Home ဆောင်းပါး အခွင့်ရှိက မရှောင်ကြတော့ပြီ

အခွင့်ရှိက မရှောင်ကြတော့ပြီ

“ညနေ ၇နာရီလောက်မှာ အဖွားတယောက်ထဲ နေနေတဲ့အချိန် ခမရ(၄၃၈) က ဒုဗိုလ်မှူးကြီးလွင်မောင်စိုးရဲ့ လက်အောက်ခံ တပ်သား ဇော်မျိုးအေး ဝင်ရောက်လာပြီး အဖွားကို မုဒိမ်းကျင့်ဖို့ ကြိုးစားနေတဲ့ချိန်မှာ ရွာသားတွေက တွေ့လို့ ဝိုင်းဝန်းဖမ်းခဲ့တယ်”

ကချင်မလေး

ဗန်းမော်မြို့နယ် အတွင်း ခြံဝင်းကြီးတခုထဲ၌ တဲအိမ်လေးထဲတွင် တခေါင်းလုံးဖွေးဖွေးဖြူနေသည့် ဆံပင်ကိုပင် တက်နိုင်သ၍ကြိုးစားပြီ စုချည်ထားသည့် ဆံထုံးငယ်လေးနှင့် အဖွားအိုသည် အသက် (၇၃) နှစ် ရှိနေပါပြီ။ အိုမင်းနေပြီးသကာလ ခန္ဓာကိုယ် လေဖြန်းထားမှုကြောင့် ကောင်းစွာပင် သွားလာလှုပ်ရှားမှု မလုပ်နိုင်သည့်အတွက် တုန်တုန်ယင်ယင်နှင့် ဆွေမျိုးအသိုင်းအဝိုင်းမဲ့ တယောက်တည်း နေရသည်။ အဖွား၏ ခင်ပွန်းသည်မှာ နှစ်ခြင်းခရစ်ယာန် အသင်းတော်၌ သင်းထောက်တဦးအဖြစ် အမှုဆောင်ခဲ့ပြီး ဆုံးပါးသွားခဲ့သည်မှာ နှစ်အလီလီကြာညောင်းခဲ့လေပြီ။ သား၊ သမီးများရှိခဲ့ဖူးသော်လည်း သူနှင့် လောကကြီးကို စွန့်ခွာသွားခဲ့ကြလေပြီ။

အဖွားအို၏ စားရေးသောက်ရေးကိုပင် ရွာမှ အိမ်နီချင်းများ၊ အသင်းတော်မှ တာဝန်ယူကာ ချက်ပို့ ပေးပြီး ဝိုင်းကြည့်ရှုထားကြသည်။

၂၀၁၅ ဧပြီ ၁၃ ရက် ည ၇ နာရီ၊ မှောင်ရီပျိုးစ အချိန်ခန့်တွင် အဖွားအိုထံသို့ ကံကြမ္မာဆိုးကြီး တခု ဝင်လာခဲ့သည်။ အဖွားအိမ် မလှမ်းမကမ်းတွင်ရှိသည့် စစ်တပ်မှ ဒုဗိုလ်မှူးကြီး လွင်မောင်စိုးလက်အောက်ခံ ခမရ(၄၃၈)မှ တပ်သား ဇော်မျိုးအေးဆိုသူသည် အဖွားနေထိုင်သည့် အိမ်အိုထဲသို့ ဝင်ရောက်လာခဲ့သည်။

အင်အားချိနဲ့ ကတုန်ကယင်ဖြစ်နေသည့် အဖွားအား အဓမ္မပြုကျင့်ရန် အဖွားပါးစပ်ထဲသို့ သန်သန်မာမာရှိ မျိုးချစ်ရဲဘော်ဇာနည် ဇော်မျိုးအေးမှ ၎င်း၏ လက်ချောင်းများထိုးထည့်ကာ လည်ပင်းကို အကြိမ်ကြိမ် ညှစ်ကာ မုဒိမ်းကျင့်ရန် ကြိုးစားနေချိန်တွင် အိမ်နီးချင်းမှ “ဝူးဝူးအားအား” အော်သံကြောင့် လာခဲ့ကြရာ အင်မတန်မှ အကျည်းတန်လှသည့် မြင်ကွင်းကို တွေ့ရှိခဲ့ကြသည်။ တရားခံအား ရွာသားများမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြရသည်ဟု အမှုကို လိုက်လံကူညီနေသည့် ဘာသာရေး ဆရာတဦးမှ ပြောပြသည်။

