Home ဆောင်းပါး ကန့်ဘလူမြို့နယ်မှ လယ်ယာမြေသိမ်းဆည်းမှုကြောင့် ငိုကြွေးနေသော အမျိုးသမီးများ၏အသံများ

ကန့်ဘလူမြို့နယ်မှ လယ်ယာမြေသိမ်းဆည်းမှုကြောင့် ငိုကြွေးနေသော အမျိုးသမီးများ၏အသံများ

ကောကော်။

ဆွေမျိုးသားချင်းမရှိတော့ပဲ ခိုလှုံရာကင်းမဲ့နေသော အဖွားအို

ဆွေမျိုးသားချင်းမရှိတော့ပဲ ခိုလှုံရာကင်းမဲ့နေသော အဖွားအို

“အဖွားက လယ်တောထဲမှာပဲ တဲလေးထိုးပြီးနေတယ်။ စစ်သားတွေက ဖယ်ရှားတယ်။ လယ်ကိုသိမ်းလိုက်တော့ တဲမှာတယောက်ထဲမနေရဲ တော့ အဖွားကို သတ်ပစ်မှာ စိုးလို့ ရွာထဲကို ပြေးနေရတယ်။ ခုစားစရာလဲမရှိဘူး။ ရွာထဲကလူတွေအလှည့်ကျ အဖွားကိုကြည့်ပေးနေရတယ်” လို့ အဖွားတင်အိက ပုဝါနဲ့မျက်ရည်သုတ်ပြီး ပြောပြပါတယ်။ မုဆိုးမဖြစ်သူ အဖွားတင်အိမှာ လယ်ဧက ၄ ဧက ပိုင်ဆိုင်ပြီး သားသမီးလည်း မရှိတဲ့အတွက် သူမရဲ့ မြေကို ရွာသားများက အလှည့်ကျ ထွန်ယက်စိုက်ပျိုးပေးနေရတယ်လို့ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်ရွာမှ ၁၂.၆.၂၀၁၃ ရက်နေ့တွင်  တောင်သူလယ်သမားများက သိမ်းဆည်းခံထားရသော လယ်ဧက ၁၄၁၁ တွင် ဗိုလ်ချုပ်မင်းဇော်ထံမှ နှုတ်ကတိဖြင့် ဝင်ရောက်ထွန်ယက်ခဲ့ကြပါတယ်။ ဒါပေမယ့်  စစ်တပ်က သိမ်းယူထားသော လယ်တွေမှာ  သီးစားချထားသော တောင်သူများက ဝင်ရောက်ထွန်ယက်စိုက်ပျိုးသော တောင်သူတွေကို  တရားစွဲဆိုခဲ့ပါတယ်။  ဗိုလ်ချုပ် မင်းဇော်ထံမှ နှုတ်ကတိရှိထားသော်လည်း  တရားဝင်စာ မထွက်ထားခြင်းကြောင့် တောင်သူများထောင်ကျခဲ့ရပါတယ်။  အသိမ်းဆည်းခံရသော စုစုပေါင်းလယ်ဧကမှာ ၁၃၀၀၀ ရှိကြောင်း သိရပါတယ်။

 

အဖွားတင်အိအပြင် အမျိုးသားတွေ မတရားအကျဉ်းချခံရခြင်းကြောင့် အပြင်မှာကျန်နေခဲ့တဲ့ အမျိုးသမီး လယ်သူမ အိမ်ထောင်ရှင်မများမှာ မိသားစုနဲ့အတူ အခက်အခက်များစွာကြုံတွေ့နေရပြီး အလုပ်အကိုင်လည်းမဲ့နေကြောင်း ငှက်ပျောတိုင်ကျေးရွာမှ မဌေးကြွယ်က ငိုကြီးချက်မနဲ့ ပြောနေပါတယ်။

 

