Home သတင်း ကချင်ပြည် ဟူးကောင်းတောင်သူများနှင့် တောင်သူမများ ယုဇနကုမ္ပဏီအလိုရှိ မရှိ ဆန္ဒခံယူပွဲကျင်းပ

ကချင်ပြည် ဟူးကောင်းတောင်သူများနှင့် တောင်သူမများ ယုဇနကုမ္ပဏီအလိုရှိ မရှိ ဆန္ဒခံယူပွဲကျင်းပ

14

မဲရုံအတွင်းသို့ မဲလာထည့်ရန်ဝင်လာသော တောင်သူမိခင်များ

ကချင်မလေး။

ကချင်ပြည် ဟူးကောင်းတောင်သူများမှ ယုဇနကုမ္ပဏီအား အလိုရှိ မရှိ ဆန္ဒခံယူပွဲကျင်းပရာ ၉၇% က ကုမ္ပဏီကို အလိုမရှိကြောင်း ဆန္ဒမဲပေးခဲ့ပြီး ထိုထဲတွင် အမျိုးသမီးမဲထည့်သူ တဝက်ကျော်ရှိတယ်လို့ သိရပါတယ်။

ဆန္ဒမဲစုစုပေါင်း  ၇၅၅ မဲ အနက် ၇၂၆ က ယုဇနကုမ္ပဏီကို အလိုမရှိကြောင်း ကန့်ကွက်မဲဖြစ်ပြီး၊ ၁၉ မဲက ထောက်ခံမဲနဲ့ ၁၀ မဲက ပယ်မဲဖြစ်သွားပြီး မဲထည့်သူများတွင် ၆၀% ခန့်မှာ အမျိုးသမီးများဖြစ်ကြပါတယ်။

“ဒီနေ့ဆန္ဒမဲလာထည့်တဲ့သူတွေမှာ ကျွန်မတို့မိခင်တွေပိုများတယ်၊ တဝက်ကျော်ကျော်လောက်ရှိတယ်”လို့  လို့ ဒေါ်ဂျာတောင်ကပြောပါတယ်။

စက်တင်ဘာ ၂၂ ရက်က ပြုလုပ်တဲ့ ဆန္ဒခံယူပွဲမှာ ဆန္ဒမဲလာထည့်သူ တောင်သူတဦးဖြစ်သူ ဒေါ်မရမ်ထုက “ အခုလိုကိုယ့်ဆန္ဒရှိတဲ့အတိုင်းမဲလာထည့်ရလို့ ဝမ်းသာတယ်၊ ရလာတဲ့မဲရလာဒ်တွေကလည်း ဟူးကောင်းတောင်းသူတွေရဲ့ အသံ အစစ်အမှန်ဖြစ်တယ်၊ ဒါကို သက်ဆိုင်ရာကို ပို့ပြီး ကျွန်မတို့လယ်မြေတွေကို ပြန်ပေးစေလိုတယ်” လို့ပြောပါတယ်။

ယုဇနကုမ္ပဏီရောက်ရှိလာတာကြောင့် ရွာသူများလည်း တောင်ယာ၊ ခြံ၊ မြေသွားလာရေးအတွက်လည်း လုံခြုံစိတ်ချမှုမရှိကြောင်းကို “ ရွာက အမျိုးသမီး ၃ယောက် တောင်ယာသွားတဲ့လမ်းခုလတ်မှာ ယုဇနအလုပ်သမား တွေရဲ့ မုဒိန်းကျင့်ခံရတယ် သက်ဆိုင်ရာ လူကြီးတွေကို တိုင်ရင်လည်း ဘာမှ အပြစ်ပေးလုပ်ဆောင်ပေးတာမရှိဘူး၊ ယုဇနကုမ္ပဏီက ကျွန်မတို့နေရာမှာ ကြိုက်သလိုလုပ်နေတယ်၊ သူတို့ကို ဘာမှ ပြန်ပြောလို့မရဘူး၊ အခုဆိုကျွန်မတို့ မိန်းမတွေချည်း အရင်ကလို တောင်၊ ယာ၊ခြံတွေသွားဖို့ မသွားရဲတော့ဘူး၊ အရမ်းကြောက်နေရတယ်”  လို့ ဒေါ်ထန်ရာက ပြောပါတယ်။
ရလာတဲ့ဆန္ဒမဲအဖြေတွေကိုလည်း လူထုဆန္ဒအရ လွတ်တော်အမတ်များ၊ ဝန်ကြီးများနှင့် သမ္မတကြီးဆီကို ပို့ဆောင်သွားဖို့ရှိတယ်လို့လည်းသိရတယ်။

