Home ဆောင်းပါး အမျိုးသမီးများ၏ ဦးဆောင်မှုအတွက် ခြိမ်းခြောက်မှုတစ်ခု (သို့မဟုတ်) အမျိုးသမီး ရာအိမ်မှူး နန္ဒာလှိုင်

အမျိုးသမီးများ၏ ဦးဆောင်မှုအတွက် ခြိမ်းခြောက်မှုတစ်ခု (သို့မဟုတ်) အမျိုးသမီး ရာအိမ်မှူး နန္ဒာလှိုင်

13237592_998213020293533_5300024991181906559_n

ကချင်မလေး။       ။

ရွေးကောက်ပွဲအပြီး ၂၀၁၆ ခုနှစ်၊ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင် လူထု၏ ပြိုင်ဘက်မရှိ ရွေး ချယ်ခြင်းခံရသော “အမျိုးသမီး ရာအိမ်မှူး မနန္ဒာလှိုင်”သည် ရန်ကုန်တိုင်းတွင် မွေးဖွားပြီး ကချင်ပြည် နယ်၊ ဖားကန့်မြို့တွင် အထက်တန်းကျောင်းပြီးချိန်အထိ နေထိုင်ကြီးပြင်းခဲ့သော ဖားကန့်သူလေးဖြစ် သည်။ သူမသည် သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။

ရာအိမ်မှူးမဖြစ်မီကတည်းက သူမသည် ရပ်ရေးရွာရေးများကို အမျိုးသားများထက် သွက်သွက် လက်လက်လုပ်ဆောင်နိုင်သည့်အတွက် ဒေသခံပြည်သူများ၏ ထောက်ခံမှု အပြည့်အဝရရှိခဲ့ခြင်းဖြစ် သည်။

သူမသည် သာရေး၊ နာရေး၊ ကျောင်းသားမိဘများအရေးစသည့် လူမှုရေးလုပ်ငန်းများတွင် အားတက်သရော ပါဝင်လုပ်ဆောင်ခဲ့ပြီး၊ မှော်ရှန်ရွာထိပ်ရှိ ဆုထူးပန်ကျောက်မျက်ကုမ္ပဏီမှ တရား မဝင် စွန့်ပစ်မြေစာပုံမှာ ရပ်ရွာနေလူထုအတွက် အန္တရာယ်ရှိနေသည့်အတွက် ကုမ္ပဏီအား မြေစာဝိတ် လျှော့ခြင်း၊ ကျောက်ရိုးစီခြင်းစသဖြင့် အန္တရာယ်မရှိစေရေးအတွက် ပြန်လည်ပြုပြင်ပေးရန် ရှေ့ဆောင် တောင်းဆိုခဲ့ခြင်းကြောင့် လူထုမှ အသိအမှတ်ပြုခြင်းခံခဲ့ရသူဖြစ်သည်။ သူမတဦးကိုသာ ရာအိမ်မှူး အဖြစ် အားလုံးဝိုင်းဝန်းအဆိုပြုခဲ့ကြောင်းကို သူ့နဲ့အပြိုင် အရွေးခံနိုင်သူလည်း မရှိဘူး၊ သူ့တယောက် ထဲကို အားလုံးက ဝိုင်းပြီး အဆိုတင်သွင်းခဲ့တယ် ဟု ခင်ပွန်းဖြစ်သူ ကိုရှမ်းကြီးက ပြောပြသည်။

ခင်ပွန်းသည်အနေဖြင့်လည်း ကျနော်က သူဒီအလုပ်ကို ဖြောင့်ဖြောင့်လုပ်နိုင်ဖို့ အနောက်က နေ ဘက်ပေါင်းစုံထောက်ပံ့ပေးတယ်၊ ပါရမီဖြည့်ပေးရတာပေါ့၊ ငွေကြေး၊ သားသမီးအရေးဆိုရင်လည်း ကျနော်တတ်နိုင်သလောက် ကြိုးစားပြီး သူနောက်လှည့်ကြည့်စရာမလိုအောင် စီစဉ်ပေးပါတယ်လို့ ပြောပါသည်။