“ညနေ ၇နာရီလောက်မှာ အဖွားတယောက်ထဲ နေနေတဲ့အချိန် ခမရ(၄၃၈)က ဒုဗိုလ်မှူးကြီးလွင်မောင်စိုးရဲ့ လက်အောက်ခံ တပ်သား ဇော်မျိုးအေး ဝင်ရောက်လာပြီး အဖွားကို မုဒိမ်းကျင့်ဖို့ ကြိုးစားနေတဲ့ချိန်မှာ ရွာသားတွေက တွေ့လို့ ဝိုင်းဝန်းဖမ်းခဲ့တယ်”

မြစ်ကြီးနားမြို့မှ မိုင်ပေါင်း (၁၀၀)ကျော် အကွာတွင်ရှိသော ဗန်းမော်ခရိုင်၊ နွမ်းလန်းကျေးရွာ တွင် ခမရ ၄၃၈ ဆိုသည့် စစ်တပ်ကြီးတည်ထားကို ထီးထီးကြီး တွေ့ရပါလိမ့်မည်။

ယခင်၂၀၁၁ မတိုင်ခင် မြစ်ကြီးနား-ဗန်းမော်သွားလမ်းသည် ကချင်ပြည်သူများ တရုတ်ပြည်သို့ ကုန်သွယ်သွားလာသည့် လမ်းမကြီးတခု ဖြစ်သည့် အလျောက် အသွားအလာပျက်သည်ဟုပင်မရှိ။ သို့သော် စစ်တပ်များ၊ စစ်ဆေးရေးဂိတ်များသည်လည်း တနာရီခန့်အကြာ လမ်းတလျှောက် တွေ့ရမြဲဖြစ်သည်။

ယခုအချိန်မှာ လမ်းမကြီးဘေး၂ ဘက်တွင် ရှိခဲ့သော ရွာများသည်လည်း စစ်ဒဏ်ကြောင့် ပျက်စီးပြီး၊ တောကြီးပမာဖြစ်နေပါပြီ။ လမ်းခရီးတထောက်နား နေရာဖြစ်ခဲ့သော နမ့်ဆမ်ရမ်ရှိ စာသင်ကျောင်းဆောင်ကြီးပင် သုဿန်တစပင်ပမာ၊ ဘုရားရှိးခိုးကျောင်းများနှင့် လူနေအိမ်များသည်လည်း လက်နက်ကျည်ဆံ ပေါက်များ အိမ်ပြို၊ အိမ်ပျက်များနှင့် နမ့်ဆမ်းချောင်းကြီး တဘက်တချက်တွင်လည်း လောဘသားများ ကြောင့် ရွှေကျင်ပြီး မြေဇာများသာ ကျန်နေတော့သည်။

ပြည်သူများမှာ စစ်ရှောင် ဒုက္ခသည်စခန်းများ သို့ ခိုလုံနေကြပြီး တောကြီးခေါင်ခေါင်တွင် စစ်တပ်နှင့် စစ်သားများသာ ကျန်နေပါပြီ။

နားလုံးခေါ်မြို့မှ ဗန်းမော်သို့လမ်းခွဲသွားသည့်လမ်းတလျှောက်သည်လည်း ထို့နည်းတူပင်ဖြစ်သည်။ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် နွမ်လန်ကျေးရွာ၌  ဝါးနှင့် သက်ကယ်ဖြင့်ဆောက်လုပ်ထားသည့် အိမ်အိုလေးဖြစ်ပြီး ခြံဝင်းတံခါးမှာလည်း ဝါးလုံးတန်းဖြင့်သာ တားထားသည်။ နယ်များတွင် အိမ်နီးချင်းကပ်လျှက်ဟု ပြောနေသော်လည်း တအိမ်နှင့်တအိမ်မှာ အနည်းငယ်မျှ လှမ်းသေးသည်။ အဖွားအိမ်သည် ရွာစွန်ဘက်တွင်ဖြစ်ပြီး၊ စစ်တပ်နှင့် အလှမ်းမဝေးတော့ပါ။

