Home သတင်း မိန်းကလေး(၂)ဦး ပယင်းမော်မှ တရုတ်ပြည်သို့ ရောင်းစားခံရ။

မိန်းကလေး(၂)ဦး ပယင်းမော်မှ တရုတ်ပြည်သို့ ရောင်းစားခံရ။

အထုန် (မြစ်ကြီးနား)။ ၁၈ ဧပြီ ၂၀၁၄။

ကချင်ပြည်နယ် တနိုင်းမြို့နယ် ချမ်းသာပယင်းမော်ရှိ ကာရာအိုကေဆိုင်တွင် အလုပ်လုပ်နေသည့် အသက်(၁၇)နှစ်အရွယ် မိန်းကလေးနှစ်ဦး တရုတ်ပြည်ကွမ်ကျိုးမြို့သို့ ရောင်းစားခံခဲ့ရကြောင်း ရောင်းစားခံခဲ့ရသည့် မိန်းကလေးတဦးက အမဖြစ်သူထံဆက်သွယ်ပြောကြားခဲ့သည်။

“ကျွန်မညီမက ဧပြီ(၉)ရက်နေ့လည်မှာ ဖုန်းဆက်လာတယ်။သူ့တို့အလုပ်ပိုင်ရှင်က တရုတ်ငွေယွမ်(၆၀၀၀၀)နဲ့ရောင်းစားလိုက်တဲ့အကြောင်းနဲ့ သူ့ကိုလာခေါ်ဖို့ ပြောတယ်” ဟုပြောသည်။

၂၀၁၃ ဒီဇင်ဘာလတွင် တရုတ်ပြည် ကွမ်ကျိုးမြို့သို့၎င်းတို့အလုပ်ရှင်က ရောင်းစားလိုက်ကြောင်း ရောင်းစားခံရသည့် မိန်းကလေးတစ်ဦး၏ အစ်မဖြစ်သူကပြောသည်။

ယခုအခါ ရောင်းစားခံရသည့် မိန်းကလေးများကို မိသားစုဝင်များကသွားရောက်ခေါ်ယူနေပြီဖြစ်ကြောင်း မိသားစုများက ပြောသည်။

မိန်းကလေးများ ရောင်းစားခံရကြောင်းကို မိဘများက အချိန်အတော်ကြာမှသိရှိခဲ့ကြသည်။

ရောင်းစားခံရသည့် မိန်းခလေးအကြောင်းများကို မော်လူကြီးများကိုတိုင်ကြားထားမှု များပြုလုပ်ထားသည်။

ရောင်းစားသူဟု ယူဆရသည့် ကာရာအိုကေ ပိုင်ရှင်ကို အရေးယူပေးရန်ရောင်းစားခံရသည့် မိသားစုများက ဆောင်ရွက်သော်လည်း သက်သေ အထောက်အထား မရှိသည့်အတွက် ကာရာအိုကေပိုင်ရှင်မှပင် အသရေဖျက်မှုဖြင့် ပြန်လည် စွပ်စွဲခဲ့သည်။

အဆိုပါ မိန်းကလေးများ မြန်မာပြည်သို့ ရောက်သည့် အချိန်မှသာလျှင် သက်ဆိုင်ရာတရားရုံးတွင် တရားရင်ဆိုင်သွားမည် ဖြစ်ကြောင်းမိသားစုဝင်များက ပြောသည်။

Human trafficking

Related Articles