Home သတင်း ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်သည့် KIO အဖွဲ့တွင် ပထမဆုံးအဖြစ် အမျိုးသမီးများ ပါဝင်ခွင့်ရ

ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်သည့် KIO အဖွဲ့တွင် ပထမဆုံးအဖြစ် အမျိုးသမီးများ ပါဝင်ခွင့်ရ

13413709_1198343203533985_3187547265380562114_n-622x350

Photo: DVB (ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အကြို ပြင်ဆင်ရေး ညှိနှိုင်း ဆွေးနွေးပွဲ ၄ ရက်မြောက်နေ့)

လုဆိုင်း။          ။

သြဂုတ်လ ၃၁ ရက်နေ့မှာ ကျင်းပမဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်ဖို့ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ကိုယ်စားလှယ် ၂၄ ဦး ရွေးချယ်ခဲ့တဲ့အထဲမှာ အမျိုးသမီး ၃ ဦး ပါဝင်ပါတယ်။

ဒါဟာ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်တဲ့ KIO အဖွဲ့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ဖွဲ့စည်းခဲ့တဲ့ ကိုယ်စားလှယ် အဖွဲ့တွေထဲမှာ ပထမဆုံးအဖြစ် အမျိုးသမီးတွေ ပါဝင်ခွင့် ရတာ ဖြစ်ပါတယ်။

ကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်သူများမှာ ဒေါ်လဖိုင်ဂျာတောင်၊ ဒေါ်ဝမ်ဒယ် ခေါန်ရှောင်နှင့် ဒေါ်ဖောင်ဂန်ဆိုင်းတောင်တို့ သုံးဦးကို ဖြစ်သည်ဟု ကချင်အမျုးိသမီးအစည်းအရုံး(KWA) မှ ဒုဥက္ကဌ ဒေါ်ခန်ဒါး ရွယ်နန်က ပြောပါတယ်။

“ KWA က အမျိုးသမီး သုံးဦးပါဝင်ပါတယ်။ အစိုးရနဲ့ သွားတွေ့ဆုံဆွေးနွေးဖို့က ဒါက ပထမဆုံး ပါဘဲ။ ဒါက ကေအိုင်အို ကိုယ်စားလှယ်တွေနဲ့အတူ လိုက်နားထောင်တာ ဖြစ်တယ်။ ဒါက ကျမတို့ အမျိုးသမီးတွေကို မြင့်တင်ပေးတဲ့ အနေနဲ့ နိုင်ငံရေးဆွေးနွေး လက်တွဲခေါ်လာတာ ဖြစ်တယ်လို့မြင်ပါတယ်”ဟု သူက ပြောပါတယ်။

အမျိုးသမီးတွေဟာ KIO အဖွဲ့ရဲ့ ထိပ်ဆုံးနေရာမှာ မရသေးပေမဲ့လည်း အခုနောက်ပိုင်းတွင် နိုင်ငံရေးနဲ့ ပတ်သက်လို့ ပညာသင်ယူခွင့် ပြုနေပြီဖြစ်ကာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွင်လည်း ပါဝင်မှုတွေ ရှိလာပြီလို့ သူက ပြောပါတယ်။

“အရင်ကတော့ ကေအိုင်အိုမှာက ကျမတို့ အမျိုးသမီးတွေကို ဓလေ့ထုံးတမ်းစဉ်လာအရ နေရာ မပေးဘူး။ အဲဒါရှိခဲ့လို့ အခုလို့ ကချင်အမျိုးသမီးအစည်းအရုံးကို ဖွဲ့စည်းတာလည်း ဖြစ်တယ်။ ကလေးအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ဓလေ့ ထုံးတမ်းတွေ အားလုံးကို ပြောနိုင်ဆိုနိုင်အောင်လို့ ဖွဲ့စည်းခဲ့တာဖြစ်တယ်။ ဒါတွေကတော့ ခုချိန်မှာတော့ လုပ်ကိုင်နိုင်တယ်။ နိုင်ငံရေးမှာဘဲ ထိပ်ထိ မရောက်နိုင်သေးဘူး”လို့ သူက ပြောပါတယ်။