သူလုပ်သွားခဲ့တဲ့ (၅၂)ရက်စလုံးမှာ သူကောင်းကောင်းမွန်မွန် လုပ်ဆောင်သွားခဲ့တယ်၊ ဘက်လိုက်မှုမရှိဘူး၊ မှန်ကန်တဲ့နေရာက ရပ်တည်ပြီး သူဖြေရှင်းပေးခဲ့တဲ့အမှုတွေ အများကြီးရှိခဲ့တယ်လို့ မှော်ရှန်အုပ်ချုပ်ရေးရုံးတွင် စာရေးမအဖြစ် တာဝန်ယူနေသော အမျိုးသမီးတစ်ဦးကလည်း မနန္ဒာ လှိုင်နှင့်ပါတ်သက်ပြီး ပြောပြပါသည်။

သူမအား လူမှုကွန်ယက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဟု ပြောဆိုနေမှု အပေါ် သူမခင်ပွန်းက သူက NLD အဖွဲ့ဝင်မဟုတ်ပါဘူး၊ ရွေးကောက်ပွဲအတွင်းမှာ မဲရုံစောင့်ကြည့် ရေးအဖွဲ့မှာလုပ်တယ်၊ ဘေးကနေ ဝိုင်းဝန်းပံ့ပိုးပေးတဲ့သူတစ်ယောက်ပါဘဲလို့ ရှင်းပြပါသည်။

သူမအုပ်ချုပ်နေရသော မှော်ရှန်ရွာကလေးသည် မြန်မာနိုင်ငံမြောက်ဖျားပိုင်းရှိ ကချင်ပြည် နယ်၊ ဖားကန့်မြို့မှ တန်ဖိုးကြီးပြီး ရေပန်းစားသော ရတနာဖြစ်သည့် ကျောက်စိမ်းထွက်ရှိရာမြေဖြစ်ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမှ မိုင်(၁၀၀)ခန့်တွင်ရှိသည်။ မှော်ရှန်သို့သွားမည်ဆိုလျှင် တောင်တွေ၊ ချိုင့်တွေ ပြည့်နှက်နေသော ကွေ့ကောက်သည့် လမ်းခရီးကို ဖြတ်သန်းခရီးနှင်ရမည်ဖြစ်သည်။

အဖိုးတန် ကျောက်မျက်ရတနာ ထွက်ရှိရာမြို့အဖြစ် စိတ်ကူးယဉ်ကြည့်မည်ဆိုလျှင် အင်မတန် သာယာဖွံ့ဖြိုးတိုးတက်နေမည်ဟု ထင်ရသော်လည်း အမှန်တကယ် လက်တွေ့တွင် အထင်နှင့်အမြင် သွက်သွက်ခါအောင် လွဲနေသောမြို့ကလေးလည်းဖြစ်သည်။

ကချင်ဘာသာစကားအရ “မှော်” ဟူသည့်စကားလုံး၏အဓိပ္ပါယ်မှာ “လိမ်လည်မှု၊ လည့်ဖျားမှု” ဟု ဆိုသည့်အတိုင်း အင်မတန်မှ ပွေလီရှုပ်ထွေး၊ အန္တရာယ်များဖြင့် ပြည့်နှက်နေသော “ကျောက်စိမ်း မှော် ခေါ် မှော်ရှန်” မြို့ဖြစ်သည်။

ဒီအရပ်က မိခင်များမှာ တနေ့တာ အမြန်ကုန်ဆုံးပြီး နေ့သစ်တဖန်မြန်မြန်ပြန်ရောက်ဖို့သာ ဆုတောင်းရင်း နေ့များစွာကို ကျော်ဖြတ်နေကြရသော ဘဝအခြေအနေအပေါ် ပဟေဋိဆန်သော ရတနာကျောက်စိမ်းမြေဆောင်းပါးတွင် မိုးအမြန်လင်းပြီး နေအမြန်ဝင်ပါစေလို့ ဆုတောင်းပြီးနေ ထိုင်ရပါတယ်ဟု ဆရာမ ကိုင်ရာ (ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ အမျိုးသမီး တာ ဝန်ခံ) ကပြောခဲ့ပါသည်။

