နှစ်ကျော်ကာလ အတွင်းစစ်ပြေးဒုက္ခသည်စခန်း (၁၃) ခုမှာ ကလေး ထိန်းကျောင်း (၂၅) ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး ကလေးစုစုပေါင်း (၂၀၆၀) ဦးနဲ့ ဆရာမ (၁၄၀) ဦးကို သင်တန်းပေးခြင်း၊ ကလေးမိဘများကို သင်တန်းပေးခြင်း၊ ဒုက္ခသည်စခန်း (၅) ခုမှာ အမျိုးသမီး စင်တာတွေ ဖွင့်လှစ်ထားပြီး အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုနဲ့ အသိပညာပေး မှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ပြောပါတယ်။

လတ်တလောတိုက်ပွဲဖြစ်ပွားမှု နှစ်ချီကြာလာတာနဲ့အမျှ ဒုက္ခသည်တွေကို ကူညီထောက်ပံ့မှုတွေ လည်း လျော့နည်းလာတဲ့အတွက် အမျိုးသမီးနဲ့ ကလေးတွေအတွက် အခက်အခဲတွေ ရှိလာ တယ်လို့လည်း ပြောပါတယ်။

ကလေးထိန်းကျောင်းဆရာမတွေကို လစာထောက်ပံ့မှုတွေ လျော့လာတဲ့အတွက် အခက်အခဲတွေ ရှိလာတယ်လို့ ဒေါ်ဆိုင်းရော်ကပြောပါတယ်။

“ကျမတို့ အမျိုးသမီးတွေက ငြိမ်းချမ်းရေး လိုချင်တယ်။ ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ အမျိုးသမီးတွေကိုလည်း ပါဝင်စေချင်တယ်။ နိုင်ငံရေးဆွေးနွေးတဲ့အဆင့်တိုင်းမှာ ပါဝင်ချင်တယ်။ အခုက အမျိုးသမီးတွေ ပါဝင်ဖို့ အားနည်းနေသေးတယ်”လို့ ပြောပါတယ်။

ထို့အတူ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ကျန်းမာရေးဌာနမှာဆိုရင်လည်း အမျိုးသမီး သူနာ ပြု ဆရာမ၊ ဆရာဝန်တွေက စစ်ပွဲမှ ဒဏ်ရာရသူတွေ ဆေးကုသပေးတာကို လုပ်ဆောင်နေပြီး ဆေးရုံ၊ ဆေးခန်းတိုင်းလို သူနာပြုဆရာမတွေသာ ကိုယ်ဝန်ဆောင်မိခင်နှင့် (၅) နှစ်အောက် ကလေးတွေရဲ့ ကျန်းမာရေး၊ ဖွံ့ဖြိုးမှုတွေကို အဓိကလုပ်ဆောင်နေရတယ်လို့ KIO ကျန်းမာရေး ဌာနမှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးမှ တာဝန်ယူနေသူဆရာဝန် ထွယ်ဘူက ပြောပြပါတယ်။
သူနာပြုဆရာမ၊ ဆရာဝန်တွေက ဆေးရုံအတွင်းဌာနဆိုင်ရာ အသီးသီးတွေမှာ အမျိုးသမီးတွေက အများအားဖြင့် စီမံခန့်ခွဲမှုတွေမှာ လုပ်ဆောင်နေပြီး လူထုထဲမှာဆိုရင်လည်း အမျိုးသမီးတွေကသာ ချက်ပြုတ်ရေးတွေမှာ တာဝန်ယူခြင်း၊ ဆုတောင်းပွဲတွေမှာ အဓိကတာဝန်ယူနေကြရပါတယ်လို့ ပြောပါတယ်။

KIO ရဲ့ ကျန်းမာရေးဌာနမှာ အမြင့်ဆုံးရာထူးအထိ တာဝန်ပေးတာမျိုးတွေ မရှိသော်လည်း ယခု နောက်ပိုင်းကျန်းမာရေးဌာနတွေ၊ ဆေးရုံတွေမှာ ဒုတိယတာဝန်ခံရာထူး၊ ကလေးနှင့် မိခင်စောင့် ရှောက်ရေးဆိုင်ရာတာဝန်ခံစတဲ့ ရာထူးတွေကို တာဝန်ယူရတယ်လို့ သူကပြောပါတယ်။ ဒါ့အပြင် စစ်ဘက်ဆိုင်ရာဌာနတွေမှာလည်း အမျိုးသမီးရဲမေတွေက အမြင့်ဆုံးနေရာသို့ တာဝန်ယူဖို့ လက်ရှိ အခြေအနေအရ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

