Home ဆောင်းပါး ရုံးရောက် ဂတ်ရောက်ချင်သော်လည်း မလွယ်

ရုံးရောက် ဂတ်ရောက်ချင်သော်လည်း မလွယ်

img_7521

နန်းခမ်း။       ။

အောက်တိုဘာ (၃၀)၂၀၁၆

ကော့မှူးမြို့နယ်က အသက် (၇) နှစ်အရွယ် မထက်ထက်(အမည်လွဲ)ဟာ သက်ငယ်မုဒိန်းမှု ကျူးလွန်ခံခဲ့ရပါ တယ်။

အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းရာမှာတော့ မိသားစုအတွက် ထပ်ဆင့်အခက်အခဲတွေ ကြုံရတယ်လို့ သူ့အဖေ က ပြောပါတယ်။

“တရားရုံး ရုံးချိန်းကို သွားရတာခက်ခဲတယ်။ တရားရုံးကဝေးတော့ ကျနော်တို့လို ပိုက်ဆံမရှိတဲ့သူတွေအတွက် ဒုက္ခရောက်တာပေါ့။ ပြီးတော့ အမှုတခုဖွင့်ဖို့ သာမန်ပြည်သူတွေ နားမလည်နိုင်တဲ့ဆောင်ရွက်စရာတွေကို သက်ဆိုင်ရာရော အုပ်ချုပ်ရေးမှူးတွေရော လမ်းမညွန်ပေးနိုင်ဘူး။”

မထက်ထက်အမှုကတော့ တရားရုံးကို ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုတွေ မုဒိန်းမှုတွေဖြစ် ပွားခဲ့လျှင် ကျူးလွန်သူတွေကို တိုင်ကြားဖို့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ မုဒိန်းမှုတွေကို လိုက်လံကူညီ ဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက ပြောပါတယ်။

“ မုဒိန်းကျင့်ခံရပြီးဆိုရင် ဘယ်ကိုစသွားလို့သွားရမှန်းမသိတဲ့ သတင်းအချက်အလက်မသိတဲ့ ကွာဟမှုတွေ၊ ဝန် ဆောင်မှုတွေ မလုံလောက်တာတွေက ထားလိုက်အုံး။ ဘယ်သွားလို့သွားရမှန်းမသိဘူး။ ဆေးရုံအရင်သွားရ မှာလား။ သက်သေအရင်သွားယူရမှာလား။ ရပ်ကွက်ရုံးသွားရမှာလား။ အဲ့ဒါတွေနဲ့ပဲအမှုက ပျောက်သွားကြ တယ်” ဟု အမျိုးသမီးများအတွက် လုံခြုံမှုဆိုင်ရာလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အခရာအမျိုးသမီးအဖွဲ့က ဒါရိုက်တာမထားထားကပြောပါတယ်။

“မုဒိန်းမှုတွေ၊ အကြမ်းမှုတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေဖြစ်ရင် ခံရတဲ့အမျိုးသမီးတွေက ဘယ်ကိုသွားရောက် တိုင်ကြားရမှာလဲ၊ ဘယ်လိုတိုင်ကြားရမှာလဲဆိုတဲ့ ဗဟုသုတတွေ မသိရှိသေးဘူး”လို့ မထားထားကဆိုပါတယ်။

မုဒိန်းကျင့်ခံရတဲ့အမျိုးသမီးတွေက အားတင်းပြီး ရဲစခန်းကို သွားတိုင်တဲ့အချိန်မှာ ရဲတွေအော်ငေါက်တာတွေ၊ အမျိုးသမီးတွေ  ဝတ်စားဆင်ယင်မှုကြောင့် မုဒိန်းကျင့်ခံရတယ်ဆိုတဲ့ အပြစ်တင်မှုလုပ်တာမျိုးတွေ၊ ပြီးတော့ ဘယ်လိုမုဒိန်းကျင့်ခံရတာလဲဆိုတဲ့ မေးခွန်းကိုပဲ ထပ်ခါထပ်ခါ မေးမြန်းနေမှုတွေကြောင့် မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီးတွေက တိုင်ကြားရမှာ ကြောက်လာကြတယ်လို့ အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တွေက ဆိုပါတယ်။