၄ နှစ်ကျော်ကျော် ကချင်ပြည်တကျော့ပြန် စစ်ဘေးဒဏ်ခံနေရသည့် ပြည်သူများမှာ ငြိမ်းချမ်းရေး၊ တရားမျှတရေးကို လိုလားမှုမှာ ပိုမိုပြင်းပြလာခဲ့သည်။ ၁၃ ရက် ၅လ၊ ၂၀၁၅ခုနှစ်တွင် အဆိုပါ  တပ်မတော်သား အမှုကို  ပွင့်လင်းမြင်သာမှုရှိရှိ ဖြင့် တရားမျှတစွာ စီရင်ရန် ဗန်းမော်ဒေသခံ ခြောက်ရာခန့်က စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

11224479_1623920224486464_1379632015393225005_n

အမှုကို ပွင့်လင်းမြင်သာမှုရှိရန် စီတန်းဆန္ဒထုတ်ဖော်နေသည်။ ( ပုံ- KBC facebook)

ပြည်သူတွေ ထိုပြစ်မှုကျူးလွန်သည့် တပ်သားအား အရပ်ဖက်တရားရုံးတွင် ဆုံးဖြတ်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း အဖွားအိုအား မုဒိမ်းကျင့်သတ်ဖြတ်ရန် ကြိုးစားခဲ့သည့် တပ်မတော်သား ဇော်မျိုးအေးအား အကျဉ်းစစ်တရားရုံးချုပ်မှ စစ်ဥပဒေ ၄၅၇၊ ၆၅၊ ၄၇/၁ စည်းကမ်းဖောက်ဖျက်မှု၊ မူးယစ်မှုနှင့် ပိုင်နက်ကျူးလွန်မှုတို့ဖြင့် ဗန်းမော်ထောင်ကြီးတွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၇နှစ်နှစ်ဖြင့် ဇွန်လ ၁၅ ရက်နေ့တွင် အမိန့်ချလိုက်သည်။

‘‘မုဒိမ်းမှုမြောက်ရန် ကြိုးစားအားထုတ်မှုနဲ့ဆိုင်တဲ့ ပုဒ် မတော့ မပါဘူး။ တပ်ဥပဒေမှာ ကြံစည်မှုတို့၊ ကြိုးစားအားထုတ်မှုတို့နဲ့ဆိုင်တဲ့ ဥပဒေမရှိဘူးလို့ ပြောတယ်။ အဲဒီ မုဒိမ်းမှုပုဒ်မကိုတော့ ရဲစခန်းကနေ ပြန်စွဲမယ်လို့ပြောတယ်’’ ဟု ဒေသခံတဦးဖြစ်သူ ဦးတူးဂျာက ပြောသည်။

အဖွားအိုအား ယခုတွင် မိုးမောက်ရှိ နှစ်ခြင်းအသင်းတော် ဘုရားကျောင်းဝင်းတွင် ပြုစုစောင့်ရှောက်းထားပြီး အဖွားနှင့် ရွယ်တူ သက်ကြီးအဖွားတွေနှင့် စကားပြောခိုင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းတို့ လုပ်ဆောင်ကြောင်းကို ကူညီသူ တဦးက ပြောပြသည်။

သို့သော်လည်း စွဲချက်တင်ရာတွင် မုဒိမ်းမှု၊ ကြိုးစားအားထုတ်မှုတို့မှာ ပါဝင်ခဲ့ခြင်း မရှိကြောင်းကို အမှုကို လိုက်လံကူညီလိုက်ပေးနေသည့် (legal aid network) အဖွဲ့ ရှေ့နေဦးခွန်နောင်က ပြောသည်။ “ စစ်တရားရုံးချုပ်က အမိန်ချလိုက်တဲ့အထဲမှာ ပုဒ်မ၃၇၆၊ ပုဒ်မ ၅၁၁ တို့မပါဘူး၊ အဲတာကြောင့် အခုအရပ်ဖက်တရားရုံး (မိုးမောက်တရားရုံး)မှာ တရားခံကို ပြန်ပြီး တရားစီရင်နေဆဲဖြစ်တယ်”