လက်ရှိအခြေအနေမှာ နိုင်ငံရေးနှင့် ပတ်သက်လို့ အစည်းအဝေး တိုင်းမှာ တက်ရောက်ခွင့် ရှိပေမဲ့ ဆုံးဖြတ်ပိုင်ခွင့်ကိုမူ မရရှိသေးဘူးလို့ KWA မှ ဒုဥက္ကဌ ဒေါ်ခန်ဒါး ရွယ်နန်က ပြောပါတယ်။

တဖက်မှာလည်း အမျိုးသမီးအခွင့်အရေး အပြည့်အဝ ရရှိဖို့အတွက် KWA စဖွဲ့စည်းကတည်းက နိုင်ငံရေးနဲ့ပတ်သက်လို့ ကျွမ်းကျင်တဲ့ အမျုးိသမီး မွေးထုတ်ခဲ့ပေမဲ့ ပညာတတ် အမျိုးသမီးများမှာ မြို့ကြီးများသို့သာ သွားရောက် လုပ်ကိုင်သွား တာကြောင့် လတ်တလော နိုင်ငံရေးနှင့် ဆိုင်တဲ့ ကျွမ်းကျင်ပြီး အရည်အချင်းရှိတဲ့ အမျိုးသမီးများ မွေးထုတ်နေတယ်လို့ ဆိုပါတယ်။

“ကျမတို့ ပေါ်လစီတော့ ရှိတယ်။ ဒါပေမဲ့ ပြောမယ်ဆိုရင် KWA မှာကိုယ်၌က ပညာတတ်၊ နိုင်ငံရေးဘက် နည်းနည်း တတ်လာပြီဆိုရင်၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ ကျောင်းပြီးသွားပြီ ဆိုရင်လည်း မြို့ပေါ် မြန်မာအစိုးရရဲ့နိုင်ငံရေး ပါတီဘက်မှာဘဲ သွားလုပ်ကြတယ်။ အခုက ကျမတို့ အဝန်းအဝိုင်းမှာဘဲ ကြိုးပမ်းနေတော့ ထိပ်ဆုံးကို ရောက်ဖို့ မလွယ်ဘူး။ အဲဒီလိုထိပ်ကို ရောက်ဖို့က အများကြီး ကြိုးစားရမယ်လေ”လို့ သူက ပြောပါတယ်။

KIO တော်လှန်ရေးစတင်ကတည်းက အမျိုးသမီးတွေကို နေရာပေးလုပ်ကိုင်ခွင့်တွေ မရှိခဲ့တဲ့အတွက် အခုအချိန်မှာ အမျိုးသမီးတွေကို နိုင်ငံရေးမှာ ပါဝင်ဆွေးနွေးဖို့ အခြေအနေ ပေးလာတဲ့အခါကြတော့ အရည်အချင်း ရှိတဲ့ အမျိုးသမီးတွေ ရှားပါးနေသေးကြောင်း၊ အမျိုးသမီးတွေကိုယ်တိုင်က အရည်အချင်း အတွေ့အကြုံရှိလာစေရန် ပညာတော်သင်ကြားခွင့်တွေ ရရှိနေပြီ ဖြစ်သလို၊ ကေအိုင်အိုကိုလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အမျိုးသမီးတွေဘက်က အကြံပြုချက်တွေ၊ ပညာပေးတဲ့အဆင့်ထိတော့ ရရှိနေပြီလို့ ဆိုပါတယ်။

ကချင်ထုံးတမ်းဆင်လာအရ အမျိုးသမီးတွေကို နိုင်ငံရေးနဲ့ပတ်သက်သည့် အစည်းအဝေးများတွင် ပါဝင်ခွင့် မရှိဘဲ အခြား လူမှုရေးကိစ္စရပ်များတွေသာ ပါဝင်လုပ်ကိုင်စေခဲ့ခြင်းကြောင့် ယနေ့ထိ KIO အတွင်း အမျိုးသမီးများ နိုင်ငံရေးနဲ့ပတ်သက်လို့ ကျွမ်းကျင်သူ မရှိသေးတာလည်း ဖြစ်တယ်လို့ KWAT ၏ အလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်၊ KIO တော်လှန်ရေးသူရဲ့ကောင်း လထော်ဇော်ဆိုင်း၏ အမျိုးသမီး ဒေါ်ရှယ်လီဆိုင်းက ပြောပါတယ်။