အောက်တိုဘာ (၂၆) ရက်နေ့မှာ ကျားမ (ဂျန်ဒါ) အခြေပြု အကြမ်းဖက်မှုအတူ ဝိုင်းဝန်းတိုက်ဖျက်ဖို့ ဆွေးနွေး ပွဲမှာလည်း အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေက “ ဥပဒေအခြေအနေ ဆွေးနွေးချက်များနဲ့ Advocacy”  ဆိုတဲ့ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာမှာ ကျူးလွန်ခံရသူတွေ တိုင်တန်းရခက်ခဲတဲ့အကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။

“ အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေ မုဒိန်းကျင့်ခံရတဲ့အမျိုးသမီးတွေ သွားတိုင်ရင် ဘယ်လိုဆက်ဆံရမလဲ ဆိုတာ ရဲတွေက နားမလည်ဘူး။ ရဲတွေကို ပညာပေးတွေလည်း မရှိဘူး။ ပြီးတော့ သူတို့တွေက ဝန်ဆောင်မှု တွေ ဘာမှမပြောနိုင်ကြဘူး” ဟု မထားထားက ဆိုပါတယ်။

အကြမ်းဖက်မှု မုဒိန်းမှုတွေက စာရွက်ပေါ်မှာသာ အများဆုံးရှိပြီး တိုင်ကြားတဲ့နေရာမှာအခက်အခဲတွေကြောင့် ပျက်ကွယ်သွားတဲ့အမှုတွေလည်း အများကြီးရှိကြောင်း၊ သက်ငယ်မုဒိန်းမှုတွေကို ရဲစခန်းတွေ၊ အမျိုးသမီးအဖွဲ့ တွေကို လာရောက်တိုင်ကြားကြပေမယ့် အရွယ်ရောက် မုဒိန်းမှုတွေကတော့ ရှက်တဲ့စိတ်တွေကြောင့် တိုင်ကြား မှု အရမ်းနည်းကြောင်း အမျိုးသမီးရေးတက်ကြွလှုပ်ရှားသည့်အဖွဲ့တွေက ပြောပါတယ်။

“သက်ငယ်မုဒိန်းဆိုရင် ရဲရဲတိုင်တယ်။ ကျမတို့ဆီ လက်ဆွဲခေါ်လာတာရှိတယ်။ မကျေနပ်လို့ တိုင်တာရှိတယ်။ တရားသူကြီးကဘာဖြစ်လို့၊ ရဲကမလုပ်ပေးလို့၊ မရရအောင်တက်လာတာတွေ ရှိတယ်။ အရွယ်ရောက်မုဒိန်းမှုက တက်လာဖို့ခဲတယ်။ မိန်းကလေးတွေကို အပြစ်ပုံချတဲ့ဓလေ့ထုံးစံတွေ၊ နောက်ပြီးကျင့်တဲ့သူက ဘာလုပ်သွား လဲ။ ဘာဖြစ်သွားလဲ။ ဘယ်လိုလုပ်တာလဲဆိုတဲ့မေးခွန်းတွေ ခဏခဏမဖြေချင်လို့ နောက်ဆုတ်ကြတာများ တယ်” လို့ မထားထားကပြောပြပါတယ်။

ထားဝယ်အမျိုးသမီးသမဂ္ဂအဖွဲ့မှ ဒေါ်စုစုဆွေက  “ မုဒိန်းမှု ဖြစ်တဲ့ကျေးရွာက လူဆိုရင် ဘယ်လို တိုင်လို့ တိုင်ရ မှန်း မသိကြဘူး။ တိုင်ရင်လည်း ဘာတွေလိုအပ်လဲဆိုတာ နားမလည်ဘူး။ မုဒိန်းမှုမှာ ဆေးစစ်ချက်ရဖို့က ခက်ခဲတယ်။ ဆေးစစ်ချက်မှာ မှားရင်လည်း အမှုကလျော့သွားပြန်တယ်”ဟုပြောပါတယ်။