“ကျမတို့ဘက်မှာက ကိုယ့်ကျတဲ့နေရာမှာ တာဝန်ကျေအောင်၊ အောင်မြင်အောင် ဆောင်ရွက်နေရ တဲ့အဆင့်ဘဲ ရှိသေးတယ်။ ကျမတို့ အမျိုးသမီးတွေက ကိုယ်ကျရာနေရာမှာ လုပ်နေတာ၊ ကိုယ် လုပ်ချင်တာရှိပေမဲ့ အမျိုးသမီးတွေကတော့ အများအမြင်မှာ သားသမီးတွေ ရှိသွားပြီဆိုရင် အမျိုး သားတွေလောက် မလုပ်နိုင်တော့ဘူးဆိုတာမျိုး အားလုံးက အမျိုးသမီးတွေကို အမျိုးသားတွေ အောက်မှာဘဲ ထားသေးတယ်။ ဥပမာကျန်းမာရေးဌာနမှာဆိုရင် အကြီးဆုံးတာဝန်ခံလုပ်ချင်မှာဘဲ။ ကိုယ့်အရည်အချင်းအပေါ် မူတည်ပြီး လုပ်ချင်တဲ့ အမျိုးသမီးတွေ ရှိမှာဘဲ။ တချို့အမျိုးသမီး တွေဆိုရင် ဘွဲ့ရသူတွေ၊ အရည်အချင်းရှိတဲ့ အမျိုးသမီးတွေလည်း အများကြီးရှိလာပြီ၊ ရဲမေတွေ ဆိုရင်လည်း ဒီလိုဘဲ အပေါ်ဆုံးနေရာ အတွင်းရေးမှူး၊ တွဲဘက် အတွင်းရေးမှူး နေရာရဖို့က အခုအခြေအနေအရဆိုရင်တော့ မဖြစ်နိုင်သေးဘူး” လို့ဒေါ်လဖိုင်ဆိုင်းရော်ကပြောပါတယ်။

အမျိုးသမီးတွေက တိုက်ပွဲရှေ့တန်းကနေ ပါဝင်ခြင်းမရှိပေမဲ့ နောက်တန်းကနေ ထမင်းချက်ပြုတ် ပေးတာတွေ၊ ဆေးဝါးကုသပေးတာတွေ ကူညီပံ့ပိုးပေးနေတယ်လို့ KIO ၏ ပြန်ကြားရေးတာဝန်ခံ တစ်ဦးဖြစ်သူ ဒုဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
“ရှေ့တန်းမှာ သွားတိုက်တာတော့ မရှိဘူး။ ဒါပေမဲ့ နောက်တန်းမှာ တတ်နိုင်တဲ့နည်းနဲ့ ကူညီတယ်။ ဥပမာ အစားအသောက်ချက်ပြုတ်တဲ့နေရာ၊ အထူးသဖြင့် ဆေးဝါးကုသတဲ့နေရာဘက်မှာ ကူညီ တာပေါ့။ မူအားဖြင့်က အနောက်တန်းမှာနေပြီးတော့ ချက်ပြုတ်ပေးတာ။ ဆေးဝါးကုသပေးတာမျိုး တွေ ရှိပါတယ်။ တခြားပစ္စည်းထုတ်လုပ်တဲ့ နေရာတွေမှာ ကူလုပ်ပေးပါတယ်”လို့ ပြောပါတယ်။

တိုက်ပွဲတွေထဲ တိုက်ခိုက်မှုတွေ မလုပ်နိုင်ရင်တောင် အမျိုုးသမီးတွေကလည်း အောက်ခြေအဆင့် လုပ်ငန်းတိုင်းမှာပါဝင် ပံ့ပိုးပေးနေပြီး တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်စေလိုကာ နိုင်ငံရေးဆွေးနွေးမှု အဆင့်တိုင်းမှာ အမျိုးသမီးတွေ ပါဝင်လာဖို့ ဆန္ဒရှိကြောင်း KWA မှ ဒေါ်လဖိုင်ဆိုင်းရော်က ပြော ပါတယ်။

Related Articles