ယင်းအမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူအား အရပ်ဘက်တရားရုံးတွင် တရားဥပဒေအရ စစ်ဆေး အရေးယူပေးရန် လူထု(၃၀၀)ခန့်က ၁၃ ရက်၊ ၅လ၊ ၂၀၁၅ တွင် ထုတ်ဖော်ဆန္ဒပြခဲ့ကြသည်။

ပြစ်မှုကျူးလွန်သူ တပ်သားဇော်မျိုးအေးမှာ ဗန်းမော်အကျဉ်းထောင်တွင် ရောက်ရှိနေပြီး၊ ယခုဆက်ပြီး အရပ်ဖက်တရားရုံးတွင် မျက်မြင်သက်သေဖြစ်သည့် ဒေါ်ဂျာကိုင်မှ တရားလိုအဖြစ် ပြန်လည် အယူခံဝင်ကာ တရားစီရင်ဆဲဖြစ်ကြောင်းလည်း သိရသည်။

11219593_1623919354486551_1466321408313841852_n

အမှုကို  ပွင့်လင်းမြင်သာမှုရှိရှိ ဖြင့် တရားမျှတစွာ စီရင်ရန်တောင်းဆိုရာတွင် မားမားမတ်မတ်ဦးဆောင် ပါဝင်လုပ်ဆောင်နေသည့် ဗန်းမော်အမျိုးသမီးခေါင်းဆောင် ဆရာမ ဒေါ်ထွယ်ဆန့်ရော်က “ အဖွားက အခင်းဖြစ်ပြီးနောက်ပိုင်း ဗမာစကားပြောသံကြားတာတွေ၊ အမျိုးသားတွေ ဘေးနားလာပြီဆို၊ အော်ပြီး တုတ်ကောက်တွေနဲ့ လှမ်းရိုက်တာတို့၊ တယောက်ထဲ စကားတွေပြောတာတို့ ဖြစ်နေတယ်” ဟု ပြောပါသည်။

လက်ရှိတွင် တရားရုံးတွင် သက်သေထွက်ဆိုမှုများ လုပ်ဆောင်ရာ သုံးကြိမ်ရှိပြီးဖြစ်ပြီး လာမည့် ၁၂ရက်၊ သြဂုတ်လ၊ ၂၀၁၅ တွင် မျက်မြင်သက်သေ (၂)ဦးဖြစ်သည့် ဒေါ်ဂျာကိုင်နှင့် ဒေါ်ဂျခီလုနှင့်အတူ အဖွားအား ပြန်လည် မေးမြန်မည်ဖြစ်ကြောင်းသိရသည်။

“အဖွားကျန်းမာရေးက သိပ်မကောင်းဘူးဆိုတော့ အခြေအနေကြည့်ရမယ်၊ အဲဒီနေ့ကျရင် အဖွားဖြေ တဲ့အပေါ်မှာလည်း မူတည်မယ်” လို့ ရှေ့နေက ပြောသည်။

လက်ရှိစွဲဆိုထားသည့် ပုဒ်မများမှာ (၄၅၆) ညအချိန်သူတပါးအိမ်သို့ ဝင်ရောက်မှု၊ ပုဒ်မ(၃၇၆) မုဒိမ်းမှု၊ ပုဒ်မ ( ၅၁၁) ကြိုးစားကြံစည်အားထုတ်မှု တို့ဖြစ်ပြီး တကယ်တမ်းအမှုနိုင်ခဲ့လျင်ပင် ကြိုးစားကြံစည်အားထုတ်မှုဖြင့်သာ မုဒိမ်းမှုပုဒ်မ၏ ပြစ်ဒဏ်နှစ်တဝက်ခန့်သာ ဖြစ်နိုင်ဖွယ်ရှိကြောင်း လည်း သိရသည်။