မုဒိန်းမှုတွေက ကျေးရွာမှာအဖြစ်များတော့ မြို့နဲ့အလှမ်းဝေးပြီး တိုင်ကြားတဲ့အခါမှာ အလွန်ကိုခက်ခဲကြောင်း၊ တရားရုံးကို လာရောက်ရင်ဆိုင်ရင်လည်း ခရီးသွားလာမှု၊ ငွေကြေးအစစ၊ အဆင်မပြေကြောင်း၊ တချို့အမှု တွေကို မကျေနပ်ပေမယ့် ကျေအေးလိုက်ရတာတွေလည်းရှိကြောင်း ဒေါ်စုစုဆွေကပြောပြပါတယ်။

ထားဝယ်မြို့နယ်မှာ ဖြစ်ပွားတဲ့သက်ငယ်မုဒိမ်းမှုတွေက အမှုဖွင့်သည့်အဆင့်မရောက်ရှိဘဲ ငွေကြေးနဲ့ ကျေအေး လိုက်ရကြောင်း၊ သက်ငယ်မုဒိမ်းမှုကို ဥပဒေအရ သေချာကာကွယ်ပေးသင့်ကြောင်း ဒေါ်စုစုဆွေက ပြောပြပါ တယ်။

သာမန်ပြည်သူတယောက်အနေနဲ့ မုဒိန်းမှုတွေအကြမ်းဖက်မှုတွေ သွားတိုင်ရင် အထောက်အထား ပြဖို့ရဲတွေက တောင်းကြတယ်။ ပြည်သူအနေနဲ့မပြနိုင်ရင် ရဲစခန်းက အမှုကိုမလုပ်ပေးကြတာတွေကို တွေ့ရကြောင်း၊ ရဲစခန်း မှ ဖော်ထုတ်ရမယ့်အပိုင်းကို ပြည်သူတွေကို ပြန်ခိုင်းတာလည်း တွေ့ရကြောင်း၊ ထိုကိစ္စရပ်များသည် အကြမ်း ဖက်ခံရတဲ့အမျိုးသမီးတွေကို တိုင်ကြားဖို့ အတားအဆီးဖြစ်စေတယ်လို့ ဆွေးနွေးပွဲတွင် အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

သက်ငယ်မုဒိန်းမှု အများစု ကျူးလွန်သူတွေက မြန်မာပြည်မှာရော နိုင်ငံတကာမှာရော မိမိပတ်ဝန်းကျင်မှာ နေထိုင်တဲ့သူတွေ၊ ဆွေမျိုးအသိုင်းအဝိုင်းထဲကလူတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ကျောင်းဆရာတွေက ပိုများပါတယ်လို့လည်း အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတွေက အောက်တိုဘာ (၂၆)ရက်နေ့တွင် ကျင်းပ တဲ့ ကျား၊မ (ဂျန်ဒါ) အခြေပြုအကြမ်းဖက်မှု အတူဝိုင်းဝန်းတိုက်ဖျက်ဖို့ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါတယ်။

“သက်ငယ်မုဒိန်းမှုလုပ်တဲ့သူတွေက ရင်းနှီးတဲ့သူတွေ မိဘဆွေးမျိုးတွေများတယ်။ တချို့ကျမတို့ လိုက်ပေးနေ ရတဲ့ အမှုဆိုရင် ကိုယ့်ဖခင်တွေ ကိုယ်တိုင်ဖြစ်နေတာတွေ့ရတယ်။ အဲဒီလိုဖခင်ကိုယ်တိုင် သက်ငယ်မုဒိန်းမှုမှာ ပါဝင်နေတဲ့အတွက် ထိရောက်တဲ့ဟန့်တားမှု သေဒဏ်ပေးဖို့အတွက် စဉ်းစားရပြန်တယ်” ဟုဥပဒေကုစားရေး အဖွဲ့မှ ဒါရိုက်တာရှေ့နေဒေါ်လှလှဦးက ပြောပါတယ်။