“ယောကျ်ားက ထောင်ကျနေတဲ့ကြားထဲ စိုက်ပျိုးထားတဲ့ အပင်တွေကို ဖျက်စီးပစ်လိုက်တယ်။ မြေတွေလည်း အကုန်သိမ်းသွားတယ်။ စိုက်ပျိုးစရာမြေဘာမှ မရှိတော့ဘူး။ ကလေးတွေက ၁ တန်း၊ ၇ တန်း၊ ၁၀ တန်း တက်နေကြတာ ဘာမှမပေးနိုင်သေးဘူး။ စားစရာလည်းဘာမှ မရှိဘူး။ ယောကျ်ားကို ထောင်ဝင်စာတွေ့ဖို့လဲ အဆင်မပြေတော့ မတွေ့ရဘူး။  မိသားစုအခက်အခဲအများကြီး ကြုံတွေ့နေရတယ်”

 

“ကလေးတွေက စစ်သားတွေကို ကြောက်တဲ့အတွက် ဝေးတဲ့နေရာ မြေကြီးပေါ်မှာပဲအိပ်တယ်။ သူတို့ကပြောတယ် ရွှေ့ရင်ရွှေ့ ၊ မရွှေ့ရင် ရဲအင်အားနဲ့လာဖျက်မှာ။ ယောကျ်ားက ထောင်ကျနေတဲ့ကြားထဲ မြေတွေလည်း အကုန်လုံးထွန်ပစ်လိုက်တယ” လို့  မဌေးကြွယ်က ပြောပါတယ်။
စုစုပေါင်းအကျဉ်းချခံရသော တောင်သူမှာ ၅၈ ဦးရှိပြီး အမျိုးသမီးတဦးအပါအဝင်ဖြစ်ပါတယ်။ စစ်တပ်မှ လယ်မြေတွေကို သီးစားချထားတဲ့သူတွေကို လုပ်ခိုင်းပြီး တောင်သူများမှ မြေယာမဲ့ကာ ဒုက္ခရောက်နေရပါတယ်။ နေ့စဉ်နှင့်အမျှ စစ်သားများဟာ လက်နက်များကိုင်ဆောင်ပြီး လယ်တောထဲတွင် အလှည့်ကျ စောင့်နေကြကြောင်း ဒေသခံများက ပြောကြပါတယ်။

လယ်ယာမြေပြသာနာကို ဖြေရှင်းပေးမယ့်သူမရှိကြောင်း အမျိုးသမီးများက ပြောကြပါတယ်။

“ကန့်ဘလူမြို့ကို သွားတိုင်တော့ လက်မခံဘူး။ ဇီးကုန်းလည်းမရဘူး။ဘယ်မြို့နယ်မှမရဘူး။ တရားရုံးကကို လက်မခံတာ။ သီးစားတွေက သွားတိုင်ရင်တော့ တောက်လျှောက်အရးယူပေးတယ်။ မြေရိုင်းတွေကို သက်စွန့်စံဖျားလုပ်ခဲ့ရတာ ”လို့ ဒေါသထွက်နေပြီး ယူကြုံးမရဖြစ်နေတဲ့ အမျိုးသမီးတစုက တယောက်တပေါက် ပြောနေကြပါတယ်။

“ဘာလို့ထောင်ချ ရလဲမေးရင် သူတို့ တောင်သူတွေလုပ်လို့ထောင်ချတာ။ ကျမတို့က မူလပိုင်ရှင်မဟုတ်ဘူး၊ တပ်မြေကျူးကျော်မှုတဲ့။ ကျမတို့တောင်သူတွေ ခြံရှင်းတုန်းက ထမင်းထုပ်လေးနဲ့၊ ရေမရှိလို့ သောက်စရာသွားရှာသောက်ခဲ့ရတာ။ အဲဒီတုန်းက ကျမမှာ သားသမီးနှစ်ယောက်ရှိတယ်။ ခြံလုပ်နေရင်းနဲ့ဆုံးသွားတာ။ အဲဒီတုန်းက လာသိမ်းပါလား။ ခုမှ ပြောင်ရှင်းနေမှ လာသိမ်းကြတာ”  လို့ အမျိုးသားရော၊ အကိုနှစ်ယောက်ပါ ထောင်ကျသွားတဲ့ အမျိုးသမီးတဦးက ဝမ်းနည်းပက်လက်နဲ့ ပြောနေပါတယ်။