ထိုကဲ့သို့ မိခင်များ၏ ပူပင်သောကနှင့် စိုးရိမ်မှုကို ပိုပြီးမြင့်တက်လာစေသည့် အဖြစ်အပျက်မှာ ၂၀၁၆ ခုနှစ်၊ မေလ(၂၂)ရက်နေ့၊ ညနေ (၅)နာရီခန့်က ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မှော်ရှန် ရာအိမ် မှူး မနန္ဒာလှိုင်ကို မသမာသူများက ပစ်သတ်ခဲ့ခြင်းပင်ဖြစ်သည်။

အခင်းဖြစ်မည့် နေ့လည်(၁၂)နာရီခွဲတွင် သူမသည် အုပ်ချုပ်ရေးမှူးရုံးမှ ပြန်လာပြီး “ ညနေ တော့ ရုံးမတက်တော့ဘူး။ ခဏနားလိုက်အုံးမယ်ဆိုပြီး ထမင်းစားတယ်။ ပြီးတော့ မြစ်ကြီးနား အဆောင်မှာ ပို့ထားတဲ့ သမီးကြီးနဲ့ ဖုန်းပြောနေတယ်”ဟု သူမ၏ခင်ပွန်းက ပြောပြသည်။

ဖုန်းပြောပြီး သူမသည် ခဏအနားယူကာ ၃ နာရီခွဲခန့််တွင် အောက်ထပ်သို့ဆင်းလာပြီး သူ က တံမြက်စည်းလှဲ၊ သန့်ရှင်းရေးလုပ်ပြီး မီးဖိုခန်းမှာ ထမင်းချက်ဖို့ပြင်နေတယ်၊ ကျနော်လည်း ဆေး ထိုးထားတဲ့အရှိန်နဲ့ အပေါ်ထပ်တက် မှိန်းနေလိုက်တယ်”ဟု ဆက်လက်ပြောပြပါသည်။

ထိုအချိန်တွင် သူမ၏သား(၂)ယောက်သည်လည်း မီးဖိုခန်းတွင် မိခင်နှင့်အတူ ရှိနေကြပြီး လူ (၂)ယောက်ဝင်လာတယ်။ ဆိုင်ကယ်ပျောက်သွားလို့ဆိုပြီး လာတိုင်တာလို့ထင်တယ်။ စကားပြောနေ ကြတဲ့အချိန်မှာ နောက်ထပ်တယောက်က ဝင်လာပြီးပစ်သွားတယ်ဟု မီးဖိုခန်းတွင်ရှိနေသော(၁၃)နှစ် အရွယ် သားဖြစ်သူ၏ပြောစကားကို ခင်ပွန်းသည်က ပြန်ပြောင်းပြော ပြသည်။

ကျနော်လည်း သေနတ်သံလိုလိုကြားလို့ ပြေးဆင်းလာတဲ့အချိန်မှာ မိန်းမက မီးခိုးတွေကြား ထဲမှာ၊ သားလေးက ဒဏ်ရာရတဲ့ သူ့အမေကို တွဲပြီး ဧည့်ခန်းထဲက ထွက်လာတယ်

သူမအား မသမာသူများက သေနတ်ဖြင့် (၆)ချက်တိုင်တိုင် ပစ်ခတ်သွားခဲ့သည်။

ကျနော်တောက်လျှောက်ပြေးလိုက်ကြည့်တဲ့အချိန်မှာ လမ်းဘေးဘယ်ညာက လူတွေ ထွက်ကြည့်နေကြတယ်၊ သူတို့တော့ ပစ်သွားတဲ့လူတွေကို တွေ့လိုက်မယ်ထင်ပါတယ်

ထို့နောက် သူမအား ဖားကန့်ဆေးရုံသို့ ချက်ချင်းခေါ်သွားခဲ့ကြောင်းကို လမ်းမှာ တလမ်းလုံး တော့ ညည်းလာတယ်။ ဖားကန့်ရဲစခန်းရှေ့အရောက်မှာ ညည်းသံတိုးတိုးလေးကြားလိုက်ရပြီး ဖားကန့် ဆေးရုံရောက်တော့ အသက်မရှိတော့ဘူးဟု ပြောပြခဲ့ပြီး ဖုန်းထဲမှ သူ၏အသံသည် တုန်ရီတိုးဝင် သွားသည်။

