Home သတင်း ရေကာတာ ရပ်တန့်ရေး လှုပ်ရှားသူ ရွှေ့ပြောင်းဒုက္ခသည် မိသားစုများ ကုမ္ပဏီထောက်ပံ့မှု ဖြတ်ခံရ

ရေကာတာ ရပ်တန့်ရေး လှုပ်ရှားသူ ရွှေ့ပြောင်းဒုက္ခသည် မိသားစုများ ကုမ္ပဏီထောက်ပံ့မှု ဖြတ်ခံရ

ဆိုင်း(HI)။ ၂၇၊ ဇွန်၊၂၀၁၄။

မြစ်ဆုံရေကာတာ လုံးဝရပ်တန့်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် ရွှေ့ပြောင်း ဒေသခံအမျိုးသမီး (၂) ဦးနှင့် မိသားစုဝင် (၁၈) ဦးကို (CPI) ကုမ္ပဏီက ဆန်ထောက်ပံ့ပေးမှု  ဖြတ်တောက်ခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးကပြောသည်။

Ayeyawady confluence basin hydropower co,.ltd (CPI) မှ ဆန်ထုတ်ပေးနေပုံ။

Ayeyawady confluence basin hydropower co,.ltd (CPI) မှ ဆန်ထုတ်ပေးနေပုံ။

ဇွန်လ (၂၅) ရက်နေ့တွင် မြစ်ဆုံရေကာတာကို အဓိကတာဝန်ယူ တည်ဆောက်နေသည့် (CPI) ကုမ္ပဏီမှ အိမ်ထောင်စု (၃၁၇) အိမ်ကို ဆန်အိတ် (၁၃၁၀) အိတ် ထောက်ပံ့ပေးခဲ့သည်။ သို့သော်လည်း အိမ်ထောင်စု (၂) စုမှာ ဆန်ထောက်ပံပေးမှု ဖြတ်တောက်ခံရခြင်းဖြစ်သည်။

ယင်းမိသားစုများမှာ စီမံကိန်းကြောင့် အောင်မြင်သာစံပြကျေးရွာသို့ အတင်းအဓမ္မ ရွှေ့ပြောင်းခံရသော မိသားစုများဖြစ်သည်။

(CPI) ကုမ္ပဏီက မြစ်ဆုံရေကာတာ တည်ဆောက်မှုကို လတ်တလောတွင် ရပ်တန့်ထားသော်လည်း ဒုက္ခရောက်နေသော ရွာသားများကို စေတနာသက်သက်ဖြင့်သာ ဆန်ထောက်ပံ့ပေးနေခြင်းဖြစ်ရာ မီဒီယာများသို့ (CPI) မကောင်းကြောင်းများပြောခြင်း၊ မြစ်ဆုံရေကာတာရပ်ဆိုင်းရေးအတွက် (NGOs) များနှင့် ပူးပေါင်းဆန့်ကျင်ခြင်းကြောင့် ထိုအမျိုးသမီး (၂) ဦးနှင့် သူတို့၏မိသားစုကို ဆန်ဖြတ်တောက်လိုက်ရခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမုတ်လုံးကပြောသည်။

သူတို့နှစ်ယောက်က မြစ်ဆုံရေကာတာ လုံးဝရပ်တန့်ဖို့အတွက် ဒီနှစ်ထဲမှာဆို လူထုဆန္ဒခံယူပွဲ၊ ဟောပြောပွဲ၊ လမ်းလျှောက်ချီတက်အဖွဲ့တွေ၊ NGOs တွေနဲ့ပေါင်းပြီး ခဏခဏလုပ်တော့ CPI က သည်းမခံနိုင်လို့ ဒီတစ်ခါ သူတို့ကို ဆန်မပေးတော့တာ

ဒေါ်ဂျာခေါ်န်နှင့် ဒေါ်လုရာတို့သည် ယခင်တန်ဖဲကျေးရွာမှ အတင်းအဓမ္မပြောင်းရွှေ့ခံရပြီး ကလေး (၈) ယောက်နှင့် (၅)ယောက် အသီးသီးတို့ကို ကျွေးမွေးနေသည့် မိခင်များဖြစ်သည်။ သူတို့နှစ်ဦးသည် မြစ်ဆုံရေကာတာ လုံးဝရပ်တန့်ရေးအတွက် အဓိကလုပ်ရှားနေသူများလည်းဖြစ်သည်။