“ခုဆိုရင် သားမရှိတော့ဘူး။သမီးမိန်းကလေးတွေပဲ ရှိတော့တယ်။ သူတို့သွားလာတာတွေ ဘယ်လိုမှ စိတ်မချဘူး။ အနီးအနား ပတ်ဝန်းကျင်မှာ စစ်သားတွေက ဝိုင်းထားသလိုပဲ။ အဲဒီအထဲမှာ သီးစားတွေကလည်း ဝိုင်းထားနေပြန်တော့ ကျမတို့ မိန်းကလေးတွေက ဒီတိုငိးပဲ ထိုင်နေရတယ်”    လို့စိုးရိမ်တဲ့ လေသံနဲ့ပြောနေပါတယ်။ သူမရဲ့ တခုတည်းသော ဆန္ဒကတော့ မြေယာပြန်ရချင်တယ်။ ထောင်ကျတဲ့သူတွေလည်း လွှတ်စေချင်တယ်၊ မူလပိုင်ရှင်အနေနဲ့ ကိုယ့်မြေကို ကိုယ်ပြရချင်တယ် လို့သူမက ပြောပါတယ်။
ယခုလိုဖြစ်စဉ်မျိုး က တစ်နိုင်ငံလုံးအတိုင်းအတာအရ ဖြစ်ပွားနေခြင်း ဖြစ်ပြီး ပြေလည်အောင်မဖြေရှင်းပဲ အကြမ်းဖက်ဖြေရှင်းနေခြင်းတွေကြောင့်လည်း လယ်သမားနဲ့အစိုးရ ကြားမှာ ပြင်းထန်တဲ့ပြသနာတွေဖြစ်ပွားနေခြင်းဖြစ်နိုင်ကာ ဒေသခံပြည်သူတွေရဲ့ ရိုးသားမှုကို အခွင့်အကောင်းယူပြီး  မတရား အနိုင်ကျင့်မှုတွေ ဆိုးရွား လာနေလိမ့်မည်ဖြစ်ကြောင်းနှင့်  အမှန်တကယ် အစိုးရနှင့် ဒေသခံများ အနူူးညံ့ဆုံး နှင့် ငြိမ်းချမ်းဆုံးလမ်းကြောင်းကိုရွေးချယ်ပြီး ပြသနာတွေကို ဖြေရှင်းသင့်ကြောင်း မျိုးဆက်သစ်လူငယ်အဖွဲ့မှ တင်ထွဋ်ပိုင်က ပြောပါတယ်။

 

“ကျနော်တို့အဖွဲ့အနေနဲ့ ကန့်ဘလူက ဒေသခံလယ်သမားတွေအတွက် သွားရောက်အားပေးမယ်။ ပြီးတော့ အစိုးရကို ဘယ်လိုတောင်းဆိုပေးရမလဲ။ အစိုးရက အကြမ်းဖက်နဲ့ နည်းနဲ့ဖြေရှင်းခဲ့ပေမယ့် လယ်သမားတွေကတော့ လယ်တွေပြန်ရဖို့အတွက် တောင်းဆိုရမယ်။ သူတို့ကို ကူညီပေးတဲ့ နိုင်ငံရေးအဖွဲ့အစည်းက သိပ်မရှိဘူးဗျ။ အသိမ်းခံရတဲ့ လယ်ဧက ၁၄၀၀၀ ကျော်ဆိုတာ နည်းတဲ့ဧကမဟုတ်ဘူး။ တပ်မတော်ဆိုတာ တိုင်းပြည်ကို ကာကွယ်ဖို့ ၊နောက်ပြီး ပြည်သူတွေကကျွေးမည့် ရိက္ခာကို ဖျက်ဆီးနေတာ ဆိုတော့ မဟုတ်သေးဘူး”
ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွင် မြန်မာနိုင်ငံက ထိပ်ဆုံးမှာပါနေပြီး ၎င်းထဲမှာမှ အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုတခုသည်လည်း အပါအဝင် ဖြစ်ကြောင်း တင်ထွဋ်ပိုင်က ပြောပါတယ်။