လေးနှစ်ကျော် တကျော့ပြန်စစ်ပွဲကြောင့် ၉တန်းကျောင်းတူ မဂျာဆိုင်းအိန်သည် စစ်ပွဲတွင် မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် အသက်စတေးပေးခဲ့ရသည့်အပြင် သူမ ဖခင်သည် သမီးဖြစ်သူအမှုမှန်စုံးစမ်းပေးရန် မြန်မာနိုင်ငံလူအခွင့်ရေးကော်မရှင်ထံ အသနားခံပေးပို့ခြင်းကြောင့် ပြစ်ဒဏ် ထောင်(၆)လအား၊ ငွေဒဏ်အားဖြင့် ကျပ်(၅၀၀၀၀) ဖားကန့်တရားရုံးတွင် ပေးဆောင်ခဲ့ရသည်။ ယခုတွင် ထိုအမှုကို ဆက်လက်ပြီး ပြည်နယ်တရားရုံးတွင် အယူခံဝင်ထားကြောင်းလည်း သိရသည်။

ထိုနည်းတူစွာ စစ်ပွဲစဖြစ်ပွာလာချိန် ၂၈ရက်၊ အောက်တိုဘာလ၊ ၂၀၁၁ခုနှစ် မိုးမောက်မြို့နယ်၊ ခိုင်ဘန်ကျေးရွာရှိ အသက်(၂၈)နှစ် အရွယ်မဆွမ်းလွတ်ရွယ်ဂျာသည် သူမအမျိုးသားနှင့် ယောက္ခထီးတို့ဖြင့် တောင်ယာသွားရာ ခမရ(၃၂၁)တပ်ရင်းမှ ဖမ်းဆီးခေါ်သွားရာ အမျိုးသားတို့မှာ လွတ်မြောက်ခဲ့သော်လည်း သူမမှာမူ ယခုထိပင် ပျောက်ဆုံးနေဆဲဖြစ်သည်။ ယင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာသို့ အကြိမ်ကြိမ် စာများပေးပို့ခဲ့သော်လည်း တစုံတရာ အမှုမှန် စုံစမ်းစစ်ဆေးမှု မရရှိသေးပေ။

ယခုနှစ် အစောပိုင်းတွင် ဖြစ်ပျက်ခဲ့သော ရှမ်းပြည်မြောက်ပိုင်း၊ မုန်းပေါ်မြို့နယ် ရှဘုတ်-ကောင်းခါးရွာတွင် သာသနာပြုကျောင်းဆရာမများအဖြစ် တာဝန်ထမ်းဆောင်နေချိန် ထိုကချင်ဆရာမနှစ်ဦးကိုလည်း လူမဆန်စွာ နှိပ်စက်၊ အဓမ္မပြုကျင့်ပြီး အသတ်ခံထားရသည့် အမှုမှာလည်း ယခုချိန်ထိပင် အမှုမှန်မပေါ်သေးပေ။ ဆက်လက် စုံစမ်းစစ်ဆေးနေဆဲ အမှုအဖြစ်သာ ရှိနေသေးသည်။

အခြားသော အမျိုးသမီးငယ်များသည်လည်း တိုးတိုးတိတ်တိတ်ဖြင့် နှိက်စက်၊ အဓမ္မပြုကျင့်ခံရမှုများသည် အခြားသော တိုင်းရင်းသားနေမြေများတွင် ဆက်လက်ဖြစ်ပွားနေ မြဲပင်ဖြစ်သည်။ တိုင်းရင်းသားဒေသများတွင် အမျိုးသမီးများ၏ ဘဝလုံခြုံရေးအတွက် အာမခံချက်မှာ ယနေ့အချိန်ထိ မေးခွန်းထုတ်စရာ ဖြစ်နေဆဲပင်ဖြစ်သည်။

အမျိုးသမီးများ၏အသံများကို သက်ဆိုင်ရာမှ ကြားသိပြီး အမြန်ဆုံး အရေးယူဖြေရှင်းနိုင်ပါစေ။

 

Related Articles