ဆန်ဖြတ်တောက်ခံလိုက်ရခြင်းကြောင့် သူတို့မိသားစုပေါ်မှာ အခက်အခဲဖြစ်စေသည်ဟု ဒေါ်ဂျာခေါ်န်ကပြောသည်။

ကျွန်မက ကလေး() ယောက် ရှာကျွေးနေတဲ့ မုဆိုးမလည်းဖြစ်တယ်၊ စိုက်ပျိူးစားသောက်ဖို့လည်း မြေနေရာမရှိတဲ့အတွက် မိသားစုမှ တော်တော်တော့ ဒုက္ခရောက်တာပေါ့

သို့သော်လည်း မြစ်ဆုံရေကာတာ လုံးဝရပ်ဆိုင်းရေးသည် ကချင်လူမျိုးနှင့် ဧရာဝတီမြစ်ကို မှီခိုနေသော ပြည်သူများအတွက် အကျိုးရှိရေးသာ အဓိက ဖြစ်သည့်အတွက်ကြောင့် သူမအနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဒေါ်ဂျာခေါန်ကပြောသည်။

သူတို့ဆန်မထောက်ပံ့ပေးလည်း မြေကြီးတော့ စားမှာမဟုတ်ဘူး။ ဘုရားက ကျွန်မတို့ကိုကြည့်မှာ။ ပြီးတော့လည်း မျိုးချစ်တဲ့သူတွေနဲ့ ကချင်လူမျိုးတွေလည်း ကျွန်မတို့ကြည့်မှာ၊ ကူညီမှာပဲ။ မကြောက်ဘူး

ဆန်ဖြတ်ခံရသည့် အခြားမိသားစုမှ ဒေါ်လုရာကလည်း ယခုလိုဆန်ဖြတ်တောက်မှုကို ဂရုမစိုက်ကြောင်း ကချင်ဝေ့(ဖ်)(စ်) (Kachin Waves) လူမှုကွန်ယက်စာမျက်နှာတွင် ပြောပြထားသည်။

ဆန်များကို ထောက်ပံ့ပေးရာတွင် ကုမ္ပဏီသို့ စာရင်းရောက်ရှိသူများကို တစ်ဦးကို တစ်လလျှင် ဆန် (၇) ပြည်ခွဲနှုန်းဖြင့် လာမည့် ၆ လစာအတွက် ထုတ်ပေးသည်ဟုလည်း သိရသည်။

ပြောင်းရွှေ့ခံပြည်သူများ၏ လှုပ်ရှားမှုနှင့် နေထိုင်မှုဘ၀ နေသားတကျအခြေအနေသို့ လျင်မြန်စွာပြန်ရောက်ရန်၊ ကောင်းမွန်သည့် ဇာတိရပ်ရွာကို တည်ထောင်နိုင်ရန်အတွက် CPI ကုမ္ပဏီမှ ၂၀၁၀ (ဇွန်) လတွင် တစ်ကြိမ်၊၂၀၁၂ ခုနှစ်ဇွန်လ (၄) မှ (၈) ထိ တစ်ကြိမ် ထောက်ပံ့မှုများ ပြုလုပ်ခဲ့ပြီး ယခုတစ်ကြိမ်တွင် ရွှေ့ပြောင်းစခန်းများဖြစ်ကြသည့် အောင်မြင်သာစံပြရွာနှင့် မလိယာန်ရွာရှိ အိမ်ထောင်စု (၄၀၉)စု၊ လူဦးရေ (၂၂၅၃)ဦးနှင့် စာသင်ကျောင်း၊ ကတ်သလစ်ဘုရားကျောင်းရှိဌာနသို့ ဆန်အိတ်စုစုပေါင်း (၄၂၃၇) ထောက်ပံ့ခဲ့ကြောင်း CPI ကုမ္ပဏီ၏ ဧရာဝတီမြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းကုမ္ပဏီလီမိတက် ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် လူပေါင်း (၁၅၀၀၀) ကျော်ခန့်နှင့် ရွာပေါင်း (၆၀) ပြောင်းရွှေ့ရမည်ဖြစ်သည်။ ထိုအထဲအမှ အောင်မြင်သာစခန်းသည် အတင်းအဓမ္မ ရွှေ့ပြောင်းခံရသော မဇွပ်ရွာ၊ တန်ဖဲရွာနှင့် ပဒန်(လဖဲ့) ရွာမှဖြစ်ပြီး အိမ်ထောင်စု ၃၁၇ ရှိပြီး လူဦးရေ ၂၀၇၅ ကျော် နေထိုင်သည်။

Related Articles