“ကျမတို့ ကချင်အမျိုးသားတွေ ကိုယ်တိုင်က အမျိုးသမီးတွေကို ထုံးတမ်းစဉ်လာအရ အမျိုုးသမီးတွေကို ဦးစားမပေးဘူး။ သိတဲ့အတိုင်းဘဲ တချို့ အမျိုးသမီးတွေက သတ္တိရှိပေမဲ့ ကျမတို့ ကချင်မှာက နောက်ခံသမိုင်းတွေ ကြည့်တယ်။ ပညာရေးနောက်ခံ ကြည့်တော့ အဲဒါ ကန့်သတ်ချက်တွေ ရှိနေတယ်”လို့ သူက ပြောပါတယ်။

KIO အနေနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ရှိလာရင် အမျိုးသမီးတွေကိုလည်း နေရာပေးဖို့ ပေါ်လစီရှိသလို၊ အမျိုးသမီးဌာနချုပ်ရုံးတွေ ဖွင့်လှစ်ထားကာ အမျိုးသမီးတွေကို ကဏ္ဍအလိုက် ပါဝင်ခွင့်ပြုထားပြီး အမျိုးသမီးနဲ့ ဆိုင်တာ လုပ်ငန်းအားလုံး လုပ်ကိုင်ခွင့် ပေးထားတယ်လို့ KIO ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးဖြစ်သော ဒုဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“ကျနော်တို့ ကေအိုင်အိုက နိုင်ငံရေး ဆွေးနွေးဖို့ ရှိလာရင်တော့ အမျိုးသမီးတွေကို နေရာပေးဖို့တော့ ရှိပါတယ်။ အခုလက်ရှိမှာ အမျိုးသမီးတွေကို သူကဏ္ဍအလိုက်ပါဝင်ဖို့ ခွင့်ပြုထားတာတော့ ရှိတယ်။ ဥပမာ နိုင်ငံရေးဆွေးနွေးပွဲမှာ ၂၁ ရာစုပင်လုံ ညီလာခံ တက်ဖို့ အမျိုးသမီးတွေ ပါဝင်ဖို့ ဆိုတာတော့ ရှိပါတယ်၊ သူတို့ သတ်နိုင်တဲ့ဟာတွေ တန်းတူညီတူ လုပ်ပိုင်ခွင့်တွေ ပေးထားပါတယ်။ ခွင့်ပြုထားပါတယ်။ လက်တွဲခေါ်တာတွေလည်း ရှိပါတယ်”လို့ သူက ပြောပါတယ်။

အမျုးိသမီးတွေကို နေရာပေးဖို့ စီစဉ်ထားမှုတွေ ရှိနေပြီး အမျိုးသမီးဆိုင်ရာ စစ်သင်တန်းတွေ ပေးခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ရှိလာရင်လည်း အမျုးိသမီးတွေ ပါဝင်ဖို့ အဆင်သင့် ပြင်ဆင်ထားသလို၊ အခြား စီးပွားရေး၊ လူမှုရေးကဏ္ဍတွေမှာလည်း ပါဝင်ဖို့ စီစဉ်ထားတယ်လို့ သူက ဆက်လက် ပြောဆိုပါတယ်။

အခု ၂၁ ရာစု ငြိမ်းချမ်းရေး ညီလာခံတွင် တက်ရောက်မည့် KIO ကိုယ်စားလှယ် အဖွဲ့မှာ ပါဝင်သူများကတော့ ကချင် အမျိုးသမီး အစည်းအရုံး KWA အဖွဲ့ခေါင်းဆောင်တွေ ဖြစ်ပါတယ်။

KWA ကို ကွယ်လွန်သွားပြီ ဖြစ်တဲ့ KIO ဥက္ကဌဟောင်း ဦးမရန်ဘရန်ဆိုင်းက အမျိုးသမီးများရဲ့ စွမ်းရည်ရှိသလောက် ကချင် အမျိုးသားရေး လုပ်ငန်းများတွင် ပါဝင်လာစေနိုင်ရန် KIO ဗဟိုကော်မတီတွင် တရားဝင် ဆွေးနွေးညှိနှိုင်း၍ ၁၉၇၈ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ ပါဂျောင်ဘွမ် ရှအဝ်ယန် ဆိုသည့်နေရာမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

Related Articles