“အမျိုးသားတွေ ထောင်ကျနေတဲ့အချိန်မှာ အမျိုးသမီးတွေ ကျန်တဲ့ လယ်ယာ၊တောင်ယာလေးတွေကိုပြန်ပြီး ထွန်ယက် စိုက်ပျိုးရတယ်။ သီးနှံပေါ်တဲ့ အခါမှာ ဖျက်ဆီးခံရတယ်။ သူတို့ရင်းထားတဲ့သွေး၊ ချွေးတွေ နဲ့ အခွင့်အရေးတွေ အများကြီး ချိုးဖောက်ခံရတယ်။ လယ်တောထဲမှာပဲ နေရတဲ့အတွက် စစ်တပ်တွေ လယ်ကို ဝင်ဖျက်တဲ့အခါမှာ အမျိုးသမီးတွေ ရှိတယ်ဆိုရင် မုဒိန်းမှုကိစ္စတွေ ဖြစ်လာတတ်တယ်လို့ ကျတော်ထင်တယ်။ အဲဒီအတွက် အစိုးရအနေနဲ့ အများကြီး ဖြေရှင်းပေးသင့်တယ်လို့မြင်တယ်ဗျ။ အမျိုးသမီးရှုထောင့်ကနေ ကြည့်ရင်တော့ ဒီဒေသမှာ အမျိုးသမီး အခွင့်အရေးကို ချိုးဖောက်နေတာတွေ့ရတယ်။ အခွင့်အရေးက ကျနော်တို့ နိုင်ငံမှာ မပေးပဲနဲ့  ချိုးဖောက်နေတာ အရမ်းများတယ်။ နောက်ဆုံးအနေနဲ့ ပြသာနာကို ဖန်တီးပြီးတော့ အနူးညံံ့ဆုံးအဖြေရှင်းပဲနဲ့ ကြမ်းတမ်းစွာနဲ့ ဖြေရှင်းနေတာဟာ ဒီမိုကရေစီနည်းလမ်းအရ လုပ်သင့်လုပ်ထိုက်တဲ့ အရာတခု မဟုတ်ဘူးလို့ ကျနော်မြင်တယ် ”လို့ပြောပါတယ်။

 

အဖေဖြစ်သူထောင်ကျတဲ့ အထဲတွင်ပါပြီး အမေလည်း နားမကြား၊  မျက်စိသူငယ်ဖြစ်နေတဲ့ အမျိုးသမီးငယ်တယောက်က ဘာလုပ်ကိုင်ရမှန်းမသိ ဖြစ်နေတယ်လို့ပြောပါတယ်။ “အဖေရှိမှ လမ်းပြပေးလို့ရမှာ။ ကျမတို့ လူငယ်တွေချည်းပဲ ကျန်ခဲ့တော့ အိမ်ထောင်ပြုရင်တောင် ဘယ်သူက စီစဉ်ပေးမလဲ။ ဒီမြေကိုလုပ်စားမှ ငွေဆိုတာရမှာ။ ဒီခေတ်မှာ ငွေက အရေးကြီးတယ်လေ”

မောင်တွေကထောင်ကျပြီး အမေအိုနဲ့အတူ နှစ်ယောက်သားဘဝကိုရုန်းကန်နေရတဲ့ မဌေးသိန်းက ခုချိန်မှာ အားလုံးကိုဦးဆောင်နေရကြောင်း ဝမ်းနည်းစွာနဲ့ပြောပါတယ်။

“အရင်တုန်းက ရွာကခေါ်တဲ့ အစည်းအဝေးဆို တခါမှ မတက်ဖူးဘူး။ ခုပထဆုံးအကြိမ်ပါပဲ။ အမေကိုလုပ်ကျွေးနေရပါတယ်။ အမေဆို နေ့တိုင်းငိုတယ်။ ကျမတို့နေတဲ့ တဲကိုလည်း ဖျက်ခိုင်းတယ်”

Related Articles