7

မဲဆန္ဒရှင်များ မဲလာရောက်ထည့်နေပုံ

ဆန္ဒခံယူပွဲကို လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်ကိုလည်း မဲရုံးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဆွမ်းလွတ် အောင်လာဒ်က “ ၂၀၀၆ခုနှစ် ယုဇနကုမ္ပဏီ ဝင်လာကတည်းက ကျွန်ေတော်တို့တောင်သူတွေအတွက် ဘာမှကောင်းလာတာ၊ တိုးတက်လာတယ်ဆိုတာမရှိပဲနဲ့ ပိုပိုပြီးဆုတ်ယုတ်လာတယ်၊ တောင်သူတွေ ကုမ္ပဏီကို တောင်းဆိုမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့ပေမယ့် ဘာမှ ထူးမလာတဲ့အတွက် အခုလို တောင်သူအားလုံးရဲ့ သဘောထားကောက်ယူပြီး ဆန္ဒထုတ်ဖော်ဖို့ လုပ်ရတယ်” လို့ပြောပါတယ်။

ဆန္ဒကောက်ယူရာတွင်လည်း ဒီမိုကရေစီနည်းကျ လုပ်ဆောင်ခဲ့ကြောင်းကို “ ကျွန်တော်တို့လည်း ဒီမိုကရေးစီနည်းကျလုပ်တာပဲ၊ မဲရုံးကော်မတီဖွဲ့ပြီး၊ မဲရုံမှူး၊ မဲရုံစောင့်ကြပ်ရေးအဖွဲ့၊ မှတ်ပုံတင်ဌာနနဲ့ မဲပြားထုတ်ပေးရေးအဖွဲ့တွေနဲ့ မဲလာထည့်သူတွေမှာလည်း လွတ်လပ်စွာနဲ့ မဲထည့်နိုင်တယ်” လို့ မဲရုံမှူးဖြစ်သူ ဦးတန်ဆိုင်းက ပြောပါတယ်။

မဲရုံကို အောင်ရွာကျေးရွာနှင့် ဝရာဇွပ်ကျေးရွာတို့မှာ မဲရုံ(၂)ခု လုပ်ခဲ့ပြီး၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ လာရောက်စောင့်ကြပ်ကြည့်ရှုတယ်လို့သိရတယ်။

ယုဇနကုမ္ပဏီဆိုက်မှာ အခြေချတဲ့ ခ.လ.ရ(၈၀)မှ ဗိုလ်မှူးဟိန်းထွဋ်ဝင်းနဲ့ ဗိုလ်မှူးသန်းရှိန်တို့က ထူးခြားဖြစ်စဉ်ဆိုပြီး ဝရာဇွပ်ကျေးရွာရှိ မဲရုံတွင်  မဲရုံကော်မတီတွေကို လာရောက်မေးမြန်းတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။

ယခုလက်ရှိ ဟူးကောင်းတောင်သူများက လယ်မြေမဲ့ဘဝဖြစ်တာ၊ ကျွဲ နွားများ ပျောက်ဆုံးကြတာ၊ စာကျက်မြေမရှိတာ၊ ယုဇနကုမ္ပဏီရဲ့ ပီလောပီနံကြိတ်စက်ရုံက ထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်းတွေကို ကျေးရွာသုံး ချောင်းတွင်းကို စွန့်ပစ်တာကြောင့် ငါးတွေသေဆုံတာ၊ ရေသောက်သုံးမိတဲ့ ကျွဲနွားတွေသေဆုံးတာ၊ ရွာသားတွေ ချောင်းရေချိုးရာမှာလည်း အဖု အပိန့် ထွက်လာပြီး ယားယံတာတွေ ဖြစ်ကြတာ၊ တူးမြောင်းတွေဖော်လိုက်တာကြောင့် လယ်တွေမှာ ရေခမ်းခြောက်မှုတွေ ဖြစ်ပေါ်လာတဲ့အပေါ် ကုမ္ပဏီကို အကြိမ်ကြိမ်တင်ပြခဲ့ပေမယ့် အရေးယူလုပ်ဆောင်ပေးခြင်း ဘာမှမရှိခဲ့ဘူးလို့ သိရှိရပါတယ်။

ယုဇနကုမ္ပဏီဟာ ၂၀၀၆ ခုနှစ်ကတည်းက ကချင်ပြည်နယ် ဟူးကောင်းဒေသကို ရောက်ရှိလာပြီး၊ တောင်သူတွေရဲ့ လယ်မြေ၊ ခြံမြေတွေကို သိမ်းဆည်းခဲ့ပြီး ရွာတွေကိုလည်း အတင်းအဓမ္မပြောင်း ရွေ့ခိုင်းတဲ့အပြင် ကမ္ဘာ့ကျားထိန်းသိမ်းရေးနေရာတွေကိုပါ ခုတ်ထွင်းရှင်းလင်းပြီး အကြီးစား ပီလော်ပီနံ စိုက်ခင်း အဖြစ်လုပ်ဆောင်နေတာကြောင့် ဟူကောင်းတောင်သူများက ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်ရှေ့တွင် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ခုနှစ် မေလနှင့် ဇူလိုင်လတွင်နှစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင်တိုင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Related Articles