နောက်ဆုံးအမှုအခြေအနေကို တပ်မမှူးပြောတာက ကွင်းဆက်တွေမိထားပြီလို့ပြောတာပဲ၊ မမိမချင်းလိုက်မှာပဲ၊ သူတို့ကလည်း လိုက်နေပါတယ်၊ စုံစမ်းနေပါတယ်ဆိုတာမျိုးလောက်နဲ့ မဖြစ် စေရပါဘူး၊ တောက်လျှောက်ကို မပေါ်မချင်းလိုက်နေမယ်လို့ အာမခံသွားတယ်” လို့ခင်ပွန်းသည်က ပြောပြသည်။

ခင်ပွန်းသည်အနေဖြင့် ယခုလိုပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး “အုပ်ချုပ်ရေးကာလ ၁လ ၂လ အတွင်းမှာ သူလုပ်တာတွေ အရမ်းကောင်းတယ်၊ အခုဆို မှော်ရှန်ရပ်ကွက်ရုံးကြီးဆိုရင် အခန်း လေးခန်းနဲ့ အမိုးတွေ၊ တမံတလင်းတွေခင်းပြီး အကောင်အထည်ဖော်နေပြီ”

သူအုပ်ချုပ်ရေးမှူး မဖြစ်ကတည်းက ဦးဆောင်ပြီး ဆုထူးပန်ကျောက်မျက်ကုမ္ပဏီရဲ့ တရားမဝင် စွန့်ပစ် မြေစာပုံ ဖြေရှင်းရေးကိစ္စမှာ ပြည်သူ့ဘက်က မားမားမတ်မတ်ရပ်ပြီး လူထုတွေရဲ့ လက်မှတ်ကောက်ပြီး ကျောက်စိမ်းရုံးကို စာတင်တာတို့၊ စည်းရုံးတာတို့လုပ်ပြီး တောင်းဆိုခဲ့တယ်ဟုပြောဆိုခဲ့ပြီး လုပ် ကြံသွားသည့်သူများနှင့် ပါတ်သက်ပြီး မည်ကဲ့သို့ ပြောရမှန်းပင် မသိကြောင်း၊ မည်သူကိုမှလည်း သံသယ မဖြစ်ချင်ကြောင်း ဆက်လက်ပြောပါသည်။

ကေအိုင်အေ လက်နက်ကိုင်အဖွဲ့နှင့်လည်း သူမသည် မည်သည့်အငြင်းပွားစရာအကြောင်းမှ မရှိကြောင်းကို ကျနော်တို့တွေလည်း ဒီမှာရှိပါတယ်၊ လက်တွဲပြီး အလုပ်လုပ်ကြတာပေါ့ဆိုပြီး ကေ အိုင်အေဘက်က တိုက်နယ်မှူးကတောင် မှော်ရှန်ရုံးမှာ သူ့ကို လာပြီးနှုတ်ဆက်သွားသေးတယ်လို့ ခင်ပွန်းသည်က ပြောပါသည်။

မနန္ဒာလှိုင် သေဆုံးမှုနှင့် ပတ်သက်ပြီး နောက်ဆုံးအခြေအနေကို ဖားကန့်ရဲစခန်းသို့ မေးမြန်း ရာ “မသိသေးဘူးဟုသာ အဖြေပေးသည်။

သူမသေဆုံးချိန်တွင် အသက်(၃၉)နှစ်သာ ရှိပါသေးသည်။ သူတို့အိမ်ထောင်သက်(၁၀)နှစ် ကျော်ရှိပြီး သားသမီး(၃)ယောက်ရှိသည်။ သမီးကြီးမှာ (၈)တန်းကျောင်းသူ၊ သားကြီး(၇)တန်းကျောင်း သားဖြစ်ပြီး သားငယ်သည် (၂)တန်းတက်နေသည်။ သူမသည် မိသားစုတစုအတွက်ပင် မဟုတ်ဘဲ နှစ်ဖက်မိသားစုကိုပင် ကောင်းစွာစီမံခန့်ခွဲပေးနိုင်သူလေးဖြစ်ကြောင်းကို ခင်ပွန်းသည်၏ ပြောပြချက် အရ သိရှိရသည်။

 

Related Articles