Home သတင်း ၂၁ ပင်လုံကြိုဆိုသည့်အတွက် ကူကီး အမျိုးသမီးစင်တာဥက္ကဌ တရားစွဲခံရမည်ဟု ခြိမ်းခြောက်ခံရ

၂၁ ပင်လုံကြိုဆိုသည့်အတွက် ကူကီး အမျိုးသမီးစင်တာဥက္ကဌ တရားစွဲခံရမည်ဟု ခြိမ်းခြောက်ခံရ

11

Photo: Nga Ngai (Facebook)

၂၃၊ သြဂုတ်၊ ၂၀၁၆

ကချင်မလေး (ရန်ကုန်)။            ။

(၂၁)ရာစု ပင်လုံညီလာခံ ကြိုဆိုရေးနှင့် ကူကီး တိုင်းရင်းသား ဖိုရမ် ကျင်းပခဲ့ခြင်းကြောင့် ပွဲကျင်းပရေး ကော်မတီ ဥက္ကဌဖြစ်သော အမျိုးသမီးရေး လှုပ်ရှားသူတစ်ဦးအား မြို့နယ်အုပ်ချုပ်ရေးက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ခေါ်ယူ အသိပေးခဲ့သည်။

သြဂုတ် ၁၉-၂၀ ရက်များတွင် အခန်းအနားကျင်းပခဲ့ပြီး ၂၁ ရက်နေ့တွင် ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ ဒေါ်ငိုင်းငိုင်းအား မြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆင့်ခေါ်စာ ပေးပို့ခေါ်ယူခဲ့သည်။

တမူး မြို့နယ်အုပ်ချုပ်ရေးရုံးတွင် အုပ်ချုပ်ရေးမှူး၊ ရဲအရာရှိများ၊ လဝက အရာရှိ၊ ရှေ့နေများ၊ ခရိုင်အုပ်ချုပ်ရေးကသူတွေအားလုံးပေါင်း အယောက် ၃၀ နှင့်အတူ “တားမြစ်ထားတဲ့ကြားကလုပ်တဲ့ အတွက်ကြောင့် ဥပဒေနဲ့အရေးယူမှာဖြစ်တဲ့အကြောင်း အသိပေးဖို့ ဒီနေ့ခေါ်ယူတာလို့” ပြောခဲ့ကြောင်း ဒေါ်ငိုင်းငိုင်းကပြောပါသည်။

“၁၉-၂၀မှာ ဒီပွဲလုပ်မယ်ဆိုတာကို မြို့နယ်၊ ခရိုင်ထွေအုပ်ရော၊ ရဲစခန်းကိုပါ ကြိုပြီး အကြောင်းကြား စာပို့ခဲ့ပါတယ်” သို့ပေမယ့် ကြိုတင်အကြောင်းထားမှုကို ပွဲကျင်းပရန် ၂ရက်အလိုမှသာ ပွဲပြုလုပ်ရန် ခွင့်မပြုနိုင်ကြောင်းကို မြို့နယ်အုပ်ချုပ်ရေးရုံး လာရောက်အသိပေးခဲ့သည်။

“ပွဲနားနီးနေတဲ့အချိန်မှလာပြောတယ်၊ တနိုင်ငံလုံးမှာရှိတဲ့ကူကီးတိုင်းရင်းသားခေါင်းဆောင် တချို့ရောက်နေပြီ၊ တချို့က လမ်းခရီးတဝက်မှာတင်ရောက်နေကြပြီ၊ ခန်းမနေရာတွေအတွက်လည်း စရံပေးပြီးပြီ” ဟု ပွဲကျင်းပခဲ့ရသည့် အခြေအနေကို ဒေါ်ငိုင်းငိုင်းက ရှင်းပြသည်။ တားမြစ်သည်ဆိုပါကလည်း  အမိန့်စာပြရန်တောင်း ဆိုခဲ့သော်လည်း မပြခဲ့ကြောင်း ဒေါ်ငိုင်းငိုင်း ပြောသည်။

ထိုကဲ့သို့ ပွဲမိန့်အားမပေးရခြင်းအကြောင်းအရင်းကို သက်ဆိုင်ရာမှ အခုလိုပြောကြောင်း “ကူကီးဆိုတာ တိုင်းရင်းသာ ၁၃၅  မျိုးမှာမပါဘူးအဲဒါကြောင့် လုပ်ခွင့်မပေးဘူးလို့ သူတို့ဘက် အကြောင်းပြချက်ပေးတယ်”