သက်ငယ်မုဒိန်းမုဒိန်းမှုတွေ ပြစ်မှုကျူးလွန်သူတွေက ဆွေမျိုးတွေ ဖခင်တွေ ပါဝင်နေတဲ့အတွက် မုဒိန်းမှုကို သေဒဏ်လို့ပြောလိုက်ရင် လာတိုင်ဖို့ ခက်ခဲနိုင်ကြောင်း၊ သက်ငယ်မုဒိန်းမှုတွေ လာမတိုင်ဘဲ တိတ်တဆိတ် ကြိတ်ခံနေမှာကိုလည်း စိုးရိမ်ရကြောင်း၊ ထိုကြောင့် ပြစ်ဒဏ်အနေနဲ့ ပြန်စဉ်းစားစရာ ဖြစ်လာသည်ဟု ဒေါ် လှလှဦးက ဆိုပါတယ်။

“မုဒိန်းမှုတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေက ဥပဒေသေချာမရှိဘူး။ ပြီးတော့နားလည်ပြီး ကျွမ်းကျင်တဲ့ လိုက် လုပ်ချင်တဲ့ရဲတွေ လိုအပ်ပါတယ်” ဟု မထားထားကဆိုပါတယ်။

ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး တိုင်ကြားတာ၊ ဝန်ဆောင်မှုကို ရယူတာ(၂၀)ရာခိုင်နှုန်းပဲ ရှိသေး တယ်လို့ အမျိုးသမီးအရေးလုပ်ဆောင်နေသူတွေက ပြောပြပါတယ်။

ဆက်လက်ပြီး အကြမ်းဖက်မှုများကို အခမဲ့လိုက်လံကူညီပေးနေတဲ့ ရှေ့နေဒေါ်လှလှဦးက “ကျမက ရှေ့နေ တယောက် ကျမသာမုဒိန်းကျင့်ခံရမယ်ဆိုရင် ကျမရဲစခန်းကိုသွားမတိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ကျမ တရားရုံးစစ်ဆေးတာကို သိနေတယ်လေ။ တိုင်ကြားတာ ခက်ခဲကြောင်းလည်း ကျမကောင်းကောင်း သိတယ်။ ဆေးစစ်ရင် ကျမခန္ဓာကိုယ် စစ်ဆေးတာလည်းခံရမယ်။ ပြီးတော့ဟိုမေးဒီမေးတွေလည်းခံရမယ်” ဟုပြောပါ တယ်။

ရဲများသည် သူတို့၏ စုံစမ်းထောက်လှမ်းရမယ့် ကိစ္စများကို မလုပ်ဆောင်ကြကြောင်း၊ ရဲစခန်းကိုသွားပြီး တိုင် ကြားလျှင်လည်း ရဲအရေးပိုင် မဟုတ်ကြောင်း၊ ရဲစခန်းများသည် သွားရောက်အမှုဖွင့်ရန် ခက်ခဲနေသည်ကို တွေ့ရသည် ဟုဒေါ်လှလှဦးက ပြောပြပါတယ်။

ဥပဒေ ပြင်ဆင်ရာတွင် မုဒိန်းမှုကို အသက်ပြင်ဆင်လိုက်ရုံနဲ့ မပြီးကြောင်း၊ ယခင် မုဒိန်းမှုကို အသက်၁၄နှစ် သတ်မှတ်ကာ ယခုနောက်ပိုင်း မုဒိန်းမှုကို အလိုတူတူ မတူတူ (၁၆) နှစ်အောက်နှင့် နေထိုင်သူဖြစ်ပါက မုဒိန်းမှု မြောက်သည်ဟု ဥပဒေမှာ ရေးထားသည်မှာ မှားယွင်းနေတဲ့ ပြဿနာတရပ်ဖြစ်ပါတယ်လို့ ဥပဒေရှုထောင့် အနေနဲ့ ဒေါ်လှလှဦးကထောက်ပြလိုက်ပါတယ်။

“ မုဒိန်းမှုမှာ ပြစ်ဒဏ်ကို ပြင်လိုက်တာ အသက်ကို ပြင်လိုက်တာမရပါဘူး။ အမျိုးသမီးတွေ တယောက်ချင်း လက်လှမ်းမှီဖို့က ဥပဒေသီးသန့်ထုတ်ပြန်ဖို့ ပြဌာန်းဖို့လိုတယ်” လို့ ဒေါ်လှလှဦးကဆိုပါတယ်။

မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီးတွေက ရဲစခန်းတို့ အုပ်ချုပ်ရေးမှူးတို့ကို သွားတိုင်ရင် ကျင့်ခံရတဲ့အမျိုးသမီးတွေ မိသားစုတွေ အသုံးမကျလို့၊ ဝတ်စားဆင်ယင်မှုကြောင့် မုဒိန်းကျင့်ခံရတာလို့ ပတ်ဝန်းကျင်ရဲ့ ပြောဆိုချက်ကို မခံနိုင်ကြ၊ အထင်သေးတဲ့မျက်လုံးနဲ့ ကြည့်ကြတဲ့အတွက် မုဒိန်းကျင့်ခံရတဲ့ အမျိုးသမီးတွေက သွားတိုင်ဖို့ ဝန်လေးလာကြပါတယ်လို့   ဒေါ်လှလှဦးက ပြောပါတယ်။

“ကျမရုံးကို ဒီတနှစ်အတွင်းလာတိုင်တဲ့ အကြမ်းဖက်မှု ပေါင်း(၂၈၆)မှုရှိပါတယ်။ တရားရုံးကိုတက်ပြီး တရားစွဲ ဆိုခဲ့တာ(၈၃)မှုပဲရှိပါတယ်။ (၈၃)မှုမှာ သက်ငယ်မုဒိန်းမှုက (၂၀)ပါ။ ကျန်အမှုတွေက နောက်ဆုတ်သွားပါ တယ်” ဟု ဒေါ်လှလှဦးကပြောပြပါတယ်။

မုဒိန်းမှုတွေ အကြမ်းဖက်မှုတွေ ဖြစ်လာရင် ရဲစခန်းမှလည်း ဝန်ဆောင်မှု အပြည့်အဝပေးဆောင်စေချင်ပြီး၊ တရားရုံးမှာလည်း နှစ်ရှည်မလုပ်ဆောင်သင့်ကြောင်းနှင့် အမျိုးသမီးတွေအတွက် ဥပဒေသီးသန့် ပြဌာန်းစေလို ပြီး မုဒိန်းမှုတွေမှာ ထိရောက်စွာ ကိုင်တွယ်ဖို့ လိုအပ်ပါတယ်လို့ အမျိုးသမီးအရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေ က ဆိုပါတယ်။

ကလေးများအား လိင်ပိုင်ဆိုင်ရာ ကျူးလွန်သူများကို သေဒဏ်ပေးသည့်အထိ ပြစ်ဒဏ်တိုးချဖို့ အမျိုးသား ဒီမို ကရေစီသစ်ပါတီမှ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က လွန်ခဲ့သည့် လွှတ်တော်မှာ အဆိုတင်ပြခဲ့သော် လည်းရှုံးနိမ့်ခဲ့ပါတယ်။

အမျိုးသမီးနဲ့ ကလေးသူငယ်တွေအား အကြမ်းဖက်မှုပပျောက်ရေးနဲ့ တားဆီးကာကွယ်စောင့်ရှောက်ရေး အတွက် ဆွေးနွေးတိုင်ပင်ရန် Hot Line (၁၈၈၆) လိုင်းခွဲနံပါတ် (၃) တွင် အောက်တိုဘာ (၂၀) ရက်မှ စတင် ကာ အခရာအမျိုးသမီးအဖွဲ့ (မြန်မာ) နဲ့ Blue Ocean Contact Center  ဝန်ဆောင်မှုပေးနေကြောင်း သိရပါ တယ်။ သူတို့အဖွဲ့တွေက တရားရေးဆိုင်ရာလုပ်ငန်းစဉ်တွေနဲ့ ဘာဖြစ်ရင် ဘာတွေလုပ်ရမယ်ဆိုတာမျိုးတွေ အကြံပေးသွားဖို့ ရည်ရွယ်ထားပါတယ်။

 

Related Articles