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဒေါ်ငိုင်းငိုင်းက “လဝကနဲ့ သန်းခေါင်စာရင်းဌာနဝန်ကြီး ဦးခင်ရီက VOA သတင်းဌာနသို့ပြောကြားချက်တွင် မြန်မာနိုင်ငံမှာတိုင်းရင်းသားလူမျိုး ၁၃၅ ပဲရှိတယ်လို့ဆိုလိုတာမဟုတ်ဘူး အဲဒီထက်နည်းရင်နည်းမယ်၊ များရင်များမယ်၊ ပြည်သူလူထုက မိမိရဲ့လူမျိုးအမည်မှန်ကို ဖော်ထုတ်ရမယ်လို့ ပြောကြားချက်အရ ကျမတို့လည်း ကျမတို့လူမျိုးအမည်မှန်ကိုဖော်ထုတ်တာဖြစ်တယ်”လို့ပြောပါသည်။

ပြုလုပ်ကျင်းပမည့် ခန်းမသည်ပင်လျင် ဖိအားပေးခံရမှုကြောင့် ခန်းမတံခါးပိတ်လိုက်ပြီးပွဲပြုလုပ်ခွင့်မပြုခဲ့ခြင်း ကြောင့် ကူကီးအမျိုးသမီးအဖွဲ့၏ စင်တာ(ရုံး)တွင်သာ အကျဉ်းချုံးပြုလုပ်ခဲ့ရသည်။ ထပ်မံပြီးလည်း ထို(၂၁)ရာစု ပင်လုံညီလာခံကြိုဆိုသည့်အခန်းအနားတွင် ဟောပြောပေးမည့် ပုဂ္ဂိုလ်(၂)ဦးကိုပင် ပိတ်ပင် ခြင်းခံရသည်ဟု သိရသည်။ နောက်ဆုံး အခြားတနေရာတွင် ပွဲကို တက်ရောက်သူ (၄၀၀)ခန့်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

၂၁ရာစုပင်လုံညီလာခံကိုကြိုဆိုသည့်အခန်းအနားပြုလုပ်ခြင်းသည် တိုင်းရင်းသားတွေရဲ့ ခွင့်အရေးတခု၊ အစိုးရနှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်ပြီး ပြုလုပ်သည့် ၂၁ရာစု ပင်လုံညီလာခံသို့ တက်ရောက်ရန် တောင်းဆိုခြင်းနှင့် ကြိုဆိုမှုပြုလုပ်ခြင်းက  မြန်မာနိုင်ငံတွင်မွေးဖွား၊ နေထိုင်သည့် နိုင်ငံသားတယောက်၏ မွေးရာပါအခွင့်အရေးတရပ်အဖြစ်မြင်ကြောင်း သို့ပေမယ့် ယခုလို ပိတ်ပင်ခြင်းဟာ “တိုင်းရင်းသား ၁၃၅ မျိုးမှာ မပါတဲ့အတွက်ကြောင့် တားမြစ်ပိတ်ပင်တယ်ဆိုတာက အဓိပ္ပါယ်မရှိဘူး၊ ဒါက လူနည်းစုအနေနဲ့ ခွဲခြားဆက်ဆံတယ်လို့ထင်ပါတယ်”

သက်ဆိုင်ရာမှ အမှုကိုတရားစွဲဆိုမည်ဆိုလျင်လည်း သူမနေဖြင့်တော့ “ကျမကတော့ စောင့်နေရုံပဲရှိတာပေါ့” လို့ပြောပါတယ်။

ထိုပွဲကို ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာ ကူကီးတိုင်းရင်းသားများမှလည်း ၂၁ ရာစုပင်လုံညီလာခံကို ကြိုဆိုကြောင်းကို ဖော်ပြလိုခြင်း၊ ညီလာခံသို့ကူကီးတိုင်းရင်းသားများကိုယ်စားလှယ်အဖြစ်တက်ရောက်နိုင်ရန် နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့ရှိမနေခြင်းကြောင့် အရပ်ဖက်လူ့အဖွဲ့အစည်းအနေဖြင့်တက်ရောက်နိုင်ရန် ဖြစ်ကြောင်းသိရသည်။ အဆိုပါ တွေ့ဆုံပွဲ(ဖိုရမ်)အပြီးတွင် ၂၁ ရာစု ပင်လုံညီလာခံတွင် ကူကီးတိုင်းရင်းသားများအား တက်ရောက်ခွင့်ပြုရန် အပါအဝင် အချက်(၄)ချက်ပါ ထုတ်ပြန်ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ဒေါ်ငိုင်းငိုင်းသည် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB ၏ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်၊ ကူကီးအမျိုးသမီးစင်တာ ဥက္ကဌ လက်ရှိဖိုရမ်ဖြစ်မြောက်ရေးကော်မတီတွင် ဥက္ကဌအဖြစ် တာဝန်ယူထားသူ တဦးဖြစ်သည်။

Related Articles